← Chapters

သဘာဝစွမ်းအင်သုံးမျိုး

Vol. 4 Ch. 50

သဘာဝစွမ်းအင်သုံးမျိုး

Vol. 4 Ch. 50

“ဂုဏ်ပြုပါတယ် ခေါင်းဆောင်ယွင် ယွင်မိသားစုက တကယ်ကို ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ကို မွေးထုတ် ပေးနိုင်ခဲ့တာပဲ”

ရန်ယင်းသည် အနည်းငယ် မနာလိုဖြစ်နေဟန်နှင့် ရယ်မောလျက် ယွင်ရိရန်အား ဂုဏ်ပြုသည်။ ယွင်ရိဖေး၏ ပါရမီဖြင့်ဆိုပါက အနာဂတ်တွင်လည်း မဟာမိတ် ခေါင်းဆောင် ရာထူးက ယွင်မိသားစု လက်ထဲ၌သာ တည်မြဲနေဖို့ သေချာသလောက် ရှိသည်။

အခြားသော မိသားစုခေါင်းဆောင် များကလည်း အသီးသီး ဂုဏ်ပြုစကား ဆိုကြလေသည်။

ယွင်ရိရန်ကား တပြုံးပြုံးဖြင့် အလွန် ကျေနပ်နေသည်။

“အဲဒီကောင်လေး ယဲ့ချန်ကတော့ မရှုမလှ ရှုံးတော့မှာပဲ”

ကြည့်ရှုနေသူ အများစုက တညီတညွတ်တည်း မှတ်ချက်ပေးကြသည်။

ယဲ့ချိန်ရွှမ်းကမူ ထိုမှတ်ချက်တို့အား စိတ်ရှုပ်စရာများ အဖြစ်သာ ယူဆသောကြောင့် အရေးလုပ် မနေတော့။ ကိုယ့်မြေးအကြောင်း ကိုယ်သာလျှင် အသိဆုံးဖြစ်သည်။ ယနေ့ကား ယဲ့ချန်၏ ဂုဏ်သတင်း ထွန်းတောက်ရမည့်အချိန် ဖြစ်ကာ ယွင်ရိဖေးသည် အဖြည့်ခံ တစ်ယောက်ထက် မပိုပေ။

လီရှုသည် ယဲ့မြေးအဘိုး နှစ်ယောက်၏ အမူအရာတို့အား စောင့်ကြည့် အကဲခတ်နေသူ ဖြစ်ရာ ထိုနှစ်ယောက်တွင် ဝှက်ဖဲတစ်ခု ရှိနေကြောင်း အလွန်သေချာသည်။ ထို့ကြောင့် သူက ခပ်တိုးတိုး ရယ်လျက် စိတ်ဝင်တစား ဆက်လက် စောင့်ကြည့် နေလိုက်သည်။

ပြိုင်ပွဲစင်မြင့်ထက်၌ ... ။

လေးနက်လှသော ယွင်ရိဖေး၏ အမူအရာနှင့် ဆန့်ကျင်စွာ ယဲ့ချန်သည် ညာဘက်လက် တစ်ဖက်တည်းကိုသာ ဆန့်ထုတ်ထားပြီး ဖြစ်ကတတ်ဆန်း ရပ်နေလေသည်။

ယွင်ရိဖေး၏ မျက်နှာကြီးမှာ မည်းမှောင် သွားသည်။ ယဲ့ချန်က သူနှင့် ရင်ဆိုင်ရမည်ကို လေးလေးနက်နက် မရှိဘဲ ကလေးကစားသကဲ့သို့ ပြုမူနေသည်။ ယွင်ရိဖေးသည် လေထဲသို့ ခုန်တက်လျက် ယွင်မိသားစု၏ ပညာရပ်များထဲမှ တစ်ခုဖြစ်သော ‘ချီထုထည် ဖြစ်တည်ခြင်း / ကောင်းကင်ရိုက်ချက်’ အား ထုတ်ဖော်လိုက်လျှင် အရိပ်လက်ဝါးချက် သုံးခု ဖြစ်ပေါ်လာပြီး သိမ်းငှက်တစ်ကောင်မှ ယုန်တစ်ကောင်ကို ရုတ်တရက် ထိုးသုတ်လိုက် သကဲ့သို့သော အမြန်နှုန်းဖြင့် ယဲ့ချန်ထံသို့ ပြေးဝင်သွားသည်။

“ဒါက ငါတို့မိသားစုရဲ့ ထင်ရှားတဲ့ပညာရပ် ‘ချီထုထည် ဖြစ်တည်ခြင်း / ကောင်းကင်ရိုက်ချက်’ လို့ခေါ်တယ် ယဲ့မိသားစုမှာ ဒီလို အဆင့် ၃ ပညာရပ်မျိုး ရှိမှာမဟုတ်တော့ မင်းအနေနဲ့ မြင်ဖူးပါ့မလားတောင် မသိဘူး၊ ဒီနေ့တော့ ငါ ယွင်ရိဖေးက သေချာပြပေးမယ် ကြည့်ထား”

ယွင်ရိဖေးသည် ယဲ့ချန်အား လျှော့တွက်သွားမိခြင်း ဖြစ်သည်။ သူက ပထမဆုံး တိုက်ခိုက်မှုမှာတင် အစွမ်းအထက်ဆုံး သိုင်းကွက်ကို ထုတ်သုံးကာ တစ်ချက်တည်းနှင့် ယဲ့ချန်အား အနိုင်ယူပြီး အရှက်ခွဲရန် ကြံရွယ်ထားပုံ ရသည်။

‘ချီထုထည် ဖြစ်တည်ခြင်း/ ကောင်းကင်ရိုက်ချက်’ သည် အဆင့် ၃ ပညာရပ်တစ်ခု ဖြစ်ပြီး ယွင်ရိဖေးကဲ့သို့ ပါရမီရှင် တစ်ယောက်သည်ပင် ထိုပညာရပ်အား ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ရန် တစ်နှစ်၊ နှစ်နှစ်ခန့် အချိန်ယူခဲ့ရသည်။

‘ချီထုထည်ဖြစ်တည်ခြင်း / ကောင်းကင်ရိုက်ချက်’ ၏ စွမ်းအား,အား မြင်လိုက်ရသောအခါ ကြည့်ရှုနေသူများ၏ အမူအရာများမှာ ပို၍ လေးနက် သွားကြသည်။ ၎င်းတို့ထဲမှ သက်ကြီးပိုင်း တချို့သည် ထိုပညာရပ်အား ယွင်ရိရန် အသုံးပြုသည်ကို တွေ့ဖူးထားကြပြီး အလွန်စွမ်းအား ပြင်းထန်လှကြောင်းကိုလည်း သိရှိကြသည်။ ထိုပညာရပ်သည် ယွင်မိသားစု၏ သင်္ကေတအနေနှင့် တုန်းလင်ပြည်နယ်တစ်လွှား ကျော်ကြားလှသော်လည်း ယွင်ရိဖေးကဲ့သို့ အသက် ၁၈ နှစ်အရွယ် လူငယ်လေးက ၎င်းပညာရပ်ကို အသုံးပြုနေနိုင်လိမ့်မည်ဟု ဘယ်သူမှ ထင်မထားကြပေ။

အရိပ်လက်ဝါး သုံးခုသည် တဖြည်းဖြည်း ပိုနီးလာသော်လည်း ယဲ့ချန်၏ အမူအရာမှာ ပြောင်းလဲမသွားခဲ့။ အဆင့် ၆ ပညာရပ် ဖြစ်သော ‘တိမ်နီကောင်းကင်’ အား မြည်းစမ်း ကြည့်ပြီးသည့်နောက် ‘ချီထုထည် ဖြစ်တည်ခြင်း / ကောင်းကင်ရိုက်ချက်’ ကဲ့သို့ အဆင့် ၃ ပညာရပ်သည် ယဲ့ချန်အတွက် မပြောပလောက်တော့။ ထိုအရိပ်လက်ဝါး သုံးခု၏ စွမ်းအားသည် သူကိုယ်တိုင် ပြုပြင်ထားသော ‘လေအရိပ်လက်ဝါး’ နှင့်ပင် မယှဉ်သာတာ ဖြစ်သည်။

“အဆင့်၃ ပညာရပ်လေးတစ်ခု တတ်ထားရုံနဲ့ ဒီလောက်ထိ ထောင်လွှားနေတာက မယုံနိုင်စရာဘဲ”

ယဲ့ချန်သည် ထိုသို့ မှတ်ချက်ပေးပြီးနောက် အရိပ်လက်ဝါး သုံးခုလုံးအား ခန္ဓာကိုယ်ကို ယိမ်းနွဲ့လျက် အသာအယာ ရှောင်တိမ်းလိုက်ကာ ဟာကွက်ဖြစ်နေသော ယွင်ရိဖေး၏ လက်မောင်းဆီသို့ မိုးကြိုးဟိန်းသံ လက်ဝါးချက်ဖြင့် တည့်မတ်စွာ ရိုက်ထုတ်လိုက်သည်။

ယွင်ရိဖေးသည် မိုးကြိုးခြိမ်းသံ သဲ့သဲ့အား ကြားလိုက်ရသည့် တစ်ဆက်တည်းတွင်ပဲ သူ၏ လက်မောင်းတစ်ခုလုံး ထုံကျင်သွားပြီး ဧရာမအင်အားကြီး တစ်ခုနှင့် ရင်ဆိုင်လိုက်ရ သကဲ့သို့ ခံစားရသည်။ တစ်စုံတစ်ရာက လွဲမှားနေပြီ ဖြစ်ကြောင်း ရိပ်စားမိသည်နှင့် ယွင်ရိဖေးသည် အနောက်ဘက်သို့ ခြေသုံးလှမ်းမျှ အလျင်အမြန် ပြန်ဆုတ်လိုက်ရသည်။ မဟုတ်ပါက နောက်ထပ် လက်ဝါးတစ်ချက်သာ ခံလိုက်ရပါလျှင် သူ့လက်မောင်း တစ်ခုလုံး ကျိုးကြေပျက်စီး သွားလောက်သည်။

ဖြစ်ပျက် သွားသည်တို့မှာ လျင်မြန်လွန်း လှသောကြောင့် ဘာဖြစ်သွားမှန်း မသေချာသည့်တိုင် ယွင်ရိဖေးသည် သေဘေးမှ သီသီလေး လွတ်လာသကဲ့သို့ ခံစားရသည်။

ကြည့်ရှုနေသူ အပေါင်းသည် ခဏတာ တိတ်ဆိတ်ကျ သွားပြီးနောက် တစ်ဖန် ပွက်လောရိုက် သွားလေသည်။ သူတို့က ယွင်ရိဖေး၏ ‘ချီထုထည်ဖွဲ့စည်းခြင်း / ကောင်းကင်ရိုက်ချက်’ အောက်တွင် ယဲ့ချန် ချက်ချင်း ရှုံးနိမ့်သွားလိမ့်မည်ဟု တွေးထင်ထားကြသော်လည်း လက်တွေ့ကား ကွဲပြားလှသည်။ ယဲ့ချန်သည် ရှုံးနိမ့်မသွားသည့် အပြင် အဆင့် ၁ ၊ အဆင့် ၂ ခန့်သာ ရှိမည့် အဆင့်နိမ့်ပညာရပ် တခုကိုသာ အသုံးပြုကာ ယွင်ရိဖေးအား နောက်ဆုတ် သွားစေခဲ့သည်။ ကြည့်ရှုနေသူများသည် စိတ်ကူးယဉ် အိပ်မက်ကမ္ဘာထဲသို့ ရောက်သွားသလားဟုပင် တွေးမိကုန်ကြသည်။

ထျန်းချီအဆင့် ၉ ကျင့်ကြံသူများသည်လည်း အတွေးနက် သွားကြရသည်။ အပြန်ပြန် အလှန်လှန် စဉ်းစားပြီးသည့်နောက် ယဲ့မိသားစုသည် ‘ချီထုထည် ဖြစ်တည်ခြင်း / ကောင်းကင်ရိုက်ချက်’ ပညာရပ်၏ အားနည်းချက်ကို ရှာတွေ့ထားခြင်းကြောင့် ယဲ့ချန်က ဤမျှ တည်ငြိမ် အေးဆေးနေခြင်း ဖြစ်ရမည်ဟု ယူဆလိုက်ကြသည်။

“ကြည့်ရတာ ခင်ဗျားရဲ့ အထင်ကြီးစရာကောင်းတဲ့ အဆင့် ၃ ပညာရပ် ဆိုတာကြီးက ဘာမှမဟုတ်သလို ပါပဲလား ခေါင်းဆောင်ယွင်”

ယဲ့ချိန်ရွှမ်းသည် လီရှု၏ အာမခံမှု အောက်တွင် ယွင်ရိရန်ကိုပင် ပေါ်တင် ရန်စရဲလောက်အောင် သတ္တိကောင်းနေ၏။

“မဆိုးပါဘူး၊ ယဲ့မိသားစုက နှစ်ပေါင်းများစွာ အချိန်ယူပြီးတဲ့နောက် ‘ချီထုထည် ဖြစ်တည်ခြင်း / ကောင်းကင်ရိုက်ချက်’ ရဲ့ အားနည်းချက်ကို ရှာတွေ့သွားတဲ့ပုံပဲ”

ယွင်ရိရန်က နှာခေါင်းရှုံ့လျက် အောင့်သက်သက်ဖြင့် ပြောသည်။ သူကိုယ်တိုင်ပင် ‘ချီထုထည် ဖြစ်တည်ခြင်း / ကောင်းကင်ရိုက်ချက်’ ၏ အားနည်းချက်ကို ရှာမတွေ့သေးသော်ငြား ယဲ့မိသားစုက မည်သို့မည်ပုံ ရှာတွေ့သွားသည်အား မတွေးတတ်အောင် ဖြစ်နေသည်။

ပြောရလျှင် ယွင်/ယဲ့ နှစ်မိသားစုသည် နှစ်ပေါင်းများစွာ ကြာအောင် ရန်ဘက်များအဖြစ် နေလာခဲ့ကြရာ တစ်ဖက်မိသားစု၏ သိုင်းပညာရပ်ထဲရှိ အားနည်းချက်အား အခြားမိသားစုမှ ရှာဖွေလိမ့်မည်မှာ မလွဲမသွေ ဖြစ်သည်။

“ရိဖေး ... ‘အစစ်အမှန် ယန်ဝိရောဓိ’ ပညာရပ်ကိုသုံး”

ယွင်ရိရန်က အမိန့်ပေးလိုက်သည်။

ယွင်ရိရန်သည် ‘ချီထုထည် ဖြစ်တည်ခြင်း / ကောင်းကင်ရိုက်ချက်’ ပညာရပ်အား နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့သော်လည်း ယခုမူ ယဲ့မိသားစုက ထိုပညာရပ်၏ အားနည်းချက်အား သိရှိသွားပြီဖြစ်ရာ နောက်ထပ် တိုက်ပွဲများ၌ ယွင်ရိရန်အဖို့ ထိုပညာရပ်ကို အသုံးမပြုမီ နှစ်ကြိမ် စဉ်းစားရတော့ပေမည်။ တစ်ဦးချင်း ရင်ဆိုင်တိုက်ပွဲများ၏ ရလဒ်သည် သိုင်းပညာရပ်များ၏ အစွမ်းအစနှင့်လည်း များစွာ ဆက်စပ်မှုရှိသည်။ သို့ဖြစ်ရာ ‘အစစ်အမှန် ယန်ဝိရောဓိ’ ကဲ့သို့ ခန့်မှန်းရခက်ခဲသော ပညာရပ်မျိုးသည် တစ်ဦးချင်း တိုက်ပွဲများနှင့် အထူးသင့်လျော်သည်။ ထို့ပြင် ‘အစစ်အမှန် ယန်ဝိရောဓိ’ ပညာရပ်သည် ယွင်မိသားစု၏ ပိုင်ဆိုင်မှုအဖြစ် ရှိနေခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်ရာ အစဉ်အဆက် မိသားစုခေါင်းဆောင်များက ပြုပြင်ခဲ့သောကြောင့် ယခုဆိုလျှင် အားနည်းချက် ကင်းမဲ့လုနီးနီး အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယဲ့မိသားစုအနေနှင့် ထိုပညာရပ်၏ အားနည်းချက်အား ရှာတွေ့ထားနိုင်ဖို့မှာ လုံးဝ မဖြစ်နိုင်သောကိစ္စ ဖြစ်သည်။

ယွင်ရိရန်၏ အမိန့်ပေးသံက ကြည့်ရှုနေသူတို့အား ထပ်မံအံ့ဩ သွားစေသည်။ ယွင်ရိရန်သည် ၁၈ နှစ်မျှသော အရွယ်လေးနှင့် ‘အစစ်အမှန် ယန်ဝိရောဓိ’ ပညာရပ်ကိုပါ တတ်ထား သေးသည်တဲ့လား။

ယွင်ရိဖေးက မာန်သွင်းလျက် အော်ဟစ် လိုက်သည်တွင် ထျန်းချီ အစက်အပြောက်လေးများသည် သူ့ခန္ဓာကိုယ် တစ်ဝိုက်၌ စတင် လှည့်ပတ်လာသည်။ ထျန်းချီစွမ်းအင်အား ထိတွေ့ကိုင်တွယ်နိုင်သည့် အကောင်အထည်အဖြစ် ပြောင်းလဲခြင်းသည် ထျန်းချီအဆင့် ၇ ထိပ်ဆုံးဆင့် ကျင့်ကြံသူများသာ လုပ်ဆောင်နိုင်သည့်အရာ ဖြစ်သည်။

‘အစစ်အမှန် ယန်ဝိရောဓိ’ ပညာရပ်အား ထုတ်ဖော်ပြီးသည့်တိုင် ယွင်ရိဖေးသည် ယဲ့ချန်အား ထိပ်တိုက် ရင်ဆိုင်ရန် တုံ့ဆိုင်းနေ၏။ ယဲ့ချန်မှ ‘ချီထုထည်ဖြစ်တည်ခြင်း / ကောင်းကင်ရိုက်ချက်’ အား အသာအယာ ချေဖျက်လိုက်သော မြင်ကွင်းက ယွင်ရိဖေး၏ အတွေးထဲတွင် အိပ်မက်ဆိုးသဖွယ် ကပ်ငြိကျန်နေခဲ့သည်။

တစ်ဖက် ပြိုင်ပွဲစင်မြင့်ထက်ရှိ မော့ထန်းသည် ယခုထက်ထိ သတိဝင် မလာသေးဘဲ ပါးစပ်အဟောင်းသားဖြင့် ရှိနေသည်။ ယဲ့ချန်၏ အရိပ်လက်ဝါး သုံးခုအား အလွယ်တကူ ရှောင်တိမ်းလိုက်သော မြင်ကွင်းက အနှေးပြကွက်သဖွယ် သူ့မျက်လုံးထဲ၌ ထပ်တလဲလဲ ပေါ်လာနေသည်။ သူပင်လျှင် ယဲ့ချန်ကဲ့သို့ မစွမ်းဆောင်နိုင်ပေ။ အထူးသဖြင့် ‘ချီထုထည် ဖြစ်တည်ခြင်း / ကောင်းကင်ရိုင်ချက်’ နှင့် ရင်ဆိုင်လာရသည့် အချိန်တွင် ဖြစ်သည်။ ယဲ့ချန်ကား တစ်ချိန်လုံးတွင် စွမ်းအား အစစ်အမှန်ကို ဖုံးကွယ်ထားခြင်းသာ ဖြစ်ရပေမည်။ ထိုသို့ တွေးမိပြီးနောက် လွန်ခဲ့သော တစ်ရက်က ယဲ့ချန်ရှေ့၌ မောက်မာထောင်လွှားမိခဲ့ကြောင်း အမှတ်ရ သွားသည့်အခါ မော့ထန်းသည် ရှက်လွန်း၍ မြေကျင်းတစ်ကျင်း တူး၍သာ ဝင်ပုန်းနေချင်တော့သည်။

“မင်းရဲ့ အစွမ်းအထက်ဆုံးအကွက်ကို ထုတ်သုံးပြီးပြီ အခုကတော့ ငါ့အလှည့်”

ယဲ့ချန်သည် ယွင်ရိဖေး၏ မျက်လုံးများထဲ တည့်တည့် စိုက်ကြည့်ကာ ဆိုသည်။ သူ၏ အမူအရာက မကြာသေးခင်ကကဲ့သို့ မဟုတ်တော့ဘဲ အလွန် လေးနက်သွားဟန် ရသည်။

“မင်းလို ဘာမှအသုံးကျတာ မရှိဘဲ အသားလွတ် ထောင်လွှားနေတဲ့ အမှိုက်မျိုးက ရွှမ်အာကို လက်ထပ်ချင်တယ်ပေါ့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ ကြည့်ခဲ့သင့်တာ”

ယွင်ရိဖေး၏ ဘဝတစ်လျှောက်လုံးတွင် ဘယ်သူကမှ သူ့အား ‘အမှိုက်’ ဟူသော စကားလုံးမျိုးနှင့် မခိုင်းနှိုင်းဖူးခဲ့ပေ။

ကြည့်ရှုနေသူများသည် ယဲ့ချန်၏ တဲ့တိုးဆန်လှသော စကားတို့ကို အံ့ဩချိန်ပင် မရလိုက်၊ ယဲ့ချန်၏ ညာဘက်လက်မှ ထွက်ပေါ်လာသည့် အလွန်ပြင်းထန် အားကောင်းလှသော ထျန်းချီစွမ်းအားတို့ကြောင့် မျက်လုံးပြူး သွားကြရသည်။

ထိုထျန်းချီ စွမ်းအားသည် အလွန် ပြင်းထန်အားကောင်းရုံ သာမက အံ့အားသင့်စရာ ကောင်းလောက်အောင် မတူကွဲပြားသော သဘာဝစွမ်းအင်များ ဖြစ်သည့် မိုးကြိုး၊ လေ၊ မီး စသည်ဖြင့် သောင်းပြောင်း ရောနှောနေသည်။

ကြည့်ရှုနေသူများ၏ အံ့ဩရလွန်း၍ ဗလာ ဖြစ်သွားသော ခေါင်းထဲတွင် တူညီသည့် အတွေးတစ်ခုသာ ထွက်ပေါ်လာသည်။

‘ယဲ့မိသားစုက ဘယ်အချိန်တည်းက လေသဘာဝနဲ့ မီးသဘာဝရှိတဲ့ ထျန်းချီ ကျင့်စဉ်တွေကို လေ့ကျင့်လိုက်တာတုန်း’

ဤကျင့်ကြံခြင်း လောကကြီး၌ ကျင့်ကြံသူအများစုသည် သဘာဝစွမ်းအင် တစ်မျိုးတည်းကိုသာ တစ်စိုက်မတ်မတ် လေ့ကျင့်ကြပြီး အလွန်နည်းပါးသော ပါရမီရှင် လူနည်းစုကသာ သဘာဝစွမ်းအင် အမျိုးမျိုးကို လေ့ကျင့်နိုင်ကြသည်။ သို့တိုင်အောင် ထိုပါရမီရှင်များသည်ပင် သဘာဝစွမ်းအင် သုံးမျိုးထက်ပို၍ မလေ့ကျင့်နိုင်ပေ။ သုံးမျိုးထက်ပိုကာ လေ့ကျင့်၍ မရတာတော့ မဟုတ်၊ မည်မျှထိ ပါရမီရှိသည့် ကျင့်ကြံသူဖြစ်ပါစေ သဘာဝစွမ်းအင် သုံးမျိုးထက် ပိုပြီး ထိန်းချုပ်နိုင် လောက်အောင် မသန်မာကြခြင်းသာ ဖြစ်သည်။

ယဲ့မိသားစု၏ အစဉ်အဆက် ဘိုးဘေးများသည် မိုးကြိုးသဘာဝရှိသည့် ထျန်းချီကျင့်စဉ် တစ်မျိုးတည်းကို လေ့ကျင့်ခဲ့ကြသည်။

လူအုပ်ကြီးသည် ယဲ့ချိန်ရွှမ်းနှင့် ယဲ့ချန်တို့အား တစ်လှည့်စီကြည့်ရင်း ဝေခွဲမရတော့ပေ။ ယဲ့မိသားစုက ၎င်းတို့၏ တကယ့် လုပ်နိုင်စွမ်းအား ဖုံးကွယ်ထားခဲ့ခြင်းပေလော။ အကယ်၍ ယဲ့ချန်သည် မိုးကြိုးသဘာဝ စွမ်းအင်အပြင် လေနှင့် မီးစွမ်းအင်တို့ကိုပါ လေ့ကျင့်နိုင်သည် ဆိုပါက ယဲ့ကျန့်ထျန်းနှင့် ယဲ့ချိန်ရွှမ်းတို့သည်လည်း ကျိန်းသေ လေ့ကျင့်နိုင်ရပေမည်။

‘မဟုတ်မှလွဲရော ယဲ့မိသားစု တစ်ခုလုံးက ကျင့်ကြံသူတွေက သူတို့ရဲ့ တကယ့်စွမ်းအားကို ဖုံးကွယ်ထားကြတာလား’

ထိုသို့ဆိုပါက ယွင်/ယဲ့ နှစ်မိသားစု၏ တိုက်ပွဲရလဒ်မှာ ခန့်မှန်းရ ခက်ခဲသွားပြီ ဖြစ်သည်။

တောင်စဉ်ရေမရ အတွေးတို့ဖြင့် ရန်ယင်း၊ ချင်ယွိနှင့် အခြားသော ယွင်မိသားစု လက်အောက်ခံ မိသားစုများမှ ခေါင်းဆောင်တို့မှာ ထိတ်လန့်မှုကြောင့် ကျောပြင်တစ်လျှောက် ချွေးစက်တို့ပင် စို့လာသည်။ တစ်ချိန်လုံးတွင် သူတို့သည် ယွင်မိသားစု၏ အင်အား ကြီးမားပုံကိုသာ မြင်နေခဲ့ပြီး ယဲ့မိသားစု၏ ဖုံးကွယ်ထားသော စွမ်းအားအစစ်အား မြင်အောင် မကြည့်နိုင်ခဲ့ပေ။

***

All Chapters