← Chapters

ယဲ့မိသားစု၏ ဘိုးဘေးကြီး

Vol. 4 Ch. 51

ယဲ့မိသားစု၏ ဘိုးဘေးကြီး

Vol. 4 Ch. 51

ယဲ့ချန်သည် ကြယ်တာရာဘုံကိုးလွှာ/ ကဏ္ဍကိုးမျိုးထဲမှ သဘာဝစွမ်းအင် သုံးမျိုးအား ရည်ရွယ်ချက်ရှိရှိ ထုတ်ပြခဲ့ခြင်း ဖြစ်သည်။ ဤနည်းဖြင့် သူက ယဲ့မိသားစု၏ ရန်သူတို့အပေါ် စိတ်ဓာတ် စစ်ဆင်ရေး လုပ်လိုက်ခြင်းလည်း ဖြစ်သည်။

“ဒီလောက်သန့်စင်တဲ့ မီးသဘာဝထျန်းချီတွေ မိုးကြိုးသဘာဝ စွမ်းအင်အပြင် လေသဘာဝစွမ်းအင်နဲ့ မီးသဘာဝစွမ်းအင်တွေကို လေ့ကျင့်နိုင်တာက ထားလိုက်ဦး အခုလို အဲဒီ သဘာဝစွမ်းအင် သုံးမျိုးလုံးကို တစ်ပြိုင်နက် ထုတ်ဖော်နိုင်ဖို့က လူတိုင်း မလုပ်နိုင်ဘူး၊ သိုင်းပညာရပ်တွေအပေါ်  ထိုးထွင်းသိမြင်မှုက နှစ်ပေါင်းထောင်နဲ့ချီပြီး ရှိနေတဲ့လူတွေပဲ လုပ်နိုင်တာ”

လီရှုသည် ပြုံးလျက် စကားဆိုရင်း ယဲ့ချိန်ရွှမ်းထံ လှမ်းကြည့်သည်။ မီးသဘာဝ စွမ်းအင်သည် ဆေးဝါးပညာရှင်များ၏ အောင်မြင်မှုအတွက် အရေးအကြီးဆုံး အခြေခံလိုအပ်ချက် ဖြစ်သည်။ ယဲ့ချန်ဟူသော လူငယ်လေးက မီးသဘာဝ စွမ်းအင်ကို အသုံးပြုနိုင်ရုံမက မိုးကြိုးနှင့်လေ သဘာဝစွမ်းအင်တို့ကိုပါ တစ်ပြိုင်နက် ထိန်းချုပ်နိုင်အောင် မည်သို့မည်ပုံ လေ့ကျင့်ခဲ့သည်အား လီရှုက သိလိုလှသည်။

ယွင်ရိရန်၏ မည်းမှောင်နေသော မျက်နှာမှာ လီရှု၏ စကားတို့ကြောင့် ထပ်မံပုပ်သိုး သွားရသည်။ လီရှုပြောသည်မှာ မှန်ပေသည်။ နှစ်ပေါင်းထောင်ချီသည့် အတွေ့အကြုံ မရှိဘဲ လူတယောက်သည် သဘာဝစွမ်းအင် သုံးမျိုးအား တစ်ပြိုင်နက် အသုံးပြုဖို့ရာ မဖြစ်နိုင်ပါ။ ယဲ့မိသားစုတွင် ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်တို့ ဘယ်လောက်များများ ရှိနေသေးသနည်းဟု ယွင်ရိရန် သံသယ ဝင်နေမိပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က ယဲ့မိသားစုမှ ဘိုးဘေးကြီး တစ်ယောက်သည် တုန်းလင်ပြည်နယ် တစ်လွှားတွင် သာမက ရှီဝူအင်ပါယာ တစ်ခုလုံးကိုပင် လှုပ်ခတ် သွားစေလောက်အောင် အစွမ်းထက်ခဲ့သည်ဟု လူတိုင်း ကြားဖူးနားဝ ရှိကြသည်။ ထိုဂုဏ်သတင်း ကြီးလှသော ဘိုးဘေးကြီးက သူ၏ နောင်လာနောင်သား မျိုးဆက်သစ်တို့အတွက် မည်သည့် အဖိုးတန်ပညာရပ်မှ ချန်ထား မပေးခဲ့သည်မှာ ဖြစ်နိုင်ပါ၏လော။ ယဲ့မိသားစုက ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့ခြင်းသာ ဖြစ်ရပေမည်။

လူအုပ်ကြီးသည် တွေးလေတွေးလေ ထိတ်လန့်လာရလေလေ ဖြစ်လို့နေသည်။

ယွင်ရိရန်သည် တစ်စုံတစ်ရာက မမှန်သေးသလို ခံစားရသောကြောင့် ဆက်လက်၍ နက်နက်နဲနဲ တွေးတောမိသည်။ အကယ်၍ ယဲ့မိသားစုတွင် အလွန်အဖိုးတန်သော ဘိုးဘွား အမွေအနှစ်တို့ ရှိနေသည်ဆိုပါက နှစ်ပေါင်းများစွာ ယွင်မိသားစု၏ အဖိနှိပ်ခံအဖြစ် ငြိမ်ခံနေမည် မဟုတ်ပေ။ ယွင်ရိရန်က ယဲ့မိသားစုမှ ရုတ်ခြည်း ထုတ်ပြလာသည့် ထိတ်လန့်ဖွယ် စွမ်းရည်အပေါ် လက်ခံရန် ခက်ခဲနေသည်။

ယဲ့ချိန်ရွှမ်းသည် လူအုပ်ကြီး၏ မျက်နှာအမူအရာတို့ကို ကြည့်ရုံနှင့် ထိုလူတို့ များစွာ အတွေးလွန်နေပြီကို ရိပ်စားမိသည်။ သို့သော် ထိုလူများ အတွေးလွန်လေလေ၊ ယဲ့မိသားစုအတွက် ပိုကောင်းလေလေ ဖြစ်သောကြောင့် စိုးရိမ်စရာတော့ မရှိပါချေ။ အမှန်တကယ်တွင် ယဲ့ချန်၏ ညာဘက်လက်မှ ထွက်ပေါ်လာသည့် သဘာဝစွမ်းအင် သုံးမျိုးတို့ ပေါင်းစပ်ထားသော ထျန်းချီစွမ်းအင်အား မြင်လိုက်ရချိန်၌ ထိတ်လန့်အံ့ဩ သွားရသူများထဲတွင် သူလည်း ထိပ်ဆုံးက ပါလေသည်။ ဤရက်ပိုင်းအတွင်း ယဲ့ချန်ထံမှ အံ့ဩဖွယ် ကိစ္စအများအပြား မကြာခဏ မြင်နေရသည့်တိုင် သည်တစ်ကြိမ်ကတော့ များလွန်းလှသည်။

“ဆရာလီက အထင်ကြီးလွန်းနေပါပြီ တကယ်တော့ ကျုပ်တို့ယဲ့ မိသားစုက ထျန်းချီကျင့်စဉ် သုံးမျိုးကို လေ့ကျင့်တာ မဟုတ်ပါဘူး ချန်အာတစ်ယောက်တည်း ခြွင်းချက် ဖြစ်နေရတာက ယဲ့မိသားစုရဲ့ ဘိုးဘေးကြီးက ချန်အာ့ကို အမွေပေးခဲ့လို့ပါ မိသားစုထဲက ဘယ်သူမှ အဲဒီပညာရပ်တွေကို မတတ်မြောက်ပါဘူး”

ယဲ့ချိန်ရွှမ်း၏ လှည့်ပတ်ပြောနိုင်စွမ်းက မြေးဖြစ်သူယဲ့ချန်နှင့် မတိမ်းမယိမ်းပါပင်။ ဤနေရာတွင် ထောင်ပေါင်းများစွာသော စောင့်ကြည့်နေသူများ အပြင် လီရှုကဲ့သို့ အဆင့်မြင့်ပုဂ္ဂိုလ် တစ်ယောက်ပါ ရှိနေရာ ယဲ့မိသားစု တစ်ခုလုံးက ထျန်းချီကျင့်စဉ် သုံးမျိုးလုံးအား လေ့ကျင့်ပါသည်ဟု လိမ်ရလောက်အောင် သူက မတုံးအပေ။ တစ်ချိန်ချိန်၌ အမှန်တရား ပေါ်ပေါက်သွားပါက ပို၍ အရှက်ရစရာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူက ပိုမို ယုတ္တိရှိသော ဆင်ခြေတစ်ခုကို ဖန်တီးကာ အလုံးစုံအား ဘယ်နားနေမှန်း မသိသည့် မိသားစု ဘိုးဘေးကြီးထံ စုပြုံပုံချလိုက်သည်။

“ယဲ့မိသားစုရဲ့ ဘိုးဘေးကြီးက သိပ်ကို အစွမ်းထက်မဲ့ပုံပဲ ကျုပ်က တစ်ခေါက်လောက် တွေ့ပြီး အရိုအသေပေးချင်ရင် အဆင်ပြေမလား”

လီရှုက ခွင့်တောင်းဟန်ဖြင့် မေးသည်။ လီရှုပင်လျှင် ယဲ့ချိန်ရွှမ်း၏ ပုံပြင်အား ယုံကြည်သွားဟန်ရသည်။ မည်သို့ပင်ဆိုစေ သဘာဝစွမ်းအင် သုံးမျိုးအား ထိန်းချုပ်ကာ တစ်ပြိုင်နက် အသုံးပြုခြင်းသည် ယဲ့ချန်ကဲ့သို့ လူငယ်လေးအနေနှင့် သင်ပြပေးမည့်သူ မရှိဘဲ စွမ်းဆောင်နိုင်သည့်အရာ မဟုတ်ပေ။

အခြားသော နားထောင်နေသည့် လူများလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ယဲ့မိသားစုဘိုးဘေးကြီး၏ ကျင့်ကြံဆင့်သည် အနည်းဆုံး ထျန်းချီအဆင့် ၁၀ နှင့် အထက် ရှိရပေမည်။ ယွင်ရိရန်သည်လည်း ယဲ့ချိန်ရွှမ်း၏ ပုံပြင်အား ယုံကြည်စပြုလာသဖြင့် မျက်နှာပျက်လာသည်။

‘ယဲ့မိသားစုမှာ အဲဒီလောက် အစွမ်းထက်တဲ့ နောက်ခံမျိုး ရှိနေတယ်တဲ့လား’

“ဘိုးဘေးကြီးက အသက် ၃၀၀ ကျော်နေပါပြီ ဒါ့အပြင် သူက နည်းနည်းထူးခြားတဲ့ အမူအကျင့်မျိုး ရှိပြီး အပြင်လူတွေနဲ့ ပြောဆို ဆက်ဆံရတာမျိုးကို သဘောမကျဘူး မိသားစုထဲက အကြီးအကဲတွေကိုတောင် ဘိုးဘေးကြီးက အရေးလုပ်လှတာ မဟုတ်ဘူး၊ လွန်ခဲ့တဲ့သုံးနှစ်က ချန်အာ့ရဲ့ အဓိက သွေးကြောမတွေ ပျက်စီးသွားတဲ့ အချိန်ကျမှ ဘိုးဘေးကြီးက လူလုံးထွက်ပြလာတာ ... ဘိုးဘေးကြီးက ချန်အာ့ကိုတော့ နည်းနည်းသဘောကျပုံ ရတယ် အဓိက သွေးကြောမတွေ ပြန်ကောင်းလာအောင် ကူညီပေးတဲ့အပြင် ပညာအမွေတချို့လည်း လွှဲပြောင်းပေးခဲ့တယ်လေ”

ယဲ့ချိန်ရွှမ်းက ရှင်းပြသည်။ ပြည့်စုံသော အလိမ်အညာတစ်ခု ဖြစ်စေရန် ဟာကွက်မျိုးစုံကို ဖုံးဖိ၍ ပြောရခြင်းသည် လွယ်လှသည်တော့ မဟုတ်။ အဓိကသွေးကြောများ ပျက်စီးသွားသော တစ်စုံတစ်ယောက်သည် ကွမ်းရှီဆေးလုံး၏ အကူအညီဖြင့် ပြန်ကောင်းလာလျှင်ပင် တစ်နှစ်၊ နှစ်နှစ်ခန့် အနားယူပြီးမှ ကျင့်ကြံနိုင်ပေသည်။ ယဲ့ချန်ကမူ အဓိက သွေးကြောများ ပြန်ကောင်းသွားပြီးနောက် လပိုင်းအတွင်း၌ ကျင့်ကြံဆင့်များ ခုန်ပေါက်တက်သွားသည့်အပြင် တိုက်ခိုက်နိုင်စွမ်းကလည်း မယုံနိုင်စရာ မြင့်နေသေးသည်။ ထိုအချက်များအတွက် အသင့်လျော်ဆုံး ဖြေရှင်းချက်မှာ မိသားစု၏ ဘိုးဘေးကြီးအား လွှဲချလိုက်ရန်သာ ရှိသည်။ သို့မှသာ ပုံပြင်က ပြစ်ချက်မရှိ ချောမွေ့သွားမှာ ဖြစ်ပြီး လူတိုင်းလည်း ယုံကြည်သွားပေလိမ့်မည်။

ဘိုးဘေးကြီးသည် အသက် ၃၀၀ ကျော်ပြီ ဖြစ်ကြောင်း ပြောလိုက်ခြင်းဖြင့် ဘိုးဘေးကြီး၏ ကျင့်ကြံဆင့်သည် အနည်းဆုံး ထျန်းချီအဆင့် ၁၀ ထက် မြင့်မားလိမ့်မည်ဟု လူတိုင်းအား ထင်ယောင်ထင်မှား တွေးမိသွားစေပေသည်။ ထိုအဆင့်အတန်းက ဆေးဝါးပညာရှင် တစ်ယောက်နှင့်ပင် မတိမ်းမယိမ်း ရှိလေရာ ယွင်မိသားစုအနေနှင့် ကိုင်တွယ်နိုင်သောအရာ မဟုတ်တော့ပေ။

ထိုအချိန်တွင် ပြိုင်ပွဲစင်မြင့်ထက်၌ ယဲ့ချန်သည် စတင် လှုပ်ရှားနေပြီ ဖြစ်သည်။

လူအုပ်ကြီး၏ အာရုံမှာလည်း ပြိုင်ပွဲစင်မြင့်ထက်ရှိ တိုက်ပွဲထံသို့ ပြန်လည် ရောက်ရှိသွားသည်။

အကယ်၍ လေအရိပ်လက်သည်း တိုက်ကွက်ထဲသို့ မီးသဘာဝထျန်းချီကိုသာ ပေါင်းထည့်လိုက်လျှင် မည်သို့ ဖြစ်သွားလောက်မည်နည်း။ ယဲ့ချန် တွေးကြည့်သည်။ ဆေးဝါးပညာရှင်တစ်ယောက် ဖြစ်လာဖို့ဆိုလျှင် မီးသဘာဝထျန်းချီအပေါ် နားလည် သဘောပေါက်မှု မြင့်မားရန် လိုအပ်သည်။ ထိုသို့အတွေးနှင့် ယဲ့ချန်သည် မီးသဘာဝထျန်းချီအား လေအရိပ်လက်သည်းနှင့် ပေါင်းစပ်ကာ ထုတ်ဖော်လိုက်သည်။ ဤနည်းဖြင့် လီရှု၏ အာရုံစိုက်မှုကိုလည်း ရရှိနိုင်ပေမည်။

ပြန်လည် ပြုပြင်ထားသော လေအရိပ် လက်သည်းသည် အဆင့်၄ ပညာရပ် တစ်ခုနှင့် ညီမျှသည်။ တုန်းလင်ပြည်နယ် တစ်လွှားတွင် ဒုတိယမင်းသား တစ်ယောက်သာ အဆင့် ၄ ပညာရပ်တစ်ခုအား ပိုင်ဆိုင်နိုင်၏။

“လေအရိပ်လက်သည်း”

ယဲ့ချန် မာန်သွင်းကာ အော်လိုက်သည်။

ယွင်ရိဖေးသည် ယဲ့ချန်ထံမှ ပေါက်ကွဲထွက်လာသော စွမ်းအားကြီးအား သူ့အနေနှင့် မည်သို့မှ မယှဉ်နိုင်မှန်း နားလည်လိုက်သောအခါ ‘အစစ်အမှန် ယန်ဝိရောဓိ’ ကို အသုံးပြုရန်ပင် သတိမရတော့ဘဲ ရှောင်တိမ်းရန်သာ တွေးမိတော့သည်။

သို့သော် ယွင်ရိဖေး သိမထားသည့် လေအရိပ်လက်သည်း၏ လျှို့ဝှက်ချက်မှာ ၎င်းသည် စတင် အသက်ဝင်လာသည်နှင့် ရန်သူ့နောက်သို့ ထက်ကြပ်မခွာလိုက်လာပြီး တစ်ဖက်ရန်သူ အနေနှင့် လုံးဝ ရှောင်တိမ်းရန် မဖြစ်နိုင်ခြင်းပင်။

ယွင်မိသားစု၏ ချီထုထည် ဖြစ်တည်ခြင်း/ ကောင်းကင် ရိုက်ချက်သည် လေအရိပ်လက်သည်းနှင့် နှိုင်းယှဉ်ရပါက ဘာမှကို မဟုတ်တော့ပေ။

ယွင်ရိဖေးကား အလွန်ထိတ်လန့်နေပြီ ဖြစ်သည်။ ဘယ်နည်းနဲ့မှ ရှောင်တိမ်းမရသည့် အဆုံးတွင် သူသည် တန့်ထျန်အတွင်းရှိ ထျန်းချီစွမ်းအင် အလုံးစုံအား လက်ဝါးဆီသို့ ပို့ဆောင်ကာ လေအရိပ်လက်သည်းနှင့် ထိပ်တိုက် ရင်ဆိုင်ရန်သာ ရှိတော့သည်။

လေအရိပ်လက်သည်း၏ မှိန်ဝါးဝါး အရိပ်ပုံသည် ဒလဟော စီးဆင်းလာသည့် ရေအလျဉ်အလား လျင်မြန်စွာ ယွင်ရိဖေးထံ ပြေးဝင်သွားပြီးနောက် ပုဆိန်ဖြင့် ခုတ်ပိုင်းခြင်း ခံလိုက်ရသည့် သစ်သားကဲ့သို့ ယွင်ရိဖေး၏ ထျန်းချီအကာအကွယ်မှာ ပျက်ပြား သွားတော့သည်။ အစောပိုင်းက ‘အစစ်အမှန် ယန်ဝိရောဓိ’ ဖြင့် ဖန်းတီးထားသော ထျန်းချီ အစက်အပြောက်လေး များသည်လည်း လေထုထဲသို့ လွင့်ပါး ပျောက်ကွယ်သွားသည်။ ယွင်ရိဖေးသည် ပြင်းထန်သည့် တန်ပြန် သက်ရောက်မှုကို ခံစားလိုက်ရပြီး ရင်ဘတ်အားဖိလျက် ယိုင်လဲကျမတတ် ဖြစ်သွား၏။

“ဘန်း”

ပြိုင်ပွဲစင်မြင့်သည် ရုတ်ခြည်း ပြင်းထန်စွာ တုန်ခါသွားပြီး တဆက်တည်းဆိုသလို လူရိပ်တစ်ရိပ်သည် စင်မြင့်ထက်မှ လွင့်စဉ်ထွက်လာပြီး ကျယ်လောင်လှသော အသံတစ်ခုနှင့်အတူ မြေကြီးပေါ်သို့ ပြုတ်ကျလာလေသည်။

ထိုလူရိပ်ကား ယွင်ရိဖေးဖြစ်သည်။

သူသည် မြေပြင်ပေါ်တွင် သရုပ်ပျက်စွာ လဲကျနေပြီး ငါးတကောင် ကုန်းပေါ်သို့ ရောက်လာသည့်အလား အငမ်းမရ အသက်လုရှူနေရသည်။

လူအုပ်ကြီးသည် ယွင်ရိဖေးအား မြင်လိုက်ရပြီးနောက် ပြိုင်ပွဲစင်မြင့်ပေါ်သို့ နောက်တကြိမ် ပြန်ကြည့်မိကြသည်။ ယဲ့ချန်၏ အမူအရာသည် နွေဦးလေပြည်ကဲ့သို့ အလွန် သက်တောင့်သက်သာ ဖြစ်နေဟန်ရပြီး ယွင်ရိဖေးအား အနိုင်ယူရသည်မှာ အနည်းငယ်မျှပင် မခက်ခဲသကဲ့သို့ ရှိသည်။

ယွင်ရိဖေးသည် နှစ်ပေါင်းများစွာ လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်လုံး၏ နံပါတ်တစ်ပါရမီရှင်အဖြစ် သတ်မှတ်ခြင်း ခံထားရသူဖြစ်ကာ ရွယ်တူ အသက်အရွယ်ထဲ၌ သူ့ထက် ပိုအစွမ်းထက်သူနှင့် တစ်ခါမှ ရင်မဆိုင်ခဲ့ရဖူးပေ။ ယနေ့၌မူ အရာရာက ပြောင်းလဲသွားပုံရကာ ယွင်ရိဖေးထက် တစ်နှစ်ပိုငယ်သည့်အပြင် များစွာ ပိုအစွမ်းထက်သော ယဲ့ချန်က ထွက်ပေါ်လာခဲ့သည်။

“မင်းကများ အတင့်ရဲလို့ ငါ့ပိုင်နက်ထဲမှာ ငါ့မိသားစုကလူကို ထိခိုက်စေရဲတယ်”

ယွင်ရိရန်သည် ထိတ်လန့် တုန်လှုပ်မှုတဝက်၊ မယုံကြည်နိုင်မှု တစ်ဝက်ဖြင့် အလောတကြီး ထရပ်မိသွားပြီး အော်ငေါက်လိုက်သည်။ သူက ယွင်ရိဖေးတစ်ယောက် ယဲ့ချန်လက်ထဲ၌ ဤသို့မရှုမလှ ရှုံးနိမ့်သွားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

ယွင်ရိရန်သည် ယဲ့ချန်၏ မျက်လုံးများနှင့် တည့်မတ်စွာ အကြည့်ချင်း ဆုံသွားသည်တွင် ပြောမပြနိုင်စွမ်းသော အကြောင်း တချို့ကြောင့် ကျောရိုးတလျှောက် စိမ့်ခနဲ ဖြစ်သွားသလို ခံစားလိုက်ရသည်။ ယဲ့ချန်၏ မျက်လုံးများသည် ၁၇ နှစ်အရွယ် ကောင်လေး တစ်ယောက်တွင် မရှိနိုင်သည့် တည်ငြိမ်မှုမျိုးဖြင့် ကြည်လင်နေပြီး တစ်ချိန်တည်းတွင်ပဲ အသူရာတစ်မျှ နက်ရှိုင်းသည့် ချောက်နက်ကြီး တစ်ခုကို ကြည့်မိသကဲ့သို့ တူညီသော ခံစားချက်ကိုလည်း ပေးစွမ်းသည်။ ထိုကောင်လေးအား အလျင်အမြန် ရှင်းမပစ်ပါက အနှေးနဲ့အမြန် ယွင်မိသားစုအတွက် အကြီးမားဆုံး အန္တရာယ် ဖြစ်လာပေလိမ့်မည်။

ယွင်ရိရန် အခိုင်အမာ ဆုံးဖြတ်လိုက်သည်။ ထိုကောင်လေးအား ယဲ့မိသားစုသို့ အန္တရာယ်ကင်းကင်းနှင့် ပြန်သွားခွင့် လုံးဝမပေးနိုင်ပေ။ ထိုကောင်လေး သေကိုသေမှ ဖြစ်ပေမည်။

ယွင်ရိရန် ထရပ်လိုက်သည့် အချိန်တွင်ပဲ ယဲ့ချိန်ရွှမ်းသည်လည်း အလျင်အမြန် ထရပ်လိုက်၏။ ယွင်ရိရန်ကသာ ရုတ်တရက် တစ်ခုခု လုပ်လိုပါက သူ့အနေနှင့် မဖြစ်မနေ ဟန့်တားရမည် ဖြစ်သည်။

ယွင်ရိရွှမ်ကမူ ယွင်ရိဖေး၏ မျက်စိရှေ့တင် ရှုံးနိမ့်သွားမှုကြောင့် ဘာမှမပြောနိုင်လောက်အောင် ကြောင်အနေသည်။

ယွင်ရိရန်နှင့် ယဲ့ချိန်ရွှမ်းတို့ အကြားရှိ တင်းမာလာသော အနေအထားကြောင့် လီရှုသည် သူ၏ တည်ရှိမှုအား ထိုနှစ်ယောက် သတိပြုမိစေရန် ချောင်းတစ်ချက် ဟန့်လိုက်ရသည်။

ထိုချောင်းဟန့်သံက ယွင်ရိရန်နှင့် ယဲ့ချိိန်ရွှမ်းတို့ နှစ်ဦးလုံး၏ မျက်နှာအား ဖြတ်ရိုက်လိုက်သကဲ့သို့ ရှိသည်။ သူတို့က အဆင့််မြင့် ဆေးဝါးပညာရှင် တစ်ယောက်လုံးအား ရှေ့တည့်တည့်တွင် ထားပြီး မလေးမစား ပြုမူမိသွားခဲ့တာ ဖြစ်သည်။ လီရှုက သဘောဆိုးသူ မဟုတ်သောကြောင့် ချောင်းဟန့်ရုံလောက်ဖြင့် သတိပေးလာ၍သာ တော်တော့သည်။

မကြာသေးခင်က လီရှုသည် ယဲ့ချန်သာ အနိုင်ရခဲ့ပါက ဤနေရာမှ ဘေးမသီရန်မခဘဲ ထွက်သွားနိုင်စေရမည်ဟု အာမခံပေးထားခဲ့သည်။ အကယ်၍ တစ်ယောက်ယောက်ကသာ ယဲ့ချန်၏ လုံခြုံမှုအား ထိပါးလာဝံ့ပါက လီရှုကို တိုက်ရိုက် စိန်ခေါ်လိုက်သည်နှင့် မခြားပေ။ ယွင်ရိရန်ပင် ခြွင်းချက်မဟုတ်။

ထိုအချိန်၌ လူအုပ်ထဲမှ လူနှစ်ယောက်သည် ယဲ့ချန်ရပ်နေရာ စင်မြင့်ဆီသို့ ရိပ်ခနဲ ပြေးဝင်လာသည်။ တစ်ယောက်က ယွင်ရိဖေးအား ဖေးမပေးရန် လာခြင်း ဖြစ်သော်လည်း ကျန်တယောက်ကမူ ယဲ့ချန်ထံသို့ အလွန်လျင်မြန်စွာ ဦးတည် တိုက်ခိုက်လေသည်။

ထိုလူ၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် လူအုပ်ကြီးမှာ ယဲ့ချန်အတွက် စိုးရိမ်သွားကြပြီး အာမေဋိတ်သံ မျိုးစုံလည်း ထွက်ပေါ်လာသည်။

“အဲဒါက ထျန်းချီအဆင့် ၈ ထိပ်ဆုံးဆင့် ကျင့်ကြံသူပဲ”

“ချီးလား မင်းဘိုးအေက ထျန်းချီအဆင့် ၉ ကို ရောက်ဖို့ နည်းနည်းဖို့ လိုတော့တယ်”

“ကောင်စုတ်လေး မင်းကများ ငါ့သားကို ထိခိုက်စေရဲတယ် မင်းကို အရှင်မထားဘူး”

ထိုလူက ဒေါသတကြီး အော်ရင်း ‘ချီထုထည် ဖြစ်တည်ခြင်း/ ကောင်းကင်ရိုက်ချက်’ ဖြင့် ယဲ့ချန်အား တိုက်ခိုက်လေသည်။ ထိုလူသည် ထျန်းချီအဆင့် ၈ ထိပ်ဆုံးဆင့်တွင် ရှိနေရာ သဘာဝကျစွာပင် ထိုလူ၏ တိုက်ခိုက်မှုက ယွင်ရိဖေးထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်သည်။

ထိုလူ၏ လှုပ်ရှားမှုမှာ လျင်မြန်လွန်းလှပြီး ယဲ့ချန်နှင့် သူ့အကြားရှိ အကွာအဝေးကလည်း နီးကပ်နေသောကြောင့် ထျန်းချီအဆင့် ၉ ကျင့်ကြံသူများပင် ဟန့်တားရန် အချိန်မရလိုက်ပေ။

လီရှု အလျင်အမြန် မတ်တတ် ထရပ်လိုက်ပြီး သူ့မျက်နှာ အမူအရာက အလွန်လေးနက်နေသည်။ သူသည် ဒေါသထွက်စွာနှင့် ယွင်ရိရန်အား လှမ်းကြည့်ကာ ခြိမ်းခြောက်မှု တစွန်းတစဖြင့် ဆို၏။

“ခေါင်းဆောင်ယွင် ဒါကဘယ်လိုဖြစ်ရတာလဲ ယဲ့ချန်သာ အနိုင်ရခဲ့ရင် ဒီနေရာကနေ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင် စေရမယ်လို့ ကျုပ်ကိုယ်တိုင် အာမခံပေးထားခဲ့တယ် တကယ်လို့ ဒီနေ့ ဒီနေရာမှာ ယွင်မိသားစုဝင် တစ်ယောက်ယောက်ရဲ့ လက်ချက်နဲ့ ယဲ့ချန်သေသွားခဲ့ရရင် အကျိုးဆက်ကို ခင်ဗျား လက်ခံနိုင်ဖို့ ပြင်ထားပါ”

“ဆရာလီ အဲဒီလူက ရိဖေးရဲ့အဖေ ကျုပ်ရဲ့ ဒုတိယဦးလေး ယွင်ကျင်းခုံးပါ သူက တစ်ချိန်လုံး ပြိုင်ပွဲစင်မြင့် ငါးခုရဲ့အောက်မှာ ရပ်နေခဲ့တာကြောင့် ဆရာလီ အာမခံ ပေးထားတာကို မကြားလိုက်လောက်ဘူး၊ ပြီးတော့လည်း ရိဖေးက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတာကို မြင်တော့ ဒေါသမထိန်းနိုင် ဖြစ်သွားရတာပါ”

ယွင်ရိရန်သည် သူ့ဒုတိယဦးလေး၏ မဆင်မခြင် လုပ်ရပ်ကြောင့် ဗျာများသွားကာ ကပျာကယာ ဖြေရှင်းချက် ပေးလိုက်ရသည်။ လီရှုကား မည်သူနည်း။ တုန်းလင်ပြည်နယ်၏ ဒုတိယမင်းသားကိုပင် အမိန့်ပေးနိုင်စွမ်းရှိသော အဆင့်မြင့် ဆေးဝါးပညာရှင် ဖြစ်သည်။ လီရှုအား အပြစ်ပြုမိပါက နောက်ဆက်တွဲ အနေနှင့် ဒုတိယမင်းသား၏ ဒေါသနှင့်ပါ ရင်ဆိုင်ရပေလိမ့်မည်။

***

All Chapters