← Chapters

တွန်းအားပေးသောလက်များ

Vol. 4 Ch. 52

တွန်းအားပေးသောလက်များ

Vol. 4 Ch. 52

“ယွင်ရိရန် ဒါက ဧည့်သည်တွေကို မင်းတို့ ဆက်ဆံတဲ့ပုံစံလား ချန်အာသာ တစ်ခုခု ဖြစ်သွားကြည့် မင်းတို့မိသားစု ကျိန်းသေ ပြန်ပေးဆပ်ရမယ်”

ယဲ့ချိန်ရွှမ်းသည် ခန္ဓာကိုယ်မှ ထျန်းချီစွမ်းအင်တို့အား ထုတ်လွှတ်ရင်း ကြိမ်းဝါးသည်။

ဘေးလူအနေနှင့် ကြည့်နေကြသော ထျန်းချီအဆင့် ၉ ကျင့်ကြံသူများသည် အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ ယဲ့ချိန်ရွှမ်းထံမှ ထုတ်လွှတ်နေသော စွမ်းအားများ၏ ပြင်းထန်မှုသည် ယွင်ရိရန်အောက် နည်းနည်းလေးမှ မနိမ့်ကျပေ။

ဖြစ်စဉ်အား ရှင်းပြနေရသည်က ကြာသယောင် ထင်ရသော်လည်း တကယ်တမ်းတွင် အရာအားလုံးက အချိန်တစ်ခဏအတွင်း ဆက်တိုက် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ နောက်တစ်စက္ကန့်အတွင်း ယွင်ကျင်းခုံး၏ တိုက်ခိုက်မှုသည် ယဲ့ချန်နှင့် ထိပ်တိုက် ရင်ဆိုင်တွေ့သွား၏။

ယွင်ကျင်းခုံး၏ ပြင်းထန်သော ထျန်းချီစွမ်းအားများသည် ပြိုင်ပွဲစင်မြင့် တစ်ခုလုံးအား အကြားအလပ်မရှိ ဖုံးအုပ်ထားပြီး ယဲ့ချန်အတွက် လွတ်လမ်းမရှိပေ။ ကြည့်ရှုနေသူများပင် အသက်ရှူကြပ်လာသလို ခံစားလိုက်ကြရသည်။

“သေလိုက်တော့”

ယွင်ကျင်းခုံး၏ အော်လိုက်သံနှင့်အတူ ‘ချီထုထည် ဖြစ်တည်ခြင်း/ ကောင်းကင်ရိုက်ချက်’ သည် ယဲ့ချန် ခေါင်းတည့်တည့်သို့ ကျရောက်လာသည်။

ထျန်းချီအဆင့် ၈ ထိပ်ဆုံးဆင့် ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအားကား ဟာသမဟုတ်ပေ။ ထျန်းချီအဆင့် ၈ အလယ်အလတ်ဆင့် ဖြစ်သော ယဲ့ကျန့်ရှုံး၏ စွမ်းအားထက်ပင် ပိုပြင်းထန်သေး၏။

အစအဆုံး တည်ငြိမ်နေခဲ့သော ယဲ့ချန်၏ အမူအရာသည်ပင် အတန်ငယ် ပြောင်းလဲ သွားသည်။ ယခုအခြေအနေအထိ ဖိအားပေးခံရသောအခါ သူ့အနေနှင့် အစွမ်းကုန် ထုတ်သုံးရုံကလွဲပြီး မတတ်နိုင်တော့ပေ။ ယဲ့ချန်သည် ဆုံးဖြတ်ချက် ချပြီးသည်နှင့် သူ့ခန္ဓာကိုယ်ရှိ အဝတ်တို့အား မီးလောင်ပြာကျ သွားခြင်းမှ ကာကွယ်ရန် ထျန်းချီလှိုင်းများဖြင့် ဖုံးအုပ်လိုက်သည်။

ထို့နောက် ယဲ့ချန်သည် ပီရှို့အား နှိုးဆွလိုက်သည်တွင် သန့်စင်လှသော ထျန်းချီများသည် ရေကာတာ ကျိုးပျက်သွားသည့်အလား သူ့ခန္ဓာကိုယ်ထဲသို့ တစ်ဟုန်ထိုး စီးဝင်လာကြသည်။ ကြယ်တာရာ ဘုံကိုးလွှာသည်လည်း စတင် အသက်ဝင်လာပြီး ယဲ့ချန်၏ စေညွှန်မှု အောက်တွင် ပီရှို့ထံမှ စီးဆင်းလာသည့် ထျန်းချီတို့အား မီးသဘာဝ စွမ်းအားများအဖြစ် တရစပ် အသွင် ပြောင်းတော့သည်။ ထိုစဉ် ယဲ့ချန်၏ ဝတ်ရုံရင်ဘတ်အတွင်း သိမ်းထားခဲ့သော ‘ကောင်းကင်ကြယ်တာရာ တံဆိပ်တော်’ သည် ရုတ်တရက် နှိုးဆွခံလိုက်ရသည့်အလား အသက်ဝင်လာကာ မှိန်ဖျော့ဖျော့ ကြယ်တာရာ အလင်းစက်များ ထွက်ပေါ်လာ၏။

မည်သို့မည်ပုံ ဆက်စပ်နေသည် မသိသော်ငြား ထိုကြယ်တာရာ အလင်းစက်များ ထွက်ပေါ်လာပြီးနောက် ပီရှို့ထံမှ စီးဆင်းလာသော ထျန်းချီများသည် မူလကထက် ပိုမို အားကောင်း သွားကြသည်ကို ယဲ့ချန် သတိထားမိလိုက်သည်။ သူ၏ စွမ်းအားသည်လည်း ရှိရင်းစွဲထက် နှစ်ဆ တိုးမြင့်သွားသည်။ ထိုအချိန်တွင် ယွင်ကျင်းခုံး၏ ‘ချီထုထည် ဖြစ်တည်ခြင်း / ကောင်းကင်ရိုက်ချက်’ သည် သူ့ခေါင်းနှင့် လက်မအနည်းငယ်သာ ကွာဝေးတော့သည်။

ယဲ့ချန်လည်း များများစားစား မတွေးတော့ဘဲ အသက်ပြင်းပြင်းရှူကာ မာန်သွင်းလိုက်၏။

“တိမ်နီကောင်းကင်”

ပြင်းထန်သော မီးစွမ်းအင်တခုက ပြိုင်ပွဲကွင်းပြင် တစ်ခုလုံးအား လွှမ်းမိုးသွားသည်။ ယဲ့ချန်၏ ခန္ဓာကိုယ်မှ အနီရောင် အလင်းတစ်ဖြာ ထွက်ပေါ်လာပြီး ၎င်းအလင်းသည် အနီရဲရဲ အရောင်အသွေးဖြင့် တောက်ပလွန်းရကား ခပ်ဝေးဝေးမှ ကြည့်လျှင် ကောင်းကင်ကြီး တစ်ခုလုံး တိမ်နီတို့ဖြင့် ထွန်းတောက်နေသည့်အလား ထင်မှတ်ရစေသည်။

ယွင်ကျင်းခုံးသည် ယဲ့ချန်အား တစ်ချက်တည်းနှင့် ပွဲသိမ်းပစ်တော့မည့် ဆဲဆဲတွင်ပဲ ရုတ်တရက် မီးစွမ်းအင်တခု ယဲ့ချန်ထံမှ ပေါက်ကွဲ ထွက်လာသည်ကို ခံစားလိုက်ရသည်။ ထိုမီးစွမ်းအင်သည် ပြင်းထန်လွန်းလှရာ သူ့ကဲ့သို့ ထျန်းချီအဆင့် ၈ ထိပ်ဆုံးဆင့် ကျင့်ကြံသူ တစ်ယောက်ပင် ထိတ်လန့်သွားရသည်။

ယွင်ကျင်းခုံး ခဏတာ တွေဝေသွားသည့် အခိုက်အတန့်၌ ထိုမီးစွမ်းအင်သည် အလွန်လျင်မြန်စွာ ပျံသန်းလာလေရာ ရှောင်တိမ်းချိန်ပင် မရလိုက်ဘဲ အနီရောင် အလင်းတန်း တစ်ခုကိုသာ နောက်ဆုံး မြင်လိုက်ရသည်။

“ဘုန်း”

ယွင်ရိဖေးနှင့် ယဲ့ချန်၏ တိုက်ပွဲတုန်းကထက် ပို၍ ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ပြိုင်ပွဲစင်မြင့်ကြီးမှာ ပြိုကျပျက်စီးသွာပြီး စွမ်းအင်လှိုင်း တချို့သည် ကြည့်ရှုနေများဘက်သို့ပင် လွင့်စဉ်လာလေရာ အားလုံး အလျင်အမြန် ရှောင်တိမ်း လိုက်ကြရသည်။

ပြိုင်ပွဲစင်မြင့် ငါးခုလုံးအား ပြုလုပ်ထားသည့် သစ်သားသည် လျန်ယွင်တောင်တန်း အတွင်းရှိ အမာဆုံးသော ‘သံသစ်သား’ ဖြစ်သည်။ ထျန်းချီအဆင့် ၈ ထိပ်ဆုံးဆင့် တစ်ယောက်မှ စွမ်းအားကုန် သုံးလျှင်ပင် ‘သံသစ်သား’ ဖြင့် ပြုလုပ်ထားသည့် စင်မြင့်အား ပြိုကျသွားစေဖို့ တတ်နိုင်လိမ့်မည် မဟုတ်။

သစ်သား အပိုင်းအစများက နေရာအနှံ့ ပြန့်ကျဲနေပြီး မူလက ပြိုင်ပွဲစင်မြင့် ရှိခဲ့သောနေရာ၌ အနီရောင် အလင်းတစ်ဖြာက မြင်ကွင်း တစ်ခုလုံးအား ပိတ်ဆို့ထားသည်။ လူတိုင်း၏ မြင်လွှာထဲသို့ ပထမဆုံး ထွက်ပေါ်လာသည်မှာ လေထုထဲမှ နောက်ပြန်လွင့်စဉ်လာသော ပုံရိပ်တခု ဖြစ်သည်။

ထိုပုံရိပ်ကား ... ယဲ့ချန် ဟုတ်မနေခဲ့။

အံ့ဩစရာကောင်းစွာ ... ယွင်ကျင်းခုံး ဖြစ်နေခဲ့သည်။

ထျန်းချီအဆင့် ၈ ထိပ်ဆုံးဆင့် တယောက်ကိုပင် ရှုံးနိမ့်သွား စေလောက်အောင် ယဲ့ချန်အသုံးပြုခဲ့သည့် မီးဓာတ်ပညာရပ်ကား မည်သို့သော ပညာရပ်လေနည်း။

လူအုပ်ကြီးသည် အံ့ဩရလွန်း၍ ထပ်မံ မအံ့ဩနိုင်တော့ဘဲ ကြောက်ရွံ့ တုန်လှုပ်မှုက အစားထိုး ဝင်ရောက်လာသည်။

သူတို့က တိုက်ပွဲဖြစ်ပွားခဲ့သော နေရာသို့ လှမ်းကြည့်မိကြလျှင် အားအင်ကုန်ခန်း သွားဟန်ဖြင့် ချိနဲ့စွာ ရပ်နေသော ယဲ့ချန်အား မြင်ကြရသည်။ ယဲ့ချန်၏ အဝတ်တို့သည် ဟိုတစ်စသည်တစ်စ စုတ်ပြဲနေပြီး အရေပြားပေါ်တွင်လည်း မီးကျွမ်းရာတချို့ ရှိနေသည်။

ဤသို့သော ရလဒ် ထွက်လာခြင်းမှာ ယဲ့ချန်အဖို့ အမှန်ပင် ကံကောင်းသွားခဲ့ခြင်း ဖြစ်သည်။ မဟာမိတ်သိုင်းပြိုင်ပွဲ မကျင်းပမီ တိမ်နီကောင်းကင်အား မလေ့ကျင့်ခဲ့မိပါက ယခုအချိန်တွင် သူသည် အသက်မဲ့စွာ လဲလျောင်းနေရလိမ့်မှာ ဖြစ်သည်။ တိမ်နီကောင်းကင်သည် ခန္ဓာကိုယ် တစ်ခုလုံးရှိ ထျန်းချီတို့အား မီးသဘာဝ စွမ်းအင်အဖြစ် ပြောင်းလဲကာ အစွမ်းကုန် လောင်ကျွမ်း တောက်လောင်စေသော ပညာရပ် ဖြစ်သည့်အတွက် အားအင်များစွာ ကုန်ဆုံးသွားသည်က လွဲ၍ သူ အသက်ရှင် နေနိုင်သေးသည်။

နှုတ်ခမ်းထောင့်၌ သွေးစတချို့ ရှိနေလျက်နှင့်ပင် ယဲ့ချန်သည် ဒယိမ်းဒယိုင်ဖြင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကာ အတန်ငယ် ဒဏ်ဖြစ်သွားသော ခန္ဓာကိုယ်အား ပီရှို့ထံမှ ထျန်းချီတို့ဖြင့် ပြန်လည် ကုစားလိုက်သည်။ အမွှေးပွလေးသည် ယဲ့ချန်ပခုံးပေါ်သို့ ခုန်တက်လာပြီး ဘေးပတ်ဝန်းကျင်မှ လူတို့အား မာန်ဖီလျက် သခင်ဖြစ်သူ ကုစားနေသည်ကို စောင့်ကြပ်ပေးလေ၏။

မည်သူ တစ်ဦးတစ်ယောက်ကမှ ယဲ့ချန်အနီးသို့ ကပ်မလာရဲသေးပေ။ မကြာသေးခင်က ကြုံတွေ့ခဲ့ရသော အံ့ဩဖွယ်ရာတို့ကြောင့် သူတို့အားလုံး၏ အသိစိတ် တစ်ခုလုံး ခဏတာ ဗလာဖြစ်သွားဟန် ရသည်။

“၁၇ နှစ်အရွယ် ကောင်လေးက ထျန်းချီအဆင့် ၈ ထိပ်ဆုံးဆင့်က ကျင့်ကြံသူကို အနိုင်ယူလိုက်တယ်တဲ့လား၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

တုန်းလင်ပြည်နယ်သည် ရှီဝူအင်ပါယာ၏ အုပ်ချုပ်မှု အောက်တွင် ရှိသော ပြည်နယ်လေး တစ်ခုသာ ဖြစ်ရာ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်မှ ထျန်းချီအဆင့် ၈ ထိပ်ဆုံးဆင့်ရှိ ကျင့်ကြံသူအား အနိုင်ယူလိုက်ခြင်းမှာ အားလုံးအတွက် လုံးဝ မကြုံဖူးခဲ့သည့် ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်နေသည်။

ထျန်းချီအဆင့် ၉ ကျင့်ကြံသူများ၏ ခေါင်းထဲသို့ တူညီသော အတွေးတစ်ခု ဝင်ရောက်လာသည်။

‘ယဲ့ချိန်ရွှမ်းပြောတဲ့ ဘိုးဘေးကြီးဆိုတာ တကယ်ကို ရှိတာပဲ ဖြစ်ရမယ်’

ထိုသို့သော ထူးခြားဆန်းကြယ်သည့် ဘိုးဘေးကြီး၏ အကူအညီဖြင့် ဆိုပါက ယဲ့ချန်ကဲ့သို့ လူငယ်လေး အလွန်အမင်း အစွမ်းထက်နေခြင်းမှာ ဖြစ်သင့်ပေသည်။ အကယ်၍ ဘိုးဘေးကြီးသာ မရှိပါလျှင် ယဲ့ချန်သည် သိုင်းပညာရပ်များ အပေါ် ထိုးထွင်း သိမြင်နိုင်စွမ်း အလွန်မြင့်မား နေပါစေဦး၊ ယခုလောက်ထိ လွန်လွန်ကဲကဲ အစွမ်းထက်နေစရာ အကြောင်း မရှိပေ။

ဖြစ်ပျက် သွားသည်တို့မှာ သဘာဝမကျလှရာ ကြည့်ရှုနေသူ အပေါင်းတို့သည် ဖြစ်နိုင်ချေ အရှိဆုံးသော အကြောင်းအရင်းကိုသာ စဉ်းစားနိုင်ကြတော့သည်။ ထိုသို့ မဟုတ်ပါကလည်း သူတို့၏ လောကအသိအမြင်များ ဇောက်ထိုးမိုးမျှော် ဖြစ်သွားလောက်သည့် ဖြစ်ရပ်ကြီးအား ယုံကြည်ရန် မတတ်နိုင်တော့ပေ။

အရင်ဦးဆုံး အသိဝင်လာသော ယဲ့ချိန်ရွှမ်းသည် ယဲ့ချန်ထံသို့ အလျင်အမြန် ပြေးသွားလိုက်သည်။ နောက်ထပ် အလစ်အငိုက် တိုက်ခိုက်မှုများ ရှိလာပါက သူသည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့ ဆုံးတော့မည် မဟုတ်ပေ။

လီရှုသည် တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာ၌ စုပြုံနေသော အပျက်အစီးများကို ကြည့်၍ သူ၏ အံ့ဩမှုအား ဖော်ပြရန် စကားလုံးပင် ရှာမရတော့ပေ။

ဘယ်လောက်တောင် သန့်စင်လိုက်တဲ့ မီးစွမ်းအင်တွေလဲ။

ယဲ့ချန် ထုတ်ဖော်ပြသခဲ့သော မီးစွမ်းအင်များသည် လီရှု လေ့ကျင့်သော ‘ဆည်းဆာငရဲမီး’ ကျင့်စဉ်၏ မီးစွမ်းအင်များထက်ပင် သန့်စင်နေသေးသည်။ အကယ်၍ ယဲ့ချန်၏ ထျန်းချီ စွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းကပါ မြင့်မားနေပါက ထိုကောင်လေးသည် ဆေးဝါးပညာရှင် လမ်းကြောင်း၌ ပါရမီရှင် ဖြစ်လာပေလိမ့်မည်။ ထိုသို့ တွေးမိသောအခါ လီရှုသည် အလွန်စိတ်လှုပ်ရှား သွားပြီး ယဲ့ချန်နှင့် သုံးမီတာခန့် အကွာသို့ ခုန်လွှားသွားလိုက်မိသည်။

အခြားသော ထျန်းချီအဆင့် ၉ ကျင့်ကြံသူများလည်း လီရှုနောက်သို့ လိုက်လာခဲ့ကြသည်။

“ခေါင်းဆောင်ယွင် ... ကျုပ် ခုနက ပြောခဲ့သလိုပဲ ယဲ့ချိန်ရွှမ်းနဲ့ ယဲ့ချန်တို့ ဒီနေရာကနေ အန္တရာယ်ကင်းကင်း ပြန်ထွက်သွားနိုင်ဖို့ ကျုပ်မှာ တာဝန်ရှိတယ် ယွင်ကျင်းခုံးရဲ့ လုပ်ရပ်က ဘောင်ကျော်သွားပြီ တကယ်လို့ တစ်ယောက်ယောက်က ယဲ့ချန်ကို အန္တရာယ်ပြုဖို့ ထပ်ကြိုးစားလာခဲ့မယ် ဆိုရင် ယွင်မိသားစု တစ်ခုလုံး ပျက်စီးသွားစေဖို့ ကျုပ် တာဝန်ယူတယ် ဆန္ဒရှိရင် ခင်ဗျား ကိုယ်တိုင်လည်း စမ်းကြည့်နိုင်တယ်”

လီရှုက ယွင်ရိရန်အား သတိပေးသလို ကြည့်ရင်း ထက်ရှစွာဆို၏။

ယွင်ရိရန်သည် လီရှု၏ လုပ်နိုင်စွမ်းအား လုံးဝ သံသယမရှိပေ။ ဆေးလုံး အနည်းငယ်မျှကို သုံးလိုက်ရုံနှင့် လီရှုသည် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူများအား ဦးဆောင်ကာ ယွင်မိသားစု တစ်ခုလုံးအား အမှုန့်ခြေပစ်နိုင်သည်။ ထိုအချိန်မှ နောင်တရနေလျှင် များစွာ နောက်ကျ သွားပေလိမ့်မည်။

“ယွင်ကျင်းခုံးရဲ့ လုပ်ရပ်က မရည်ရွယ်ဘဲ ဖြစ်သွားခဲ့တာ ဆိုရင်တောင် ဘောင်ကျော်သွားတာတော့ အမှန်ပဲ ကျုပ်အနေနဲ့ ဒီလိုတွေ ဖြစ်လာဖို့ လုံးဝ မရည်ရွယ်ခဲ့ဘူး၊ ဒီတော့ ယွင်ကျင်းခုံးရဲ့ လုပ်ရပ်ဟာလည်း ယွင်မိသားစုနဲ့ မသက်ဆိုင်ဘူးလို့ ပြောလို့ရတယ် ယွင်ကျင်းခုံး အတွက်ကတော့ သူ့လုပ်ရပ်ရဲ့ အကျိုးဆက်ကို သူပဲခံသင့်တယ်”

ယွင်ရိရန်သည် စကားဆုံးသည်နှင့် လက်ဝှေ့ယမ်းကာ အစောင့်တို့အား အမိန့်ပေးလိုက်သည်။

“အစောင့်တွေ ယွင်ကျင်းခုံးကို ဆွဲခေါ်သွားကြ ကိစ္စတွေအားလုံး ပြီးသွားတဲ့အခါ သူ့ကို ငါကိုယ်တိုင် အပြစ်ပေးမယ်”

လီရှုသည် အေးစက်စက် မျက်နှာထားဖြင့်သာ ရှိနေပြီး ထပ်မံ၍ စကားမဆိုတော့ပေ။ သူ၏ စိတ်အား ထက်သန်နေသော မျက်လုံးများကမူ ယဲ့ချန်ကိုသာ မမှိတ်မသုန် ကြည့်နေတော့သည်။

တစ်နာရီ ကုန်ဆုံး သွားပြီးသည့်နောက် ယဲ့ချန်၏ ခန္ဓာကိုယ် အတွင်းရှိ ထျန်းချီများ ပြန်လည် တည်ငြိမ်သွားကြသည်။ ယဲ့ချန် မျက်လုံးများ ဖွင့်လိုက်သောအခါ သူ့ရှေ့တည့်တည့်၌ ဆီးကြိုနေသော လူအုပ်ကြီးကြောင့် အနည်းငယ်ပင် အံ့ဩသွားရ၏။

“ဘယ်လိုနေသေးလဲ ချန်အာ အဆင်ပြေရဲ့လား”

ယဲ့ချိန်ရွှမ်းက စိုးရိမ်ပူပန်စွာ မေးသည်။

“ကျွန်တော် အဆင်ပြေပါတယ် ဘိုးဘိုး နည်းနည်း အားကုန်သွားရုံပါ”

ယဲ့ချန်က ပြုံးကာ ပြန်ပြောမိသည်။

ထို့နောက် သူသည် တိုက်ပွဲအတွင်း၌ ရုတ်တရက် အသက်ဝင်လာခဲ့သော ယဲ့မိသားစု၏ ‘ကောင်းကင်ကြယ်တာရာ တံဆိပ်တော်’ အကြောင်း အတွေး ရောက်သွား၏။ ထိုတံဆိပ်တော်ကြောင့်သာ မဟုတ်ပါက သူ့အနေနှင့် ယွင်ကျင်းခုံး၏ တိုက်ခိုက်မှုမှ အသက်ရှင်လျက် လွတ်မြောက်နိုင်ဖို့ မသေချာပါ။ ယခုမူ ထိုတံဆိပ်တော်သည် ဘာမှ ထူးခြားခြင်း မရှိသည့် သာမန်တံဆိပ်ပြား တစ်ခုကဲ့သို့ ပြန်လည် အသွင်ပြောင်းကာ ငြိမ်သက်နေလေသည်။

***

All Chapters