← Chapters

ဒုတိယမြောက် စိန်ခေါ်မှု

Vol. 4 Ch. 53

ဒုတိယမြောက် စိန်ခေါ်မှု

Vol. 4 Ch. 53

အခြားသော မိသားစုခေါင်းဆောင်များနှင့် အကြီးအကဲများ အားလုံးသည် ယဲ့ချိန်ရွှမ်းအား အလွန် အားကျနေကြပြီ ဖြစ်သည်။ မိသားစုထဲ၌ ထိုမျှ ပါရမီရင့်သန်သော လူငယ်တစ်ဦး ရှိနေပါက မိသားစု၏ အနာဂတ်မှာ ရွှေရောင် ထွန်းတောက်နေကြောင်း သေချာလှသည်။

မော့ထန်းသည်လည်း တူညီစွာပင် ထိတ်လန့်ရသည်နှင့်အတူ စိတ်ရှုပ်ထွေး နေသည်။ လွန်ခဲ့သော တစ်ရက်က ယဲ့ချန်အပေါ် ဆက်ဆံခဲ့မိပုံကို တွေးမိရုံနှင့် သူ့မှာ ကျောချမ်းနေရသည်။ ယဲ့ချန်သည် ယွင်ရိဖေးအပြင် ထျန်းချီအဆင့် ၈ ထိပ်ဆုံးဆင့် ယွင်ကျင်းခုံးကိုပါ အနိုင်ယူနိုင်လောက်အောင် အစွမ်းထက်သော်လည်း နှိမ့်နှိမ့်ချချ နေထိုင်ပြောဆိုသည်။ တွေးလေတွေးလေ ယခင်က သူ၏ မောက်မာမှုများမှာ အလွန် ရယ်စရာကောင်းကြောင်း မော့ထန်း သိလာရသည်။

“ကံကောင်းထောက်မပြီး ဒီနေ့မှာ ယဲ့မိသားစုရဲ့ အစွမ်းထက် မီးသဘာဝထျန်းချီ ကျင့်စဉ်ကို မြင့်ခွင့်ရခဲ့ပြီ ယဲ့ချန် အသုံးပြုခဲ့တဲ့ ကျင့်စဉ်က အဆင့် ၆ နဲ့ အထက်ရှိတဲ့ ပညာရပ်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား”

လီရှုက ယဲ့ချိန်ရွှမ်းဘက်သို့ လှည့်ကာ မေးသည်။

လီရှု၏စကားကြောင့် ထိတ်လန့်ခြင်း မပြေသေးသော လူအုပ်ကြီးမှာ ထပ်မံ၍ စိတ်ကစဉ့်ကလျား ဖြစ်သွားရပြန်သည်။ ထောင်စုနှစ် တစ်ခုခန့် သမိုင်းကြောင်း ရှည်လျားသော မိသားစုကြီးများ၌ပင် တစ်ခေတ်တခါက အလွန်လျှမ်းလျှမ်းတောက် ကျော်ကြားသော ဘိုးဘေးကြီးတစ်ယောက် ရှိမှသာ အဆင့် ၆ ပညာရပ်တစ်ခုကို ပိုင်ဆိုင်နိုင်ကြသည်။

“မှန်ပါတယ် အဲဒါက အဆင့် ၆ ပညာရပ်ပါ”

ယဲ့ချန်က ဝင်ဖြေလိုက်သည်။

ယဲ့ချိန်ရွှမ်းနှင့် ယဲ့ချန်တို့အား ကြည့်နေသော လူအုပ်ကြီး၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။

“ကောင်းပြီ ဒီတခေါက် မဟာမိတ် သိုင်းပြိုင်ပွဲရဲ့ နောက်ဆုံးအနိုင်ရသူ နေရာက ယဲ့အိမ်တော်က ယဲ့ချန်အတွက် ဖြစ်လိမ့်မယ် ကန့်ကွက်ချင်တဲ့သူ ဘယ်သူရှိလဲ”

လီရှုသည် လူအုပ်ကြီးအား တစ်ချက် ဝေ့ကြည့်လျက် မေးမြန်းလိုက်သည်။ ဘဝတစ်လျှောက်တွင် အတွေ့အကြုံ မျိုးစုံကို ကြုံတွေ့ရပြီးဖြစ်သော လီရှုအနေနှင့် ယဲ့ချန်ကဲ့သို့ တွေ့ရခဲသော ပါရမီရှင်တစ်ယောက်ကို လက်လွှတ်လိုက်ဖို့ရာ မဖြစ်နိုင်ပါ။ လူတော်များ အလွန်ပေါများသော နန်းမြို့တော်၌ပင် အသက် ၁၇ နှစ်အရွယ် ထျန်းချီအဆင့် ၈ ကျင့်ကြံသူ ဆိုသည်မှာ ရှားပါးလှသည်။ ကြီးမြတ်လှသော ဧကရာဇ်မင်ဝူ ငယ်စဉ်ကပင် အသက် ၃၀ ပြည့်ပြီးမှ ထျန်းချီအဆင့် ၉ သို့ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဧကရာဇ်မင်ဝူသည် တော်ဝင်မိသားစု၌ ကြီးပြင်းခဲ့သူဖြစ်၍ မရေမတွက်နိုင်သော အစွမ်းထက် ဆေးဝါးတို့အား သောက်သုံးခဲ့သည်ကို ထည့်မတွက်ရသေးပေ။

လူအုပ်ကြီးသည် လီရှု၏ မေးခွန်းကြောင့် မပြုံးချင်ပြုံးချင် ပြုံးမိကြသည်။ ပြိုင်ပွဲဝင်တွေထဲက ဘယ်တစ်ယောက်ကများ ဦးနှောက်တစ်ခန်း လွတ်နေလို့ ယဲ့ချန်လို မကောင်းဆိုးဝါးနဲ့ ပြိုင်ရဲတော့မှာတဲ့လဲ။ အားလုံးမှာ ရလဒ်အား လက်ခံလိုက်ကြရုံသာ တတ်နိုင်သည်။ နောက်ဆုံးတွင် ကမ္ဘာ့အနှစ်သာရ ဆေးလုံးနှစ်လုံးစလုံး ယဲ့ချိန်ရွှမ်း၏ လက်ထဲသို့ ရောက်ရှိ သွားတော့မည်ဟု သူတို့အားလုံး အာရုံရနေကြသည်။

အားလုံးထဲ၌ ခံရအခက်ဆုံး ဖြစ်နေမည့်သူမှာ ယွင်ရိရန်ဖြစ်ကြောင်း သံသယရှိစရာ မလိုပေ။ သူသည် မဟာမိတ် သိုင်းပြိုင်ပွဲအား အကြောင်းပြု၍ လီရှုနှင့် ကောင်းမွန်သော ဆက်ဆံရေးတခု တည်ဆောက်လိုခဲ့ပြီး ယဲ့မိသားစုကိုလည်း ဖိနှိပ်လိုခဲ့သည်။ သို့သော် မည်သူက ထင်ပါမည်နည်း။ မဟာမိတ်သိုင်းပြိုင်ပွဲ မစခင်ကပင် ဘယ်ကမှန်းမသိသည့် သောက်သူခိုးကြောင့် ရတနာပစ္စည်းများ ဆုံးရှုံးခဲ့ရရုံသာမက ပြိုင်ပွဲစတင်သော အခါတွင်လည်း ယဲ့မိသားစုမှ ကောင်စုတ်လေး လက်ထဲ၌ ခွက်ခွက်လန်အောင် ရှုံးခဲ့ရသည့်အပြင် ဦးနှောက်မရှိသည့် ဦးလေးဖြစ်သူ ယွင်ကျင်းခုံးကြောင့် လီရှုကို ရန်စမိတော့မလို ဖြစ်သွားခဲ့ရသည်။ အဆိုးဆုံးကတော့ ယဲ့မိသားစုနှင့် လီရှုအကြား ပေါင်းကူးတံတားကဲ့သို့ ပြုံးပြုံးကြီး ရပ်နေရခြင်းပင်။

“ခေါင်းဆောင်ယွင် ဒုတိယအနေနဲ့ ကျုပ်ရဲ့ စမ်းသပ်မှုကို စတော့မယ်”

လီရှုသည် ယဲ့ချန်၏ ထျန်းချီအပေါ် ထိန်းချုပ်နိုင်စွမ်းအား စမ်းသပ်ရန် မစောင့်နိုင်တော့၍ ယွင်ရိရန်ထံ လောဆော်လေသည်။

ယွင်ရိရန်သည် သောင်းပြောင်း ရောနှောနေသော စိတ်ခံစားချက်တို့ဖြင့် တွေဝေနေမိသည်။ မပြောကောင်း မဆိုကောင်း ယဲ့ချန်တွင် ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာရန်ပါရမီ အမှန်တကယ် ရှိနေပါက လီရှုသည် ယဲ့ချန်အား ဆရာရွှမ်းယီ၏ လက်ထောက်နေရာအတွက် ထောက်ခံပေးမည်မှာ ကျိန်းသေပေသည်။ ထိုသို့ဖြစ်လာလျှင် ယွင်မိသားစုသည် ယဲ့မိသားစုနှင့် ပတ်သက်သမျှ မည်သည့် ကိစ္စတွင်မဆို သွားရှုပ်လို့ ရတော့မည် မဟုတ်။ ယဲ့မိသားစုနှင့် ယွင်မိသားစု အကြားရှိ ရန်ငြိုးရန်စတို့ကိုလည်း မြေကျင်းနက်နက်ထဲ၌ ထည့်မြှပ်လိုက်သကဲ့သို့ ထပ်မံ အစဖော်ရန် မဖြစ်နိုင်တော့ပေ။ အကောင်းဖက်က လှည့်တွေးမည် ဆိုလျှင်တော့ ယဲ့ချန်သည် ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာရန် ပါရမီမပါတာလည်း ဖြစ်နိုင်ပေသည်။

မီးစွမ်းအင် အပါအဝင် မတူညီသော သဘာဝစွမ်းအင် သုံးမျိုးအား အသုံးပြုနိုင်သည့် တစ်စုံတစ်ယောက်သည် ဆေးဝါးပညာရှင် ဖြစ်လာရန် ရာနှုန်းပြည့် သေချာနေခြင်းတော့ မဟုတ်ပါ။ အဓိကလိုအပ်ချက် အနေနှင့် ထိုတစ်စုံတစ်ယောက်သည် ကိုယ်ပိုင်ထျန်းချီ စွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်း မြင့်မားဖို့လိုသေးသည်။

“ကျုပ်လူတွေကို အခုချက်ချင်း သွားယူခိုင်းလိုက်ပါ့မယ်”

ယွင်ရိရန်သည် လီရှုပြောသမျှအား နာခံဟန်နှင့် အနည်းငယ်မျှ မဆန့်ကျင်သော်ငြား စိတ်ထဲတွင်တော့ ယဲ့ချန် ကျရှုံးရန် အခါတရာမက ဆုတောင်းပြီးနေပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ အကောင်အထည် မရှိသည့် ထျန်းချီစွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်း ရှိ၊ မရှိသည် ဆေးဝါးများနှင့်ပင် ပြုပြင်တိုးမြှင့်၍ မရဘဲ လူတစ်ယောက်၏ ပင်ကိုပါရမီနှင့်သာ သက်ဆိုင်သည်။

မကြာမီ၌ စုပြုံနေသော လူအုပ်မှာ လူစုကွဲသွားပြီး အကောင်းအတိုင်း ကျန်ရစ်သည့် ပြိုင်ပွဲစင်မြင့် လေးခုအနက် တစ်ခုပေါ်တွင် ခင်းကျင်းထားသည့် စားပွဲများအပေါ် အာရုံရောက် သွားကြသည်။

“ငါကြားတာတော့ ဆရာရွှမ်းယီရဲ့ တပည့်ရွေးချယ်တဲ့ ပုံစံက ထူးခြားတယ်တဲ့ ဘယ်လိုပုံစံမျိုး ဖြစ်လိမ့်မလဲ ဆိုတာ သိချင်မိတယ်”

“ငါတို့ မကြာခင် မြင်ရတော့မှာပါ”

ထိုအချိန်တွင် ယွင်ရိရန်နှင့် ယွင်ရိရွှမ်တို့သည် လူအများ သတိမထားမိလောက်သော ထောင့်တစ်နေရာ၌ တီးတိုးစကားဆို နေကြသည်။ ယွင်ရိရွှမ်သည် ယဲ့ချန်တို့ မြေးအဘိုးအား တစ်ချက် လှမ်းကြည့်ပြီး ယုတ်ညံ့သော တစ်စုံတစ်ရာကို အကွက်ချနေသည့်အလား ပြုံးလိုက်သေး၏။

“အကိုကြီး ယဲ့ချိန်ရွှမ်း ပြောတာတွေကို ယုံလား ယဲ့မိသားစုမှာ တကယ်ပဲ အရမ်း အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီး ရှိနေမယ်ထင်လား”

“သေချာပေါက် မယုံဘူးပေါ့၊ တကယ်လို့ အဲဒီလို ပုဂ္ဂိုလ်ကြီးသာ တကယ်ရှိနေရင် ဒီနှစ်တွေအတွင်း ငါတို့လက်ထဲမှာ ယဲ့မိသားစုက လူတွေ အနိုင်ကျင့် ခံနေရတာကို ဒီတိုင်း ထိုင်ကြည့်နေမှာတဲ့လား၊ ယဲ့ချန်ဆိုတဲ့ ကောင်စုတ်လေးက ဖြစ်ရပ်ဆန်း ကြယ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး အဓိက သွေးကြောမတွေ ပြန်ကောင်းသွားတဲ့အပြင် ကျင့်ကြံဆင့်တွေလည်း ခုန်ပေါက်တက်လာခဲ့ပုံပဲ”

ယွင်ရိရန်၏ မျက်လုံးတို့က အေးစက်လို့နေသည်။

“ကိစ္စတွေက ဒီအခြေအနေထိ ဖြစ်လာမယ်မှန်းသာ သိရင် ဟိုးအရင်တည်းက အဲဒီကောင်လေးကို အပြတ်ရှင်းခဲ့ပါတယ်”

ယွင်ရိရန်သည် လွန်ခဲ့သောသုံးနှစ်က ချောင်းမြောင်း လုပ်ကြံမှုကို စီစဉ်ခဲ့ရာတွင် ယဲ့ချန်အား အသေမသတ်ဘဲ အဓိက သွေးကြောမများအား ဖျက်ဆီးရုံသာ စေခိုင်းခဲ့သည်ကို နောင်တရမဆုံး ဖြစ်နေသည်။

ထိုအချိန်က ယွင်ရိရန်သည် ယဲ့ချန်အား ထိုမျှ စိတ်ဝင်စားခြင်းမရှိခဲ့။ ယဲ့ချန်သည် ယဲ့ကျန့်ထျန်း၏ အချစ်ဆုံးသော သားထွေးလေး ဖြစ်သည့်အပြင် ပါရမီရင့်သန် လှသည်ဟု သတင်းကြား ရသောကြောင့် ယဲ့ကျန့်ထျန်းအား စိတ်ထောင်းကိုယ်ကြေ ဖြစ်ရစေရန် ရည်ရွယ်ကာ ယဲ့ချန်၏ အဓိက သွေးကြောမတို့အား ဖျက်ဆီးစေခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်က ကြည့်လျှင်လည်း ယဲ့ကျန့်ထျန်းသည် သားဖြစ်သူ၏ သွေးကြောများ ပြန်ကောင်း လာစေရန်သာ နည်းမျိုးစုံဖြင့် အားထုတ် နေခဲ့သောကြောင့် သုံးနှစ်အတွင်း ယဲ့မိသားစု၏ စီးပွားရေး အခြေအနေမှာ များစွာ ဆုတ်ယုတ်ခဲ့ရသည်။ ထို့ကြောင့်လည်း ယွင်ရိရန်သည် ထိုစဉ်က ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သူ အလွန်မှန်သည်ဟုသာ အမြဲတွေးထင်ခဲ့ရာမှ ယနေ့လို ဖြစ်ရပ်မျိုး ကြုံလာရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပါချေ။

ယွင်ရိရန်၏ အတွင်းစိတ်ထဲတွင် ယဲ့မိသားစု၌ အံ့ဩဖွယ် အစွမ်းထက်လှသော ဘိုးဘေးကြီး ကျောထောက်နောက်ခံ ရှိနေသည်ဟူသော အချက်အား ဝေခွဲမရ ဖြစ်နေသော်ငြား လောလောဆယ်တွင်တော့ သူက မယုံကြည်သေးရန် ဆုံးဖြတ်ခဲ့သည်။

“တကယ်လို့ ယဲ့ချန်သာ ဆရာရွှမ်းယီရဲ့ ကာကွယ်မှုအောက်ကို ရောက်သွားပြီးရင် ကျုပ်တို့အနေနဲ့ ယဲ့မိသားစုကို လုံးဝ သွားရှုပ်လို့ ရမှာမဟုတ်တော့ဘူး”

“ပြီးတော့လည်း ယဲ့ချန်က ဒီအရွယ်မှာတင် ထျန်းချီအဆင့်၈ ထိပ်ဆုံးဆင့်က ကျင့်ကြံသူကို အနိုင်ယူနိုင်နေပြီ သူ့ကိုသာ အသက်ဆက်ရှင်ခွင့် ပေးလိုက်ရင် နောက်ပိုင်းမှာ သေရတာက ငါတို့ တစ်မိသားစုလုံး ဖြစ်လိမ့်မယ်”

ယွင်ရိရန်သည် ယွင်မိသားစုအနေနှင့် အလွန်ဆုံးဖြတ်ရ ခက်သော ကျဉ်းထဲကျပ်ထဲ အခြေအနေသို့ ရောက်ရှိနေပြီး သူသာ ဆုံးဖြတ်ချက် မှားယွင်းသွားပါက ယွင်မိသား တစ်ခုလုံး ကြီးမားသည့် အန္တရာယ်ကြီးနှင့် ရင်ဆိုင်ရမည်ကို သိနေသည်။

“ကျုပ်တို့ အခု ဘာလုပ်ကြမလဲ”

ယွင်ရိရွှမ်တွင် တွေးထားသော အကြံအစည်တစ်ခု ရှိသော်ငြား အကိုဖြစ်သူ ယွင်ရိရန်၏ သဘောထားကို ဦးစွာမေးမြန်းဖို့ လိုသေးသည်။

“အကောင်းဆုံး ကာကွယ်ထားခြင်းက အကောင်းဆုံး ထိုးစစ်ပဲ နျိုအာနဲ့ ကျန်တဲ့လူတွေကို တုန်းလင်ပြည်နယ်၊ ဒုတိယမင်းသားဆီ အကြောင်းကြားဖို့ လွှတ်လိုက် တစ်ချိန်တုန်းက ဒုတိယမင်းသားက ကွမ်းရှီဆေးလုံးနဲ့ ပတ်သက်ပြီး ယဲ့ကျန့်ထျန်းကို သူ့နန်းတော်ကနေ မောင်းထုတ်ဖူးတယ်၊ ဒါက ယဲ့မိသားစုအတွက် သည်းမခံနိုင်တဲ့ စော်ကားမှုမျိုး ဖြစ်နေမှာပဲ တကယ်လို့ ယဲ့ချန်သာ ဆရာရွှမ်းယီရဲ့ လက်ထောက် ဖြစ်လာခဲ့ရင် ဒုတိယမင်းသားကို ဒီတိုင်းထားမှာ မဟုတ်ဘူး၊ အခြေအနေ အရပ်ရပ်ကို သုံးသပ်လိုက်ရင် ဒုတိယမင်းသား အနေနဲ့ ယွင်မိသားစုကို မကူညီချင်ရင်တောင် သူ့မှာ ရွေးချယ်စရာမရှိဘူး ကျိန်းသေ ကူညီလိမ့်မယ်”

ယွင်ရိရန်သည် အရာရာအား ကြိုတင် တွက်ချက်ပြီးသည့်နှယ် တည်ငြိမ်နေသည်။ အကယ်၍ ယဲ့မိသားစုကသာ အကွက်ရွှေ့လာပါက သူကလည်း ဒုတိယမင်းသားအား ဤအရှုပ်အထွေးထဲသို့ မရောက်ရောက်အောင် ဆွဲထည့်ရပေမည်။

“ချက်ချင်း သွားခိုင်းလိုက်မယ်”

ယွင်ရိရွှမ်ကလည်း နားလည်ကြောင်း ခေါင်းညိတ်ပြပြီး နျိုအာတို့ လူစုအား အကြောင်းကြားရန် ကတိုက်ကရိုက် ထွက်ခွာသွားသည်။

ယဲ့ချန်သည် ထွက်ခွာသွားသော ယွင်ရိရွှမ်၏ နောက်ကျောအား မျက်လုံးများ မှေးကျဉ်းလျက် ကြည့်သည်။ ဝိညာဉ်အသိအမြင်ဖြင့် သူက ထိုညီအစ်ကိုနှစ်ဦး ပြောသမျှ စကား အခွန်းတိုင်းအား ရှင်းလင်းစွာ ကြားလိုက်ရသည်။ ယွင်မိသားစုသည် လွန်ခဲ့သော သုံးနှစ်က သူ၏ အဓိက သွေးကြောမများကို ဖျက်ဆီးပစ်ခြင်းဖြင့် ယဲ့မိသားစု စီးပွားရေးအား ယိုင်နဲ့စေခဲ့သည်။ တစ်ဖန် ယွင်လောင်လျှို၏ သေဆုံးမှုကို အကြောင်းပြု၍ ယဲ့မိသားစုပိုင် သတ္တုတွင်းများအား သိမ်းယူသွားခဲ့ပြန်သည်။ ထို့နောက် ကြီးကျယ်လှသော မဟာမိတ် သိုင်းပြိုင်ပွဲအတွင်း လူပေါင်းများစွာ ရှိနေသည့်ကြားက သူတို့မြေးအဘိုးအား လုပ်ကြံသတ်ဖြတ်ရန် ကြံရွယ်နေသေးသည်။ လီရှုကြောင့် ထိုအကြံအစည်က မအောင်မြင်ပြန်တော့ ယဲ့မိသားစုနဲ့ မကျေလည်မှုတချို့ ရှိနေသည့် ဒုတိယမင်းသားအား ဆွဲထည့်ကြတော့၏။

ယွင်ညီအကို၏ စကားဝိုင်းထဲ၌ ယဲ့ချန် စိတ်အဝင်စားဆုံးမှာ နျိုအာဆိုသောသူ ဖြစ်သည်။ ထိုနျိုအာဆိုသူသည် ယွင်မိသားစုနှင့် မည်သို့မည်ပုံ ပတ်သက်သည်ကို မသိရသေးသော်ငြား ယဲ့ချန် သံဃဝင်မိသည်မှာ လွန်ခဲ့သော သုံးနှစ်က ချောင်းမြောင်း တိုက်ခိုက်မှုကား နျိုအာ၏ လက်ချက် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဆိုစေ ယဲ့ချန်နှင့် ယဲ့ချိန်ရွှမ်းတို့သည် ယွင်မိသားစု ပိုင်နက်ထဲမှ အလျင်အမြန် ထွက်ခွါသွားရန် လိုနေပြီ ဖြစ်သည်။

အကယ်၍ ဒုတိယမင်းသားက ယွင်မိသားစုအား ကူညီရန် အစွမ်းထက် ကျင့်ကြံသူများ စေလွှတ်လိုက်မည် ဆိုလျှင်တောင် ခရီးအကွာအဝေးအရ အနည်းဆုံး သုံးရက်တော့ ကြာလောက်သည်။ လောလောဆယ် ယဲ့ချန်အတွက် ဦးစားပေး ကိစ္စရပ်မှာ လီရှု၏ စမ်းသပ်မှုအား အောင်မြင်ပြီး ကမ္ဘာ့အနှစ်သာရ ဆေးလုံးနှစ်လုံးကို ရယူရန် ဖြစ်၏။

ကြည့်ရှုနေကြသော လူအုပ်ကြီးအနက် ယွင်/ယဲ့ နှစ်မိသားစုကြားမှ ရန်စအား အတွင်းကျကျ သိထားသူများမှလွဲ၍ ကျန်လူများသည် တဖြည်းဖြည်း တင်းမာလာနေသော အခြေအနေအား သတိမမူမိကြပေ။

ဆရာလီ၏ စစ်ဆေးမှုသည် တုန်းလင်နယ်ခံများအတွက် တစ်နည်းနည်းနှင့် ထူးခြားနေသည်။ စင်မြင့်ထက်ရှိ စားပွဲများပေါ်၌ ပေါင်ဒါမှုန့်တို့အား ဖြန့်ကျဲထားသည်။ ပြိုင်ပွဲဝင်တို့သည် လက်တစ်ဖက်အား စားပွဲနှင့် နှစ်လက်မ အကွာ၌ ထားကာ ထျန်းချီစွမ်းအင်ကို အသုံးပြု၍ ပေါင်ဒါမှုန့်တို့အား လေထုထဲသို့ ကြွတက်စေပြီး ရုပ်ပုံတစ်ခု ရေးဆွဲရမည် ဖြစ်သည်။ ရေးဆွဲလိုက်သော ရုပ်ပုံက အနုစိတ်လေလေ ထိုပြိုင်ပွဲဝင်၏ ရလဒ်က ပိုကောင်းလေလေ ဖြစ်သည်။

စစ်ဆေးမှုသည် နားထောင်ရသည်မှာ လွယ်သယောင် ရှိသော်လည်း တကယ်တမ်းတွင် မလွယ်ကူပေ။ ထျန်းချီ စွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်း မြင့်မားသော ဝါရင့်ကျင့်ကြံသူများ သည်ပင် ထိုသို့ ဆောင်ရွက်နိုင်ရန် ခက်ခဲလှရာ ဝါနုသော ဆယ်ကျော်သက် လူငယ်လေးများအဖို့ ပိုခက်ခဲရန်သာ ရှိသည်။

လူအုပ်ကြီးသည် ထိုသို့ တွေးမိကြပြီး မလွယ်ကူစွာ ခေါင်းယမ်းမိကြ၏။ သို့သော် ထိုသည်က အဓိပ္ပာယ်တော့ ရှိပေသည်။ ဆရာရွှမ်းယီ၏ လက်ထောက် ဖြစ်လာရန် ထိုမျှလွယ်ကူ နေပါက ဆရာရွှမ်းယီ၏ ဆေးဝါးပညာ ကျောင်းတော်၌ ကျောင်းသားများ ဖို့သတ်မကုန်အောင် ပေါများနေပေလိမ့်မည်။

ပြိုင်ပွဲဝင် လူငယ်လေးများအား အရေအတွက်အရ အုပ်စု ၇ စု ခွဲလိုက်ကြသည်။ ယဲ့ချန်ကား အုပ်စု ၆ တွင် ပါဝင်သည်။

“စမ်းသပ်စစ်ဆေးမှု စတင်ပါပြီ အုပ်စု ၁ ရှေ့တက်ခဲ့ပေးပါ”

ယွင်မိသားစုမှ ကြီးကြပ်သူ တစ်ယောက်က ကြေငြာသည်။

အုပ်စု၁တွင် ပါဝင်သော လူငယ်လေး ၁၀ ယောက်သည် တစ်ပြိုင်နက် ရှေ့တက်လာကြပြီး အသီးသီးသော စားပွဲများရှေ့တွင် ရပ်ကာ ၎င်းတို့၏ လက်များအား စားပွဲနှင့် နှစ်လက်မအကွာ လေထုထဲတွင် နေရာယူလိုက်ကြသည်။

“မင်းတို့မှာ အသက် ၁၂၀ ကြိမ်ရှိုက်စာ အချိန်ရမယ် အားလုံးပဲ စတင်နိုင်ပြီ”

ပြိုင်ပွဲဝင် လူငယ်လေးများသည် ထျန်းချီစွမ်းအင်အား လှည့်ပတ်လိုက်ကြပြီး စတင် ကြိုးစားလိုက်ကြသည်။ သို့သော် အကောင်အထည်မဲ့သော ထျန်းချီစွမ်းအင်အား တစ်နေရာတည်းတွင် စုပြုံ သက်ရောက်စေပြီး ပေါင်ဒါမှုန့်တို့အား ကြွတက်လာစေရန်မှာ မလွယ်ကူသည့် အလုပ်ဖြစ်သည်။ ချွေးစတို့က လူငယ်လေးများ၏ နဖူးပြင်တို့ထက်တွင် ဖြစ်ပေါ်လာကာ ပါးပြင်တစ်လျှောက် စီးကြလာကြသည်။

ကြည့်ရှုနေကြ သူများသည်လည်း အသက်ရဲရဲပင် မရှူရဲကြဘဲ ရှိနေသည်။ ၎င်းတို့၏ အသက်ရှူသံ ကျယ်လောင်သွားပါက လူငယ်လေးများ၏ အာရုံစူးစိုက်မှုအား ပျက်ပြား သွားစေမည် စိုးသောကြောင့် အလွန် တိတ်ဆိတ်စွာဖြင့် စောင့်ကြည့် နေကြလေသည်။

***

All Chapters