ယင်ယန်ငါးများ
Vol. 4 Ch. 54
တဖြည်းဖြည်းနှင့် သတ်မှတ်ထားသောအချိန် ကုန်ဆုံးသွားသည်။ တချို့သော ပြိုင်ပွဲဝင်များသည် လေထုထဲ၌ တွန့်လိမ် ကောက်ကွေ့နေသော မရေမရာ ပုံသဏ္ဌာန်အချို့ ရေးဆွဲ လိုက်နိုင်ကြသည်။ ပေါင်ဒါမှုန့်တို့အား ကြွတက် လာစေရန်ပင် မစွမ်းနိုင်သော ပြိုင်ပွဲဝင်တို့ထက်တော့ သာသည်ဟု ပြောရမည်။
လူအုပ်ကြီးသည် ပြိုင်ပွဲဝင်များထဲမှ တစ်ယောက်၊ နှစ်ယောက်ကများ လီရှု့အား စိတ်ကျေနပ် သွားစေသလား ဟူသော မရေမရာ အတွေးတို့ဖြင့် လီရှူ၏ မျက်နှာအမူအရာအား အကဲခတ်မိကြသည်။ သို့တိုင်အောင် လီရှုကား ခေါင်းယမ်း၍သာ နေလေသည်။
“အုပ်စု ၂”
သို့နှင့် အုပ်စု ၁ ရှိ လူငယ်လေးများမှာ နောက်သို့ ပြန်ဆုတ်သွားကြပြီး အုပ်စု ၂ မှ လူငယ်လေးများ ရှေ့တက်လာကြသည်။ မော့ထန်းကား အုပ်စု ၂ တွင် ပါဝင်သည်။
လီရှုသည် အုပ်စု ၂ ရှိ လူငယ်လေးများ ပေါင်ဒါမှုန့်တို့ဖြင့် ရုပ်ပုံရေးဆွဲနိုင်ရန် ကြိုးစားနေမှုအား သေချာ လိုက်လံ ကြည့်ရှုနေရင်း မော့ထန်း အလှည့်သို့ အရောက်တွင် စိတ်ကျေနပ်သည့်နှယ် ခေါင်းတစ်ချက် ညိတ်၏။ မော့ထန်းသည် ယုန်တစ်ကောင်၏ ရုပ်ပုံအား ရေးဆွဲနေခြင်း ဖြစ်သည်။ ယုန်ရုပ်ပုံသည် အနားသတ်မျဉ်းတချို့ တွန့်ကွေးနေသော်ငြား အပြည့်အဝ ရုပ်လုံး ပေါ်နေသေးရာ အခြားပြိုင်ပွဲဝင်များနှင့် နှိုင်းစာရသော် များစွာ စိတ်ကျေနပ်ဖွယ် ကောင်းသည်ဟု ဆိုရမည်။
မော့ဖုန်းသည် အုပ်စု ၂ ထဲ၌ မြေးဖြစ်သူ ပါဝင်နေသဖြင့် လီရှု၏ အမူအရာအား အလွတ်မပေးဘဲ စောင့်ကြည့်နေခဲ့သည်။ မော့ထန်းအား ကြည့်၍ ခေါင်းညိတ်လိုက်သော လီရှုကြောင့် မော့ဖုန်းမှာ ပြုံးရွှင်သွားရသည်။
“မဆိုးဘူး ဒီအတိုင်း ဆက်သွားရင် ဒီကလေးက အလယ်အလတ်ဆင့် ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာနိုင်တယ်”
လီရှုက ပြုံးရင်း ပြောသည်။
မော့မိသားစုအတွက် အလယ်အလတ်ဆင့် ဆေးဝါးပညာရှင် တစ်ယောက်၏ အဆင့်အတန်းသည် လုံလောက်အောင် မြင့်မားပေသည်။ လီရှုထံမှ ထိုသို့ မှတ်ချက်ကြောင့် မော့ဖုန်းသည် စိတ်လှုပ်ရှားသွားကာ လက်များပင် တုန်ယင်လာရသည်။
လူအုပ်ကြီးသည် မော့ဖုန်းအား အားကျစွာ ကြည့်လာကြသည်။ အချို့သော မိသားစုခေါင်းဆောင်များ ဆိုလျှင် မော့ဖုန်းအား ဂုဏ်ပြုစကားပင် ဆိုနေကြပြီ ဖြစ်သည်။
“ဂုဏ်ပြုပါတယ် ခေါင်းဆောင်မော့”
“ဂုဏ်ပြုပါတယ်ဗျာ”
“ကျေးဇူးပါ ကျေးဇူးပါ”
မော့ဖုန်းသည် ပျော်တပြုံးပြုံးဖြင့် အားလုံးအား ပြန်လည် ကျေးဇူးတင်၏။ မြေးဖြစ်သူ မော့ထန်းကြောင့် သူက အလွန်ဂုဏ်ယူရပေသည်။
အုပ်စု ၂ ထဲတွင် မော့ထန်းတစ်ယောက်သာ အသိမှတ်ပြုဖွယ် စွမ်းဆောင်နိုင်ခြင်း ဖြစ်သည်။ ထို့နောက် အုပ်စု ၃၊ အုပ်စု ၄ နှင့် အုပ်စု ၅ တို့၏ စစ်ဆေးမှုသည် ထူးမခြားနားစွာသာ ပြီးဆုံးသွားသည်။ မကြာမီ အုပ်စု ၆ ၏ အလှည့်သို့ ကျရောက် လာလေသည်။ လူအားလုံး၏ အကြည့်တို့က ယဲ့ချန်ထံ၌သာ ရှိနေကြသည်။ ယဲ့ချန်သည် ကျင့်ကြံခြင်းတွင် ထူးချွန်သကဲ့သို ထျန်းချီ စွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းကပါ ဆရာလီ အသိအမှတ် ပြုလောက်သည့် အနေအထားမျိုး ရှိ၊ မရှိကို လူတိုင်း စိတ်ဝင်စားနေကြတာ ဖြစ်သည်။
အုပ်စု ၆ မှ အခြားသော လူငယ်လေးများနှင့်အတူ ယဲ့ချန်သည်လည်း သတ်မှတ်ထားသော စားပွဲရှေ့တွင် နေရာယူပြီး လက်တစ်ဖက်က စားပွဲနှင့် နှစ်လက်မ အကွာတွင် ရပ်တန့်ထားလိုက်သည်။
“စတော့”
လူငယ်လေးများသည် အချိန်မလောက်မည်စိုး၍ ထျန်းချီစွမ်းအင်တို့အား အဆောတလျင် လှည့်ပတ် လိုက်ကြသည်။
ဤကဲ့သို့ စစ်ဆေးမှုမျိုးအား ဖြေဆိုရခြင်းသည် ယဲ့ချန်အဖို့ ပထမဆုံးအကြိမ် ဖြစ်သည်။ သူက မျက်လုံးများမှိတ်၍ ခန္ဓာကိုယ်ထဲရှိ ထျန်းချီတို့အား လှည့်လည်လိုက်သည်။ တစ်ခဏအကြာ၌ ထျန်းချီလှိုင်းများသည် သူ၏ညာလက်ဆီသို့ စတင် စီးဆင်း လာကြသည်။ သူသည် ထျန်းချီတို့အား တစ်နေရာထဲတွင် စုစည်းလိုပါသော်လည်း လှည့်လည်နေသော ထျန်းချီတို့သည် ရပ်တန့်မသွားခဲ့ပေ။
ယဲ့ချန်၏ ထျန်းချီများသည် အခြားသူများထက် ပိုသန့်စင်သည့် အပြင် ပို၍ သိပ်သည်းသည်။ ရင်ဆိုင်တိုက်ပွဲများ၌ ထိုအချက်က အားသာချက် ဖြစ်နိုင်သော်ငြား အနှီသန့်စင်လှပါသည့် ထျန်းချီများကို ထိန်းချုပ်ရန် လိုအပ်လာသည့် အခါတွင်မူ အဆပေါင်းများစွာ ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။ ယဲ့ချန်သည် ထျန်းချီတို့အား တစ်နေရာတည်းတွင် စုစည်းနိုင်ရန် အကြိမ်ပေါင်းများစွာ ထပ်မံကြိုးစား ကြည့်သော်ငြား တိုးတက်လာခြင်း မရှိခဲ့။ ပေါင်ဒါမှုန့်တို့ဖြင့် ရုပ်ပုံတစ်ခု ရေးဆွဲရန်မူကား ပို၍ အလှမ်းဝေး နေသေးသည်။
လူအုပ်ကြီးသည် ယဲ့ချန်ရှိနေသော စားပွဲအား စိတ်ဝင်တစား စောင့်ကြည့် နေကြသော်ငြား အချိန်တို့သာ တရွေ့ရွေ့ ကုန်ဆုံးလာသည်။ မည်သည့် ပြောင်းလဲတိုးတက်မှုကိုမှ မတွေ့ရ။ အုပ်စု ၆ ထဲရှိ အခြား လူငယ်လေးများကမှ လေထုထဲတွင် ကွေးကွေးကောက်ကောက် မျဉ်းကြောင်းတချို့ ရေးဆွဲနိုင်ကြသေးသည်။
“ယဲ့ချန်က ထျန်းချီစွမ်းအင်အပေါ် ထိန်းချုပ်နိုင်ဖို့ တော်တော်လေး ခက်ခဲနေပုံပဲ”
“ဒါက ဖြစ်သင့်ပါတယ်၊ ကျင့်ကြံသူတယောက်ရဲ့ ထျန်းချီက အစွမ်းထက်လေလေ ထိန်းချုပ်နိုင်ဖို့ ခက်ခဲလေလေပဲလေ”
“ကြည့်ရတာ ယဲ့ချန်က ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာဖို့ ပါရမီမပါပုံဘဲ”
လူအုပ်ကြီးက ထိုသို့ ဆွေးနွေးနေချိန်တွင် ယဲ့ချိန်ရွှမ်းကား အပြုံးမပျက်ပေ။ သူ့အတွေးထဲတွင် ယဲ့ချန်က ဆေးဝါးပညာရှင်တစ်ယောက် ဖြစ်မလာနိုင်လျှင်ပင် ကိစ္စကြီး မဟုတ်လှ၊ အလွန်ဆုံးမှ ကမ္ဘာ့အနှစ်သာရ ဆေးလုံးတစ်လုံး ဆုံးရှုံးသွားရုံသာ ရှိသည်။ ယဲ့မိသားစုတွင် ဆေးဝါးပညာရှင် ဖြစ်ထွန်းခဲ၍ ယဲ့ချိန်ရွှမ်းက ယဲ့ချန်အပေါ် အနည်းငယ် မျှော်လင့်ထားမိသော်လည်း ဖြစ်မလာခဲ့လျှင်တောင် အများကြီး စိတ်ပျက်သွားမည် မဟုတ်ပေ။
သတ်မှတ်ထားသောအချိန် ပြည့်ရန် သိပ်မလိုတော့ပေ။ အသက်အကြိမ် ၂၀ ရှိုက်စာလောက်သာ ကျန်ရှိတော့သည်။ ယဲ့ချန်သည် မျက်လုံးပိတ်မြဲ ပိတ်ထားပြီး သူ့အရှေ့ စားပွဲပေါ်ရှိ ပေါင်ဒါမှုန့်များကလည်း အနည်းငယ်မျှ လှုပ်ရှား မလာခဲ့သေးပေ။
လူအုပ်ကြီးသည် ပို၍ လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ရလဒ်ကိုမြင်ရရန် မစောင့်နိုင်တော့ပေ။ အုပ်စု၆တွင် လူငယ်နှစ်ယောက်ခန့်က မသေမသပ် ရုပ်ပုံတို့ ရေးဆွဲနိုင်ကြသော်လည်း မော့ထန်းနှင့် ယှဉ်နိုင်ရန် အလှမ်းဝေးနေသေးသည်။
မော့ထန်းသည် ယဲ့ချန်အား လှမ်းကြည့်ရင်း ပြုံးမိသည်။ အနည်းဆုံးတော့ သူသည် ယဲ့ချန်အား ကျင့်ကြံခြင်း၌ မယှဉ်နိုင်လျှင်တောင် လုံးလုံးလျားလျား အသုံးမကျခြင်းတော့ မဟုတ်ဟု ယုံကြည်မှုတချို့ ပြန်လည်ရရှိလာသည်။
ထိုအချိန်တွင် ယဲ့ချန်သည် မျက်လုံးများ မှိတ်ထားလျက် တန့်ထျန်ထဲရှိ သဘာဝစွမ်းအင်ကိုးမျိုးအား လှည့်ပတ်နေသည်။ သဘာဝစွမ်းအင်ကိုးမျိုးသည် ညှို့ယူဖမ်းစားနိုင်သော ပုံသဏ္ဌာန်ဖြင့် နှေးရာမှ မြန်ဆန်စွာ လှည့်လည် နေကြသည်။ တဖြည်းဖြည်းနှင့် သဘာဝစွမ်းအင် ကိုးမျိုး ပျော်ဝင်နေသော ထျန်းချီများသည် ယဲ့ချန်၏ အမိန့်အား နာခံလာကြသည်။
“ကြည့်ဦး ပေါင်ဒါမှုန့်တွေ စပြီး လှုပ်ရှားလာပြီ”
သတိပြုမိသွားသော လူအုပ်ထဲမှ တစ်ယောက်က ထအော်၏။
လူအုပ်ကြီး၏ စိတ်ဝင်တစား မျက်လုံးတို့က ယဲ့ချန်ထံသို့ တစ်ဖန် ကျရောက် လာကြသည်။ ယဲ့ချန်စားပွဲပေါ်ရှိ ပေါင်ဒါမှုန့်များသည် စတင်၍ ပြန့်ကျဲလာနေသည်။
“ပေါင်ဒါမှုန့်တွေက လှုပ်ရှားလာပြီ ဆိုပေမဲ့ ဆရာလီရဲ့ သတ်မှတ်ချက်နဲ့တော့ ဝေးကွာနေသေးတယ်”
အပေါ်ယံ ရှပ်ကြည့်သူ တချို့က ထိုသို့နှယ် မှတ်ချက် ပေးကြသည်။
လီရှုသည်လည်း ယဲ့ချန်၏ စားပွဲထက်ရှိ ပေါင်ဒါမှုန်တို့ လှုပ်ရှားစပြုလာသည်ကို အာရုံစူးစိုက်ကာ ကြည့်နေသည်။ ပေါင်ဒါမှုန့်များသည် ဖြည်းညင်းစွာသာ လှုပ်ရှားနေပြီး သိသိသာသာ သတိထားမိလောက်သော ပြောင်းလဲမှုမျိုး မတွေ့ရသေးပေ။ သတ်မှတ်ထားသောအချိန် ပြည့်ရန် အသက် ၁၀ ကြိမ် ရှိုက်စာ အချိန်ခန့်သာ လိုတော့သည်။ ယဲ့ချန်သည် အရှေ့ပိုင်းရှိ အချိန်အများစုအား ထူးခြားမှုမရှိဘဲ ကုန်ဆုံးခဲ့သည်ကို ကြည့်လျှင် ထျန်းချီစွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်း မြင့်မားခြင်း မရှိဟု ယူဆနိုင်ပေသည်။
ယွင်ရိရန်သည် ယခုမှသာ သက်ပြင်း ချနိုင်တော့သည်။ ကြည့်ရသလောက်တော့ ယဲ့ချန်ကား ဆရာရွှမ်းယီ၏ လက်ထောက် ဖြစ်လာရန် အခွင့်အရေး မရှိတော့ပုံ ရသည်။
“ခေါင်းဆောင်ဟောင်းယဲ့ ... ခင်ဗျားမြေးရဲ့ ကျင့်ကြံခြင်း ပါရမီက ထူးချွန်ပေမဲ့ ဆေးဝါးပညာရှင် ဖြစ်လာဖို့တော့ မလုံလောက်သေးပုံပဲ”
မော့ဖုန်းက ပြောသည်။
“မော့အိမ်တော်ကတော့ ကံကောင်းပါတယ် မကြာခင်မှာ အလယ်အလတ်ဆင့် ဆေးဝါးပညာရှင်တစ်ယောက် ရှိလာတော့မယ် ကြိုပြီး ဂုဏ်ပြုထားပါရစေ”
ယဲ့ချိန်ရွှမ်းက တည်ငြိမ်စွာသာ တုံ့ပြန်သည်။
“ကျုပ်တို့ အိမ်တော်နှစ်ခုလည်း ထိတွေ့မှုမရှိတာ ကြာခဲ့ပြီ နောက်များမှ အလည်အပတ် လာခဲ့ပါဦးမယ် ခေါင်းဆောင်ဟောင်းယဲ့”
မော့ဖုန်းကား မြေခွေးအိုကြီး ဖြစ်သည်။ ယဲ့ချန်သည် ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်မလာနိုင်လျှင်တောင် အလွန်ထူးချွန်သော ကျင့်ကြံခြင်း ပါရမီရှင်တယောက် ဖြစ်နေဆဲပါပင်။ ထို့ကြောင့် မော့မိသားစုအနေနဲ့ ယဲ့မိသားစုနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားနိုင်ပါက မဆိုးပေ။
“ဖော်ရွေလွန်းနေပါပြီ ခေါင်းဆောင်မော့”
အဘိုးကြီးနှစ်ယောက် စကားများ နေချိန်တွင် လူအုပ်ကြီးသည် နောက်တစ်ကြိမ် ဆူညံပွက်လောရိုက် သွားလေသည်။
“ဟင်”
လီရှုပင် အံ့အားသင့်သွားရ၏။ ယဲ့ချန်၏ စားပွဲထက်ရှိ ပေါင်ဒါမှုန့်များသည် စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်နေကြပြီး ဝဲကတော့ တစ်ခုနှယ် ဖြစ်တည်လာသည်။ လီရှုတစ်ယောက် အတွေးနက် သွားရသည်။ နှစ်ပေါင်းများစွာ သူ၏အတွေ့အကြုံအရ ထျန်းချီစွမ်းအင်ကို အသုံးပြု၍ ပေါင်ဒါမှုန့်များအား ဝဲကတော့ တစ်ခုကဲ့သို့ လှည့်ပတ်နိုင်သူဟူ၍ တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။
ပေါင်ဒါမှုန့်တို့၏ လှည့်ပတ်မှုက လျင်မြန်လာလေလေ စားပွဲအထက်ရှိ လေထုထဲသို့ ပို၍ မြင့်မားစွာ တက်လာလေလေ ဖြစ်သည်။ လှည့်ပတ်နေသော ဝဲကတော့က တဖြည်းဖြည်း အရှိန်နှေးသွားသည်တွင် လူအားလုံးသည် လှပစွာ ပုံဖော်ထားသော် ရုပ်ပုံတစ်ခုအား မြင်လိုက်ကြရ၏။ ထိုရုပ်ပုံသည် စက်ဝိုင်းသဏ္ဌာန် ဖြစ်ပြီး ဘေးနှစ်ဖက်၌ ဖားလောင်းလေးများ ကဲ့သို့ ရုပ်ပုံသေးသေးလေး နှစ်ခုဖြင့် အနားသတ် ထားလေသည်။
ဘယ်လောက်တောင် စိတ်ဝင်စားစရာ ကောင်းလိုက်တဲ့ ရုပ်ပုံလဲ။
အမှန်တကယ်တွင် ထိုရုပ်ပုံမှာ ယင်ယန်ငါးများကို သရုပ်ဖော်ထားခြင်း ဖြစ်သော်လည်း အများစုမှာ ထိုအကြောင်းကို မသိရှိကြ၍ အသစ်အဆန်း ဖြစ်နေသည်။
ရုပ်ပုံအား ပုံဖော်ထားသော မျဉ်းကြောင်းများသည် ချောမွတ်သေသပ်ပြီး ရှုမြင်ရသည်မှာ မျက်စိပဒဿ ဖြစ်လှသည်။ မော့ထန်း အပါအဝင် အခြားပြိုင်ပွဲဝင်များ၏ ရုပ်ပုံတို့နှင့် နှိုင်းယှဉ်ရသော် ယဲ့ချန်၏ ရုပ်ပုံသည် ပြစ်ချက်မရှိ သေသပ်ပြီး ပြည့်စုံသည်ဟု ဆိုရမည်။ သို့သော် ယဲ့ချန် ရေးဆွဲလိုက်သော ရုပ်ပုံ၏ အဓိပ္ပာယ်ကို လူအများက ဘာမှန်း မသိသောကြောင့် အတန်ငယ် ဒွိဟ ဖြစ်နေကြသည်။
လူအုပ်ကြီးသည် သတ်မှတ်ထားသော အချိန် မည်မျှကျန်သေးသည်ကို ကြည့်လိုက်ကြသော် အသက် ၅ ရှိုက်စာအချိန် ကျန်သေးသည်ကို တွေ့ရသည်။ ယဲ့ချန်ကား အသက် ၅ ရှိုက်စာ အချိန်အတွင်း ပြည့်စုံသော ရုပ်ပုံတစ်ခုအား ရေးဆွဲနိုင်ခဲ့ခြင်းပင်။ အံ့ဩဖွယ် ကောင်းလှပေသည်။
“ယဲ့ချန်နဲ့မော့ထန်း ... နှစ်ယောက်ထဲမှာ ဘယ်သူနိုင်မယ်ထင်လဲ”
“ယဲ့ချန်ရဲ့ပုံက ပိုလှပေမဲ့ ဘာပုံမှန်းမှ မသိတာကို မော့ထန်းရဲ့ ယုန်ပုံလေးက ပိုအနုစိတ်သလားလို့ မပြောတတ်တော့ဘူး”
“ဒါပေမဲ့ အခုအတိုင်းဆို ယဲ့ချန်ကလည်း ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လာဖို့ အရည်အချင်းမီတယ် မဟုတ်ဘူးလား”
“ဒါက ဆရာလီရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်”
လူအုပ်ကြီးက အချင်းချင်း တီးတိုးဆိုနေကြချိန် ယဲ့ချန်ရေးဆွဲထားသော စက်ဝိုင်းရုပ်ပုံသည် ရုတ်ခြည်း ပြိုပျက်သွားကာ စားပွဲပေါ်၌ ပေါင်ဒါမှုန့် အပုံလိုက်လေးသာ ကျန်ရစ်ခဲ့တော့သည်။
“ယဲ့ချန်က ဖျက်ပစ်လိုက်တာလား”
“ရုပ်ပုံလေးက လှကလှနဲ့ ... ဘာလို့ ဖျက်ပစ်လိုက်တာလဲ”
***