နဂါးမျက်လုံး
Vol. 4 Ch. 55
လူအုပ်ကြီးမှာ ယဲ့ချန်အစား ရင်တုန်ပန်းတုန်ဖြင့် ဂနာမငြိမ် ဖြစ်လာကြသည်။ သတ်မှတ်ထားသောအချိန် ပြည့်ရန် အသက် ၅ ကြိမ် ရှိုက်စာခန့်သာ ကျန်တော့သည်။ ယဲ့ချန်အဖို့ ရုပ်ပုံအား ပြန်ပြင်ရန် အချိန်လောက်တော့မည် မဟုတ်။
မတိုင်မီက ယဲ့ချန်ရေးဆွဲခဲ့သော စက်ဝိုင်းရုပ်ပုံကြောင့် မျှော်လင့်တကြီး ဖြစ်နေသော ယဲ့ချိန်ရွှမ်းမှာလည်း လေလျော့သွားသော ပူဖောင်းနှယ် အားပြတ်သွားရသည်။ ယဲ့ချန်၏ စက်ဝိုင်းရုပ်ပုံသည် မော့ထန်း၏ ယုန်ရုပ်ပုံနှင့် ယှဉ်နိုင်လောက်အောင် သေသပ်နေပါရက်နှင့် ထိုကလေးက မည်သို့သော စိတ်ကူးဖြင့် ပြန်ဖျက် လိုက်ပါသနည်း။ ယဲ့ချိန်ရွှမ်း အမှန်ပင် မတွေးတတ်တော့။
ရင်တမမနှင့် စောင့်ကြည့်နေရသော ယွင်ရိရန်သည် ယဲ့ချန်၏ စက်ဝိုင်းရုပ်ပုံ ပြိုပျက် သွားသောကြောင့် ဝမ်းသာမည့်ဆဲဆဲ ရှိသေးသည်၊ ရုတ်ခြည်းဆိုသလို ယဲ့ချန်၏ လက်ဝါးက ဆက်တိုက် လှုပ်ရှား လာပြန်သည်။
မော့ဖုန်းနှင့် မော့ထန်းတို့သည်လည်း ယဲ့ချန်စားပွဲပေါ်ရှိ ပြောင်းလဲမှုများအား စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြရင်း စိတ်ခံစားချက်တို့က မြင့်တက်သွားလိုက်၊ ထိုးကျသွားလိုက်ဖြင့် ထိုင်ခုံတွင်ပင် ဖင်မြဲအောင် မထိုင်နိုင်ဘဲ ရှိကြသည်။
လီရှု၏ မျက်နှာထက်၌ပင် စိတ်ရှုပ်ထွေးမှုတို့ အတိုင်းသား ပေါ်နေသည်။
ယဲ့ချန်စားပွဲထက်ရှိ ပေါင်ဒါမှုန့်များသည် လေထုထဲသို့ တစ်ဖန် မြင့်တက်လာကာ လှည့်ပတ်နေကြပြီး ထူးခြားသော အသွင်အပြင်ရှိသည့် သတ္တဝါတစ်ကောင်၏ ရုပ်ပုံ ဖြစ်တည်လာ၏။ ယဲ့ချန်၏ ရုပ်ပုံရေးဆွဲသည့် အမြန်နှုန်းမှာ ပြောမပြတတ်အောင် လျင်မြန်လှရာ ကြည့်ရှုနေသူ အပေါင်းအား ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
နောက်ဆုံးကျန်ရှိသော အသက် ၅ ရှိုက်စာ အချိန်မှာ ကုန်ဆုံးသွားပြီ ဖြစ်ကာ အချက်ပေး ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်းတွင် ယဲ့ချန် ရေးဆွဲနေသည့် ရုပ်ပုံမှာ ပြည့်စုံသေသပ်စွာ ထွက်ပေါ်လာသည်။ ယဲ့ချန်က မျက်လုံးများ ပြန်ဖွင့်လိုက်သည်။ သေသေချာချာ သတိထား ကြည့်ပါက သူ့မျက်လုံးများထဲ၌ စိတ်ကျေနပ်နေသော အရိပ်အယောင်တို့ကို တွေ့မြင်ရမည် ဖြစ်သည်။
“အချိန်ပြည့်ပြီ”
ကွင်းပြင်တစ်ခုလုံး အပ်ကျသံမျှ မကြားရအောင် တိတ်ဆိတ်သွားကာ ဘယ်သူကမှ စကားတစ်ခွန်း ဆိုလာခြင်း မရှိကြပေ။
လူအုပ်ကြီးသည် ယဲ့ချန် ရေးဆွဲထားသော ရုပ်ပုံအား အသေအချာ ကြည့်မိကြသည်။ ထိုရုပ်ပုံသည် မြွေတစ်ကောင်နှင့် အလားသဏ္ဌာန် တူသော်လည်း ဦးခေါင်းထက်တွင် ဂျိုနှစ်ခု ရှိနေကာ ခန္ဓာကိုယ် တစ်ခုလုံး အကြေးခွံများဖြင့် ဖုံးလွှမ်းထား၏။ ရုပ်ပုံသည် အားကောင်းသော အရှိန်အဝါတမျိုး ထုတ်လွှင့်နေပြီး အထင်ကြီးဖွယ် ကောင်းသည့်အပြင် အလွန်အသက်ဝင်လှသဖြင့် လေထုထဲတွင် ရှိနေရာမှ ကောင်းကင်ထက်သို့ ပျံတက်သွားတော့မည့်နှယ် ထင်မှတ်ရသည်။
ယဲ့ချိန်ရွှမ်း၊ မော့ဖုန်း၊ မော့ထန်းသာမက ယွင်ရိရန်သည်ပင် ဆွံ့အသွားရသည်။ သူတို့အားလုံးသည် မျက်လုံးများ ပြူးကျယ်လျက် ယဲ့ချန် ရေးဆွဲထားသော ရုပ်ပုံအား အကြည့်မလွှဲနိုင်ဘဲ ရှိကြသည်။
“အဲဒါဘာပုံလဲ”
လီရှုသည် အတန်ကြာ အံ့အားသင့် နေပြီးနောက် မထိန်းနိုင်တော့ဘဲ ယဲ့ချန်အား မေးလိုက်မိသည်။ ကျန်လူများသည်လည်း ထိုမေးခွန်းအား သိလိုနေကြသည်။
ယဲ့ချန် ရေးဆွဲခဲ့သော ရုပ်ပုံထဲရှိ သတ္တဝါသည် အလွန်သဘာဝကျကာ အသက်ဝင်သော်လည်း ထိုသတ္တဝါအား ဘယ်သူကမှ မြင်ဖူးခြင်း မရှိကြပေ။
“ဒါက နဂါးလို့ခေါ်တဲ့ ဂမ္ဘီရသားရဲ တစ်ကောင်ရဲ့ ရုပ်ပုံပါ နဂါးတွေက ပင်လယ်ပြင် နက်နက်ထဲမှာ နေကြပြီးတော့ မိုင် ၉၀၀ အမြင့်အထိ ပျံသန်းနိုင်ကြတဲ့အပြင် တောင်တန်းနဲ့ မြစ်ပြင်တွေကို မျိုချနိုင်တဲ့အထိ စွမ်းအားကြီးတယ်လို့ ဆိုစမှတ်ပြုကြတယ်”
ယဲ့ချန်က ရှင်းပြသည်။ ကျင့်ကြံခြင်း လောကရှိ လူများသည် ဒဏ္ဍာရီလာနဂါးနှင့် ပတ်သက်၍ ကြားဖူးခြင်းရှိ၊ မရှိကိုတော့ သူလည်းပဲ မသေချာပါ။
“နဂါး”
လူအုပ်ကြီးက သံယောင်လိုက်ကာ ရေရွတ်ကြသည်။ အချို့ကမူ ယဲ့ချန်၏ အဆိုအား လက်ခံချင်ပုံမရပေ။
“အဲဒီ ဂမ္ဘီရသားရဲကို မြင်ဖူးတယ်လား”
လီရှုက စူးစမ်းလိုဟန်ဖြင့် မေးသည်။ အကယ်၍ ယဲ့ချန်ကသာ နဂါးဟူသော သတ္တဝါအား မမြင်ဖူးပါလျှင် ဤမျှအနုစိတ်လှသည့် ရုပ်ပုံကို ရေးဆွဲနိုင်ဖို့ မဖြစ်နိုင်ပေ။
“ဟင့်အင်း ကျွန်တော် အိပ်မက်ထဲမှာပဲ မြင်ဖူးတာ”
ယဲ့ချန်က ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ငြင်းဆန်သည်။
လီရှုသည် ယဲ့ချန်အား ပြောစရာ စကားမဲ့စွာ ကြည့်သည်။ အချို့သော လူငယ်လေးများသည် အိပ်မက်ထဲ၌ ထူးဆန်းသော သိုင်းပညာရပ်များအကြောင်း မြင်မက်ကြသလို အချို့လူငယ်လေးများက အိပ်မက်ထဲ၌ ၎င်းတို့ အသတ်ခံရသည်ဟု ထွေလီကာလီ အိပ်မက် မက်တတ်ကြကြောင်း ကြားဖူးနားဝ ရှိသော်လည်း ယဲ့ချန်ကဲ့သို့ ဂမ္ဘီရသားရဲကို အိပ်မက်မက်သူဟူ၍ တခါမှ မကြားဖူးပေ။ သို့သော် အစွမ်းထက်သည့် ကောင်းကင်သားရဲများသည် စိတ်ဝိညာဉ်စွမ်းရည်ကို အသုံးပြုကာ လူသားတို့၏ အိပ်မက်ထဲသို့ ဝင်ရောက်ကာ စကားပြောခြင်းကဲ့သို့ ထူးဆန်းထွေလာ ဖြစ်ရပ်မျိုး လုပ်နိုင်သည်ဟုတော့ လီရှုက ကြားဖူးသည်။ ယဲ့ချန် အိပ်မက်ထဲတွင် တွေ့ခဲ့သည့် နဂါးကြီးသည် ကောင်းကင်သားရဲမျိုးစိတ်မှ သားရဲ ဖြစ်နေသည်များလော။
လီရှုသည် ယဲ့ချန်ရေးဆွဲထားသော ရုပ်ပုံအား စူးစမ်းလိုစွာ ကြည့်သည်။ ယဲ့ချန်၏ စကားအရ နဂါးဟူသော သတ္တဝါသည် တောင်တန်းနှင့် မြစ်ပြင်ကိုပင် မျိုချနိုင်လောက်အောင် အင်အား ကြီးမားသည်ဟု သိရသည်။ စိတ်ဝင်စားစရာ ကောင်းလှချေသည်။ ထိုသတ္တဝါတွင် သမင်ချိုကဲ့သို့ ဦးချိုနှစ်ချောင်း ပါဝင်သည့်အပြင် မြွေကဲ့သို့ ခန္ဓာကိုယ်မျိုးရှိပြီး အကြေးခွံများဖြင့်လည်း ဖုံးအုပ်ထားသေးသည်။ သို့တိုင်အောင် ထိုသို့ ပေါင်းစပ်ထားပုံက ထူးဆန်းမနေသည့် အပြင် လိုက်ဖက်ညီနေသည်။
“ဘာလို့ နဂါးရုပ်ပုံမှာ မျက်လုံးတွေ မပါရတာလဲ”
လူအုပ်ထဲမှ အမြင်စူးရှသော တစ်ယောက်က ထောက်ပြ မေးမြန်းလာသည်။
လီရှုလည်းပဲ ထိုအချက်အား သတိထားမိပေသည်။ ရုပ်ပုံ၏ မျက်လုံးရှိရမည့် နေရာတွင် လစ်လပ်နေလေရာ လီရှုသည် ယဲ့ချန်အား ဖြေရှင်းချက် တောင်းသည့် သဘော လှမ်းကြည့်လိုက်သည်။
“နဂါးတွေရဲ့ မျက်လုံးနဲ့ ပတ်သက်ပြီး ယုံတမ်းပုံပြင်တွေ အများကြီးရှိတယ်၊ ကျွန်တော်က နဂါးရုပ်ပုံမှာ မျက်လုံးတစ်စုံကို ထည့်ပေးလိုက်ရင် နဂါးက တကယ် အသက်ဝင်လာမှာ စိုးရတယ် ဒါ့ကြောင့် မထည့်ဖို့ ဆုံးဖြတ်လိုက်တာ”
ယဲ့ချန်က တည်ငြိမ်စွာ ရှင်းပြသည်။
နဂါးရုပ်ပုံအား မျက်လုံး ထည့်ပေးလိုက်လျှင် အသက်ဝင် လာမည်တဲ့လား။ လူအုပ်ကြီးမှာ ယဲ့ချန်၏ ဖြေရှင်းချက်ကြောင့် ဆွံ့အသွားကြရသည်။
ဘယ်လိုတောင် အထက်စီးဆန်တဲ့ ဖြေရှင်းချက် ကြီးပါလိမ့်နော်။
သို့သော် လူတိုင်းမှာ စိတ်ထဲကသာ တွေးလိုက်ကြခြင်း ဖြစ်ပြီး ထုတ်တော့ မပြောဖြစ်ကြ။ လက်ရှိတွင် ယဲ့ချန်သည် မယှဉ်နိုင်ဖွယ် ပါရမီအဖြာဖြာအား ထုတ်ဖော်ပြသထားပြီး ဆရာလီသည်ပင် ယဲ့ချန်၏ ပါရမီထောင်ချောက်ထဲ၌ နစ်မွန်းနေဟန် ရလေသည်။ အဓိကအချက်မှာ ယဲ့ချန်သည် ရုပ်ပုံနှစ်ခုအား တစ်ဆက်တည်း ဆွဲပြခြင်းဖြင့် ထျန်းချီစွမ်းအင်အပေါ် လိုသလို ထိန်းချုပ်နိုင်စွမ်းအား ပြသထားသည့် အပြင် အဆင့် ၆ နှင့်အထက် မီးစွမ်းအင်ကျင့်စဉ် တစ်ခုလည်း ပိုင်ဆိုင်ထားသေးသည်။ ဤအခြေအနေ၌ ဆရာလီ၏ စမ်းသပ် စစ်ဆေးမှုအား အောင်မြင်မည့်သူမှာ ယဲ့ချန်သာ ဖြစ်ကြောင်း စိတ်မနှံ့သူပင် နားလည်နိုင်သည်။ ယဲ့ချန်ကား တုန်းလင်ပြည်နယ်၏ ထွန်းတောက်လာမည့် ဆေးဝါးပညာရှင် အလောင်းအလျာ ဖြစ်နေချေပြီ။
တစ်ချိန်လုံး တိတ်ဆိတ်စွာ ရပ်နေခဲ့သော ယွင်ရိရန်သည် ကြောက်ရွံ့ ထိတ်လန့်မှုကြောင့် တစ်စထက်တစ်စ ဖြူဖျော့လာသည်။ ယခုအချိန်တွင် သူခံစားနေရသည့် ဖိအားမှာ စကားနှင့်ပင် ဖော်ပြ၍ မရနိုင်ပေ။ ယဲ့ချန်၏ ထျန်းချီစွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းမှာ အလွန် ကောင်းမွန်ကြောင်း တွေ့ရှိရပြီးနောက် လီရှု၏ ရွေးချယ်မှုက ယဲ့ချန်မှတပါး အခြား မဖြစ်နိုင်တော့တာ သေချာသည်။ လီရှု၏ ထောက်ခံပေးမှုဖြင့် ဆရာရွှမ်းယီသည်လည်း ယဲ့ချန်အပေါ် ကောင်းမွန်စွာ ဆက်ဆံပေလိမ့််မည်။ နှစ်အနည်းငယ် ကြာသည့်အခါ ယဲ့မိသားစုသည် တုန်းလင်ပြည်နယ်တွင် သာမက ရှီဝူအင်ပါယာ တစ်ခုလုံး၌ပင် အင်အားကြီးလာနိုင်၏။
“ဘာတွေပဲ ပေးဆပ်ရပါစေ၊ ဆရာရွှမ်းယီဆီ မရောက်ခင် ယဲ့ချန်ကို အပြီးအပြတ် ရှင်းပစ်မှရမယ်”
ယွင်ရိရန်၏ သတ်ဖြတ်လိုစိတ်တို့မှာ ဖိနှိပ်မရလောက်အောင် ရုန်းကြွလာသည်။
ဆရာရွှမ်းယီအား အပြစ်ပြုမိမည် စိုးသောကြောင့် ယွင်ရိရန်သည် ထိုရှင်းပစ်မည့် ကိစ္စအား ကိုယ်တိုင် ကိုင်တွယ်မည့်အစား စဉ်းလဲသော အကြံအစည် တချို့ဖြင့် လုပ်ဆောင်မည် ဖြစ်သည်။
မော့ဖုန်းသည်လည်း ခဏချင်း ပြောင်းလဲသွားသော အဖြစ်အပျက်တို့အား နားလည်သွားသည့်နောက် ခါးသက်စွာ ပြုံးမိသည်။ ကမ္ဘာ့အနှစ်သာရ ဆေးလုံးနှစ်လုံး, လုံးသည် ယဲ့မြေးအဘိုးတို့၏ လက်ထဲသို့သာ ရောက်မည်မှာ အလွန်သေချာနေချေပြီ။ နောက်ဆုံး၌ သူ ဂုဏ်ယူခဲ့ရသော မြေးဖြစ်သူ မော့ထန်းကား ယဲ့ချန်နှင့် မယှဉ်သာခဲ့။ ယဲ့ချန်၏ အစွမ်းအစတို့သည် သတိမပြုမိရန် ခက်ခဲသော စိန်တပွင့်ကဲ့သို့ အရောင် တဖျတ်ဖျတ် လက်နေလေရာ လီရှုသည် ယဲ့ချန်အား ကျော်ပြီး မော့ထန်းအား ရွေးချယ်ရန်မှာ နေ့ခင်းကြောင်တောင် အိပ်မက် မက်နေခြင်းနှင့် မခြားပေ။
မကြာသေးခင်ကမှ မိမိကိုယ်ကို ယုံကြည်ချက် အနည်းငယ် ပြန်လည် ရရှိထားသော မော့ထန်းသည် ယခုမူ ကျယ်လောင်စွာ အော်ငိုချင်စိတ်ပင် ပေါက်နေရပြီ ဖြစ်သည်။
“နဂါးမျက်လုံးရဲ့ ယုံတမ်းပုံပြင်တဲ့လား စိတ်ဝင်စားစရာပဲ”
လီရှုသည် အလွန်သဘောတွေ့ဟန်နှင့် ခေါင်းတညိတ်ညိတ် လုပ်နေတော့သည်။
အမှန်အတိုင်း ဝန်ခံရပါလျှင် လီရှုသည် တုန်းလင်ပြည်နယ်သို့ ထွက်ခွာလာခဲ့စဉ်က ဤသို့သော ပြည်နယ်လေးမှ ပါရမီရှင် ဆိုသူများသည် နန်းမြို့တော်မှ ပါရမီရှင်တို့နှင့် (လုံးဝ) ယှဉ်နိုင်မည် မဟုတ်ဟု တွေးထားမိခဲ့သည်။ နတ်ဆရာဂိုဏ်းမှ ရှေ့ဖြစ်ဟောသူ တစ်ယောက်က သူ့အား ကံကောင်းလိမ့်မည်ဟု ပြောသည်ကိုပင် အလေးအနက် မထားခဲ့ပေ။ ကြည့်ရသည်မှာ ထိုရှေ့ဖြစ်ဟောသူ၏ ဟောကိန်းက မှန်ကန်ပုံရသည်။ လူတော်များအား အလွန် တန်ဖိုးထားသော ဆရာရွှမ်းယီသာ ယဲ့ချန်အား လူချင်းတွေ့ရပါက မည်မျှ ဝမ်းသာလိမ့်မည် ဖြစ်ကြောင်း တွေးကြည့်ရုံနှင့် သိနိုင်သည်။ သူ့ဆရာကိုသာ စိတ်ကျေနပ်စေနိုင်ပါက သည်တစ်ခေါက် တုန်းလင်ပြည်နယ်သို့ ခရီးထွက်လာရခြင်းက အလွန် ထိုက်တန်ပေသည်။
ယဲ့ချိန်ရွှမ်းသည် ဤကဲ့သို့ ဖြစ်လာမည်မှန်း မျှော်လင့်မထားခဲ့မိရာ စိတ်လှုပ်ရှားစွာဖြင့် အတွေးတို့ ပျံ့လွင့်နေပြီး အခြားသော မိသားစု ခေါင်းဆောင်တို့မှ ဂုဏ်ပြုစကား လာရောက် ပြောဆိုမှသာ သတိပြန်ဝင်လာသည်။ အစောပိုင်းက ယဲ့ချိန်ရွှမ်းသည် မော့ဖုန်းအား နှိမ့်နှိမ့်ချချဖြင့် ဂုဏ်ပြုစကား ဆိုခဲ့ရသော်လည်း ယခုမူ မော့ဖုန်းသည် သူ့ရှေ့သို့ ရောက်လာကာ ပို၍ နှိမ့်နှိမ့်ချချဖြင့် ဂုဏ်ပြုစကား ဆိုနေပေသည်။
အပြောင်းအလဲတို့ကား မြန်ဆန်လှချေသည်။
“ဂုဏ်ပြုပါတယ် ခေါင်းဆောင်ဟောင်းယဲ့ ကြည့်ရတာ ယဲ့ချန်ကမှ တကယ့် ပါရမီရှင်ပါဗျာ”
“ဂုဏ်ပြုပါတယ် ခေါင်းဆောင်ဟောင်းယဲ့ အနာဂတ်မှာ ယဲ့မိသားစုက ဘယ်လို အကူအညီပဲဖြစ်ဖြစ် လိုအပ်လာရင် ကျုပ်တို့ရွှီမိသားစု အသင့်ရှိနေတယ် ဆိုတာ မမေ့ပါနဲ့”
ရွှီမိသားစုခေါင်းဆောင် ရွှီကျန်းက တက်တက်ကြွကြွ ဆိုလာသည်။ ရွှီမိသားစုသည် လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်အနက် ယဲ့မိသားစုထက် ပိုမို အင်အားတောင့်ပြီး ယွင်မိသားစုနှင့် မတိမ်းမယိမ်းသာ ကွာသော အင်အားကို ပိုင်ဆိုင်ထားသည်။
ရွှီမိသားစု၏ တုံ့ပြန်မှုအား မြင်ရပြီးနောက် အခြားသော မိသားစုများသည်လည်း အလားတူစွာ တုံ့ပြန်လာကြ၏။ ယဲ့မိသားစုတွင် ယဲ့ချန်ကဲ့သို့ ပါရမီရှင်တစ်ယောက်မျှ ရှိနေခြင်းကပင် မိသားစု၏ အဆင့်အတန်းကို တစ်ဟုန်ထိုး မြင့်တက်သွားစေသည်။ ထိုသည်က လွန်ကဲစွာ ပြောခြင်း လုံးဝမဟုတ်။ ယဲ့ချန်၏ အလားအလာအရ နောင်တချိန်တွင် ထျန်းချီအဆင့် ၁၀ ထက် မြင့်သည့် ကျင့်ကြံဆင့် တစ်ခုသို့ ရောက်သွားနိုင်သည့် အပြင် အဆင့်မြင့် ဆေးဝါးပညာရှင် တစ်ယောက်လည်း ဖြစ်လာနိုင်သည်။
အဆင့်မြင့် ဆေးဝါးပညာရှင် ဟူသည်ကား မည်သို့သော အဆင့်အတန်းနည်း။
နောက်လိုက်နောက်ပါ တပည့် အများအပြားနှင့် ခစားပြုစုချင်သူများ တန်းစီနေပြီး တိုင်းပြည် တစ်ပြည်အား ဝယ်နိုင်လောက်အောင် ကြွယ်ဝချမ်းသာသူများ ဖြစ်ကြသည်။
နောက်မကျသေးခင် ယဲ့ချန်နှင့် မိတ်ဆွေဖွဲ့နိုင်ရန် ယခုအချိန်ကား အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ လူတိုင်းက ထိုအချက်ကို နားလည်ထား၍ ယဲ့ချိန်ရွှမ်းအား အလုအယက် မျက်နှာလုပ် နေကြသည်။
ထိုမျက်နှာ လုပ်နေကြသူများတွင် ရွှီကျန်းသည် အင်အားအတောင့်ဆုံး ဖြစ်ရာ ကျန်လူများ၏ စိတ်ထဲ၌ တူညီသော အတွေးတစ်ခု ပေါ်ပေါက်လာ၏။
‘ဒီမြေခွေးအိုကြီး ရွှီကျန်းကို ခေါင်းဆောင်ဟောင်းယဲ့ အနားကနေ ဘယ်လို ပထုတ်ရပါ့မလဲ’
***
အားလုံးသော မိသားစု ခေါင်းဆောင်များနှင့် အကြီးအကဲများသည် ယဲ့မိသားစုနှင့် တစ်ဖက်တည်းတွင် ရပ်တည်နိုင်ရန် သူတို့၏ စိတ်ရင်းအား ပြသသည့် အနေနှင့် ဝိုင်းဝန်း မျက်နှာချို သွေးနေကြလေသည်။ သို့နှင့် ၁၅ ယောက်၊ ၁၆ ယောက်ခန့် ရှိသော ထျန်းချီအဆင့် ၉ ကျင့်ကြံသူကြီးများသည် ယဲ့ချိန်ရွှမ်း၏ ဘေးပတ်လည်၌ ဝိုင်းနေကြတော့သည်။
တစ်ချိန်က ယွင်/ယဲ့ နှစ်မိသားစု မသင့်မမြတ် ဖြစ်နေချိန်၌ အခြားမိသားစုများသည် ယဲ့မိသားစုနှင့် အဆက်အဆံ သိပ်မလုပ်လိုကြ။ ယခု လီရှုက ယဲ့ချန်အား သတိထားမိ သွားပြီလည်း ဆိုရော ထိုမိသားစုတို့သည် ယဲ့ချိန်ရွှမ်း၏ ဖိနပ်အား ကုန်းလျက်တော့မတတ် အဖြစ်သည်း ပြနေကြပြန်သည်။ ဤသည်ကပင် ကြောက်စရာ ကောင်းလှသော လူသားတို့၏ သဘာဝ ဖြစ်ပေသည်။
***