လီရှုထံမှ ကြိုဆိုခြင်းလက်ဆောင်
Vol. 4 Ch. 56
မော့ဖုန်းသည် အတန်ငယ် အနေခက်စွာဖြင့် မျက်နှာနီရဲလျက် ပြောလေသည်။
“ဂုဏ်ပြုပါတယ် ခေါင်းဆောင်ဟောင်းယဲ့ မကြာခင်မှာ ကျုပ်ကိုယ်တိုင် ယဲ့အိမ်တော်ကို အလည်အပတ် လာခဲ့ပါဦးမယ်”
မော့ဖုန်းအဖို့ တစ်ချိန်က မိမိအောက် နိမ့်ကျခဲ့သော တစ်စုံတစ်ယောက်အား ဖားယားရခြင်းနှင့် အသားမကျသေးရာ အခြားသူများကဲ့သို့ ရွှန်းရွှန်းဝေအောင် ပြောမထွက်လာပေ။
“ရပါတယ် ခေါင်းဆောင်မော့”
ယဲ့ချိန်ရွှမ်းက ပြုံးလျက် ကောင်းကောင်းမွန်မွန်သာ တုံ့ပြန်သည်။ အတိတ်၌ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ သူ့အနေနှင့် စိတ်ထဲမထားပေ။ ယခုအချိန်သည် ယဲ့မိသားစုနှင့် အခြားမိသားစုများ အကြား မဟာမိတ် ဆက်ဆံရေး အခိုင်အမာ တည်ဆောက်ရန် အခွင့်အခါကောင်း ဖြစ်သည်။
အခြေအနေတို့က ပြောင်းပြန် ဖြစ်သွားပြီ ဖြစ်ရာ ရန်ယင်း၊ ချင်ယွိနှင့် အခြားယွင်မိသားစု ဘက်တော်သားများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ ထို့နောက် အလျင်အမြန်ပဲ ယွင်ရိရန်အား လျစ်လျူရှု လိုက်ကြပြီး ယဲ့ချိန်ရွှမ်းအား လာရောက် ဂုဏ်ပြုကြလေသည်။
လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်အနက် အိမ်တော် အများစုမှာ ယဲ့မိသားစုဘက်သို့ ယိမ်းယိုင်သွားကြရာ ယခုနေသာ ယွင်/ယဲ့ နှစ်မိသားစု တိုက်ခိုက်ကြပါက သေချာပေါက် အနိုင်ရမည်မှာ ယဲ့မိသားစုသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ယခုချိန်အထိ ယွင်မိသားစုနှင့် တစ်ဖက်တည်း ဆက်ရပ်နေပါက သေလမ်းသို့ ရွေးလိုက်သည်နှင့် မခြားပေ။
ရန်ယင်းနှင့် ချင်ယွိတို့၏ တုံ့ပြန်ပုံတို့ကို ကြည့်၍ ယွင်ရိရန်သည် ဒေါသထွက်ခြင်း၊ သစ္စာဖောက်ခံရခြင်း စသော ခံစားချက်တို့ဖြင့် မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။ သို့သော် ဘာတတ်နိုင်ပါမည်နည်း။ သူသည် ခပ်တိုးတိုးသာ ကျိန်ဆဲလိုက်နိုင်၏။
“ကြောင်သူတော်တွေ”
တစ်ချိန်တည်းတွင်ပဲ ယွင်ရိရန်သည် ယဲ့ချန်နှင့် ယဲ့ချိန်ရွှမ်းတို့အား အရိုးထဲထိ စွဲအောင် မုန်းတီး သွားရသည်။ တိုက်ပွဲ၏ တကယ့် အနိုင်ရသူကား ယခုအချိန်ထိ မသေချာသေးပေ။ သူက ယဲ့မိသားစုအား လွယ်ကူစွာ အရှုံးပေးလိုက်မည် မဟုတ်ပါ။
ထို့နောက် ယွင်ရိရန်သည် အင်္ကျီလက်စအား တစ်ချက်ခါလိုက်ပြီး ထိုနေရာမှ အဝေးသို့ ထွက်ခွာသွားတော့သည်။ တစ်ချိန်က ယွင်မိသားစု လက်အောက်တွင် ရှိခဲ့သူများက အလွန်လျင်မြန်စွာ ကိုင်းကူးသွားလေရာ ယွင်ရိရန်သည် ဒေါသထွက်လွန်း၍ ထိုသစ္စာဖောက်တို့၏ မျက်ခွက်တို့အား ဆက်ကြည့်ချင်စိတ် ရှိမနေတော့ပါ။
“ခေါင်းဆောင်ဟောင်းယဲ့ ကျုပ်က ခင်ဗျားမြေးနဲ့ စကားနည်းနည်း ပြောချင်တယ် အဆင်ပြေမလား”
လီရှုသည် ယဲ့ချိန်ရွှမ်းအား လေးလေးနက်နက် ကြည့်ကာ မေးသည်။
“သေချာပေါက်ရတာပေါ့ ဆရာလီ ချန်အာနဲ့ အေးအေးဆေးဆေးသာ စကားပြောပါ ကျုပ်လည်း အလျင်မလိုပါဘူး”
လီရှု၏ ဖြောင့်မတ်မှုအား မျက်မြင်ကြုံတွေ့ပြီး ဖြစ်ရာ ယဲ့ချိန်ရွှမ်းသည် လီရှုအနားတွင် ရှိနေသ၍ သူ့မြေး လုံးဝထိခိုက်မည် မဟုတ်ကြောင်း သေချာသည်။ စကားဆုံးသည်နှင့် ယဲ့ချိန်ရွှမ်းသည် ယဲ့ချန်အား လီရှုလက်ထဲသို့ ပျော်ပျော်ကြီး လွှဲပြောင်းပေးခဲ့ကာ အခြားသော မိသားစု ခေါင်းဆောင်တို့နှင့် စကားပြောရန် ထွက်ခွာသွားလေသည်။
ယဲ့ချိန်ရွှမ်းသည် ထိုမိသားစုခေါင်းဆောင်တို့မှာ မျက်နှာနှစ်ဖက်နှင့် လူလည်များ ဖြစ်ကြောင်း မသိတာတော့ မဟုတ်။ ထိုလူတို့အနက် တစ်ဝက်လောက်မှာ အပြောတွင်သာ ချောပြီး တကယ်တမ်း အကူအညီ လိုသာသည့်အခါ လက်ရှောင်နေမည့်သူများ ဖြစ်ကြသည်။ သို့သော် အပြောဖြင့်သာ ကူညီသည်ပဲ ဆိုဦးတော့ ယဲ့မိသားစုဘက်တွင် မဟာမိတ်များများ ရှိနေခြင်းက ယွင်မိသားစုနှင့် ရင်ဆိုင်ရာ၌ အရေအတွက်ကို သုံးကာ အနည်းငယ်တော့ ခြိမ်းခြောက် နိုင်ပေသည်။
“ငါနဲ့လိုက်ခဲ့”
လီရှုက ယဲ့ချန်အား ပြုံးလျက်ပြောသည်။
နှစ်ဦးသားသည် အတူတကွဖြင့် အရှေ့ဘက်ခြံဝင်းသို့ လျှောက်ခဲ့ကြသည်။
အရှေ့ဘက်ခြံဝင်းရှိ အခန်းတစ်ခန်းထဲတွင် အမွှေးရနံ့ တစ်ခုက လေထုအတွင်း သင်းထုံနေသည်။ အခန်း၏ ပြင်ဆင်ခင်းကျင်းထားပုံက အလွန် အထက်တန်းကျ သားနားသည်ကို ကြည့်လျှင် ယွင်ရိရန်သည် လီရှုအပေါ် မည်မျှ မျှော်လင့်ထားကြောင်း သိနိုင်၏။ သို့သော် တကယ်တမ်း မဟာမိတ် သိုင်းပြိုင်ပွဲ၏ ရလဒ်ထွက်လာသည့်အခါ ယွင်မိသားစုသည် လီရှုနှင့် ယဲ့မိသားစုအကြား ပေါင်းကူးတစ်ခု အဖြစ်သာ အဆုံးသတ် သွားလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ပေ။
“ယဲ့ချန် ... မင်းအနေနဲ့ ဆရာရွှမ်းယီရဲ့ ကျောင်းတော်ကို ဝင်ရောက်ချင်လား”
လီရှုက မေးသည်။
ယဲ့ချန်ကဲ့သို့ လက်မလွှတ်နိုင်ဖွယ် ပါရမီရှင်တစ်ယောက်နှင့် ကြုံလာရချိန်ဝယ် လီရှုသည် လှည့်ပတ် မနေလိုတော့ဘဲ တိုက်ရိုက်သာ မေးမြန်းလိုက်ခြင်း ဖြစ်သည်။ လီရှုကိုယ်တိုင်က ငယ်ရွယ်သော လူတော်လေးများအား နှစ်သက်သော်လည်း ယဲ့ချန်ကိုတော့ သူ့ထက် ပိုအစွမ်းအစရှိသည့် ဆရာဖြစ်သူ ရွှမ်းယီထံ လွှဲပြောင်းပေးရန် ဆန္ဒရှိသည်။
“မင်းသာ သဘောတူမယ် ဆိုရင် အခုကစပြီး ငါတို့ ညီအစ်ကိုတွေ ဖြစ်လာနိုင်တယ်”
ယဲ့ချန်သည် ချက်ချင်း မတုံ့ပြန်ပေ။ အတန်ကြာ စဉ်းစားပြီးနောက် သူကမေးသည်။
“အဲဒီလိုသာဆို ကျွန်တော့်အနေနဲ့ တုန်းလင်ပြည်နယ်ကနေ ထွက်ခွာဖို့လိုလား”
လီရှုသည် ခဏမျှ တွေဝေသွားပြီးမှ ယဲ့ချန်ဆိုလိုသည်ကို နားလည်သွားကာ ပြန်ဖြေသည်။
“ယဲ့မိသားစုနဲ့ ယွင်မိသားစုကြားက ပြဿနာကြောင့်လား”
“ယဲ့မိသားစုနဲ့ ယွင်မိသားစုက ကမ္ဘာ့ရန်တွေ ဖြစ်နေခဲ့ပြီးပြီ”
ယဲ့ချန်၏အသံက နက်ရှိုင်းလို့နေသည်။ ယွင်/ယဲ့ နှစ်မိသားစုထဲတွင် တစ်စုကတော့ ကျန်းသေပြိုကွဲသွားပါမှ ကျန်တစုမှာ ကောင်းကောင်း ဆက်လက် ကြီးထွားနိုင်လိမ့်မည် ဖြစ်သည်။
“ကိစ္စကဒီလိုဆိုမှတော့ ...”
လီရှုသည် စားပွဲအား လက်ချောင်းထိပ်တို့ဖြင့် ဖြည်းညင်းစွာ ခေါက်နေရင်း တွေးတောလိုက်ပြီးမှ သူ့အစီအစဉ်အား ပြောပြသည်။
“ငါ တုန်းလင်ပြည်နယ်ကို လာခဲ့တုန်းက ယွင်မိသားစုက အကောင်းဆုံး ကြိုဆိုခဲ့ကြတယ် ဒါ့ကြောင့် ငါက ယွင်မိသားစုကို ပေါ်ပေါ်ထင်ထင် ဖိနှိပ်လိုက်မယ် ဆိုရင် ဘေးလူတွေ အနေနဲ့ ဆရာရွှမ်းယီရဲ့ ဂုဏ်သိက္ခာအပေါ် ထိပါးပြောဆိုလာနိုင်တယ်၊ အဲဒီတော့ ငါတွေးထားတာက ... မင်းသာ ဆရာ့ရဲ့ ကျောင်းတော်ကို ဝင်ရောက်ဖို့ သဘောတူမယ်ဆိုရင် ငါက ဒီအကြောင်းကို လူသိရှင်ကြား ဖြစ်သွားအောင် ကြေညာလိုက်မယ် ဒီလိုဆို အရေးကြုံလာတဲ့အခါ ပြင်ပကိုရောက်နေတဲ့ ကျောင်းတော်က အကြီးအကဲတွေ စီနီယာတွေက မင်းနဲ့မင်းမိသားစုကို ကူညီပေးကြလိမ့်မယ် ယွင်မိသားစုနဲ့ ယဲ့မိသားစုကြားက ပြဿနာကို အပြီးတ်ုင် ဖြေရှင်းပြီးပြီ ဆိုတဲ့အခါကျမှ မင်းကို မြို့တော်ဆီ ခေါ်လာပေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ် ဘယ်လိုသဘောရလဲ”
“ကြားရတာ အဆင်ပြေမဲ့ပုံပါ ကျေးဇူးတင်ပါတယ် ဆရာလီ”
ယဲ့ချန်က ဦးညွှတ်လျက် ပြောလိုက်သည်။
ယဲ့ချန်၏တုံ့ပြန်မှုကို တွေ့ရသော် လီရှုသည် လှိုက်လှိုက်လှဲလှဲ ရယ်လိုက်ပြီး ဝမ်းမြောက်ဝမ်းသာစွာ ဆိုလေသည်။
“မကြာခင်မှာ မင်းက ကျောင်းတော်ကို ဝင်ရောက်ပြီး ငါ့ရဲ့ညီငယ်လေး ဖြစ်လာမှာပဲ ဒီတော့ ဆရာလီလို့ ဆက်ခေါ်နေဖို့ မလိုဘူး”
လီရှုဘေးတွင် ရပ်နေသော အကူ လူငယ်လေးသည် ဘာမှမတတ်နိုင်သော်ငြား ယဲ့ချန်အား မနာလိုဖြစ်မိသည်။ သူသည် လီရှု၏ သင်ပြမှုတို့အား တစ်ခါတစ်ရံ ရတတ်သည် ဆိုသော်လည်း လီရှု၏ အချိန်ပြည့် သင်ကြား ပြသခံရသော တပည့်တော့ မဟုတ်ပေ။ ယဲ့ချန်ကား ကံကောင်းလှသည်။ အကယ်၍ သူသာ လီရှု၏ ညီငယ်လေး ဖြစ်ခွင့်ရမည် ဆိုပါက ဤဘဝ၌ သေရမည် ဆိုလျှင်တောင် ပြုံးပြုံးလေး သေနိုင်ပေလိမ့်မည်။
“မင်းက ကျောင်းတော်ကို တက်ရောက်ဖို့ ရွေးချယ်ပြီးပြီ ဆိုမှတော့ ငါက စီနီယာတစ်ယောက် အနေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုရမှာပေါ့ ဒါက မင်း အနိုင်ရတဲ့ ကမ္ဘာ့အနှစ်သာရ ဆေးနှစ်လုံး၊ အဲဒါအပြင် နောက်ထပ် ကမ္ဘာ့အနှစ်သာရ ဆေးလုံးသုံးလုံး၊ ခြင်ဆီသန့်စင်ဆေးလုံး နှစ်လုံး၊ မိုးကြိုးအနှစ်သာရ ဆေးလုံး ဆယ်လုံးနဲ့ ချီအဆီအနှစ် ဆေးလုံး အလုံးနှစ်ဆယ် ... အားလုံး မင်းကိုပေးမယ်”
လီရှုသည် သေတ္တာတစ်လုံးအား ယဲ့ချန်ထံ ကမ်းပေးရင်း အထက်ပါ အမည်တို့ကို ရွတ်ပြလေသည်။
“ကျွန်တော် မယူနိုင်ဘူး”
ယဲ့ချန်က မဆိုင်းမတွ ငြင်းဆန်သည်။ လီရှုရွတ်ပြခဲ့သော ဒိတ်ဒိတ်ကြဲ ဆေးအမည်တို့ကြောင့် ယဲ့ချန်မှာ လန့်ပင် လန့်သွားရသည်။ ယဲ့ချန်သည် လီရှုထံမှ ထိုမျှလောက် ပမာဏရှိသည့် လက်ဆောင်တို့ကို အမှန်ပင် မျှော်လင့် မထားခဲ့မိပေ။ နောက်ဆုံးတော့ အဆင့်မြင့် ဆေးဝါးပညာရှင် တစ်ယောက်သည် တိုင်းပြည် တစ်ပြည်အား ဝယ်နိုင်လောက်သည်အထိ ချမ်းသာကြွယ်ဝသည် ဟူသောစကားအား သူ အပြည့်အဝ နားလည် သွားခဲ့ရသည်။ လီရှုနှင့် ယှဉ်ရသော် တုန်းလင်ပြည်နယ်ကြီးသည် ငမွဲများ နေထိုင်ရာ ပြည်နယ်ကြီး များလားဟုပင် သံသယ ဝင်မိတော့ပေမည်။
လီရှုက သဘာဝကျစွာသာ ပြုံးသည်။
“မင်းသာ ငါတို့ကျောင်းတော်ကို ဝင်ရောက်ပြီးရင် ဒီလိုဆေးတွေက ရှားမယ် ထင်လို့လား လက်ခံလိုက်ပါ ဒါက ငါ့အတွက် ဘာမှမဟုတ်ဘူး”
ထိုဆေးလုံးများသည် မြို့တစ်မြို့စာခန့် တန်ကြေးရှိသည် ဆိုသော်ငြား ဆရာရွှမ်းယီနှင့် တပည့်များ အတွက်မူ အဖိုးတန်လှသည် မဟုတ်ပေ။ ထို့အတူ နောင်တစ်ချိန်တွင် ယဲ့ချန်သည် ကျောင်းတော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါက ထိုဆေးလုံးများမှာ ဘာမှမဟုတ်သေးကြောင်း အလိုလို နားလည်သွားမှာ ဖြစ်သည်။
“ဒီလိုဆိုမှတော့ ... ယူလိုက်ပါ့မယ် ဆရာလီရဲ့ ကြင်နာမှုကို ကျွန်တော် မမေ့ပါဘူး”
ယဲ့ချန်သည် နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီးနောက် သေတ္တာအား လက်ခံ ယူလိုက်တော့သည်။ ထိုဆေးလုံးများသည် ယဲ့မိသားစု၏ အင်အား,အား များစွာ တိုးမြှင့်ပေးနိုင်ရာ ယဲ့ချန်အဖို့ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါ။
လီရှုသည် ယဲ့ချန်၏ စကားကြောင့် တဖန် ပြုံး၏။
“ကတိပြုထားတဲ့အတိုင်း နေ့တဝက်အတွင်း မင်းတို့မြေအဘိုး ယွင်မိသားစု ပိုင်နက်ထဲကနေ ထွက်သွားနိုင်အောင် ငါ့လူတွေက ကူညီပေးလိမ့်မယ်၊ ဒီကနေ ထွက်သွားပြီးရင်တော့ ကျန်တာက မင်းအပေါ် မူတည်သွားပြီ”
“ကျေးဇူးတင်ပါတယ် ဆရာလီ”
ထိုအချိန်တွင် ယဲ့ချိန်ရွှမ်းသည် အခြားသောမိသားစု ခေါင်းဆောင်များနှင့် စကားပြောဆိုရင်း နောက်နှစ်ရက်အတွင်း ယဲ့မိသားစုရဲတိုက်ဆီသို့ လာရောက်ရန် ဖိတ်ကြားနေသည်။ အားလုံးကလည်း ဖိတ်ကြားချက်အား သဘောတူကြည်ဖြူစွာ လက်ခံကြသည်။
ခဏမျှအကြာ၌ လီရှုက ယဲ့ချန်သည် ဆရာရွှမ်းယီ၏ ကျောင်းတော်သို့ ဝင်ရောက်မည် ဖြစ်ကြောင်း အတိအလင်း ကြေညာခဲ့သည်။ ယဲ့ချန်ကိုလည်း သူ၏ ဂျူနီယာညီငယ်အဖြစ် အားလုံးရှေ့တွင် ထုတ်ဖော် ပြောကြားခဲ့ပြီးမှ နန်းမြို့တော်သို့ ပြန်လည် ထွက်ခွာသွားလေသည်။
လူအုပ်ကြီးမှာ ဘယ်နှကြိမ်မြောက်မှန်း မသိတော့စွာ မှင်တက် သွားကြရသည်။ သူတို့က ယဲ့ချန်သည် အလွန်ဆုံးမှ လီရှု၏တပည့်သာ ဖြစ်နိုင်လိမ့်မည် ဟူ၍ တွေးထားကြတာ ဖြစ်သည်။ သို့သော် လီရှုသည် ယဲ့ချန်အား ညီငယ်လေးအဖြစ် သေချာစွာ ထုတ်ဖော် ပြောကြားကာ ဆရာရွှမ်းယီ၏ ကာကွယ်အောက်သို့ သက်ရောက်စေခဲ့သည်။ ထို့ကြောင့် ယဲ့ချန်၏ အဆင့်အတန်းကား အလွန် မြင့်မားသွားပြီ ဖြစ်သည်။ ကောလာဟလများအရ ဆရာရွှမ်းယီ၏တပည့် ဖြစ်လာသူများသည် များပြားသော ဆေးလုံး ပမာဏတို့အား လက်ဆောင်အဖြစ် ရရှိသည်ဟု ဆိုသည်။ ထိုဆေးလုံးများထဲမှ ကြုံရာကျပန်း တစ်ခုကပင် တုန်းလင်ပြည်နယ်ရှိ မိသားစုကြီးများ တတ်နိုင်သော အနေအထားထက် ကျော်လွန်နေလိမ့်မည် ဆိုသည်ကတော့ အလွန် သေချာပေသည်။
***