ကျုပ် မရွေ့ဘူး
Vol. 39 Ch. 531
“အင်မော်တယ် ရောင်းရင်းမိုက အစီအရင် ဆရာတစ်ယောက် ဖြစ်နေမယ်လို့ ထင်မထားဘူး” မိုဝူကျီက ချန်းကျူရှန်ကို သင်ခန်းစာ ပေးထားပြီးသည့် နောက်တွင် ချန်းကျူရှန်က ပြုံးကာ မိုဝူကျီအား အရင်ဦးဆုံး လာရောက် စကားပြောလေ၏။
မိုဝူကျီက စိတ်မပါ လက်မပါ ပြန်ဖြေလိုက်သည် “ခင်ဗျား မထင်ထားတွေ အများကြီး ရှိသေးတယ်”
မိုဝူကျီက ချန်းကျူရှန်လို လူမျိုးနှင့် မိတ်ဆွေ ဖြစ်ရန် စိတ်ကူးမရှိပေ။ အကြောင်းမှာ သူက မုရုန်ရှန်းယွီ၏ ခင်ပွန်း အစစ်အမှန် မဟုတ်သည့်အတွက် မုရုန်ရှန်းယွီကို ချစ်မြတ်နိုးခြင်း လုံးဝ မရှိပေ။ အကယ်၍ သူသာ ယန်းယဲ့ အစစ်အမှန် ဖြစ်ပြီး မုရုန်ရှန်းယွီကိုသာ တကယ် နှစ်သက် သည်ဟုဆိုလျှင် ချန်းကျူရှန်က မုရုန်ရှန်းယွီကို ဒဏ်ရာ ရထားစေသည့် အတွက် လက်သီးတစ်ချက်တော့ ပြန်တုံ့ ပြန်မိလိမ့်မည်။
မိုဝူကျီနှင့် ရင်ဆိုင်သည့်အခါ ချန်းကျူရှန်က စိတ်မချမ်းမြေ့လျှင်ပင် ဘာမှ မလုပ်နိုင်ပေ။
အပြင်ဘက်ရှိ မြူများက အနည်းငယ် သံသယဝင်ဖို့ ကောင်းပေရာ မိုဝူကျီက အတွင်းပိုင်းမှ အန္တရာယ်များကို ခံစားမိနေသည်။ ခန်းမအတွင်း ကာကွယ်ရေး အစီအရင်ကို ခင်းကျင်း ပြီးသည့်နောက် မိုဝူကျီ ပထမဆုံး လုပ်သည့်အရာမှာ သင့်တော်သည့် နေရာရှာ၍ နောက်ထပ် ကာကွယ်ရေး အစီအရင် အသေးလေး တစ်ခု ထပ်မံ ခင်းကျင်းလိုက်ခြင်း ဖြစ်ပေသည်။ ထိုကာကွယ်ရေး အစီအရင် အတွက်လည်း ဖုံးကွယ်ရေး အစီအရင် ခင်းကျင်း ထားသေး၏။
ဤသို့သော အန္ဆရာယ် များပြားလှသည့် နေရာမျိုး၌ တောင့်ခံထားစရာ မလိုအပ်ပေ။
မိုဝူကျီက အစီအရင်ထဲ မဝင်ခင် နေရာ တစ်ခုရှာကာ ကာကွယ်ရေး အစီအရင်နှင့် ဖုံးကွယ်ရေး အစီအရင် လုပ်ဆောင် လိုက်သည်ကို သတိပြုပြီးနောက် ကျန်လူများလည်း ထို့နည်းအတိုင်း လိုက်လုပ်ကြသည်။
ခန်းမမှာ ကျယ်ဝန်းသော်လည်း လူနှစ်ရာကျော်က သူတို့ပိုင်နက် ကိုယ်စီ ရှာဖွေလိုက် ကြသည့်အခါ ထိုခန်းမ၏ နေရာလွတ်များမှာ အလျင်အမြန် ကုန်သွားလေ၏။ ကျင့်ကြံဆင့် နိမ့်သူများမှာ သူတို့ကိုယ်သူတို့ ခန်းမ၏ အစီအရင် အဝင်ဝနှင့် နီးသည့်နေရာ၌သာ နေကြရသည်။
ဂူကျိကျန်းက မုရုန်ရှန်းယွီဆီ လျှောက်လာကာ …
“ရှန်းယွီ ... စောစောလေးက မင်းဘက်က ရပ်တည်ပေးဖို့ ကိုယ်အတော်လေး အားနည်း နေခဲ့တယ်။ ဒီလော့ကျွန်မ်းစာရွက် တစ်ရွက်ကို လက်ခံပြီးတော့ မင်းဆီ ပြန်ပေးချင်ခဲ့တာ …
ဒီလိုလုပ်ဖို့ မလိုတော့မှန်း ကိုယ်မထင်ထားမိဘူး ”
မုရုန်ရှန်းယွီ၏ နားလည်နိုင်စွမ်းက မည်မျှပင် နိမ့်ကျစေကာမူ သူမအနေဖြင့် အမှန်တရားနှင့် အလိမ်အညာကြား ခွဲခြားနိုင်စွမ်း ရှိသေး၏။ သူမက ဂူကျိကျန်းကို ကြည့်လိုက်ရင်း …
“အဲလိုဆိုရင်တော့ စီနီယာအစ်ကိုဂူကို ကျေးဇူးတင်ပါတယ်”
သူမက ကိုယ်ပိုင် နေရာလေး၌ ဖုံးကွယ်ရေး အစီအရင်ကို ချက်ချင်း အသက်သွင်း လိုက်သည်။ ချန်းကျူရှန်က မိုဝူကျီကို အနည်းငယ် ကြောက်ရွံ့သော်လည်း သူမကိုတော့ မကြောက်ပေ။ ထို့အပြင် မုရုန်ရှန်းယွီက သူမ နေရာ၌ ပတ်လည် ဝှေ့နေသော စိတ်စွမ်းအား တချို့ကို ခံစားမိကာ မိုဝူကျီ ထွက်သွားသည်နှင့် သူမအနေဖြင့် ဤနေရာတွင် ကြာကြာ တောင့်မခံနိုင်မှန်း သိလိုက်သည်။
ထို့ကြောင့် မိုဝူကျီ နေရာ ရွေးချယ်ပြီးသည့် နောက်၌ သူမက မိုဝူကျီ၏ ဘေးနေရာကို ချက်ချင်း ရွေးချယ်လိုက်ခြင်း ဖြစ်ပေသည်။
မုရုန်ရှန်းယွီက သူ့ကို ဆက်စကားပြောဖို့ရာ စိတ်မဝင်စားသည်ကို တွေ့၍ ဂူကျိကျန်းက မှုန်မှိုင်းလာကာ အချိန်မဖြုန်းတော့ဘဲ သူ့နေရာ၌ ဖုံးကွယ်ရေး အစီအရင်နှင့် ကာကွယ်ရေး အစီအရင်တို့ကို ခင်းကျင်း လိုက်သည်။
မိုဝူကျီက ထိုနေရာမှ ထွက်သွားရန် နည်းလမ်း ရှာမတွေ့သေးကာ ကျန်လူများလည်း ထို့နည်း၎င်း ဖြစ်၏။
***
မိုဝူကျီက သူ့ကိုယ်ပိုင် အစီအရင်ထဲ ဝင်သွားသည်နှင့် အင်မော်တယ် အဆီအနှစ် ကျောက်များကို ထုတ်ကာ စတင် ကျင့်ကြံ လိုက်တော့သည်။ သူက အင်မော်တယ် အဆီအနှစ် ကျောက်များကို သုံး၍ ကျင့်ကြံခြင်းက မြန်ဆန်မည်ကို သိသော်လည်း အရေအတွက်မှာ အလွန်နည်းပါး လှသည်။ သူက အင်မော်တယ်ကျောက် သုံးရာကျော်ကို သုံးလိုက်လျှင်ပင် သူ့အနေဖြင့် ရွှမ်ရှန်း အလယ်အလတ်အဆင့် တက်လှမ်းနိုင်ဦးမည် မဟုတ်ပေ။
မိုဝူကျီက ဤနေရာမှ မည်သို့ ထွက်သွားရမည်ကို မသိသေးသောကြောင့် သက်ပြင်းချကာ ကျင့်ကြံခြင်းကို ရပ်လိုက်သည်။ ထို့နောက် သူက အဆင့်၅ အင်မော်တယ် ဆေးပင်များကို ထုတ်ကာ ဆေးလုံးတချို့ စတင် ဖော်စပ်လိုက်သည်။
တစ်လတာ ကြာပြီးနောက် မိုဝူကျီက သူ့အဆင့်၅နှင့် အဆင့်၆ ဆေးပင်များမှာ ကုန်လုနီးပါး ဖြစ်နေသည့် အတွက် ဆေးမီးဖိုကို သိမ်းထားလိုက်ရင်း အနည်းငယ် စိတ်ညစ်နေမိသည်။ လက်ရှိ သူက ပြိုင်ဖက်ကင်း အဆင့်၅ အင်မော်တယ ်ဆေးလုံးကို ဖော်စပ်နိုင်သော်လည်း တစ်လအကြာ၌ အဆင့်၆ အင်မော်တယ် ဆေးပင် အများအပြားကို အသုံးပြုထားလျက်ဖြင့် အဆင့်နိမ့် အဆင့်၆ အင်မော်တယ် ဆေးလုံးများသာ ဖော်စပ် နိုင်လေသည်။ ထို့အပြင် ထိုအရာမှာ အလွယ်ကူဆုံး အင်မော်တယ် ဆေးလုံး အမျိုးအစား ဖြစ်ပေသည်။ ဆိုလိုသည်မှာ သူက ပြိုင်ဖက်ကင်း အဆင့်၆ ဆေးလုံးများ မဖော်စပ်နိုင်ခင် အကွာအဝေး တစ်ခု လိုနေသေးသည်။
အဆင့်၇ အင်မော်တယ် ဆေးလုံး ဖော်စပ်ဖို့ရာ သူ့အတွက် အလှမ်းကွာဝေး လွန်းနေသေးသည်။
သူ့ကိုယ်ပိုင် ဆေးလုံးတာအိုမှ ဆေးဖော်စပ်ခြင်းကို သင်ယူခြင်းမှ မိုဝူကျီက ဆေးလုံးတာအိုကို အဆင့်မြင့်ရာ၌ တစ်ခါမှ ပြဿနာ မကြုံတွေ့ဖူးသေးပေ။ အဆင့်၄မှ အဆင့်၅ ဆေးလုံး ဘုရင်အဆင့် တက်လှမ်းဖို့ရာ အနည်းငယ် ပင်ပန်းသော်လည်း အဆင့်၆ ဆေးလုံးဘုရင် တက်လှမ်းဖို့ ကြိုးစားမှုနှင့် ယှဉ်လိုက်လျှင် ဘာဆို ဘာမှမဟုတ်ပေ။ ထို့အပြင် သူက အဆင့်၆ ဆေးလုံး ဘုရင်အဖြစ် ယူဆ၍ မရသေးပေ။
မိုဝူကျီ သူ့ကျင့်ကြံခြင်း လမ်းစဉ်ကို ပြန်လည် အမှတ်ရလိုက်ပြီး သူ့ကောင်းကင် အင်မော်တယ် အဆင့် မရောက်ခင်အထိ ကျင့်ကြံခြင်း ဖြစ်စဉ်မှာ အတော်လေး ချောမွေ့ နေခဲ့လေသည်။ အမှန်အတိုင်း ဆိုရလျှင် မိုဝူကျီအတွက် အခက်ခဲဆုံး အပိုင်းမှာ ချီသွေးကြောများ ဖွင့်ရန် ကြိုးစားခဲ့စဉ်က ဖြစ်သည်။ ချီသွေးကြောများ အောင်အောင်မြင်မြင် ဖွင့်ပြီးနောက် သူက ကျင့်ကြံနေစဉ် အတွင်း ပိတ်ဆို့မှုကို လုံးဝ မကြုံရသေးပေ။
အကယ်၍ သူက ပိတ်ဆို့ အတားအဆီးဟု ဆိုရလျှင် သူ့ကျင့်ကြံခြင်း အရင်းအမြစ်များ လိုအပ်နေသည့် အကြောင်းသာ ဖြစ်ပေသည်။ တကယ်လို့ အရင်းအမြစ် လုံလုံလောက်လောက် ရှိပါက သူက အဆင့်များကို ဆက်တိုက် တက်လှမ်း နိုင်လိမ့်မည်။
ထိုပုံသေ အတွေးအခေါ်ကြောင့် သူကောင်းကင် အင်မော်တယ် အဆင့် တက်လှမ်းဖို့ ကြိုးစားခဲ့စဉ်က အတိ ဒုက္ခဖြတ်သန်းခြင်း ဆေးလုံးကို မပြင်ဆင်ခဲ့ခြင်း ဖြစ်ပေသည်။ ရလဒ်အနေဖြင့် သူက မိုးကြိုး စမ်းသပ်ချက် ခံယူရာ၌ ကျဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ တခြားနည်းဖြင့် ဆိုရလျှင် သူ့အား ချောက်ချလိုသော သုံးမျက်လုံး ချိုးငှက်နှင့်သာ မတွေ့လျှင် ကျဆုံးလောက်လေ၏။
ထိုအဖြစ်အပျက် အပြီးတွင် မိုဝူကျီက အင်မော်တယ် ဆေးလုံးများနှင့် အရင်းအမြစ်များကို နောက်တစ်ဆင့် တက်လှမ်းမည့် အခါတိုင်း ပြင်ဆင် တတ်သွားသည်။ နမူနာအနေဖြင့် ပြောရလျှင် သူရွမ်ရှန်းအဆင့် တက်လှမ်းစဉ်က ရွမ်အတိ ဒုက္ခဖြတ်သန်းခြင်း ဆေးလုံး ခြောက်လုံး သောက်သုံးခဲ့သည် မဟုတ်ပါလော။ သူသာ ဆေးလုံးဘုရင် မဟုတ်ပါက သူလောက် မည်သူကများ ဆေးလုံးများကို ပေါပေါသီသီ သုံးနိုင်မည်နည်း။ တခြား ကျင့်ကြံသူသာ ဆိုလျှင် ကျင်းရှန်း အဆင့်တွင်သာ ဆက်နေနေပြီး ဒါမှမဟုတ် ရွမ် အတိဒုက္ခ ဖြတ်သန်းခြင်း ဆေးလုံးကို အသည်းအသန် ရှာဖွေနေလိမ့်မည်။
ထိုအတွေးဖြင့် မိုဝူကျီ စိတ်နှလုံးသားမှာ အေးစက်လာပြီး ကောင်းကင် အင်မော်တယ် အဆင့် တက်လှမ်းစဉ်က ပြဿနာကို အပြန်ပြန် အလှန်လှန် သုံးသပ် မိနေသည်။ ထို့နောက် သူက ချောချောမွေ့မွေ့ အဆင်ပြေပြေ တက်လှမ်းနိုင်၍သာ ဆေးလုံးဘုရင် ဖြစ်နေခြင်း ဖြစ်၏။ အမှန်တရားမှာ သူမဖြေရှင်း ရသေးသည့် လျှို့ဝှက် အန္တရာယ်ကြီး ရှိနေသည်။ အကယ်၍ သူက ရွမ်ရှန်းအဆင့် တက်လှမ်းရာဝယ် ခက်ခက်ခဲခဲ ဖြတ်သန်း ခဲ့ရသောကြောင့် နောင်အနာဂတ်၌ မဟာယီရှန်း ဒါမှမဟုတ် အင်မော်တယ် ဘုရင်အဆင့်များကို မည်သို့ ဖြတ်ကျော် ရမည်နည်း။
သူ့ကောင်းကင် အင်မော်တယ် အဆင့် တက်လှမ်းစဉ် အတွင်း ကြုံတွေ့ခဲ့ရသည့် အတားအဆီးမျိုး ယခု အဆင့်၆ ဆေးလုံး ဘုရင်အဆင့် တက်လှမ်းရာဝယ် ကြုံတွေ့နေရသည်။ သူ့ကျင့်ကြံခြင်းတွင် ဖြစ်စေ၊ ဆေးလုံးတာအိုတွင် ဖြစ်စေ အနေအထား တစ်ခုအထိ ရောက်သွားသည်နှင့် အဆင့် တက်လှမ်းဖို့ရာ ယခင်ထက် ပို၍ ခက်ခဲ သွားလိမ့်မည်။
အကယ်၍ သူက ရွမ်ရှန်းအဆင့် တက်လှမ်းဖို့ရာ ရွမ်အတိဒုက္ခ ဖြတ်ကျော်ခြင်း ဆေးလုံး ခြောက်လုံး လိုအပ်လျှင် မဟာယီရှန်းအဆင့် တက်လှမ်းလျှင် မဟာယီ အတိဒုက္ခ ဖြတ်ကျော်ခြင်း ဆေးလုံး မည်မျှ လိုအပ် လိုက်မည်နည်း။ မဟာကျီရှန်းအဆင့်နှင့် မဟာလောရှန်း အဆင့်များတွင် မည်သို့ ဖြစ်သွားမည်နည်း။
မိုဝူကျီက အဆင့်တက်ဖို့ရာ အင်မော်တယ် ဆေးလုံး တစ်ခြင်းလုံး လိုအပ်နေလျှင် မည်သို့ လုပ်ရမည့် အကြောင်းကို လျှောက်မတွေးတော နေတော့ပေ။ ဆေးလုံးဆရာ တစ်ယောက်အနေနှင့် မိုဝူကျီက အင်မော်တယ် ဆေးလုံးများ၏ ဆိုးကျိုးအကြောင်း တခြားသူများထက် ပို၍ သိပေသည်။
ဆေးလုံးများကို အဆိပ် အဖြစ်လည်း ယူဆနိုင်ပေသည်။ ဆေးလုံးများစွာ သောက်သုံးခြင်းက ကောင်းသည့် အရာတော့ မဟုတ်ပေ။ အလွန်အကျွံ သောက်သုံးခြင်းက ဝိညာဉ်လမ်းကြောင်း များကို ပိတ်ကာ ဝိညာဉ်ကြော အားနည်း လာနိုင်စေသည်။
လက်ရှိ အတားအဆီးက မည်သည့် အကြောင်းအရင်းကြောင့် ဖြစ်နေပါစေ မိုဝူကျီက ထပ်ကြိုးစား ကြည့်ရန် မလိုလားပေ။ မိုဝူကျီက အဆင့်၆ အင်မော်တယ်ဆေးပင် တစ်ထောင်ကျော် အသုံးပြုပြီးနောက် အဆင့်၆ ဆေးလုံးဘုရင် ဖြစ်လာရန် ကျရှုံးခဲ့သည့် အတွက် ချမ်းသာသော ဆေးလုံးဆရာများမှ လွဲ၍ မည်သည့် ဆေးလုံးဆရာမှ ထပ်၍ ကြိုးစား ကြည့်ကြတော့မည် မဟုတ်ပေ။
သူက အဆင့်၅ ဆေးလုံးဘုရင်အဆင့် ရောက်ရန် အင်မော်တယ် ဆေးပင် သုံးရာလောက်သာ လိုအပ်ခဲ့သော်လည်း အဆင့်၆ အင်မော်တယ်ဆေးပင် တစ်ထောင်ကျော် သုံး၍ ကျရှုံးခဲ့ပေသည်။ အဆင့်၇ ဆေးလုံး ဧကရာဇ် ဖြစ်လာဖို့ရန် အဆင့်၇ ဆေးပင် မည်မျှ လိုအပ် နေမည်နည်း။ အဆင့်၇ ဆေးပင် ထောင်ကျော် အကြောင်း မေ့ထား လိုက်သင့်သည်။ အကြောင်းမှာ အဆင့်၇ အင်မော်တယ်ဆေးပင် တစ်ထောင်မှာ ဂိုဏ်းတစ်ဂိုဏ်းကို မွဲပြာကျသွားစေရန် လုံလောက်ပေသည်။
ထို့အပြင် အဆင့်၅နှင့် အဆင့်၆ ဆေးလုံးဘုရင် ကွာခြားချက်မှာ အဆင့် ၆ နှင့် အဆင့် ၇ ကြားမှ ကွာခြားချက်နှင့် နှိုင်းယှဉ်ကြည့်၍ မရနိုင်ပေ။
မိုဝူကျီက အတွေးများနေကြောင်း သတိပြုမိလိုက်၍ သက်ပြင်းချ လိုက်သည်။ ဆေးလုံးဧကရာဇ်များ နည်းပါးနေသည့် အကြောင်းအရင်းမှာ သူမတွေးမိထားသည့် ဆေးလုံး ဧကရာဇ်အဆင့် တက်လှမ်းဖို့ရာ ခက်ခဲမှုများကြောင့်သာ ဖြစ်လိမ့်မည်။
အနည်းငယ် သန့်ရှင်းပြီးနောက် မိုဝူကျီက သူ့အစီအရင် အတွင်းမှ ထွက်လာလိုက်သည်။
မိုဝူကျီက ထွက်လာသည့်အခါ အံ့အားသင့် မိသွားသည်။ ခန်းမအတွင်း လူနှစ်ရာကျော် ရှိနေရာမှ လူနှစ်ဆယ်ကျော်သာ ကျန်တော့ကြောင်း သိလိုက်ရသည်။
အားလုံး ဘယ်ရောက် သွားကြတာလဲ ...
မိုဝူကျီက စိတ်စွမ်းအား ဖြန့်ကျက် လိုက်သည့်အခါ မြူများက ရှိနေသေးကြောင်း အာရုံခံမိလိုက်သည်။
“စီနီယာအစ်ကိုမို ... ထွက်လာပြီပဲ” သာမာန် တည်ဆောက်ပုံ ခန္ဓာကိုယ် အချိုးအစားဖြင့် သာမာန်လူငယ်လေး တစ်ယောက်က မိုဝူကျီကို သတိပြုမိလိုက်သည်နှင့် လာရောက် နှုတ်ဆက်၏။
မိုဝူကျီက မေးလိုက်သည်။
“အင်မော်တယ် ရောင်းရင်းကျိုး … ဘာလို့ လူနည်းနည်းလေးပဲ ကျန်နေတာလဲ။ အားလုံးရော ဘယ်ရောက် သွားကြတာလဲ”
မိုဝူကျီက ကျိုးယီရှန်းမှာ ယုံရင်အင်မော်တယ် နယ်မြေမှ ကျင့်ကြံသူ ဖြစ်ပြီး အတော်လေး ကောင်းသည့်သူဟု ခံစားမိ၏။ အဆင့်၇ ဆေးပင် အများအပြား ရလိုက်ခြင်းမှာ ကျိုးယီရှန်းက သူ့အတွက် ပြောပေးသောကြောင့် အဓိက ပါဝင်သည်။
“မြူတွေက ခဏလေး ပျောက်သွားသေးတယ်။ လူတွေက မြူတွေ ပျောက်သွားတာ မြင်တော့ အများစုက ထွက်သွားကြတယ်” ကျိုးယီရှန်းက မြန်မြန် ရှင်းပြလိုက်သည်။
“အဲဆို ခင်ဗျားတို့က ဘယ်လိုလုပ် ရှိနေသေးတာလဲ”
မိုဝူကျီက ပို၍ သိချင်သွားသည်။ မုရုန်ရှန်းယွီ ထွက်မသွားသည့် အကြောင်းအရင်းကို နားလည်သော်လည်း ကျန်လူများ ရှိနေသေးသည့် အကြောင်းအရင်း ကိုတော့ နားမလည်တော့ပေ။ မုရုန်ရှန်းယွီတွင် လော့ကျွန်မ်းစာရွက် ခုနှစ်ရွက် ရှိနေသောကြောင့် သူမ တစ်ယောက်တည်း ထွက်မသွားရဲသည်မှာ အဓိပ္ပာယ် ရှိပေသည်။
ကျိုးယီရှန်းက လက်ကာ ပြလိုက်သည့်အခါ ကျန်ရှိနေသော ကျင့်ကြံသူများ စုရုံးလာပြီး …
“ဒါက ယုံရင်အင်မော်တယ် နယ်မြေက ကျင့်ကြံ သူတွေလေ။ တချို့လူတွေက ထိပ်သီးတာအိုဂိုဏ်းက ကွေ့ယီနဲ့ လိုက်သွားကြတာ။ ကျန်တဲ့ သူတွေက ကျုပ်နဲ့အတူတူ နေခဲ့ကြတာ …
ကျုပ်က ခင်ဗျားကို နှုတ်ဆက်ဖို့ စောင့်နေတုန်း မြူတွေက ပြန်ထူလာတာ … မြူတွေက ဆက်ရှိနေတာ ဆိုတော့ ကျုပ်တို့တွေ ထွက်မသွားမိတာ အရမ်းကံကောင်း သွားတယ်။ မဟုတ်ရင် ကျုပ်တို့တွေ ပြန်လာချင်ရင်တောင် ပြန်လာနိုင်မှာ မဟုတ်တော့ဘူး”
မိုဝူကျီက သူ့ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက် သွားသည်။ မုရုန်ရှန်းယွီ ထွက်မသွားသေးသည်မှာ ထွက်မသွားသေးရဲ၍ ဖြစ်ပြီး ကျိုးယီရှန်း ထွက်မသွားသည်မှာ မိုဝူကျိ ထွက်လာသည့်အခါ အဘယ်ကြောင့် လူမရှိနေတော့သည့် အကြောင်းအရင်းကို နားမလည်မှာစိုး၍ ဖြစ်ပေသည်။
မိုဝူကျီက ကျိုးယီရှန်း ပခုံးကို ပုတ်ကာ …
“ကျေးဇူးပဲ ... ညီလေးကျိုးလို လူမျိုးနဲ့ သေချာပေါက် မိတ်ဖွဲ့ရမယ်။ ကျုပ်က စူးခရာ အင်မော်တယ် မြို့ဟောင်းမှာ တျန်းဂျီဆေးစံအိမ်လို့ ခေါ်တဲ့ ဆိုင်လေး ဖွင့်ထားတယ်။
ညီလေးကျိုး အကူအညီ လိုတဲ့အခါကျ ကျုပ်ဆိုင်ကို လာလည်လှည့်ပါ”
မိုဝူကျီ စကားများကို ကြားပြီး ကျိုးယီရှန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ မိုဝူကျီ၏ ဇစ်မြစ်က မည်သို့ပင် ဖြစ်နေပါစေ ကျိုးယီရှန်းက မိုဝူကျီ၏ လုပ်ဆောင်ချက်မှ တစ်ဆင့် ပင်လယ်ပိတာန် အင်မော်တယ် မြို့စားဖြစ်သည့် သူ့ဖခင် ကျိုးချန်းဝေ ကိုယ်တိုင် စူးခရာ အင်မော်တယ် မြို့ဟောင်းသို့ ရောက်လာလျှင်ပင် သူက မိုဝူကျီလောက် ဂုဏ်သတင်း ကြီးမားမည် မဟုတ်ပေ။ မိုဝူကျီကဲ့သို့သော အားကောင်းသည့် လူနှင့် မိတ်ဆွေ ဖွဲ့ထားနိုင်ခြင်းမှာ သူ့အတွက် ဆိုးကျိုးမရှိပေ။
“အားလုံး မစိုးရိမ်ကြနဲ့ ... တခြားသူတွေ ဒီနေရာက ထွက်သွားနိုင်ရင် ကျုပ်လည်း အားလုံးကို ခေါ်ထုတ် သွားနိုင်လိမ့်မယ်။ ဒီနေရာမှာ နေဖို့က ရေရှည် မဟုတ်ဘူးလေ။ ခဏ စစ်ဆေး ကြည့်လိုက်ဦးမယ်” မိုဝူကျီက သူ့ဘေးပတ်လည်မှ လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။
ထိုသို့ ပြောပြီးနောက် မိုဝူကျီက အစီအရင် အဝင်ဝဆီ လျှောက်သွားကာ ကာကွယ်ရေး အစီအရင် မဖွင့်လိုက်ခင် မြူများက နောက်ဆုတ်သွား၏။
မြေပေါ်တွင် အလောင်းတချို့ ရှိနေပြီး သူတို့ အဝတ်အစားများမှ ထိုလူများမှာ သူ အင်မော်တယ် အဆီအနှစ်ကျောက် ခွဲပေးလိုက်သည့် လူများအထဲမှ ဖြစ်ကြောင်း သိလိုက်သည်။
တစ်ခုတည်းသော မူမမှန်မှုမှာ ထိုကျင့်ကြံသူများ၏ လက်စွပ်များ ပျောက်ဆုံးနေခြင်း ဖြစ်၏။
“အစ်ကိုကြီးမို ... မြူတွေက အဲလိုပဲ ... ပြီးရင် ပြန်ရောက် လာလိမ့်မယ် ” ကျိုးယီရှန်းက မိုဝူကျီ ဘေးမှ နေရင်း ရှင်းပြလိုက်သည်။
မိုဝူကျီက သူ့အား မိတ်ဆွေ ဖွဲ့ထားသောကြောင့် မိုဝူကျီကို အစ်ကိုကြီးဟု ချက်ချင်း ခေါ်ဆိုပစ်လိုက်ခြင်း ဖြစ်သည်။ ကြယ်ကိုးလုံး ပါရမီရှင်ကို ကျော်ဖြတ်နိုင်သော သူကို သူ့အစ်ကိုကြီးဟု ခေါ်ဆိုနိုင်ခြင်းမှာ အမှန်ပင် ဂုဏ်ယူဖို့ ကောင်းလှသည်။
“ကျုပ်မရွေ့ဘူး … ကျုပ် မရွေ့ဘူး” ပုံရိပ်တစ်ခုက အဝေးမှ ရောက်လာသည်။
မိုဝူကျီက ဤတစ်ကြိမ် သေချာပြင်ဆင် ထားသောကြောင့် ထိုလူ၏ ကမ္ဘာဦး စိတ်ဝိညာဉ် ပျောက်ဆုံးမသွားခင် မိုဝူကျီက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ကို ကာကွယ် ပေးလိုက်သည်။ လက်ရှိ မိုဝူကျီက သူ့အသက်ဓာတ် လမ်းကြောင်းမှ အသက်ဓာတ်ကို ပို့လွှတ်ပြီး ထိုလူ၏ အသက်လေး တည်ငြိမ်လာအောင် ကူညီပေးနေသည်။
***