← Chapters

လွတ်မြောက်ရန် အစီအစဉ်

Vol. 5 Ch. 57

လွတ်မြောက်ရန် အစီအစဉ်

Vol. 5 Ch. 57

လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်၏ မဟာမိတ် သိုင်းပြိုင်ပွဲကား ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ သို့သော် နောက်တစ်နေ့တွင် ပွဲတော်များ ရှိနေသေးသည်။ ယွင်ရိရန်သည် သိုင်းပြိုင်ပွဲသို့ ကြွရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်တို့အား ဖျော်ဖြေရန် အမျိုးသမီး ကချေသည်တို့ကို ငှားယမ်းထားသည်ဟု ဆိုသည်။ သိုင်းပြိုင်ပွဲတွင် ဖြစ်ပျက်ခဲ့သော အပြောင်းအလဲတို့ အရ အကြီးအကဲ အများစုသည် ယဲ့မိသားစုနှင့် ရန်ဖက်ဖြစ်သော ယွင်မိသားစု အိမ်တော်၌ ကြာကြာ မနေလိုကြပေ။ အများစုက အကြောင်းအမျိုးမျိုး ပြ၍ အဆောတစ်လျင် ထွက်ခွာ သွားကြသည်။

လူအများက သူ့အား ရောဂါပိုး တစ်ခုနှယ် ဖယ်ခွာ နေကြသောကြောင့် ယွင်ရိရန်သည် မချင့်မရဲဖြစ်ကာ ကျန်ခဲ့ရသည်။ တစ်ချိန်က သူသည် ဒုတိယမင်းသား၏ ထောက်ပံ့ပေးမှုဖြင့် တုန်းလင်ပြည်နယ် အတွင်းရှိ ရွှမ်သတ္တုများကို လက်ဝါးကြီး အုပ်နိုင်ခဲ့ပြီး လူအားလုံး၏ လေးစားစွာ ဆက်ဆံခြင်းကိုလည်း ခံခဲ့ရသည်။ လတ်တလော ပြောင်းလဲသွားသော အခြေအနေအပေါ် ယွင်ရိရန်က လုံးဝ နေသားကျ မနေပေ။

“ခြေတစ်လှမ်း မှားသွားတာနဲ့ အကုန်လုံး ယိုယွင်းပျက်စီး ကုန်ရပြီ လီရှုနဲ့ ဘယ်တော့မှ မဆုံနိုင်အောင် အစတည်းက ယဲ့ချန်ကို အသေ သတ်ခဲ့ရမှာ”

ယွင်ရိရန်ကား အလွန်ဒေါသ ထွက်နေသော်ငြား အစစအရာရာက နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ယဲ့မိသားစုအား သူ့အနေနှင့် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ရန် မဖြစ်နိုင် သလောက်သော အနေအထားနှင့် ရင်ဆိုင်နေရသည်။

“ခေါင်းဆောင် ယဲ့ချိန်ရွှမ်းနဲ့ ယဲ့ချန်တို့ မရှိတော့ဘူး ...”

ယွင်မိသားစုမှ အစေခံတစ်ယောက်က အလျင်အမြန် လာရောက် သတင်းပို့သည်။

“သူတို့ကို သေချာ စောင့်ကြည့်ထားပါလို့ ငါ အမိန့်ပေး မထားဘူးလား ... ဒီလောက် လူနှစ်ယောက်လုံးလုံး ထွက်သွားတာတောင် မသိလိုက်ရအောင် မင်းတို့ ဘာလုပ်နေလဲ ...”

ယွင်ရိရန်သည် ဒေါသတကြီးနှင့် အနီးရှိ စားပွဲအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

အစေခံလေးသည် စိတ်ထဲ၌ ငိုကြွေးမိတော့ မတတ် ဖြစ်သွားရသည်။ ယဲ့ချိန်ရွှမ်းနှင့် ယဲ့ချန်တို့ နှစ်ဦးလုံးသည် သူ့ထက် အစွမ်းထက်ကြသော ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုနှစ်ဦးသာ တကယ်တမ်း တိတ်တိတ်လေး ထွက်သွားလိုလျှင် သူ့ကဲ့သို့ အစေခံ ငယ်လေးက မည်သို့သတိထားမိ ပါမည်နည်း။

အစေခံလေးက တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ရှင်းပြလာသည်။

“ယဲ့ချိန်ရွှမ်းနဲ့ သူ့မြေးက အရှေ့ဘက် ခြံဝင်းထဲကို ဝင်သွားတော့ ကျွန်တော်တို့က လိုက်မသွားရဲတော့ဘူး ခြံဝင်း အပြင်ဘက်ကနေပဲ စောင့်နေနိုင်တယ် ကျွန်တော်တို့ စောင့်နေတုန်း ခြံဝင်းထဲကနေ ဘယ်သူမှ ထွက်မသွားတာ သေချာပါတယ် ဒါပေမဲ့ ခဏနေတော့ ဆရာလီရှုရဲ့ နောက်လိုက် လူငယ်လေး ထွက်လာပြီး ကျွန်တော်တို့ကို ပြောတယ် ယဲ့ချိန်ရွှမ်းတို့ နှစ်ယောက် ထွက်သွား ကြပြီတဲ့”

"လီရှု ... လီရှု ... အမြဲတမ်း လီရှုပဲ ...”

ယွင်ရိရန်သည် စိတ်မထိန်းနိုင်ဘဲ စားပွဲအား နောက်တစ်ကြိမ် ထပ်ရိုက်လိုက်မိ၏။ လီရှု၏ အဆင့်အတန်းကြောင့် ယွင်ရိရန်သည် လီရှုအား မည်မျှဒေါသ ထွက်နေပါစေ မျက်နှာချင်းဆိုင် မဖြေရှင်းဝံ့ပေ။ ထို့ကြောင့် ယွင်ရိရန်က ပို၍ ခံပြင်းနေရတာ ဖြစ်သည်။

ယဲ့ချိန်ရွှမ်းနှင့် ယဲ့ချန်တို့အား ယွင်မိသားစု ရဲတိုက် အပြင်ဘက်သို့ ခေါ်သွားပေးသူမှာ လီရှုသာ ဖြစ်ရမည်။ ထို့ပြင် လီရှုကား တစ်ယောက်တည်း မဟုတ်။ ထျန်းချီအဆင့်၉ ကျင့်ကြံသူ သုံးယောက်က လီရှုအား စောင့်ရှောက် ပေးထားရာ ယွင်ရိရန်အဖို့ တားဆီး လိုလျှင်တောင် မလွယ်ကူပေ။ ယွင်ရိရန်သည် ခန်းမထဲ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ စဉ်းစားနေရင်း မျက်လုံးတို့က အေးစက်နေသည်။ ယဲ့မိသားစု လက်ထဲတွင် လီရှုထံမှရရှိသော ကမ္ဘာ့အနှစ်သာရ ဆေးလုံးနှစ်လုံး ရှိနေမည်မှာ သေချာသည်။ ထိုဆေးနှစ်လုံးက ဟာသမဟုတ်ပေ။

ယွင်ရိရန်သည် လီရှုနှင့် ဆွေးနွေး ညှိုနှိုင်းဖို့ လိုလာပြီဟု တွေးမိသည်။ ယခင် အချိန်က ယွင်မိသားစု လက်အောက်ခံ အဖြစ် ရှိနေခဲ့သော မိသားစုများသည် ယခုအခါ ယွင်မိသားစုအား ပစ်ပယ်သွားကြသည်။ နျိုအာနှင့် ယွင်ရိရွှမ်တို့ ရှိနေသေးသော်ငြား ယွင်ရိရန်၏ သံသယ များတတ်သော စရိုက်အရ အတွင်းစိတ်ထဲတွင် သူ့ကိုယ်သူက လွဲ၍ ဘယ်သူ့ကိုမှ မယုံကြည်ပေ။

***

ကြမ်းတမ်းသော တောင်တက်တောင်ဆင်း လမ်းတို့အား ကျော်ဖြတ်ပြီးနောက် ညီညာသော မြေပြန့်လမ်းသို့ တစ်ဖန် ရောက်ရှိလာသည်။

“ခေါင်းဆောင်ဟောင်းယဲ့ ယဲ့မိသားစု ရဲတိုက်နဲ့က သိပ်မဝေးတော့ဘူး ယွင်မိသားစုက လူတွေလည်း လိုက်မလာနိုင် လောက်တော့ဘူး ဒီနေရာကစပြီး ကျုပ်တို့ လမ်းခွဲကြတာပေါ့”

လီရှုသည် ယဲ့ချန်နှင့် ယဲ့ချိန်ရွှမ်းတို့အား စောင့်ကြပ်လျက် လိုက်ပါ ပို့ဆောင်ရန် ထျန်းချီအဆင့်၉ ကျင့်ကြံသူ နှစ်ဦးအား တာဝန်ပေးခဲ့သည်။

“ကျေးဇူးပြုပြီး ဆရာလီကို ကျုပ်က အတိုင်းမသိ ကျေးဇူးတင်တဲ့ အကြောင်း ပြောပေးပါ”

ယဲ့ချိန်ရွှမ်းက လေးနက်စွာ ဦးညွှတ်ရင်း ပြောသည်။

“ကောင်းပြီ ခင်ဗျားတို့ နှစ်ယောက်လည်း လမ်းခရီးမှာ ဘေးကင်းဖို့ ဂရုစိုက်ပါ”

ထို့နောက်တွင် ကျင့်ကြံသူ နှစ်ယောက်တို့သည် လက်နှစ်ဖက် ဆုပ်လျက် နှုတ်ဆက်ပြီးနောက် ထွက်ခွာ သွားကြသည်။

ယဲ့ချိန်ရွှမ်းသည် ဘေးတွင် ရပ်နေသော မြေးဖြစ်သူအား ဂုဏ်ယူစွာ ကြည့်ရင်း တွေးမိသည်။ ဆရာလီကား ချန်အာအား အလွန် နှစ်သက်ပုံ ရလေသည်။ ယွင်မိသားစုတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာ တို့အား ပြန်တွေးမိရုံနှင့် ယဲ့ချိန်ရွှမ်းသည် ပျော်ရွှင်မှုကြောင့် လေထဲ၌ လွင့်မျောချင်လာ သလိုလိုတောင် ဖြစ်ရ၏။ ယဲ့မိသားစုသည် ယွင်မိသားစု၏ အနိုင်ကျင့် ဗိုလ်ကျမှုတို့အား ရာစုနှစ် တစ်ခုခန့် ကြာသည်အထိ အံကြိတ်သည်းခံ ခဲ့ရသည်။ လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင် ထဲတွင်လည်း တစ်ခါမှ မျက်နှာပန်း မလှခဲ့ရပေ။ အချိန်အကြာကြီး ရှိခဲ့ပြီးနောက် ယခု ယဲ့မိသားစုကား ပြန်လည် ဦးမော့နိုင်ခဲ့ပြီ ဖြစ်သည်။

“ချန်အာ ... ဆရာလီနဲ့ နှစ်ယောက်တည်း သွားတွေ့တုန်းက ဘာတွေ ပြောဖြစ်ကြလဲ ...”

ယဲ့ချိန်ရွှမ်းက မေးသည်။

“သူပြောတာက ... ယွင်မိသားစုနဲ့ ပြဿနာတွေ အကုန်လုံး ဖြေရှင်းပြီးသွားရင် ကျွန်တော့်ကို လာခေါ်ဖို့ လူလွှတ်လိုက်မယ်တဲ့ ကျွန်တော့်အထင် နှစ်ဝက်လောက်တော့ အချိန်ယူ ရလိမ့်မယ် ပြီးတော့ ဆရာလီက ဆေးတချို့လည်း လက်ဆောင် ပေးခဲ့တယ်”

ယခုဆိုလျှင် ယဲ့ချန်၏ ကောင်းကင် ပထဝီအိတ်သည် အမွေးပွလေး ခိုးလာခဲ့သော ဆေးများအပါအဝင် လီရှုပေးခဲ့သော ဆေးတို့ဖြင့် ပြည့်နှက် နေတော့သည်။ ထိုဆေးလုံးတို့က ယဲ့ချန်အတွက် အသုံးမဝင် လှသော်လည်း ယဲ့မိသားစု အတွက်မူ များစွာတန်ဖိုး ရှိပေသည်။

"ကမ္ဘာ့အနှစ်သာရ ဆေးလုံး နှစ်လုံးလား ...”

ယဲ့ချိန်ရွှမ်းက ပြုံးလျက်မေးသည်။

ထိုဆေးလုံး နှစ်လုံး၏ အကူအညီဖြင့် ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်း နှစ်ဦးလုံး ထျန်းချီအဆင့်၉ ထိပ်ဆုံးဆင့်သို့ တက်လှမ်းနိုင်ပေ လိမ့်မည်။ လွန်ခဲ့သော တစ်လခန့်က ဆိုလျှင် ယဲ့ချိန်ရွှမ်းသည် ထိုကဲ့သော အဆင့်မြင့် ဆေးလုံးမျိုး ရရှိနိုင်ရန် စိတ်ပင်ကူးဝံ့မည် မဟုတ်ပေ။ ယခုတော့ ထိုဆေးလုံးမျိုးကို ယဲ့ချန်၏ စွမ်းဆောင်မှုကြောင့် ရရှိခဲ့ရသည်။

"အင်း အဲဒါအပြင် ဆရာလီက တခြား ဆေးလုံးတွေလည်း ပေးခဲ့သေးတယ်”

ယဲ့ချန်က ပြောသည်။

“ကမ္ဘာ့အနှစ်သာရ ဆေးလုံးအပြင် ဘာတွေ ပေးခဲ့သေးလို့လဲ ...”

ယဲ့ချိန်ရွှမ်းသည် သိလိုစိတ်ကြောင့် မျက်ခုံးများ ပင့်မိသွားရ၏။

“ဆရာလီက ကမ္ဘာ့အနှစ်သာရ ဆေးလုံး စုစုပေါင်း ငါးလုံးပေးခဲ့တဲ့ အပြင် ခြင်ဆီသန့်စင် ဆေးလုံးနှစ်လုံး၊ မိုးကြိုးအနှစ်သာရ ဆေးလုံး ဆယ်လုံးနဲ့ ချီအဆီအနှစ် ဆေးလုံး အလုံးနှစ်ဆယ် ပေးခဲ့တယ်”

ယဲ့ချန်က အားလုံးကို ရေတွက်ပြ လိုက်သည်။

ယဲ့ချိန်ရွှမ်းသည် ပြောရန်ပြင်နေသည့် စကားတို့ပင် လည်ချောင်းဝ၌ တစ်ဆို့သွားပြီး ယဲ့ချန်ကိုသာ ကြောင်အလျက် ကြည့်နေမိတော့သည်။ ချီအဆီအနှစ် ဆေးလုံးများ အကြောင်း ပြောရလျှင် သူသည် ယဲ့ချန်ထံမှ အလုံးငါးဆယ်ကျော် ရထားဖူးရာ အများကြီး မတုန်လှုပ်မိ။ သို့သော် ကျန်ဆေးလုံး များကမူ သူ့အား အကြီးအကျယ် ထိတ်လန့်စေသည်။ မိုးကြိုး အနှစ်သာရ ဆေးလုံးသည် ကမ္ဘာ့အနှစ်သာရ ဆေးလုံးထက် စာလျှင် တုန်းလင် ပြည်နယ်၌ ပိုလူသိများသည်။ ၎င်းဆေးလုံးတို့က မိုးကြိုးသဘာဝ ရှိခြင်းကြောင့် မိုးကြိုးထျန်းချီ ကျင့်စဉ် ကျင့်ကြံသူများ အတွက် အထူး အသုံးဝင်သည်။ ယဲ့မိသားစုဝင်များ အားလုံးသည် မိုးကြိုးထျန်းချီ ကျင့်စဉ်ကို ကျင့်ကြံကြရာ အံကိုက်ပါပင်။

ထို့ပြင် အဓိက အချက်အနေနှင့် လီရှုပေးခဲ့သော ဆေးလုံးများထဲတွင် တန်ဖိုး အကြီးဆုံးမှာ ကမ္ဘာ့အနှစ်သာရ ဆေးလုံး ငါးလုံးနှင့် ခြင်ဆီ သန့်စင်ဆေးလုံး နှစ်လုံးတို့ ဖြစ်ပေသည်။ ထိုဆေးလုံးများ၏ တန်ဖိုးကို တွေးကြည့်ရုံနှင့် ယဲ့ချိန်ရွှမ်းမှာ အသက်ရှူ မဝချင်သလို ဖြစ်လာရသည်။

ခြင်ဆီသန့်စင် ဆေးလုံးနှစ်လုံး၏ အကူအညီဖြင့် ယဲ့မိသားစု၌ လူငယ်ပါရမီရှင် နှစ်ဦး ပေါ်ထွက်လာနိုင်ပြီး ကမ္ဘာ့အနှစ်သာရ ဆေးလုံး ငါးလုံးကတော့ ထျန်းချီအဆင့်၉ အလယ်အလတ်ဆင့် ကျင့်ကြံသူ နှစ်ယောက် သို့မဟုတ် သုံးယောက်ခန့် အသာလေး မွေးထုတ်ပေး နိုင်ပေသည်။

စိတ်တည်ငြိမ်စေရန် အတန်ကြာ အချိန်ယူ လိုက်ရပြီးမှ ယဲ့ချိန်ရွှမ်းမှာ စကားပြော နိုင်တော့သည်။

“အဘိုးတို့လို ဆင်းရဲ၊ သေးငယ်ပြီးတော့ နန်းမြို့တော်နဲ့ ဝေးကွာတဲ့ ပြည်နယ်လေးက မိသားစုတစ်ခုက ဆရာရွှမ်းယီရဲ့ ကြွယ်ဝမှုကို လုံးဝ မယှဉ်နိုင်ဘူး ဆိုတာ အသေအချာကို နားလည်လိုက် ရပြီ”

“အချိန်လည်း မစောတော့ဘူး အိမ်ကိုအရင် ပြန်ရအောင် အဘိုး”

ယဲ့ချန်သည် တစ်စုံတစ်ရာ အနှောင့်အယှက် ကြုံတွေ့ရမည်ကို မလိုလားသောကြောင့် အိမ်သို့ အရင်ပြန်ရန်သာ ဆန္ဒစောနေသည်။

“ဟုတ်ပြီ ဟုတ်ပြီ အိမ်ကိုအရင် ပြန်ကြတာပေါ့”

နှစ်ဦးသားသည် ယဲ့မိသားစုရဲတိုက် ရှိရာသို့ ခပ်သုတ်သုတ် ပြန်လာခဲ့ကြသည်။ ရောက်ရန် နီးလာလေလေ သူတို့က စိတ်လှုပ်ရှား လာရလေလေ ဖြစ်ကာ သတင်းကောင်းအား မိသားစုဝင်များနှင့် မျှဝေရန် မစောင့်နိုင်တော့ပေ။

ယဲ့မိသားစု၌။

မွန်းတည့် ‘နေ’ သည် ယဲ့မိသားစု ပင်မရဲတိုက်နှင့် အခြား အဆောက်အဦများ ပေါ်၌ တောက်ပစွာ ထွန်းလင်းနေသည်။

ယဲ့ကျန့်ထျန်း ဦးဆောင်သော မိသားစု၏ စွမ်းအားမြင့် ကျင့်ကြံသူများသည် အနည်းငယ်မျှပင် သတိမလွတ် စေရပဲ ရဲတိုက်ပတ်လည်အား စောင့်ကြပ်လျက် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ် အမျိုးမျိုးအတွက် အသင့်ပြင် ထားကြသည်။

“ဦးလေးနဲ့ ချန်အာတို့ ဘယ်အချိန်လောက် ပြန်လာကြမလဲ မသိဘူး”

ယဲ့ကျန့်လုံသည် ဆက်လက်၍ စိတ်အေးအေး မထားနိုင်တော့ သောကြောင့် ပါးစပ်မှထုတ်ကာ ညည်းညူ လိုက်မိသည်။ မည်သို့ပင်ဆိုစေ ယဲ့ချိန်ရွှမ်းနှင့် ယဲ့ချန်တို့သည် ကျားခံတွင်းထဲသို့ လက်နက်မပါဘဲ ဝင်သွားရသည့် ယုန်သူငယ်များ သဖွယ် ဖြစ်နေလေရာ ယဲ့ကျန့်လုံက စိတ်မပူဘဲ မနေနိုင်ပါချေ။

“စိတ်အေးအေးထားပါ ဦးလေးက ထျန်းချီအဆင့်၉ အလယ်အလတ်ဆင့်က ကျင့်ကြံသူ၊ ယွင်ရိရန်ကိုယ်တိုင် လှုပ်ရှား မလာသေးသ၍ ချန်အာ့အတွက် ဘေးကင်းတယ်”

“ဘယ်လိုပဲ ဖြစ်ဖြစ် ယွင်မိသားစုမှာက ကျွမ်းကျင်သူတွေ အများကြီးပဲ တကယ်လို့ လူအင်အား အများကြီးနဲ့ ဦးလေးကို ဖိအားပေးလာမယ် ဆိုရင် ချန်အာ ဘယ်လို လုပ်မှာလဲ ...”

ယဲ့ညီအကိုတို့သည် တစ်ယောက်နှင့် တစ်ယောက် ငြင်းခုံ နေကြသော်လည်း တကယ်တမ်းတွင် တတ်နိုင်တာ ဘာမှမရှိကြပေ။ ယဲ့ချိန်ရွှမ်းတို့ ဘေးကင်းကင်းနှင့် ပြန်လာမည့် အချိန်အား စောင့်နေရန်သာ တတ်နိုင်ကြသည်။

ထိုအချိန်တွင်ပဲ ယဲ့မိသားစု ရဲတိုက်ရှိ အချက်ပေး ခေါင်းလောင်းသံများ အဆက်မပြတ် ထွက်ပေါ်လာသောကြောင့် အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ယဲ့ကျန့်ထျန်း အပါအဝင် ခန်းမထဲတွင် ထိုင်နေသူတို့၏ မျက်နှာ အမူအရာများ ပြောင်းလဲ သွားကြသည်။

“ငါတို့ တိုက်ခိုက်ခံ နေရပြီ”

အနက်ရောင် ဝတ်စုံများ ဝတ်ဆင် ထားကြသော လူရိပ်များသည် ယဲ့မိသားစု ရဲတိုက်အတွင်းသို့ စီးနင်းဝင်ရောက် လာကြ၏။ ၎င်းတို့အား ဦးဆောင်လာသူမှာ ယွင်ရိရွှမ် ဖြစ်သည်။

“ရဲတိုက်ထဲမှာ ရှိသမျှ ယောက်ျားတိုင်း၊ မိန်းမတိုင်းကိုသတ် ... တစ်ယောက်မှ အသက် မရှင်စေနဲ့ ...”

ယွင်ရိရွှမ်၏ အမူအရာသည် အေးစက်နေပြီး သက်ညှာမှု ကင်းမဲ့စွာ အမိန့်ပေးသည်။ သူသည် လက်တစ်ဖက်၌ ချီထုထည် ဖြစ်တည်ခြင်း / ကောင်းကင် ရိုက်ချက်အား ထုတ်ဖော်လျက် ဝှေ့ယမ်းလိုက်လျှင် ယဲ့မိသားစုမှ အစောင့်အများအပြား လွင့်ပျံ ထွက်သွားကြသည်။

“လေးသမားတွေကို အရင်ရှင်းလိုက် ...”

“ဟုတ်ကဲ့ ...”

အေးစက်စက် အငွေ့အသက်များ လွှမ်းခြုံနေသော ဝတ်ရုံနက်တို့သည် အလွန် လျင်မြန်စွာဖြင့် ရဲတိုက် တစ်ခုလုံးအား ဖြန့်ကြက်လျက် အညှာအတာမဲ့ သတ်ဖြတ်ခြင်းကို စတင်ကြသည်။

"ယွင်ရိရန် ယဲ့မိသားစု ရဲတိုက်က မင်းအတွက် ပျော်ပါးဖို့နေရာ မဟုတ်ဘူး ...”

ယဲ့ကျန့်ထျန်းသည် ဒေါသထွက်လွန်း၍ အသားများပင် တဆတ်ဆတ် တုန်လာရပြီး ယွင်ရိရန်ထံသို့ ခုန်ဝင်ကာ စတင် တိုက်ခိုက်တော့သည်။ ကမ္ဘာဦးမိုးကြိုး နတ်ဘုရား ကျင့်စဉ်အား အသက်သွင်း လိုက်သောကြောင့် ရွှေရောင် အလင်းဖျော့ဖျော့က သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ယွင်ရိရွှမ်ကလည်း တုံ့ဆိုင်းခြင်း အလျှင်းမရှိဘဲ အစစ်အမှန် ယန်ဝိရောဓိ ပညာရပ်ကို ထုတ်ဖော်ကာ ယဲ့ကျန့်ထျန်းနှင့် ရင်ဆိုင်လိုက်သည်။

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့် အတူ ကျောက်တုံး အပိုင်းအစများက နေရာအနှံ့သို့ ပြန့်ကျဲ လွင့်စဉ်သွားသည်။ ကြီးမားသော အက်ကြောင်းကြီး တစ်ခုက တိုက်ပွဲဖြစ်ရာ နေရာတွင် ကျန်ရစ်ခဲ့သည်။ ထျန်းချီအဆင့်၉ ကျင့်ကြံသူများကြားမှ တိုက်ပွဲကား ပြင်းထန် လှပေသည်။

***

All Chapters