← Chapters

သေဆုံးခြင်း မြစ်ကမ်းပါးနှင့် လက်တစ်ကမ်း အလို

Vol. 5 Ch. 58

သေဆုံးခြင်း မြစ်ကမ်းပါးနှင့် လက်တစ်ကမ်း အလို

Vol. 5 Ch. 58

ယွင်ရိရွှမ် အနောက်ဘက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။ သူက မယုံနိုင်စွာ ကြောင်အနေ၏။ ယဲ့ကျန့်ထျန်းသည် ထျန်းချီအဆင့်၉သို့ ရောက်ရှိသည်မှာ မကြာသေးသည့်တိုင် သူ့ကိုပင် နောက်ဆုတ် သွားရအောင် သန်မာနေသည်။ မည်သို့ဖြစ်နိုင် ပါမည်နည်း။

“ယဲ့ကျန့်ထျန်း ဒီနေ့ ယဲ့မိသားစုက လူတွေအားလုံး သေကိုသေရမယ် တစ်ယောက်မှ အသက်ရှင်ဖို့ စိတ်မကူးနဲ့ ငါခေါ်လာသမျှ လူတွေက အတော်ဆုံး သတ်ဖြတ်သူတွေချည်းပဲ မင်းတို့မိသားစု အတွက် ကံကြမ္မာဆိုးကိုသာ စောင့်မျှော် နေလိုက်တော့ ...”

ယွင်ရိရွှမ်က စိတ်လှုပ်ရှားစွာ ပြောသည်။

ယဲ့ကျန့်ထျန်းသည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားရ၏။ ယွင်ရိရွှမ်သည် အဆင့်မြင့် ကျင့်ကြံသူ အများအပြားအား ခေါ်ဆောင် လာနိုင်မည်ဟု ထင်မထားခဲ့ပေ။ ယဲ့ချိန်ရွှမ်းသာ အချိန်မီ ပြန်ရောက်မလာပါက ယဲ့မိသားစု တစ်ခုလုံး သေကျေပျက်စီး ရပေလိမ့်မည်။

“ယဲ့ချိန်ရွှမ်းနဲ့ မင်းရဲ့သား အကြောင်းကိုတော့ မေ့ထားလိုက်တော့ ... သူတို့နှစ်ယောက်လုံး ယွင်မိသားစု ရဲတိုက်မှာ ပုပ်သိုးဆွေးမြည့် နေလောက်ပြီ ... ဘယ်တော့မှ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး ...”

ယွင်ရိရွှမ်သည် ရူးသွပ်နေ သကဲ့သို့ ရယ်မောရင်း ဆိုလေသည်။

ထိုစကားအား ကြားသော် ယဲ့ကျန့်ထျန်း မျက်နှာပျက်သွား၏။ အလွန်တရာ ထိတ်လန့်သွားမှုအား မျက်နှာတွင် မပေါ်အောင် မနည်း ထိန်းလိုက်ရသည်။

‘ဦးလေးနဲ့ ချန်အာတို့ သေပြီတဲ့လား ...’

ချန်အာကား အလွန် ငယ်ရွယ်သေးကာ တလက်လက် တောက်ပနေသော အနာဂတ်အား ပိုင်ဆိုင်ထားသည့် ပါရမီရှင် လူငယ်လေး ဖြစ်သည်။ ဘယ်လိုဖြစ်ပြီး ချန်အာက ... ။

သားဖြစ်သူအတွက် ယူကျုံးမရ ဖြစ်ရမှုကြောင့် ယဲ့ကျန့်ထျန်းသည် ရှုပ်ထွေးလာသော စိတ်ခံစားချက်တို့အား ထိန်းချုပ် မထားနိုင်တော့ပေ။

ယဲ့ကျန့်ထျန်း ခဏတာ စိတ်လွတ်သွားသည်ကို အခွင့်ကောင်းယူကာ ယွင်ရိရွှမ်သည် အစစ်အမှန် ယန်ဝိရောဓိ ပညာရပ်ဖြင့် အလစ်အငိုက် တိုက်ခိုက်လာသည်။

“ယဲ့မိသားစု တစ်ခုလုံး ဒီနေ့ သေကျေ ပျက်စီးရမယ် ဆိုရင်တောင် ငါက မင်းတို့ အားလုံးကို အပါခေါ်သွားမယ် ကောင်းကင်ဘုံက ချန်အာရဲ့ စိတ်ဝိညာဉ်ကို ကျေနပ်စေရမယ် ...”

ယဲ့ကျန့်ထျန်းသည် မုန်ယိုနေသော ဆင်တစ်ကောင် ကဲ့သို့ ဒေါသတို့ ထိန်းမရတော့ဘဲ မျက်လုံးများပါ နီရဲလာသည်။ သူက တစ်ကိုယ်လုံးရှိ ထျန်းချီတို့အား လှည့်လည်လိုက်လျှင် ပြင်းထန်လှသော မိုးကြိုး စွမ်းအင်များသည် တိုက်ပွဲ ဧရိယာတစ်ဝိုက် ဖုံးလွှမ်းသွားပြီး ယဲ့ကျန့်ထျန်း၏ ခန္ဓာကိုယ် တစ်ခုလုံးကိုပါ ဖုံးလွှမ်းသွားသည်။

ယဲ့ကျန့်ထျန်းထံမှ ထုတ်လွှတ်နေသော ဖိအားကား သေလောက်အောင် ပြင်းထန်ပေသည်။ ယဲ့ချန်တို့ မြေးအဘိုး သေဆုံးသွားပြီ ဖြစ်ကြောင်း ကြားရသည့်အခါ ယဲ့ကျန့်ထျန်း တစ်ယောက် စိတ်ပျက် အားလျော့သွားပြီး သတိလက်လွတ် ဖြစ်သွားမည်ဟု ယွင်ရိရွှမ်က ထင်ခဲ့သော်လည်း တကယ်တမ်းတွင် ယဲ့ကျန့်ထျန်းသည် လက်စားချေလို စိတ်ဖြင့် သူသေကိုယ်သေ တိုက်ခိုက်တော့မည့် အလား ပိုလို့ပင် စွမ်းအား ကြီးလာ၏။

ယွင်ရိရွှမ်၏ အစစ်အမှန် ယန်ဝိရောဓိ လက်ဝါးချက်ပင် မရောက်သေးခင် ယဲ့ကျန့်ထျန်းသည် ဒေါသတကြီးဖြင့် ယွင်ရိရွှမ်ထံသို့ ပြေးဝင် လာလေသည်။

ဘန်း ...

အားကောင်းလှသော ထျန်းချီ လှိုင်းလုံးကြီးသည် ယွင်ရိရွှမ်ထံ ရိုက်ခတ်လာပြီး သူ့အား အနောက်ဘက် ပေပေါင်းများစွာသို့ လွင့်စဉ် သွားစေသည်။ ယဲ့ကျန့်ထျန်းက လေအရိပ် လက်သည်းကို အစွမ်းကုန် အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အကိုနျို ... ကျုပ်ကို လာကူပါဦး ... ယဲ့ကျန့်ထျန်းကို အတူတူ အပြတ်ရှင်း ရအောင် ...”

ယွင်ရိရွှမ်သည် ယဲ့ကျန့်ထျန်း၏ တိုက်ခိုက်မှု အောက်တွင် ဆက်လက်၍ တောင့်ခံ မထားနိုင်တော့ကြောင့် အကူအညီ လှမ်းတောင်းလေသည်။

“ယွင်ရိရွှမ် ... ထျန်းချီအဆင့်၉ ကျင့်ကြံသူတိုင်းကို မင်း အမြဲ မနိုင်နိုင်ဘူး ဆိုတာ နောက်ဆုံးတော့ နားလည်သွားပြီပေါ့”

သိပ်မဝေးသော နေရာတွင် ယဲ့ကျန့်လုံနှင့် အခြားသူတို့အား တိုက်ခိုက်နေသော ဗလတောင့်တောင့် လူတစ်ယောက်သည် ယွင်ရိရွှမ်အနားသို့ မျက်စိတစ်မှိတ်စာ အချိန်အတွင်း ရောက်လာကာ ဆိုသည်။ ထိုလူ၏ လှုပ်ရှားမှုများက ကျားသစ် တစ်ကောင်ကဲ့သို့ ပေါ့ပါး ဖျတ်လတ်လှသည်။

မလွယ်ကူသော ပြိုင်ဘက် နှစ်ယောက်နှင့် တစ်ပြိုင်နက် ရင်ဆိုင်လာ ရချိန်တွင် ယဲ့ကျန့်ထျန်းအဖို့ စတင် ခက်ခဲလာသည်။

တစ်ဖက်၌ ယဲ့ကျန့်လုံသည် ထျန်းချီအဆင့်၈ ဝတ်ရုံနက်များနှင့် ရင်ဆိုင်နေရသည်။ ယဲ့မိသားစုမှ အဆင့်မြင့် ကျင့်ကြံသူများသည်လည်း ထိုနေရာတွင်ပင် အခြား ဝတ်ရုံနက်များနှင့် တိုက်ခိုက်နေကြသည်။ ယဲ့ကျန့်လုံသည် တိုက်ခိုက်နေရင်းမှ ယဲ့ကျန့်ထျန်းအား စိုးရိမ်စွာ လှမ်းကြည့်သည်။ သူ့ အစ်ကိုကြီးက မည်မျှ အစွမ်းထက် ပါစေဦး ထျန်းချီအဆင့်၉ ကျင့်ကြံသူ နှစ်ယောက်အား တစ်ပြိုင်နက် မတိုက်ခိုက်နိုင် သည်ကို ယဲ့ကျန့်လုံ သိသည်။ သို့သော် တစ်ချိန်တည်းတွင်ပဲ သူနှင့်အဖွဲ့ သည်လည်း ဝတ်ရုံနက်များ၏ ဝိုင်းရံခြင်းကို ခံထားရပြီး ထွက်ပေါက်မရှိပေ။

ထျန်းချီ အဆင့်၉နှင့် အဆင့်၈ ကျင့်ကြံသူများ အပြင် ယွင်ရိရွှမ်သည် ထျန်းချီအဆင့်၇ ကျင့်ကြံသူ များကိုလည်း ခေါ်လာခဲ့သေးသည်။ ထိုထျန်းချီအဆင့်၇ ကျင့်ကြံသူများသည် ယဲ့မိသားစု၏ လူငယ်လေးတို့အား လိုက်လံ သတ်ဖြတ်နေကြသည်။ ယဲ့မိသားစု၏ လူငယ်မျိုးဆက် ထဲတွင် ယဲ့ချန်အား ဖယ်လိုက်လျှင် အထူးချွန်ဆုံး သူပင် ထျန်းချီ အဆင့်၆သာ ရှိကြသေးသည်။ ထျန်းချီအဆင့်၇ ကျင့်ကြံသူများ၏ တိုက်ခိုက်မှုအား မည်သို့ခုခံနိုင်ပါ မည်နည်း။ လူငယ်လေးများထဲမှ တစ်ယောက်သည် ထျန်းချီအဆင့်၇ ဝတ်ရုံနက် သုံးယောက်၏ ဝိုင်းဝန်းတိုက်ခိုက်မှု အောက်တွင် အသက်မျော့မျော့သာ ကျန်တော့သည်။ ယဲ့လော့သည် လျှို့ဝှက်ပညာရပ် တစ်ခုကို အသုံးပြုလိုက်ပုံ ရပြီး ထျန်းချီအဆင့်၇ သို့ ယာယီ စွမ်းအင် တိုးမြှင့်ကာ ထျန်းချီအဆင့်၇ ဝတ်ရုံနက် နှစ်ယောက်အား ခုခံတိုက်ခိုက် နေသည်။ ဤအခြေအနေ အတိုင်းသာ ဆက်သွားပါက ယဲ့မိသားစုကား အလွန် အထိနာ သွားရပေတော့မည်။

အခြား အားနည်းသော မိသားစုဝင်များသည် တိုက်ပွဲအတွင်း ပါဝင်ရန်ပင် မတတ်နိုင်ကြပေ။ အဆင့်မြင့် ကျင့်ကြံသူများ၏ တိုက်ပွဲထံမှ ပျံ့လွင့်လာသော အားလှိုင်းများနှင့်တင် ထိုလူများမှာ ထိတ်လန့်ကာ ပြေးလွှား နေရသည်။

“ဝှစ် ... ဝှစ် ... ဝှစ်”

မြားတံများသည် ယွင်ရိရွှမ်နှင့် သူ့လူများရှိရာသို့ အဆက်မပြတ် ကျရောက်လာသည်။ ပရမ်းပတာ ဖြစ်နေသော အခြေအနေကြောင့် လေးသမားများသည် အစပိုင်း၌ အရမ်းကာရော မလှုပ်ရှားရဲခဲ့ပေ။ ယဲ့မိသားစုဝင် အချင်းချင်း မှားယွင်း ပစ်ခတ်မိမည် စိုးသောကြောင့် နှောင့်နှေး နေရသည်။

“ဘန်း ...”

ယဲ့ကျန့်ထျန်းသည် နျိုအာ၏ လက်ဝါးချက် ထိမှန်သွားသောကြောင့် ဒူးထောက် ကျသွားပြီး သွေးတစ်ပွက် အန်လိုက်ရသည်။

“ငရဲကိုသွားဖို့ ပြင်ထားလိုက်တော့ ယဲ့ကျန့်ထျန်း ...”

ယွင်ရိရွှမ်သည် စိတ်လွတ်နေ သကဲ့သို့ ရယ်မောလိုက်ပြီး ယဲ့ကျန့်ထျန်း၏ ကျရှုံးခန်းအား အလွန်ကျေနပ်နေဟန် ရသည်။

ယဲ့ကျန့်ထျန်းမှာ စတင်၍ မူးဝေနေပြီ ဖြစ်သည်။ မိုးကြိုးအင်ပါယာ ကျင့်စဉ်၏ စွမ်းအားကြောင့်သာ မဟုတ်ပါက သူ ရှုံးနိမ့်နေသည်မှာ ကြာချေပြီ။ အဆုံးထိ ကြိုးစားခဲ့သည့်တိုင် နျိုအာနှင့် ယွင်ရိရွှမ်တို့အား အချိန်ဆွဲထားရန်သာ တတ်နိုင်ခဲ့သည်။ အသက်ပေး၍ တိုက်ခိုက်နေကြသော မိသားစုဝင်များအား ကြည့်ရင်း ယဲ့ကျန့်ထျန်းသည် ဤအချိန်၌ သူ ကျရှုံး၍ မဖြစ်သေးကြောင်း စိတ်ထဲတွင် အော်ဟစ်နေမိသည်။ သူသာ အရှုံးပေးလိုက်လျှင် ယဲ့မိသားစု တစ်ခုလုံး အဖတ်ဆယ်၍ ရတော့မည် မဟုတ်ပေ။

ယဲ့ကျန့်ထျန်းသည် လက်ရှိတွင် မိသားစုခေါင်းဆောင် မဟုတ်တော့သော်ငြား မိသားစု တစ်ခုလုံး၏ အားထားရာ ဖြစ်နေသေးသည်။ ထို့ပြင် မိသားစုခေါင်းဆောင် ဖြစ်သော ယဲ့ချန်နှင့် ယဲ့ချိန်ရွှမ်းတို့လည်း သေဆုံးသွားပြီ ဖြစ်ရာ မိသားစု၏ အနာဂတ်က ယဲ့ကျန့်ထျန်းအပေါ် မူတည်နေသည်။

သူကိုယ်တိုင် သေရမည် ဆိုလျှင်တောင် ယဲ့ကျန့်ထျန်းသည် မိသားစုအတွက် ဘာမဆို လုပ်နိုင်ပေသည်။ မဟုတ်ပါက သေလွန် သွားပြီးသည့်အခါ ယဲ့မိသားစု၏ အစဉ်အဆက် ဘိုးဘေးကြီးများအား မျက်နှာပြဝံ့တော့မည် မဟုတ်ပေ။

ရရှိထားသော ဒဏ်ရာများအား ဂရုမစိုက်ဘဲ ယဲ့ကျန့်ထျန်းသည် ပိုမိုများပြားသော ထျန်းချီများကို စုစည်းလိုက်ပြီး ကျားနာ တစ်ကောင်ကဲ့သို့ ယွင်ရိရွှမ်နှင့် နျိုအာတို့ထံ ပြေးဝင် တိုက်ခိုက်တော့သည်။

“တော်တော် ခေါင်းမာတဲ့လူ ... ဒီအချိန် ရောက်တာတောင် လက်မလျှော့ချင်ဘူး”

နျိုအာက ခေါင်းယမ်းလျက် ရေရွတ်သည်။

“တိုက်ပွဲတိုင်းမှာ ငါ့ရဲ့ ပြိုင်ဘက်တွေက ခေါင်းမာကြတယ် ဒါပေမဲ့လည်း နောက်ဆုံးကျတော့ ငါ့လက်ထဲမှာပဲ သေသွားရတာပါပဲ မင်း ဘယ်အချိန်ထိ တောင့်ခံနိုင်မလဲ ဆိုတာ ကြည့်ကြတာပေါ့ ...”

ထိုအချိန်တွင် ယဲ့ချိန်ရွှမ်းနှင့် ယဲ့ချန်တို့သည် ယဲ့မိသားစု ရဲတိုက်ဆီသို့ အမြန်ပြေးလာ နေကြသည်။ ရဲတိုက်ဆီမှ အချက်ပေး ခေါင်းလောင်းသံက အဆက်မပြတ် ထွက်ပေါ်နေသည်။ ထို့ကြောင့် နှစ်ဦးသားသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြပြီး ပြေးနေသော အရှိန်အား တင်လိုက်ကြ၏။

“ချန်အာ ... ခေါင်းလောင်းသံ ကြားရလား ... ရဲတိုက်ကို တိုက်ခိုက်ခံ နေရပြီ ...”

ယဲ့ချိန်ရွှမ်းသည် ပြေးလွှားနေရင်းမှ စိုးရိမ်တကြီး ပြော၏။

ယဲ့ချန်သည်လည်း မျက်နှာပျက်နေပြီ ဖြစ်သည်။ သူက စကားအများကြီး ပြောမနေတော့ပဲ ပြေးနေသော အရှိန်ကိုသာ အမြင့်ဆုံးအထိ မြှင့်တင်လိုက်သည်။ ရဲတိုက်၌ ကျန်ရစ်ခဲ့သူ များထဲတွင် သူ့အဖေ တစ်ယောက်သာ ထျန်းချီအဆင့်၉ ကျင့်ကြံသူဖြစ်သည်။ ယွင်မိသားစု၌ ယွင်ရိရန်နှင့် ယွင်ရိရွှမ်တို့ တီးတိုး ဆိုနေကြသော စကားများကို ပြန်ကြားယောင်မိသော် ယဲ့ချန် ပိုလို့ စိုးရိမ်သွားရသည်။ ယွင်ရိရွှမ်သည် နျိုအာဆိုသူအား အကြောင်းကြားရန် ထွက်ခွာ သွားခဲ့ပြီးနောက် ယွင်မိသားစုသို့ ပြန်ရောက်လာသည်ကို မတွေ့ရပေ။ အဖြစ်အပျက်များကို ဆက်စပ်ကြည့်ပါက ယွင်ရိရွှမ်သည် နျိုအာတို့ လူစုအား ဦးဆောင်ကာ ယဲ့မိသားစုသို့ လာရောက် တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်။ ထိုသို့ဆိုပါက သူ့အဖေအတွက် အခြေအနေ မကောင်းပေ။ ယွင်ရိရွှမ်သည် ထျန်းချီအဆင့်၉ ကျင့်ကြံသူ တစ်ဦး ဖြစ်သည့်အပြင် နျိုအာဆိုသူကလည်း ပါချီပါချက်တော့ မဖြစ်နိုင်၊ ကျိန်းသေပေါက် ထျန်းချီအဆင့်၉ ကျင့်ကြံသူသာ ဖြစ်ရမည်။

ယဲ့မိသားစု ရဲတိုက်သို့ ရောက်ရန် သိပ်မဝေးတော့ပေ။ ရဲတိုက်တွင် ကျန်နေခဲ့သူများ အတွက် မျှော်လင့်ချက် ရှိနေသေးသည်။ ယဲ့ချန်သည် အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင် ကြိုးစားရင်း ပြေးနေသော အရှိန်အား ထပ်မံ၍ မြှင့်တင်လိုက်သည်။

ထိုစဉ် ရုတ်ခြည်း ဆိုသလို ဝတ်ရုံနက်များ ဝတ်ဆင်ထားသော လူရိပ်သုံးရိပ်သည် သစ်ပင်များကြားမှ ထွက်ပေါ်လာပြီး ယဲ့ချန်တို့ ပြေးလွှားနေသော လမ်းကြောင်းရှေ့၌ ပိတ်ရပ်လာကြသည်။

ယဲ့ချန်သည် ဝိညာဉ် အသိအမြင်ဖြင့် ထိုလူတို့အား စစ်ဆေးလိုက်ပြီး သူ့အဘိုးအား အော်ပြောလိုက်၏။

“အဘိုး ... သုံးယောက်လုံးက ထျန်းချီအဆင့်၉ ကျင့်ကြံသူတွေချည်းပဲ ယွင်မိသားစုက ကျွန်တော်တို့ကို တားဖို့ ချန်ခဲ့တဲ့လူတွေ ဖြစ်နိုင်တယ် ...”

ယွင်ရိရွှမ်သည် ထိုမျှများပြားသော ထျန်းချီအဆင့်၉ ကျင့်ကြံသူတို့၏ အကူအညီအား မည်သို့မည်ပုံ ရရှိခဲ့သည် မသိပေ။

“ဆက်သွား ချန်အာ ... ဒီလူတွေကို ဖြေရှင်းပြီးမှ အဘိုး လိုက်လာခဲ့မယ် ...”

ယဲ့ချိန်ရွှမ်းသည်လည်း မိသားစုဝင်များ အတွက် အလွန် စိုးရိမ်နေပြီဖြစ်ရာ မိုးကြိုးအင်ပါယာ ကျင့်စဉ်အား လှည့်လည်လိုက်ပြီး ဝတ်ရုံနက်များထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေ၏။

ထိုဝတ်ရုံနက် သုံးယောက်သည် ထျန်းချီအဆင့်၉ စဦးအဆင့်များသာ ဖြစ်ကြရာ ယဲ့ချိန်ရွှမ်းအနေနှင့် အန္တရာယ် မရှိနိုင်ပါ။ အဘိုးဖြစ်သူ အဆင်ပြေလောက်ကြောင်း သေချာသောကြောင့် ယဲ့ချန်လည်း တွေဝေမနေတော့ပေ။

“ဂရုစိုက်ပါ အဘိုး ကျွန်တော် သွားနှင့်ပြီ ...”

ထို့နောက် ယဲ့ချန်သည် နောက်သို့ ပြန်လှည့်မကြည့်တော့ဘဲ ယဲ့မိသားစု ရဲတိုက်ဆီသို့ တစ်ဟုန်ထိုး ပြေးလွှားခဲ့တော့သည်။

ယွင်မိသားစုသည် သူတို့မြေးအဘိုးအား ဟန့်တားရန်ပင် ထျန်းချီအဆင့်၉ ကျင့်ကြံသူ သုံးဦးအား ချန်ထားခဲ့နိုင်သည်။ သို့ဆိုလျှင် ယဲ့မိသားစုရဲတိုက်၌ ရောက်နေသော ကျူးကျော်သူများထဲတွင် အဆင့်မြင့် ကျင့်ကြံသူ အရေအတွက် ဘယ်လောက်များများ ရှိနေမည်မသိပေ။ ထိုသို့အတွေးနှင့်အတူ ယဲ့ချန် ရင်ထိတ်သွား ရသည်။

ယဲ့မိသားစု ရဲတိုက်အတွင်း အထိန်းအကွပ်မဲ့သော အခြေအနေ တစ်ခုသို့ ကျရောက်နေသည်။ လှုပ်ရှားမှု ကင်းမဲ့နေသော ရုပ်အလောင်းတို့က မြေပြင်ပေါ်တွင် အသက်မဲ့စွာ ပြန့်ကျဲလို့နေပြီး ယဲ့မိသားစုဝင် အများစုတွင် ထိခိုက်ဒဏ်ရာ ကိုယ်စီ ရှိနေကြသည်။ သို့သော် ကျူးကျော်သူများ ဘက်တွင်တော့ နှစ်ယောက်သာ အသေအပျောက် ရှိသည်။

ထျန်းချီအဆင့်၉ ကျင့်ကြံသူ နှစ်ယောက်နှင့် တိုက်ခိုက်နေရသော ဖိအားအောက်တွင် ယဲ့ကျန့်ထျန်း၏ ထျန်းချီများသည် တဖြည်းဖြည်းနှင့် ကုန်ဆုံး ခန်းခြောက်လာသည်။ သူက သေခြင်းတရားနှင့် လက်တစ်ကမ်းမျှသာ လိုတော့သလို ခံစားရသည်။ ဘေးပတ်လည်မှ မိသားစုဝင်များ၏ နာကျင်စွာ ညည်းညူသံများ၊ မိသားစုထဲမှ သက်ကြီးရွယ်အိုများ၏ ပူဆွေးစွာ ငိုကြွေးသံများ၊ မြေပြင်တွင် ပြန့်ကျဲ နေသော မိသားစုဝင်တို့၏ ရုပ်အလောင်းများ၊ ထိုအရာများက ယဲ့ကျန့်ထျန်း၏ နှလုံးသား တစ်ခုလုံးကို မဆုံးနိုင်သော အပြစ်ရှိစိတ်ထဲ၌ နစ်မြုပ်သွားစေပြီး သူက ဤနေရာ၌ ဆယ်ကြိမ် သေပေးလျှင်တောင် မိသားစုဝင်များအပေါ် တာဝန်မကျေနိုင် သလို ခံစားရ၏။

ယဲ့ကျန့်ထျန်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ခန္ဓာကိုယ်ထဲရှိ လက်ကျန် ထျန်းချီတို့အား ညာဘက် လက်ဝါးတွင် စုစည်းကာ ယွင်ရိရွှမ်အား ရိုက်ချလိုက်သည်။

“ဘန်း ...”

ထိုလက်ဝါးချက်သည် ယွင်ရိရွှမ်အား မိမိရရ ထိမှန်သွားကာ အနောက်ဘက်သို့ ခြေလှမ်းများစွာ ဆုတ်သွားရ စေသည်။ ယဲ့ကျန့်ထျန်းသည် ဒဏ်ရာပြင်းထန်စွာ ရထားသောကြောင့် အားလျော့နေ၍သာ မဟုတ်ပါက ယွင်ရိရွှမ်အဖို့ မလွယ်လောက်ပေ။

ယွင်ရိရွမ်ကား အလွန် ဒေါသ ထွက်သွားသည်။

“မင်း ... တိရစ္ဆာန်ကောင် ... ဘယ်အချိန်ထိ ဆက်ပြီး တောင့်ခံထားနိုင်မလဲ ဆိုတာ ကြည့်ကြတာပေါ့ ...”

“သူ့ကိုငါနဲ့ထားခဲ့ မင်းက တခြားသူတွေကို သွားရှင်းလိုက်”

နျိုအာသည် ကြောက်မက်ဖွယ် အပြုံးတစ်ခုကို ပြုံးရင်း ယွင်ရိရွှမ်အား ပြောသည်။

ယွင်ရိရွှမ်က ဘာမှ ထပ်မပြောတော့။ နျိုအာကိုယ်တိုင် ကိုင်တွယ်မည် ဆိုမှတော့ ယဲ့ကျန့်ထျန်း၏ အဆုံးသတ်က မကောင်းမွန် နိုင်တော့ပေ။

ယဲ့ကျန့်ထျန်းသည် မတိုင်မီက ယွင်ရိရွှမ်အား တိုက်ခိုက်လိုက်သော လက်ဝါးချက်တွင် ကျန်ရှိနေသမျှသော ထျန်းချီစွမ်းအင် အားလုံးကို အသုံးပြုခဲ့ရာ ယခုအခါ မြေပြင်ပေါ်၌ မတ်မတ်ရပ်နိုင်ရန်ပင် မနည်းအားယူ နေရသည်။ သူ၏ အမြင်အာရုံက တဖြည်းဖြည်း ဝေဝါးလာနေပြီး တရွေ့ရွေ့ နီးကပ်လာသော နျိုအာကို တုံ့ပြန်တိုက်ခိုက်ရန် မစွမ်းနိုင်တော့ပေ။

“အဆုံးထိ ကာကွယ် မပေးနိုင်ခဲ့လို့ မင်းတို့အားလုံးကို တောင်းပန်တယ် ပြီးတော့ ... နှုတ်ဆက်ပါတယ် ငါ ယဲ့ကျန့်ထျန်း ... အခု သွားရတော့မယ်”

ယဲ့ကျန့်ထျန်းသည် သိပ်မဝေးသော နေရာတွင် တိုက်ခိုက်နေသော ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရှုံးတို့အား ကြည့်သည်။ ထို့နောက် အလဲလဲအကွဲကွဲ ဖြစ်နေကြသော မိသားစုဝင်များအား ကြည့်သည်။ သူ့နှလုံးသား တစ်ခုလုံး ဖြေမဆည်နိုင်မှု တို့ဖြင့် တဆစ်ဆစ် နာလာရကာ နှုတ်ခမ်းထောင့်စွန်းမှ သွေးတို့က စီးကျလာ၏။

***

All Chapters