← Chapters

ကြမ်းကြုတ်ရက်စက်သော နျိုအာ

Vol. 5 Ch. 59

ကြမ်းကြုတ်ရက်စက်သော နျိုအာ

Vol. 5 Ch. 59

"ဦးလေး ... ဒါကိုဖမ်းလိုက် ..."

နူးညံ့ ကြည်လင်သော အသံလေးတစ်သံ ထွက်ပေါ်လာသည်။ ပြောလိုက်သူကား ယဲ့လော့ဖြစ်သည်။ ယဲ့ကျန့်ထျန်း တောင့်မခံနိုင်တော့မည် စိုးသောကြောင့် ယဲ့လော့က သူမ၏ ကျောက်စိမ်း လည်ဆွဲအား ယဲ့ကျန့်ထျန်းထံ ပစ်ပေးလိုက်ခြင်း ဖြစ်သည်။

လက်ကျန် အားအင်လေးဖြင့် ယဲ့ကျန့်ထျန်းသည် ကျောက်စိမ်း လည်ဆွဲအား ဖမ်းလိုက်နိုင်သည်။ လည်ဆွဲအား ထိမိလိုက်သည့် အခိုက်အတန့်တွင်ပဲ ယဲ့ကျန့်ထျန်းသည် ထူးဆန်းသော ထျန်းချီစွမ်းအင် လှိုင်းတစ်ခု သူ့ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းစီးဆင်း သွားသည်အား ခံစားမိလိုက်၏။

“ကလေးမလေးရဲ့ လည်ဆွဲက စိတ်ဝင်စားစရာပဲ ... သေချာပေါက် အဖိုးတန်တဲ့ပစ္စည်း ဖြစ်ရမယ်”

ယဲ့ကျန့်ထျန်း၏ အပြောင်းအလဲအား သတိထားမိသော နျိုအာသည် မျက်မှောင်ကြုတ်ကာ ရေရွတ်သည်။ ထို့နောက် ယွင်ရိရွှမ်ဘက်သို့ လှည့်အော်လိုက်၏။

“ယွင်ရိရွှမ် အဲဒီ ကလေးမကို ငါ့အတွက် ဖမ်းပေးထား ... အသက်ရှင်လျက် လိုချင်တယ် ... မနူးမနပ် ကလေးမလေးနဲ့ ပျော်စရာ အချိန်ကောင်းလေးတွေ ဖန်တီး ရသေးတာပေါ့”

နျိုအာသည် ယဲ့လော့အား မသတီဖွယ် အကြည့်မျိုးဖြင့် လှမ်းကြည့်သည်။ သောင်းကျန်းသူ စစ်တပ်၌ နေထိုင်ခဲ့ရစဉ်က နျိုအာသည် နေရာအနှံ့ ခြေဦးတည့်ရာ လျှောက်သွားရင်း ရောက်ရာအရပ်ရှိ မိန်းမလှလေးများအား အလွတ်ပေးရိုး ထုံးစံမရှိခဲ့။ ဒုတိယမင်းသား လက်အောက်၌ တပ်မှူး ဖြစ်လာမှသာ အနည်းငယ် ဆင်ဆင်ခြင်ခြင် နေထိုင်ခဲ့သော်လည်း တစ်ခါတစ်ရံတွင်တော့ မြှာပွေတတ်သော စရိုက်က ပြန်ပေါ်လာတတ်သည်။

ယွင်ရိရွှမ်သည် နျိုအာ၏ အကြံအစည်ကို သိနေ၍ စိတ်ထဲမှ နှာခေါင်းရှုံ့မိ သော်လည်း ယဲ့လော့အား ဖမ်းဆီးရန် သွားနေပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ နျိုအာသည် သူ့ထက်များစွာ အစွမ်းထက်ပေရာ လောလောဆယ်၌ မဆန့်ကျင်ဝံ့ပေ။

ဘုန်း ...

ယဲ့ကျန့်ထျန်းသည် နျိုအာ၏ လက်ဝါးချက်ဖြင့် အနောက်ဘက်သို့ လွင့်စဉ်သွားပြန်၏။ သတိဝင်တစ်ချက်၊ လွတ်တစ်ချက်ဖြင့် သူက မျက်လုံးများပင် အသေအချာ မဖွင့်နိုင်တော့ပေ။ ယဲ့လော့၏ လည်ဆွဲသည် ထူးခြားဆန်းကြယ် သော်လည်း တန့်ထျန်တစ်ခုလုံး ခြောက်သွေ့ အက်ကွဲမတတ် ဖြစ်နေသော ယဲ့ကျန့်ထျန်း အတွက်မူ အများကြီး အထောက်အကူ မဖြစ်တော့ပေ။

“ငရဲကို သွားလိုက်တော့ ...”

နျိုအာသည် ဧရာမ လက်ဝါးကြီးအား ဆန့်တန်းလျက် အားအင် အပြည့်ဖြင့် ယဲ့ကျန့်ထျန်းအား အဆုံးသတ်ရန် ခုန်ဝင်လာသည်။ ယဲ့ကျန့်ထျန်း၏ ခေါင်းတစ်ခုလုံး ပေါက်ကွဲကာ ဦးနှောက် အပိုင်းအစများ ဖြာထွက်လာမည့် မြင်ကွင်းကိုပင် စိတ်ကူးထဲ၌ ကြိုတင် ပုံဖော်ထားပြီး ဖြစ်သည်။ နျိုအာကား အလွန် ရက်စက်ကြမ်းကြုတ် လှပေသည်။

“အစ်ကိုကြီး ...”

ယဲ့ကျန့်လုံသည် အာခေါင်တစ်ခုလုံး ကွဲလုမတတ် အသံကုန် အော်လိုက်သော်ငြား ဘေးပတ်လည်တွင် ဝိုင်းနေသော ရန်သူများကြောင့် အစ်ကိုဖြစ်သူအား မည်သည့် အကူအညီမျှ မပေးနိုင်ခဲ့။

ထိုစဉ် စူးရှသော အဟုန်ဖြင့် အနက်ရောင် အရာဝတ္ထု တစ်ခုသည် နျိုအာ၏ ကျောပြင်သို့ ဦးတည်၍ အနောက်ဘက်မှ လွင့်ပျံ လာလေသည်။

“ဝှစ် ...”

လက်နက်ပုန်း။ နျိုအာသည် အနောက်ဘက်မှ လေတိုးသံအား ကြားလိုက်သည်နှင့် ချက်ချင်း သတိအနေအထား ဖြစ်သွားသည်။ အတွေ့အကြုံ များသူတစ်ယောက် အနေနှင့် သူသည် လက်နက်ပုန်းများ၏ ကြောက်စရာ ကောင်းလှပုံကို သေချာ သိပေသည်။ အလွန် အစွမ်းထက်သော ထျန်းချီအဆင့်၉ ကျင့်ကြံသူ များသည်ပင် လျှို့ဝှက် ဆန်းကြယ်သည့် လက်နက်ပုန်းများကြောင့် သေဆုံးသွားကြ ရသည်ကို သူက တွေ့ဖူး၊ ကြုံဖူးသည်။ နျိုအာသည် သတိအပြည့်ဖြင့် လက်နက်ပုန်းအား ရင်ဆိုင်ရန် နောက်သို့ လှည့်လိုက်သည်တွင် သူ့ထံ လွင့်ပျံလာသော အနက်ရောင် အရာဝတ္ထု တစ်ခုအား မြင်လိုက်ရ၏။ သူက ထိုအရာအား ဖမ်းဆုပ်လျက် ရပ်တန့်ရန် လက်မြှောက်လိုက်သည်။

လက်ထဲသို့ ရောက်လာသော အနက်ရောင် အလုံးလေးကို ကြည့်ကာ အန္တရာယ်ရှိ၊ မရှိ စစ်ဆေးနေသည့် အချိန်တွင်ပဲ သာမန်ထက် ဘာမှ မထူးခြားပုံ ရသည့် ထိုအနက်ရောင် အလုံးလေးသည် ရုတ်ခြည်း ပူလာကာ ဘုန်းခနဲ အသံကျယ်ကြီးနှင့်အတူ ထပေါက်လေသည်။ ပေါက်ကွဲမှုကြောင့် နျိုအာသည် အနောက်ဘက်သို့ လွင့်စဉ်သွားကာ တစ်ကိုယ်လုံးရှိ ထျန်းချီများနှင့် သွေးများ ကမောက်ကမ ဖြစ်သွားသလို ခံစားလိုက်ရသည်။ တစ်ကိုယ်လုံးအား မီးမြှိုက်ခံထားရ သကဲ့သို့ အထိအတွေ့ကြီးနှင့် အတူ အပေါ်ပိုင်း အဝတ်အစား များသည်လည်း မီးကျွမ်းလောင် သွားခဲ့သည်။ နျိုအာ၏မျက်နှာမှာ မည်းမှောင်သွားသည်။

‘ဘယ်လို သောက်ကျိုးနည်း လက်နက်ပုန်းကြီးလဲ ...’

ထိုလက်နက်ပုန်း၏ ပေါက်ကွဲအားသည် ထျန်းချီအဆင့်၉ ကျင့်ကြံသူ၏ အင်ပြည့်အားပြည့် တိုက်ခိုက်မှုနှင့်ပင် ညီမျှသည်။ နျိုအာသည် လက်နက်ပုန်းအား စစ်ဆေးစဉ်က အနီးကပ် မကြည့်မိ၍သာ တော်တော့သည်ဟု တွေးမိသည်။ မဟုတ်ပါက ပေါက်ကွဲမှုကြောင့် ဦးနှောက်များ တစ်စစီ ဖြစ်ရမည့်သူမှာ ယဲ့ကျန့်ထျန်းမဟုတ်ဘဲ သူ ဖြစ်နေရော့မည်။

လက်နက်ပုန်း ပျံဝဲလာရာ ယဲ့မိသားစု ရဲတိုက်၏ နံရံထက်သို့ လှမ်းကြည့် လိုက်သည်တွင် ပခုံးပေါ်၌ ထူးထူးဆန်းဆန်း သဏ္ဌာန်ရှိသည့် သားရဲပေါက်စ တစ်ကောင်နှင့်အတူ ရပ်နေသော လူငယ်တစ်ဦးအား မြင်လိုက်ရ၏။

“ချန်အာ ... ချန်အာ အသက်ရှင် နေသေးတယ် ...”

ယဲ့ကျန့်ထျန်းသည် ထိုလူငယ်လေးအား မြင်လိုက်သည်နှင့် မျက်ရည်များ ချက်ချင်း ဝဲလာကာ တုန်တုန်ရီရီဖြင့် ဆိုလေသည်။

“ခေါင်းဆောင် ပြန်လာပြီ ...”

ခြေကုန်လက်ပန်း ကျလုနီးနီး ဖြစ်နေကြသော ယဲ့မိသားစုဝင် များသည်လည်း စိတ်ဓာတ် တက်ကြွလာကြကာ သံပြိုင်အော်ဟစ် လိုက်ကြသည်။

ရောက်ရှိ လာသည်မှာ အခြားသူ မဟုတ်ဘဲ မနူးမနပ် လူငယ်လေးသာ ဖြစ်ကြောင်း သိလိုက်ရမှ နျိုအာ စိတ်သက်သာရာ ရသွားသည်။ ထိုလူငယ်လေး၏ လက်နက်ပုန်းက အစွမ်းထက်ဟန် ရသော်လည်း အကွာအဝေး တစ်ခုကို ထိန်းထားနိုင်သ၍ သူ့အတွက် အန္တရာယ်ကင်းသည်။ အဘိုးကြီး ယဲ့ချိန်ရွှမ်းကတော့ သူချန်ထားခဲ့သော ထျန်းချီအဆင့်၉ ကျင့်ကြံသူ သုံးယောက်နှင့် အလုပ်ရှုပ် နေလောက်ရာ စိုးရိမ်စရာ မလိုအပ်ပေ။

ယဲ့ချန်သည် ဖခင်ဖြစ်သူ ယဲ့ကျန့်ထျန်းအား စိုးရိမ်စွာကြည့်သည်။ လက်ပစ်ဗုံး ပေါက်ကွဲခဲ့စဉ်က ယဲ့ကျန့်ထျန်းသည် ပေါက်ကွဲမှု ဧရိယာအတွင်း ရှိနေလေရာ အဖျားအနား ခတ်မိပြီး အတန်ငယ် ထိခိုက်သွားခဲ့သည်။ ယဲ့ချန်အဖို့ ရွေးချယ်စရာ မရှိသောကြောင့် လက်ပစ်ဗုံးကို ပစ်ခဲ့ရခြင်း ဖြစ်သည်။ ယဲ့ကျန့်ထျန်း၏ ထိခိုက်မှုက နျိုအာလောက် မပြင်းထန်၍သာ တော်တော့သည်။

“မင်းက သေချင်နေတာပဲ ကောင်ချောလေး ...”

နျိုအာသည် ယဲ့ချန်အား ဒေါသရိပ်သန်းစွာ ကြည့်ရင်း မလှမ်းမကမ်းတွင် လဲကျနေသော ယဲ့ကျန့်ထျန်းထံ တိုးကပ်သွားသည်။ ယဲ့ကျန့်ထျန်း၏ ဒဏ်ရာများသည် ပြင်းထန် လှသောကြောင့် နေ့တစ်ဝက်ခန့် မကုစားဘဲနှင့် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိနိုင်ပေ။ ယဲ့ချန်က နောက်ထပ် လက်နက်ပုန်းများ ထုတ်သုံးလာမည်စိုး၍ နျိုအာသည် ယဲ့ကျန့်ထျန်းအား ဓားစာခံလုပ်ရန် ကြံရွယ်နေခဲ့ခြင်း ဖြစ်သည်။

ယဲ့လော့အား ဖမ်းဆီးရန် ပြင်နေရင်း ယဲ့ချန်ပြန်ရောက် လာသည်ကို မြင်သောအခါ ယွင်ရိရွှမ် ထိတ်လန့် သွားရသည်။ ထိုကောင်စုတ်လေးကား အလွန် လျင်မြန်စွာ ပြန်လာခဲ့သည်။ ယဲ့ချိန်ရွှမ်းပါ ပါမလာသည်ကိုပဲ ကျေးဇူးတင်ရ မယောင် ဖြစ်နေ၏။

ယွင်ရိရွှမ်သည် နျိုအာအား သတိပေး လိုသောကြောင့် လှမ်းအော်လိုက်၏။

“နျိုအာ ပေါ့ပြက်ပြက် လုပ်မနေနဲ့ အဲဒီကောင်လေးက အနည်းဆုံး ထျန်းချီအဆင့်၈ ထိပ်ဆုံးအဆင့်မှာ ရှိတယ် ...”

ယွင်ရိရွမ်၏ စကားတို့ကြောင့် နျိုအာသည် မယုံကြည်နိုင် ဖြစ်သွားရကာ နံရံပေါ်တွင် ရပ်နေသည့် လူငယ်လေးအား နောက်တစ်ကြိမ် ပြန်ကြည့်မိသည်။ ထိုလူငယ်လေးသည် အလွန်ဆုံးမှ အသက် ၁၆နှစ်၊ ၁၇ခန့်သာ ရှိမည့်ပုံပေါ်ပြီး ကြည့်ကောင်းသော မျက်နှာနှင့် ခပ်ပါးပါး ခန္ဓာကိုယ်တို့ကိုပါ ထပ်ပေါင်း လိုက်သည့်အခါ ချမ်းသာသည့် မိသားစုမှ လူ့ပေါ်ကြော့ သခင်လေး တစ်ယောက်နှင့်သာ တူပြီး ထျန်းချီအဆင့်၈ ထိပ်ဆုံးဆင့်မှ ကျင့်ကြံသူဟု ထင်စရာမရှိပေ။ သို့သော် ယွင်ရိရွမ်ကလည်း အကြောင်းမဲ့ လိမ်ပြောမည်မဟုတ်။

နျိုအာသည် ယဲ့ချန်ထက် ခေါင်းနှစ်လုံးစာခန့် အရပ်ပိုရှည်ကာ ခန္ဓာကိုယ် ထွားကျိုင်းမှုတွင်လည်း အဆများစွာ သာသည့်အပြင် ကြွက်သား အဖုအထစ်များနှင့် နပန်းသမား တစ်ယောက်ကဲ့သို့ ခန္ဓာကိုယ်မျိုး ရှိသည်။

ပခုံးထက်ရှိ အမွေးပွလေးသည် စိတ်ပူပန်စွာဖြင့် ယဲ့ချန်အား ကြည့်လာသည်။

အမွေးပွလေး၏ ကွိကွိကွကွ ဘာသာစကားအား ယဲ့ချန်က နားမလည်သော်လည်း အတူတူ ကုန်ဆုံးခဲ့သည့် အချိန်များအရ နှစ်ဦးကြားရှိ ဆက်သွယ်မှုမှာ ခိုင်မြဲနေပြီ ဖြစ်ရာ အမွေးပွလေး ပြောလိုသည့် စကားတို့ကို ယဲ့ချန်သည် အလိုလို နားလည်နေပါ၏။

အမွေးပွလေး၏ ပုံရိပ်ယောင် တိုက်ခိုက်မှုများသည် ထျန်းချီအဆင့်၉ ကျင့်ကြံသူ တစ်ယောက်အပေါ် အသုံးမပြုနိုင်ပေ။ ထို့ကြောင့် အမွေးပွလေးသည် နျိုအာနှင့် တိုက်ခိုက်ရာ၌ ယဲ့ချန်အား များစွာ ကူညီပေးနိုင်မည် မဟုတ်။ ဤသည်ကို အမွေးပွလေးက အပြစ်ရှိသည့်နှယ် ခံစားနေရပြီး ယဲ့ချန်အတွက်လည်း စိုးရမ်နေခြင်း ဖြစ်သည်။

ပုံရိပ်ယောင် တိုက်ခိုက်ခြင်းသည် တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်အား တိုက်ရိုက် တိုက်ခိုက်ခြင်း ဖြစ်ပြီး တစ်ဖက်လူက ကျင့်ကြံဆင့် မြင့်လေလေ စိတ်ဝိညာဉ် သန်မာလေလေ ဖြစ်၍ ပုံရိပ်ယောင် တိုက်ခိုက်ခြင်းဖြင့် မယိုင်နဲ့နိုင်တော့ခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ အလစ်အငိုက် ဖမ်းကာ တိုက်ခိုက်လျှင်တော့ အလုပ်ဖြစ်နိုင်သည်။

ယဲ့ချန်သည် နံရံပေါ်မှ ခုန်ချကာ နျိုအာနှင့် ဆယ်ပေအကွာ၌ ရပ်တန့်လိုက်၏။

နျိုအာသည်လည်း ယဲ့ချန်အား သတိကြီးကြီး ထားနေဟန် ရကာ ယဲ့ကျန့်ထျန်းအား တိုက်ခိုက်စဉ်ကပင် ထုတ်မသုံးခဲ့သော လက်နက်အား ထုတ်လာသည်။ သူ၏ လက်နက်မှာ ခွေးရိုက်တုတ်ကဲ့သို့ တုတ်ရှည် တစ်မျိုးဖြစ်ကာ မည်သည့်သတ္တုဖြင့် လုပ်ထားကြောင်း မသေချာသော်လည်း အလွန် မာကျောသည်။

“မင်းက ထျန်းချီအဆင့်၈ ထိပ်ဆုံးဆင့် ဆိုတော့ရော ဘာဖြစ်လဲ ... အဆုံးမှာတော့ ငါ့လက်ထဲမှာ သေရမှာပဲ ...”

ထိုနောက် နျိုအာသည် အဆုတ်ကွဲမတတ် အော်ဟစ်လိုက်ရာ လေထု တစ်ခုလုံးအား တုန်ခါသွားစေသော အသံလှိုင်း တစ်ခု ဖြစ်ပေါ်လာသည်။ သာမန် ထျန်းချီအဆင့်၇၊ အဆင့်၈ ကျင့်ကြံသူများ ဆိုလျှင် ထိုအသံလှိုင်းကြောင့် တစ်ကိုယ်လုံးရှိ ထျန်းချီများ ကမောက်ကမ ဖြစ်သွားနိုင်သည်။ နျိုအာသည် သောင်းကျန်းသူ စစ်တပ်၌ နေထိုင်ခဲ့စဉ်ကပင် အညှာအတာမဲ့ သတ်ဖြတ်ခြင်း စစ်ပွဲများနှင့် ကျင့်သား ရနေခဲ့ပြီး မရေမတွက်နိုင်သော လူ့အသက်တို့အား သတ်ဖြတ်ခဲ့သည့်နောက် သူ့ခန္ဓာကိုယ်သည် ထိန်းမရအောင် သွေးဆာလာသည်။

ယဲ့ချန်သည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ကိန်းဝပ်နေသည့် အသံလှိုင်းအား ခုခံရန် ပီရှို့အား နှိုးဆွလိုက်ရသည်။ တဆက်တည်းဆိုသလို တန့်ထျန်ထဲရှိ သဘာဝစွမ်းအင် ကိုးမျိုးကပါ အလိုအလျောက် လိုက်ပါ လှည့်လည်သည်။

“အမွေးပွလေး အခုလုပ်တော့ ...”

ယဲ့ချန် အမိန့်ပေး လိုက်သည်နှင့် အမွေးပွလေးသည် အဖြူရောင် မြူခိုးတို့အား မှုတ်ထုတ် လိုက်လေသည်။

နျိုအာ အံ့အားသင့်သွားသည်။ အဖြူရောင် မြူခိုးများသည် သူ့အရှေ့တည့်တည့်၌ ပေါ်လာကာ အမြင်အာရုံအား လုံးလုံးလျားလျား ဖုံးကွယ်သွားကြသည်။ သို့သော် နျိုအာကား အသက်လု တိုက်ပွဲများစွာ ဆင်နွှဲခဲ့ရသည့် ဝါရင့်သမ္ဘာရင့် တစ်ယောက် ဖြစ်ရာ အလိုလိုသိစိတ်မှာ ထက်သန်လှပြီး မြူခိုးငွေ့များ ကြားထဲ၌ပင် သတိအပြည့်ဖြင့် ရှိနေပြီး ပျာယာခတ် မသွားပေ။

အမွေးပွလေး၏ အဖြူရောင် မြူခိုးငွေ့များသည် သာမန်ထျန်းချီ အဆင့်၉ ကျင့်ကြံသူနှင့် ရင်ဆိုင်ရာတွင် အလုပ် ဖြစ်လောက်သော်ငြား နျိုအာနှင့် ရင်ဆိုင်ရ ချိန်တွင်တော့ စက္ကန့်ပိုင်းလောက်သာ အချိန်ဆွဲ လိုက်နိုင်သည်။ ယဲ့ချန်၏ ခန္ဓာကိုယ်ထဲရှိ သဘာဝစွမ်းအင် ကိုးမျိုးအနက် မီးစွမ်းအင်သည် မီးသဘာဝ ထျန်းချီအဖြစ် ပြောင်းလဲကာ ပေါက်ကွဲထွက်လာသည်။

“တိမ်နီကောင်းကင် ...”

အရှိန်ငြီးငြီး တောက်လောင်နေသော မီးစွမ်းအင် လှိုင်းများသည် နျိုအာအား ဝါးမျိုပစ်တော့မည့် အလား ရှိသည်။

“ဘန်း ...”

မီးစွမ်းအင် လှိုင်းများသည် နျိုအာ၏ ထျန်းချီ အကာအကွယ်နှင့် ရင်ဆိုင်မိသည့်အခါ နျိုအာ့တစ်ကိုယ်လုံး တုန်ယင်သွားရသည်။ နျိုအာသည် ဆယ်ကျော်သက်လေး တစ်ယောက်မှ ဤမျှအထိ စွမ်းဆောင်နိုင်လိမ့်မည်ဟု ထင်မှတ် မထားခဲ့ပေ။ ယဲ့ချန်၏ ပထမဆုံး တိုက်ခိုက်မှုကပင် နျိုအာ၏ ထျန်းချီ အကာအကွယ်အား ပျက်စီးသွားလု မတတ် ဖြစ်သွားစေသည်။

“သေစမ်း ... ကောင်စုတ်လေး ...”

နျိုအာသည် ကြမ်းတမ်းစွာ ကြုံးဝါးလိုက်ပြီး တုတ်ရှည်ဖြင့် ယဲ့ချန်အား ဘေးတစ်စောင်း ရိုက်ချလိုက်သည်။

“ဘန်း ...”

ယဲ့ချန်သည် တုတ်ရှည်အား လက်မောင်းတစ်ဖက်ဖြင့် ကာလိုက်သည်တွင် ပြင်းထန်သော အားကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ နျိုအာ သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်လျှင် ယဲ့ချန်သည် တုံ့ဆိုင်းမနေဘဲ နောက်ထပ် လက်ပစ်ဗုံး တစ်လုံးဖြင့် လှမ်းပစ်လိုက်၏။

ပျံဝဲလာသော လက်ပစ်ဗုံးအား မြင်သည်နှင့် နျိုအာသည် တုတ်ရှည်အား ဝှေ့ယမ်းလျက် လက်ပစ်ဗုံးအား ရိုက်ထုတ် လိုက်သော်လည်း ၎င်းက သူနှင့် သုံးမီတာခန့် အကွာတွင် ပေါက်ကွဲသွားသည်။ ပထမပေါက်ကွဲမှု ကတည်းက အင်္ကျီများ လောင်ကျွမ်းသွား၍ အပေါ်ပိုင်း ဗလာကျင်းနေသော ခန္ဓာကိုယ်သည် ပေါက်ကွဲမှုမှ လွင့်စဉ်လာသော ကျောက်ခဲ အစအနများ ထိမှန်လာကြ သောကြောင့် သွေးအလိမ်းလိမ်း ဖြစ်သွားသည်။

နျိုအာသည် အမှန်ပင် ဒူပေဒဏ်ပေ ခံနိုင်လှသည်။ တစ်ကိုယ်လုံးတွင် သွေးအလိမ်းလိမ်း ဖြစ်နေသည့်တိုင် မျက်နှာတစ်ချက် ရှုံ့မသွားဘဲ ယဲ့ချန်အား အသေသတ်လိုသည့် စိတ်တို့သာ ပိုများလာဟန် ရသည်။

အမွေးပွလေးသည် ပိုမိုများပြားသော မြူခိုးငွေ့များကို အဆက်မပြတ် မှုတ်ထုတ်နေသောကြောင့် ယဲ့ချန်သည် မြူခိုးငွေ့များကို အကာအကွယ်ယူကာ နျိုအာ့ထံ ပြေးဝင်သွားလိုက်သည်။ နျိုအာသည် မြူခိုးငွေ့များကြား၌ စမ်းတဝါးဝါး ဖြစ်နေရသည့်တိုင် ယဲ့ကျန့်ထျန်းထံ တည့်တည့်မတ်မတ် ရောက်အောင် တဖြည်းဖြည်းချင်း သွားနိုင်သေးသည်။ နျိုအာသည် ဘေးပတ်လည်အား သဲသဲကွဲကွဲ မမြင်ရလေရာ တုတ်ရှည်ဖြင့် သိမ်းကြုံးရိုက်ရင်း ယဲ့ကျန့်ထျန်းထံ ရောက်ရှိသွား၏။

နျိုအာ၏ အကြံအစည်ကို ရိပ်မိသောကြောင့် ယဲ့ချန်သည် နောက်မှ တိတ်တဆိတ် လိုက်သွားခဲ့သည်။ သူ့ဖခင်အား နျိုအာလက်ထဲသို့ အရောက်ခံလိုက်၍ မဖြစ်ပေ။ သူ့အနေနှင့် နျိုအာ့အား အာရုံလွှဲရန် လိုသည်။

ထိုစဉ်တွင်ပဲ ယွင်ရိရွှမ်သည် ယဲ့မုန့်အား တစ်ချက်တည်းနှင့် လွင့်ထွက်သွားစေကာ ထျန်းချီအဆင့်၇ ဝတ်ရုံနက် နှစ်ယောက်နှင့် တိုက်ခိုက်ထားရ၍ ခြေကုန်လက်ပန်း ကျနေသော ယဲ့လော့အား အလွယ်တကူ ဖမ်းဆီးလိုက်၏။

 (Translator’s note— ယဲ့ချန်ရဲ့ နာမည် ချန်အာနဲ့ နျိုအာရဲ့ နာမည်တွေက ‘အာ’ ပါတာချင်းတူပေမဲ့ အဓိပ္ပာယ် တူမနေပါဘူးနော်။ ယဲ့ချန်ကို သူ့မိသားစုက လူတွေ ခေါ်တဲ့ ‘ချန်အာ’ က ‘little chen’ ဆိုတဲ့သဘောပါ။ နျိုအာဆိုတဲ့ နာမည်မှာပါတဲ့ ‘အာ’ ကကျတော့ မျိုးရိုးနာမည်တောင် မရှိဘဲ လမ်းဘေးမှာ ကြီးပြင်းလာရတဲ့ သူတွေကို အလွယ်လေး ခေါ်လိုက်တဲ့ နာမ်စားမျိုးပါ။ ခွေးလေးတွေ၊ ကြောင်လေးတွေကိုလည်း ဘာအာ ညာအာဆိုပြီး အဲဒီလို ခေါ်ကြတယ်။ )

***

All Chapters