တိုက်ပွဲနတ်ဘုရား
Vol. 5 Ch. 60
ရန်သူဘက်တွင် ထျန်းချီအဆင့်၉ ကျင့်ကြံသူနှစ်ယောက် ရှိနေခြင်းက ယဲ့မိသားစုအား တစ်ပန်း ရှုံးစေသည်။
ယဲ့ချန်အနေနှင့် ထျန်းချီအဆင့်၈ ထိပ်ဆုံးဆင့်ရှိ ကျင့်ကြံသူကိုပင် ဝှက်ဖဲများ ထုတ်သုံးကာ အနိုင်ယူနိုင် သေးသော်လည်း ထျန်းချီအဆင့်၉ ကျင့်ကြံသူ နှစ်ယောက်အား တစ်ပြိုင်နက် ရင်ဆိုင် လာရချိန်၌ ရလဒ်က မတူနိုင်တော့ပေ။
သို့ရာတွင် ယဲ့ချန်အတွက် တွေဝေတုံ့ဆိုင်း နေရန် အချိန်မရှိ။ မိနစ်ပိုင်းမျှ နောက်ကျ သွားခြင်းကပင် ယဲ့မိသားစုအား ပြာပုံဘဝသို့ ရောက်သွားစေနိုင်သည်။
“သတိထား ချန်အာ ...”
နျိုအာက ယဲ့ချန်အား တုတ်ရှည်ဖြင့် လှမ်းရိုက်လိုက်သည်ကို မြင်သောကြောင့် ယဲ့ကျန့်ထျန်းသည် စိုးရိမ်တကြီးဖြင့် အော်လိုက်ရင်း သားဇောဖြင့် ထရပ်ရန် ကြိုးပမ်းမိ၏။ သို့သော် သူရရှိထားသော ဒဏ်ရာများ၏ ပြင်းထန်မှုကြောင့် မအောင်မြင်လိုက်ဘဲ မြေပြင်ပေါ်သို့သာ လဲကျသွားသည်။
တုတ်ရှည် ရိုက်ချက်အား ရှောင်ရန် မဖြစ်နိုင်တော့သောကြောင့် ယဲ့ချန်သည် ခန္ဓာကိုယ်ထဲရှိ ထျန်းချီများကို စုစည်း၍ လက်နှစ်ဖက်ဖြင့် ရင်ဆိုင်လိုက်ရ၏။
“ဘန်း ...”
နျိုအာ၏ ရိုက်ချက်ကြောင့် ယဲ့ချန် အနောက်ဘက် ပေပေါင်းများစွာသို့ လွင့်ထွက်သွားသည်။
ယဲ့ချန်သည် ကိုယ်တွင်းအင်္ဂါများ ခလောက်ဆန် သွားသကဲ့သို့သော နာကျင်မှုမျိုးကို ခံစားလိုက်ရကာ တော်တော်နှင့် ပြန်မထနိုင်ခဲ့။ နျိုအာကမူ ဒဏ်ရာများ ရထားသည့်တိုင် ကျားနာတစ်ကောင် ကဲ့သို့ ပိုမို သန်မာလာသယောင် ထင်ရသည်။
“ဒီနေ့ မင်းတို့သားအဖ နှစ်ယောက်လုံးကို ငါ့လက်နဲ့ အသေသတ်ပြမယ် ...”
နျိုအာသည် ကြောက်မက်ဖွယ် ကောင်းစွာ ရယ်မောလိုက်ပြီး တုတ်ရှည်ဖြင့် ယဲ့ချန်ထံသို့ ချိန်ရွယ်လိုက်၏။ ယေဘုယျအားဖြင့် တွက်ချက်ရလျှင် ထျန်းချီအဆင့်၉ ကျင့်ကြံသူ တစ်ယောက်၏ ခွန်အားသည် ထျန်းချီအဆင့်၈ ထိပ်ဆုံးဆင့် တစ်ယောက်အား လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်သည်။ ထို့ပြင် ယဲ့ချန်ကား အမှန်တကယ် ထျန်းချီ အဆင့်၈တွင် ရှိနေခြင်းမဟုတ်။ ထျန်းချီအဆင့်၇ ထိပ်ဆုံးဆင့်တွင်သာ ရှိနေသေးသည်။
“ခွီး ...”
အမွေးပွလေးသည် ယဲ့ချန် အန္တရာယ် ကျရောက်တော့မည်ကို မြင်သောအခါ အမွေးလေးများအား ယမ်းခါလျက် နျိုအာ့ထံ စူးစူးဝါးဝါးကြည့်ကာ မာန်ဖီလေသည်။
နျိုအာက ဂရုမစိုက်စွာ နှာခေါင်းရှုံ့၍ တုတ်ရှည်ဖြင့် ယဲ့ချန်အား လွှဲရိုက်လိုက်သည်။
ယဲ့ချန်သည် တဖြည်းဖြည်း နီးကပ်လာသော တုတ်ရှည်အား ကြည့်ကာ တွေးမိသည်။ ယခုဘဝ၌လည်း သူ ဒီလိုပုံစံဖြင့် အဆုံးသတ် ရတော့မည်လား။
အကယ်၍ သူသာ သေသွားခဲ့လျှင် ယဲ့မိသားစု တစ်ခုလုံးလည်း လွတ်လမ်း မရှိနိုင်တော့ပေ။ ယခင်ဘဝက ၂၁ရာစု၌ မိဘမဲ့ တစ်ကောင်ကြွက် တစ်ယောက်အဖြစ် ဘဝကို သေသည်အထိ ဖြတ်သန်းခဲ့ရသည်။ သေလွန်ပြီး ကျင့်ကြံခြင်း လောကတွင် ပြန်လည် မွေးဖွားလာခဲ့သည့် နောက်မှ နွေးထွေးသော မိသားစု ဘဝလေးအား ပိုင်ဆိုင်နိုင်ခဲ့၏။
ပင်ပန်းခက်ခဲ နေချိန်များ၌ အရင်လို တစ်ယောက်တည်း မဟုတ်တော့။ မွန်းကျပ်လွန်း၍ ထွက်ပေါက်တစ်ခု ရှာချင်လာမိသည့် အချိန်တိုင်း မိသားစုဝင်များက သူ့အနားတွင် နှစ်သိမ့်ပေးခဲ့သည်။ ဖခင်ဖြစ်သူ၊ အစ်ကို နှစ်ယောက်နှင့် ဦးလေးများ ... အားလုံးက သူမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူ့ဘက်၌ အမြဲရှိနေ ပေးခဲ့သည်။ သူ ပါရမီရှင်အဖြစ် အမြင့်တွင် အညွန့်တလူလူ လွှင့်နေခဲ့ချိန်တွင် သာမက အဓိက သွေးကြောများ ပျက်စီးကာ အတောင်ပံကျိုး၍ ပြုတ်ကျလာခဲ့သော ငှက်သဖွယ် နိမ့်ပါး သွားစဉ်တွင်လည်း စိတ်ပျက်ခြင်း အလျှင်းမရှိဘဲ ကာကွယ်စောင့်ရှောက် ပေးခဲ့သူများမှာ ဤမိသားစုဝင်များသာ ဖြစ်သည်။ ယခုအချိန်ကား သူ့အနေနှင့် မိသားစုအပေါ် တစ်ဖန် ပြန်လည်ကာကွယ် ပေးရမည့် အလှည့်ဖြစ်သည်။
ထိုစိတ်ဆန္ဒက ပြောမပြတတ်အောင် ခိုင်မာလာသည်တွင် ယဲ့ချန်၏ မျက်လုံးများထဲ၌ ငွေဖြူရောင် အလင်းတဖြာ လက်သွားခဲ့သည်။ ယခင်တစ်ခေါက်က ရေးတေးတေး နားလည်ခဲ့သည့် တာအို သဘောတရားအား အနည်းငယ်သော အစွန်အဖျားမျှ ပြန်လည် ဖမ်းဆုပ်မိချိန်တွင် ဘေးပတ်ပတ်လည်ရှိ အရာအားလုံးသည် နှေးကွေး သွားကြဟန် ရကာ နျိုအာ၏ တုတ်ရှည်သည်လည်း အလွန် ဖြည်းညင်းစွာ လာနေသကဲ့သို့ ၎င်း၏လမ်းကြောင်းအား ရှင်းရှင်းလင်းလင်း မြင်ရ၏။ တန့်ထျန်ထဲရှိ သဘာဝစွမ်းအင် ကိုးမျိုးသည် ပီရှို့ထံမှ ထျန်းချီများ၏ အကူအညီဖြင့် အဆက်မပြတ် လည်ပတ်လာကြပြီး ထိုအခိုက်အတန့်တွင် တလောကလုံး၌ သူနှင့် နျိုအာ နှစ်ဦးတည်းသာ ရှိနေသကဲ့သို့ ယဲ့ချန် ခံစားရသည်။
သဘာဝစွမ်းအင် ကိုးမျိုးထဲတွင် သစ်သားစွမ်းအင်သည် မီးစွမ်းအင်အား အထောက်အပံ့ ဖြစ်စေပြီး မီးစွမ်းအင်သည် သစ်သား စွမ်းအင်ကြောင့် ပိုမို သန်မာလာသည်။ ရုတ်ခြည်းဆိုသလို ယဲ့ချန်ခေါင်းထဲ၌ အတွေးတစ်စ ထွက်ပေါ်လာသည်။
ယဲ့ချန်သည် တိမ်နီကောင်းကင်အား ထုတ်ဖော်ရန် မီးစွမ်းအင် တစ်မျိုးတည်းအား အသုံးပြုရမည့်အစား သစ်သားစွမ်းအင်ကို လောင်စာအဖြစ် ထပ်ပေါင်းထည့် လိုက်သည့်အခါ ထွက်ပေါ်လာသော တိမ်နီကောင်းကင်၏ ဖျက်ဆီးအားသည် ယွင်မိသားစု၌ ထုတ်ဖော်ခဲ့တုန်း ကထက် အဆများစွာ ပိုပြင်းထန်သွားသည်။
“တိမ်နီကောင်းကင် ...”
ယဲ့ချန်က မာန်သွင်း လိုက်သည်တွင် အလျှံညီးညီး တောက်လောင်နေသော မီးတောက်လှိုင်းများ ထွက်ပေါ်လာ၏။
နျိုအာသည် ယဲ့ချန်အား တုတ်ရှည်ဖြင့် သိမ်းရိုက် လိုက်ချိန်တွင် မရည်ရွယ်ပါပဲ သူ့မျက်လုံးတို့က အမွေးပွလေး၏ မျက်လုံးများနှင့် အကြည့်ချင်း ခလုတ်တိုက်သွားကာ ထူးဆန်းသော တစ်စုံတစ်ရာက သူ့အသိစိတ်အား ချောက်နက်နက် တစ်ခုထဲ တွန်းချလိုက် သကဲ့သို့ ဦးနှောက်တစ်ခုလုံး ခဏတာ ဗလာဖြစ်သွားသည်။
ထိုအခိုက်အတန့် လေးတွင်ပဲ တိမ်နီကောင်းကင် မီးတောက်လှိုင်းများသည် နျိုအာ၏ ရင်ဘတ်ဆီသို့ တည့်မတ်စွာ ပြေးဝင်လာ၏။
နျိုအာ သတိပြန်ဝင် လာချိန်တွင် မီးတောက် လှိုင်းများအား ရှောင်ရန် အချိန်မမီတော့ပေ။
“ချီးတဲ့မှ ...”
“ဘုန်း ...”
မီးတောက် လှိုင်းများသည် တိုက်ပွဲဧရိယာ တစ်ခုလုံးအား ဖုံးလွှမ်းသွားကာ နျိုအာ၏ လက်နက်ဖြစ်သော တုတ်ရှည်ကိုပါ လောင်ကျွမ်းသွားသည်။ နျိုအာသည် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ၇မီတာ၊ ၈မီတာခန့်အကွာသို့ နောက်ပြန် လွင့်ထွက်သွားကာ လေထုထဲ၌ နှစ်ပတ်၊ သုံးပတ်မျှ ပတ်နေပြီးမှ မြေပြင်ထက်သို့ အရှိန်ပြင်းစွာ ပြုတ်ကျလာသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး မီးလောင်ရာများ ပြည့်နှက်နေပြီး တစ်ချက်တစ်ချက် ညည်းညူသံတို့ ထွက်လာသော်လည်း တဖြည်းဖြည်းနှင့် ထိုညည်းညူသံများ တိုးညင်း ပျောက်ကွယ်သွားတော့သည်။
‘ဘာဖြစ် သွားတာလဲ ...’
ယွင်ရိရွှမ် ခေါ်ဆောင်လာသည့် ဝတ်ရုံနက်များ သာမက ယဲ့မိသားစုဝင်များပင် တိုက်ခိုက် နေသည်တို့အား ရပ်တန့်ကာ ယဲ့ချန်နှင့် နျိုအာတို့ တိုက်ခိုက်ခဲ့သော နေရာသို့ လှည့်ကြည့် လာကြသည်။ ယခုအခါ အမွေးပွလေး မှုတ်ထုတ်ထားသော အဖြူရောင် မြူခိုးငွေ့များ ရှင်းလင်းနေပြီ ဖြစ်ရာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
နျိုအာကဲ့သို့ ကျွမ်းကျွင်အဆင့် ထျန်းချီအဆင့်၉ ကျင့်ကြံသူသည် ယဲ့ချန်လက်ထဲ၌ ရှုံးနိမ့်သွားခဲ့ ရသည်လား ...။
လူအားလုံးမှာ အတွင်းစိတ်ထဲမှ ထွက်ပေါ်လာသော ကြောက်ရွံ့ ထိတ်လန့်မှုအား စကားနှင့်ပင် မဖော်ပြနိုင်ပေ။ ယဲ့ချန်ကား ၁၇နှစ်သာ ရှိသေးသည်။
ဝတ်ရုံနက်များသည် ရုတ်တရက် စိတ်ဓာတ်များ ပျက်ပြား သွားသယောင် ခံစားလိုက်ကြရ၏။ မူလက သူတို့ဘက်၌ ထျန်းချီအဆင့်၉ ကျင့်ကြံသူ နှစ်ယောက် ရှိခဲ့သော်လည်း တစ်ယောက်မှာ ယဲ့ချန်လက်ထဲ၌ ရှုံးနိမ့်သွားရပြီ ဖြစ်ကာ ကျန်ရှိသည့် တစ်ယောက်ဖြစ်သော ယွင်ရိရွှမ်ကလည်း ယဲ့ချန်အား နိုင်ဖို့ မသေချာပေ။ ဤအခြေအနေ၌ သူတို့က ဆက်လက် တိုက်ခိုက်နေရန်ပင် အကြောင်းပြချက် မရှိတော့သလို တွေးမိလာကြသည်။
အချိန်အတော်ကြာ အတွေးများစွာဖြင့် လွန်ဆွဲနေပြီးမှ သူတို့ဘက်တွင် အဆင့်မြင့် ကျင့်ကြံသူအင်အား များနေသေးကြောင်း သတိရလိုက်၍ ယုံကြည်ချက် အနည်းငယ် ပြန်လည် ရရှိလာကြသည်။ သူတို့က မလိုအပ်သော အတွေးတို့အား ရှင်းထုတ်လိုက်ပြီး ယဲ့မိသားစုဝင် များကိုသာ ဖိအားပေး၍ တရစပ် တိုက်ခိုက် လိုက်ကြသည်။
ပတ်ဝန်းကျင် တစ်ခွင်တွင် တိမ်နီကောင်းကင်၏ မီးစမီးန အကြွင်းအကျန်တို့ ရှိနေသေးသည်။ ယဲ့ချန်သည် မျက်လုံးများ မှိတ်ထားဆဲ ဖြစ်ကာ မလှုပ်မယှက် ရပ်လို့နေသည်။ နောက်ဆုံး အသုံးပြုခဲ့သော တိမ်နီကောင်းကင်သည် သူ့တစ်ကိုယ်လုံးရှိ ထျန်းချီစွမ်းအင်များ သာမက တန့်ထျန်ထဲရှိ မီးစွမ်းအင်များကိုပင် ခန်းခြောက် သွားစေသည်။ ပီရှို့မှ ထောက်ပံ့ပေးနေသော ထျန်းချီများကို အငမ်းမရ စုပ်ယူရင်း ယဲ့ချန်သည် မလှုပ်မယှက် ရပ်နေခဲ့ခြင်း ဖြစ်၏။
ရုတ်တရက် ယဲ့ချန်၏ စွမ်းအင်စုံချက်၌ တစ်စုံတစ်ရာ ကျိုးပျက်သွား သကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာသည်။ အမွေးပွလေးသည် ယခုထက်ထိ မိန်းမောနေသော စိတ်အခြေအနေ၌ ရှိနေသည့် ယဲ့ချန်အား တိတ်ဆိတ်စွာသာ ကြည့်နေသည်။
နျိုအာ၏ ရှုံးနိမ့်မှုကြောင့် စိတ်ဓာတ်ပျက်ပြားစ ပြုနေကြသော ဝတ်ရုံနက်များသည် ယဲ့မိသားစုဝင်များ၏ ရွပ်ရွပ်ချွံချွံ စုပေါင်းတိုက်ခိုက်မှု အောက်တွင် တစ်စတစ်စ အရေးနိမ့် လာကြသည်။ ယွင်ရိရွှမ်သည် မီးကျွမ်းနေသော မြေကွက်လပ် အလယ်၌ တိတ်ဆိတ်စွာ ရပ်နေသော ယဲ့ချန်အားကြည့်ရင်း မသိစိတ်ထဲမှ ကြောက်ရွံ့မှုကြောင့် ကြက်သီးများ ထလာရသည်။ နျိုအာကဲ့သို့ အလွန်ရက်စက်ကြမ်းကြုတ်သူပင် ယဲ့ချန်လက်ထဲ၌ သေဆုံးခဲ့ရရာ သူသာဆိုလျှင် တွေးကြည့်စရာကို မလိုတော့ပေ။
အသက်၁၇ နှစ်မျှနှင့် ထျန်းချီအဆင့်၉ ထိပ်ဆုံးဆင့်မှ ကျင့်ကြံသူအား အနိုင်ယူနိုင်သူ ...။ တစ်ခါတရံ လောကကြီး၌ ဖြစ်နိုင်ချေမရှိသော အရာတို့ ဖြစ်ပျက်လေ့ ရှိတတ်သော်လည်း ဤသည်ကတော့ တော်တော်လေး လွန်ကဲလှသည်။
တဖြည်းဖြည်းနှင့် ယွင်ရိရွှမ်သည် ယဲ့မိသားစုဝင်တို့အား အမြစ်ဖြတ် သတ်ဖြတ်ရန် သူ၏တာဝန်အား မေ့လျော့ကာ သူ့အတွေးထဲ၌ ယဲ့ချန်သာ ရှိတော့သည်။ ယဲ့ချန်သည် မကြာသေးခင်ကမှ နျိုအာနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ထားရရာ အားအင်ပြတ်လပ် နေမည်မှာ သေချာသည်။ ယဲ့ချန်အား အလစ်အငိုက်ဖမ်းကာ သုတ်သင်ရန် ယခုထက် ပိုသင့်လျော်သော အချိန် မရှိနိုင်တော့ပေ။
ထိုသို့အတွေးနှင့် ယွင်ရိရွှမ်သည် လက်တစ်ဖက်၌ ချီထုထည် ဖြစ်တည်ခြင်း/ ကောင်းကင်ရိုက်ချက်အား ထုတ်ဖော်ရင်း ယဲ့ချန်အနီးသို့ တရွေ့ရွေ့ တိုးကပ် သွားလိုက်သည်။
ယွင်ရိရွှမ်က တဖြည်းဖြည်း ပို၍နီးကပ် လာသည့်တိုင် ယဲ့ချန်ကား လှုပ်ရှားမှု တစ်စိုးတစ်စိမျှ မရှိပေ။
“ချန်အာ ... သတိထား ...”
“ချန်အာ ...”
“အကိုချန် ...”
အားလုံး၏ စိုးရိမ်တကြီး အော်ဟစ် သတိပေးသံများဖြင့် ဆူညံသွားသည်။
ယွင်ရိရွှမ်၏ မျက်နှာပေါ်၌ ကောက်ကျစ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ယဲ့ချန်က နှိုင်းမရသော ပါရမီရှင်တစ်ဦး ဖြစ်နေလျှင်တောင် ဘာအရေးနည်း။ ယခု သူ့လက်ထဲ၌ သေရပေတော့မည်။
ထိုစဉ် ယွင်ရိရွှမ်သည် ယဲ့ချန်ပခုံးထက်ရှိ အမွေးပွလေးနှင့် အမှတ်တမဲ့ အကြည့်ချင်း ဆုံသွားကာ စိတ်ဝိညာဉ်ထဲသို့ တစ်စုံတစ်ရာက ထိုးဖော်ဝင်ရောက် သွားသလို ခံစားလိုက်ရပြီး အသိစိတ်တစ်ခုလုံး ဗလာဖြစ် သွားတော့သည်။
ယဲ့ချန်၏ မျက်လုံးများသည်လည်း အလင်းအလျင်ဖြင့် ပွင့်လာခဲ့သည်။ နျိုအာနှင့် တိုက်ပွဲပြီးနောက် ယဲ့ချန်သည် ထျန်းချီအဆင့်၇ ထိပ်ဆုံးဆင့်မှ ထျန်းချီအဆင့်၈သို့ ချိုးဖျက် ဝင်ရောက် သွားနိုင်ခဲ့သည်။ ယခုအခါ သူ့ခန္ဓာကိုယ်ထဲရှိ ထျန်းချီများသည် ပို၍ သိပ်သည်းအားကောင်း လာခဲ့ပြီး ထျန်းချီအဆင့်၉ ကျင့်ကြံသူ၏ တိုက်ခိုက်မှုကိုပင် ရင်ဆိုင်နိုင် လောက်သည့် ထျန်းချီ အကာအကွယ်မျိုး ဖန်တီးနိုင်နေပြီ ဖြစ်သည်။
သူနှင့် အလွန် နီးကပ်သော နေရာ၌ အမွေးပွလေး၏ ပုံရိပ်ယောင် ထောင်ချောက်မိကာ ကြောင်အနေသော ယွင်ရိရွှမ်အား မြင်လိုက်ရသည်တွင် ယဲ့ချန် မျက်မှောင်ကြုတ် လိုက်မိကာ ဘေးဘက်သို့ တိမ်းရှောင်လိုက်ပြီး ညာဘက်လက်၌ ထျန်းချီတို့အား စုစည်း၍ ယွင်ရိရွှမ်အား ရိုက်ထုတ်လိုက်၏။
ယွင်ရိရွှမ် သတိပြန်ဝင် လာသည့်အခါ ယဲ့ချန်က ဘာမှဖြစ်မသွားဘဲ သူသာလျှင် လေထဲသို့ ပျံတက်သွားရကြောင်း အံ့ဩဖွယ် သိလိုက်ရသည်။ ချီထုထည် ဖြစ်တည်ခြင်း/ ကောင်းကင် ရိုက်ချက်သည် ပြယ်ပျက်သွားရပြီ ဖြစ်ကာ သူ့ရင်ဘတ်၌ ယဲ့ချန်၏ လက်ဝါးရာကြီးက ရှိနေသည်။
ယဲ့ချန်သည် တစ်ချက်တည်းနှင့် ယွင်ရိရွှမ်၏ ထျန်းချီ အကာအကွယ်ကိုပါ ဖျက်ဆီးလိုက်ခြင်း ဖြစ်ကာ ယွင်ရိရွှမ်အဖို့ မသေလျှင်တောင် အလွန် ပြင်းထန်သော ထိခိုက်မှုကြောင့် နာလန် ထူနိုင်တော့မည် မဟုတ်ပေ။
ထိုအဖြစ်အပျက်အား မြင်လိုက်ရ သူတိုင်းသည် မြန်ဆန်လှသော အလှည့်အပြောင်းကြောင့် ဘာပြောရမှန်း မသိစွာ တိတ်ဆိတ် သွားကြသည်။ ယဲ့ချန်သည် ယွင်ရိရွှမ်ကိုလည်း တစ်ချက်တည်းနှင့် အနိုင်ယူ လိုက်ပြန်သည်။
ယဲ့မိသားစုဝင် အားလုံးတို့သည် ဝမ်းပန်းတသာဖြင့် အားရစွာ ရေရွတ် နေကြတော့သည်။
“ခေါင်းဆောင်က တကယ့်ကို တိုက်ပွဲနတ်ဘုရားပဲ ...”
“တိုက်ပွဲနတ်ဘုရား ...”
“အမှန်ပဲ ...”
ကျန်ရှိနေသော ဝတ်ရုံနက်များသည် ယခုအခါ အဖတ်ဆယ် မရအောင် စိတ်ဓာတ်ကျ သွားကြသည်။ သူတို့ဘက်မှ ထျန်းချီအဆင့်၉ ကျင့်ကြံသူ နှစ်ဦးလုံးသည် ရန်သူဘက်မှ ၁၇နှစ်သား လူငယ်လေး၏ လက်ထဲ၌ ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ရသည်။ ဝတ်ရုံနက်များသည် နှစ်ခါပင် မစဉ်းစားတော့ပဲ အသီးသီး လူစုခွဲကာ အသက်ရှင်နိုင်ရေး အတွက် ထွက်ပြေးကြတော့သည်။ ယဲ့မိသားစုမှ ဒဏ်ရာ သိပ်မပြင်းသော အဆင့််မြင့် ကျင့်ကြံသူတို့က ထိုဝတ်ရုံနက်များ နောက်မှ ဒေါသတကြီးဖြင့် လိုက်သွားကြ၏။
ယဲ့ချန်သည် ဘေးပတ်ပတ်လည်ရှိ အပျက်အစီးများကြားမှ ယဲ့မိသားစုဝင်များ၏ အသက်မဲ့နေသော ရုပ်အလောင်းတို့ကို ကြည့်ကာ အလွန် စိတ်မသက်မသာ ဖြစ်လာရသည်။ ယခင်က မိသားစုဝင်များ၏ ရယ်မောသံများ၊ တစ်ယောက်နှင့်တစ်ယောက် စနောက်ရင်း လေ့ကျင့်သံများ ဆူညံနေခဲ့သော ကွင်းပြင်သည် ယခုအခါ နေရာတိုင်း၌ သွေးစသွေးနများ၊ ပြိုလဲ ပျက်စီးမှုများနှင့် ပြည့်နှက်နေသည်။ အသက်ရှင် ကျန်ရစ်သော ယဲ့မိသားစုဝင်တို့သည် ဒဏ်ရာကိုယ်စီ ရထားကြသော်လည်း သူတို့၏ ယဲ့ချန်ထံ ကြည့်နေသော မျက်လုံးများထဲ၌ ပျော်ရွှင်မှုနှင့် မျှော်လင့်ချက် တစ်စွန်းတစ်စတို့ ရှိနေကြသည်။ ဤအချိန်မှစ၍ ယဲ့မိသားစုသည် ယွင်မိသားစု၏ ဖိနှိပ်မှုအောက်၌ ခေါင်းငုံ့နေစရာ မလိုတော့ပေ။ ယဲ့မိသားစုတွင် မမှန်းဆနိုင်သော အစွမ်းအစတို့ဖြင့် ခေါင်းဆောင်တစ်ဦး ရှိလာခဲ့ပြီ ဖြစ်သည်။
***