တိုက်ပွဲတစ်ခု၏ နောက်ဆက်တွဲများ
Vol. 5 Ch. 61
ဒဏ်ရာ ပြင်းထန်သော ယဲ့မိသားစုဝင်များအား ကျန်မိသားစုဝင်တို့က ကုသပေးရန် အလျင်အမြန် ပြင်ဆင်နေကြသည်။ အချို့သော မိသားစုဝင်တို့ကမူ သေဆုံးသွားသော ယဲ့မိသားစုဝင်များ၏ ရုပ်အလောင်းများကို ဖက်တွယ်ကာ ငိုကြွေးနေကြသည်။ ထိုမြင်ကွင်းကို ကြည့်ကာ အခြားသော မိသားစုဝင်များသည်လည်း ရင်ထဲ၌ ဆို့နင့်လာကြသောကြောင့် အလျင်အမြန် အကြည့်လွှဲ လိုက်ရသည်။
ယဲ့ချန်သည် ဖခင်ဖြစ်သူ လဲကျနေရာသို့ လျှောက်သွားလိုက်ပြီး ဘာမှမပြောမီ အရင်ဦးဆုံး သွေးခုန်နှုန်း စမ်းလိုက်သည်။ ယဲ့ကျန့်ထျန်း၏ အဓိက သွေးကြောမတို့သည် ပြင်းထန်သော ဒဏ်ရာ ဒဏ်ချက်များကြောင့် အနည်းငယ် ယိုယွင်းသွားကြဟန် ရကာ အတွင်းပိုင်း ထျန်းချီယိုစီးမှု ဖြစ်ပေါ်နေသည်။ ယဲ့ကျန့်ထျန်း၏ လက်ထဲ၌ ဆုပ်ကိုင်ထားသော ကျောက်စိမ်း လည်ဆွဲလေးကို မြင်သောအခါတွင် ယဲ့ချန်သည် ယဲ့လော့အား ပြောမပြတတ်အောင် ကျေးဇူးတင် သွားရသည်။ ထို့စဉ်တွင်ပဲ ယဲ့လော့သည် ယဲ့ချန်တို့သားအဖ ရှိရာသို့ လျှောက်လာ၏။
ယဲ့ကျန့်ထျန်း၏ တန့်ထျန်တစ်ခုလုံး ထျန်းချီ တစ်စက်တလေမျှ မရှိတော့ပဲ ခန်းခြောက်နေသည် ဖြစ်ရာ ယဲ့ချန်က လီရှုထံမှရရှိသော မိုးကြိုးအနှစ်သာရ ဆေးလုံးတစ်လုံးအား ထုတ်ယူကာ ယဲ့ကျန့်ထျန်းကို သောက်စေသည်။ ထို့နောက် ကမ္ဘာ့အနှစ်သာရ ဆေးလုံး တစ်လုံးကိုပါ တစ်ဆက်တည်း ထုတ်ယူလိုက်၏။
“ဒါကဘာလဲ ...”
ယဲ့ကျန့်ထျန်းသည် ယဲ့ချန်လက်ထဲရှိ အစိမ်းရောင် အဆင်းရှိသည့် ကမ္ဘာ့အနှစ်သာရ ဆေးလုံးအား ပဟေဠိဖြစ်စွာ ကြည့်ရင်းမေးသည်။
“ကမ္ဘာ့အနှစ်သာရ ဆေးလုံး ... အဖေ မြန်မြန်လေး သောက်လိုက်”
ယဲ့ချန်သည် သွေးအလိမ်းလိမ်း၊ ဒဏ်ရာ ဗရပွဖြင့် ချည့်နဲ့နေသော ဖခင်ကို မကြည့်ရက်တော့၍ စိတ်စောစွာ တိုက်တွန်းမိသည်။
ယဲ့ကျန့်ထျန်းကမူ ဆေးလုံးနာမည်အား သိလိုက်ရသည်နှင့် မျက်လုံးများ ပြူးကျယ်သွားကာ ယဲ့ချန်အား ကြည့်လာ၏။ သူ့တသက်၌ ထိုမျှ အဖိုးတန်သော ဆေးလုံးမျိုးကို သောက်ခွင့်ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
ယဲ့ချန်၏ အတင်းအကျပ် တိုက်တွန်းမှုအောက်တွင် ယဲ့ကျန့်ထျန်းသည် ကမ္ဘာ့ အနှစ်အသာရ ဆေးလုံးအား မဆိုင်းမတွ သောက်လိုက်ရပြီးမှ သိလိုသည့် မေးခွန်းတို့ကို မေးနိုင်တော့သည်။
“ချန်အာ ... မင်းအဘိုးရော ဘယ်မလဲ ... ဘာလို့ အတူတူ ပြန်မလာကြတာလဲ ...”
ယဲ့ချန်လည်း ထိုအခါမှ အဘိုးဖြစ်သူအား သတိရ သွားတော့သည်။ အစောပိုင်းက သူသည် ဖခင်ဖြစ်သူ၏ ဒဏ်ရာများနှင့် သေဆုံးသွားသော မိသားစုဝင်များ အတွက် ပူဆွေးနေရ၍ ယဲ့ချိန်ရွှမ်းအကြောင်း လုံးလုံးလျားလျား မေ့သွားခဲ့တာ ဖြစ်သည်။
“ကျွန်တော်နဲ့အဘိုး ယွင်မိသားစု ရဲတိုက်ကနေ ပြန်လာတော့ လမ်းမှာ ယွင်ရိရွှမ်ချန် ထားခဲ့တဲ့ လုပ်ကြံသူ သုံးယောက်နဲ့ တွေ့တယ် အဘိုးက အဲဒီသုံးယောက်နဲ့ တိုက်ခိုက်ရင်း ကျန်ခဲ့ပြီး ကျွန်တော့်ကို အရင်သွားခိုင်း လိုက်တာ ... အဖေ ဒီမှာ ခဏနေခဲ့ဦးနော် ကျွန်တော် အဘိုးဆီ လိုက်သွားလိုက်မယ် ...”
ယဲ့ချန် အတိုချုပ်၍ ရှင်းပြလိုက်သည်။
“ဒါဖြင့် မြန်မြန်သွားလေ ချန်အာ”
ယဲ့ကျန့်ထျန်းသည်လည်း ယဲ့ချိန်ရွှမ်း၏ လုံခြုံမှုအား စိုးရိမ်လာသောကြောင့် ယဲ့ချန် နောက်ဆံ မတင်းစေရန် ပြောလေသည်။
ယဲ့ချန် မတ်တတ် ထရပ်လိုက်သည့် အချိန်တွင်ပဲ ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရှုံးတို့၏ အော်လိုက်သံကို ကြားလိုက်ရသည်။
“ဦးလေးပြန်လာပြီ ...”
ယဲ့ချိန်ရွှမ်းသည် ရဲတိုက် ဂိတ်တံခါးအား အဆောတလျင် ဖြတ်ကျော် လာပြီးနောက် အတွင်းဘက်သို့ ရောက်သည့်အခါ လှုပ်ရှားမှု ကင်းမဲ့စွာ လဲကျနေသော ယွင်ရိရွှမ်ကို မြင်လိုက်ရသော် အတော်လေး အံ့အားသင့် သွားလေသည်။ သို့သော် တိုက်ပွဲမှာ အဆုံးသတ်သွားပြီ ဖြစ်၍ စိတ်သက်သာရာ ရသွားရသည်။
“ဦးလေး ... ဒဏ်ရာ ရထားတယ် ...”
ယဲ့ကျန့်ရှုံးသည် ယဲ့ချိန်ရွှမ်း၏ ဖြူဖျော့နေသော မျက်နှာကို သတိပြုမိ၍ စိုးရိမ်စွာ မေးလိုက်သည်။ မှန်ပေသည်။ ယဲ့ချိန်ရွှမ်း၏ အပေါ်ဝတ်ရုံစမှာ စုတ်ပြဲနေပြီး ပခုံးထက်၌ ဒဏ်ရာတစ်ခု ရှိနေပါ၏။ ယဲ့ကျန့်ရှုံးသည် ယဲ့ချိန်ရွှမ်းအား ကပျာကယာ တွဲကူပေးလိုက်ပြီး ဒဏ်ရာအား ကုသပေးရန် ပြင်လေသည်။
“ငါကကိစ္စမရှိဘူး တခြား လူတွေကိုသာ ကူညီပေးလိုက် ...”
ယဲ့ချိန်ရွှမ်းသည် ယဲ့ကျန့်ရှုံးအား တွန်းထုတ်ရင်း ဆို၏။
“အဘိုး ... ဒဏ်ရာကပြင်းလား ... အဆင်ရော ပြေရဲ့လား ...”
ယဲ့ချန်သည် ယဲ့ကျန့်ထျန်းအား ယဲ့လော့ထံ ခဏလက်လွှဲ ပေးခဲ့ပြီး ယဲ့ချိန်ရွှမ်းအနီးသို့ ရောက်လာကာ စိုးရိမ်တကြီး မေးမိသည်။ ပြောရလျှင် ထျန်းချီအဆင့်၉ စဦးအဆင့် သုံးယောက်သည် ယဲ့ချိန်ရွှမ်းအား ထိခိုက်စေလောက်အောင် အစွမ်းထက်မနေပေ။ သို့ရာတွင် ယဲ့ချိန်ရွှမ်း ဒဏ်ရာရလာပုံကို ထောက်လျှင် မထင်မှတ်ထားသော ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့ပုံ ရသည်။
"ယွင်မိသားစုက လွှတ်လိုက်တဲ့ အဲဒီကောင်တွေက လက်နက်တွေမှာ အဆိပ်သုတ် ထားကြပုံပဲ အဘိုး နည်းနည်း သတိလွတ်သွားလို့ ဒဏ်ရာရသွားတာပါ သူတို့ကိုမိတော့ မလို့ပဲ ဒါပေမဲ့ သူတို့လူတွေဘက်က အချက်ပြတာကို မြင်ပြီးတဲ့နောက် ထွက်ပြေးသွားကြတယ် အဘိုးလည်း ဒီကလူတွေကို စိတ်ပူနေတာနဲ့ ဆက်မလိုက်တော့ဘဲ လွှတ်ပေးလိုက်တယ်”
ယဲ့ချိန်ရွှမ်းက အဆင်ပြေကြောင်း အားတင်းကာပြုံးရင်း ပြောသည်။
ယွင်မိသားစုသည် ဤကိစ္စတို့အား ကြိုတင် စီစဉ်ထားခြင်း ဖြစ်ပုံရသည်။ သို့သော် သူတို့က ယဲ့ချန်သည် ယွင်ရိရွှမ်နှင့် နျိုအာတို့ကို သတ်ပစ်နိုင်လောက်အောင် အစွမ်းထက်လိမ့်မည် တွေးထားခဲ့ပုံတော့ မရပေ။
"ရဲတိုက်ကို လာတိုက်တဲ့ အထဲမှာ ယွင်မိသားစုက ဘယ်သူတွေ ပါသေးလဲ ...”
ယဲ့ချိန်ရွှမ်းက မေးသည်။
“ယွင်ရိရွှမ်က ဦးဆောင်လာပေမဲ့ သူနဲ့အတူ နျိုအာဆိုတဲ့ ထျန်းချီအဆင့်၉ ကျင့်ကြံသူ တစ်ယောက်လည်း ပါလာသေးတယ်”
ယဲ့ကျန့်လုံက ပြန်ဖြေသည်။
“ယွင်ရိရွှမ်နဲ့ နျိုအာ ...”
ယဲ့ချိိန်ရွှမ်းအား ကြည့်ရသည်မှာ တော်တော်လေး အံ့အားသင့်သွားပုံ ပေါ်၏။ နျိုအာသည် အနီးအနား တောင်တန်း ဒေသတွင် ကျက်စားသော သောင်းကျန်းသူ စစ်တပ်မှ ဖြစ်ကြောင်း ယဲ့ချိန်ရွှမ်းက သိထားသည်။ ထို့ပြင် နျိုအာသည် ထျန်းချီအဆင့်၉ ကျင့်ကြံသူများ ထဲတွင်မှ ဆရာကျသော ဝါရင့်သမ္ဘာရင့် ဖြစ်ကာ အလွယ်တကူ အနိုင်ယူနိုင်မည့်သူ မဟုတ်ပေ။
“နျိုအာကိုတောင် အနိုင်ယူနိုင်တယ် ဆိုတော့ ကျန့်ထျန်းက ဒီရက်ပိုင်းမှာ တော်တော် တိုးတက်ခဲ့ပုံပဲ”
ယဲ့ကျန့်ရှုံးနှင့် ယဲ့ကျန့်လုံတို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးမိကြသည်။ သူတို့မျက်နှာထက်ရှိ အလွန် ဂုဏ်ယူနေဟန် အမူအရာကို ကြည့်ကာ ယဲ့ချိန်ရွှမ်းပင် ဇဝေဇဝါ ဖြစ်သွားရ၏။
“ဦးလေးမှားနေပြီ တကယ်တမ်း နျိုအာကို အနိုင်ယူခဲ့တာက ချန်အာပါ အစ်ကိုကြီး မဟုတ်ဘူး”
"ချန်အာ ... ငါတို့ချန်အာက ယွင်ရိရွှမ်နဲ့နျိုအာ နှစ်ယောက်လုံးကို အနိုင်ယူခဲ့တာလား ...”
ယဲ့ချိန်ရွှမ်းသည် အသိစိတ်တစ်ခုလုံး ဗလာကျင်း သွားသကဲ့သို့ ခံစားလိုက်ရပြီး ယဲ့ချန်အား မယုံနိုင်စွာ ကြည့်လာကာ မေးသည်။
“တကယ်ပဲလား ချန်အာ ...”
ယဲ့ချန်က ပြုံးရင်း ပြန်ဖြေသည်။
“အဲဒါက တကယ်တော့ ဘာမှမဟုတ်ပါဘူး သူတို့ နှစ်ယောက်လုံးက ကျွန်တော့်ကို လျှော့တွက်ထားလို့ ကံကောင်းသွားပြီး အနိုင် ယူနိုင်ခဲ့ရုံပါ”
ထျန်းချီအဆင့်၇ ကျင့်ကြံသူ တစ်ယောက်မှ ထျန်းချီအဆင့်၈ ကျင့်ကြံသူ တစ်ယောက်ကို အနိုင်ယူရန်ပင် မလွယ်ကူရာ တစ်ဆင့်ကျော်၍ ထျန်းချီအဆင့်၉ ကျင့်ကြံသူကို အနိုင်ယူရန်မူကား ပိုလို့ပင် မဖြစ်နိုင်သေးသည်။ ထျန်းချီအဆင့်၉ ကျင့်ကြံသူ တစ်ယောက်တွင် ရှိသော ထျန်းချီ အကာအကွယ်သည် အောက်ပိုင်းဆင့်ရှိ ကျင့်ကြံသူများတွင် ရှိသော အကာအကွယ်ထက် အဆများစွာ ကြံ့ခိုင် အစွမ်းထက်သည်။ ထျန်းချီအဆင့်၉ ကျင့်ကြံသူ တစ်ယောက်အား အနိုင်ယူရန် ကံကောင်းရုံနှင့် မရပေ။ ထို့ပြင် ယဲ့ချန်က ထျန်းချီအဆင့်၉ ကျင့်ကြံသူ နှစ်ယောက်ကို ဆက်တိုက် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ ထိုသို့သော အလွန်အကျူး ကံကောင်းမှုမျိုး ဤလောက၌ အမှန်ပင် ရှိပေမည်လော။
ယဲ့ချိန်ရွှမ်းသည် မြေးဖြစ်သူအား အဓိပ္ပာယ်ပါပါနှင့် အတန်ကြာ စိုက်ကြည့် နေပြီးနောက် ဆိုလေသည်။
“ချန်အာ့ကြောင့်သာ မဟုတ်ရင် မိသားစုရဲ့ အနာဂတ်က မတွေးဝံ့စရာပဲ ချန်အာက မိသားစုရဲ့ ကယ်တင်ရှင်ပဲ လူတိုင်း နားထောင်ကြ ... ဒဏ်ရာပြင်းထန်တဲ့ သူတွေကို ဒဏ်ရာ သိပ်မပြင်းတဲ့ သူတွေက ကူညီပြီး ဆေးကုပေးဖို့ တာဝန်ယူကြ ... ဒဏ်ရာ လုံးဝမရတဲ့ သူတွေက တိုက်ပွဲမှာ သေဆုံးသွားတဲ့ မိသားစုဝင်တွေကို ကောင်းကောင်းမွန်မွန် မြှုပ်နှံပေးဖို့ တာဝန်ယူရမယ် ပြီးရင်လည်း နားဖို့အချိန်မရှိဘူး ပိုကြီးတဲ့တိုက်ပွဲက လာနေပြီ အားလုံးကြိုတင ်ပြင်ဆင်ကြရမယ် ...”
“နားလည်ပါပြီ ...”
ထို့နောက်တွင် မိသားစုဝင်များ အားလုံးတို့သည် ကိုယ်စီကိုယ်ငှ တာဝန်များ ခွဲဝေလိုက်ကြပြီး ဆေးကုသူကကု၊ မြေကျင်းများတူးရန် အသင့်ပြင်သူက ပြင်နှင့် ရဲတိုက်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။
ယဲ့ချန်သည်လည်း ကောင်းကင် ပထဝီအိတ် အတွင်းမှ ဆေးလုံးများကို ထုတ်ယူလိုက်ကာ ဆေးကုရန် တာဝန်ယူထား သူတို့ထံ လွှဲပြောင်းပေး လိုက်သည်။
“အဲဒါက ဘာဆေးတွေလဲ ... အရင်က မမြင်ဖူးသလိုပဲ”
ယဲ့ကျန့်လုံနှင့် အခြားလူများသည် ယဲ့ချန် ထုတ်ယူလာသော ဆေးလုံးများထဲ၌ ထူးခြားနေသော ကမ္ဘာ့အနှစ်သာရ ဆေးလုံးများကိုမြင်လျှင် သိလိုစွာနှင့် မေးလာကြသည်။
“အဲဒါတွေက ကမ္ဘာ့အနှစ်သာရ ဆေးလုံးတွေလေ ဆရာရွှမ်းယီကိုယ်တိုင် ဖော်စပ်ထားတာ ...”
ယဲ့ချိန်ရွှမ်းက ဝင်ဖြေပေးလိုက်လျှင် အားလုံးမှာ အံ့ဩမှုဖြင့် ခဏတာ ဆွံ့အသွားကြသည်။ အတိတ်က သူတို့အနေနှင့် ပိုင်ဆိုင်နိုင်သည့် အဆင့်အမြင့်ဆုံး ဆေးလုံးမှာ ချီအဆီအနှစ် ဆေးလုံးလောက်သာ ရှိသော်လည်း ယခုမူ အဆင့်၆ ဆေးလုံးဖြစ်သော ကမ္ဘာ့အနှစ်သာရ ဆေးလုံးကို မျက်စိရှေ့ တည့်တည့်၌ မြင်နေရသည်။ မည်သူက မအံ့ဩဘဲ နေနိုင်ပါမည်နည်း။
“ဒီကမ္ဘာ့အနှစ်သာရ ဆေးလုံးတွေက ... မဟုတ်မှလွဲရော ... ဦးလေးတို့ဖို့လား ...”
ယဲ့ကျန့်လုံက အတည်ပြုလိုဟန် မေးလာသည်။
“ကမ္ဘာ့အနှစ်သာရ ဆေးလုံး တစ်လုံးကတင် ချီစုဆောင်းဆေးလုံးတွေ အများကြီးနဲ့ လဲလှယ်လို့ရတယ် ဒီလိုဆို မိသားစုထဲက လူတွေအများကြီးလည်း သုံးနိုင်မယ်”
ယဲ့ကျန့်ရှုံးက သူ့အမြင်အား ဝင်ပြော၏။
“မဟာမိတ်သိုင်းပြိုင်ပွဲ အတွင်းမှာ ချန်အာက ဆရာရွှမ်းယီရဲ့ တပည့်ကြီး ဆရာလီ အာရုံစိုက်မိလောက်အောင် ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်ခဲ့တယ်လေ ဒီဆေးလုံးတွေက ဆရာလီကိုယ်တိုင် ချန်အာ့ကို လက်ဆောင်ပေးခဲ့တဲ့ ဆေးလုံးတွေပဲ ချန်အာက မင်းတို့ကို တစ်ဆင့်ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တယ် မင်းတို့အတွက်လည်း တကယ်လိုအပ်တဲ့ ဆေးလုံးတွေမလို့ ယူလိုက်ပါ”
ယဲ့ချိန်ရွှမ်းသည် ဆေးလုံးများအား သရဲသဘက် သဖွယ် ကြည့်လျက် အထိတ်လန့်ကြီး ထိတ်လန့်နေကြသော တူများကို ဆက်ကြည့် မနေနိုင်တော့၍ ဝင်ရောက် တိုက်တွန်းလိုက်ရ၏။
အတိတ်တစ်ချိန်က ယဲ့မိသားစုသာ ဆိုပါက ထိုသို့သော အဖိုးတန် ဆေးလုံးမျိုး ပိုင်ဆိုင်နိုင်ရန် အိပ်မက်ထဲ၌ပင် မဖြစ်နိုင်သော်လည်း ယဲ့ချန်တည်းဟူသော လာဘ်ကောင်လေးကြောင့် ပိုင်ဆိုင်ရဖို့ ဖြစ်လာချိန်၌ အခွင့်အရေးအား ဝမ်းမြောက်ဝမ်းသာ ဖမ်းဆုပ်ပြီး ကျင့်ကြံဆင့်ကို တိုးမြှင့်သင့်ပေသည်။ သို့မှသာ မိသားစုအတွက် လိုအပ်လာသည့် အချိန်တွင် ရှေ့ဆုံးမှနေ၍ ရပ်တည်ပေးနိုင်မည် ဖြစ်သည်။
ယဲ့ကျန့်ထျန်း၊ ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရှုံးတို့အား တစ်လုံးစီ ပေးပြီးသည့်နောက် ယဲ့ချန်ထံတွင် ကမ္ဘာ့အနှစ်သာရ ဆေးလုံး တစ်လုံး ကျန်နေသေးသည်။ ယဲ့ချန်သည် တစ်ချိန်လုံး တိတ်ဆိတ်စွာ ရှိနေခဲ့သော ယဲ့လော့အား ကြည့်လိုက်မိ၏။
“လော့အာ ... ဒါကိုယူလိုက်”
ယဲ့ချန်သည် ယဲ့လော့ထံ လျှောက်သွားကာ ဆေးလုံးအား သူမလေး၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
“အကိုချန် ... လော့အာအတွက် ဒီလိုဆေးလုံးမျိုး မလိုပါဘူး”
ယဲ့လော့သည် မျက်ရည်စလေးများ လဲ့နေသော မျက်လုံးများဖြင့် ယဲ့ချန်အားကြည့်ကာ ဆိုသည်။ ယဲ့ချန် အသက်ရှင်လျက် ပြန်ရောက် လာခြင်းကပင် သူမအတွက် အဖိုးမဖြတ်နိုင်သော ဆုလာဘ်တစ်ခု ဖြစ်နေခဲ့ပြီး ဖြစ်သည်။
ယဲ့ချန် မည်မျှပင် တိုက်တွန်းပါစေ၊ ယဲ့လော့ကား ကမ္ဘာ့အနှစ်သာရ ဆေးလုံးအား လုံးဝလက်မခံပေ။ ထိုဆေးလုံးက သူမအတွက် အမှန်တကယ် မလိုအပ်ခြင်းလည်း ဖြစ်နိုင်သည်မို့ ယဲ့ချန်က ထပ်မတိုက်တွန်းတော့ပေ။ ကျောက်စိမ်း လည်ဆွဲအား နမူနာကြည့်လျှင် ယဲ့လော့တွင် အထောက်အပံ့ ပစ္စည်းများ မရှားပါးကြောင်း သိသာသည်။ ထို့ကြောင့် ယဲ့ချန်က ထိုဆေးလုံးအား ယဲ့ချိန်ရွှမ်းထံ အပ်လိုက်ရာ ယဲ့ချိန်ရွှမ်းက မိသားစုထဲတွင် ယဲ့ကျန့်ထျန်း၊ ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရှုံးတို့ပြီးလျှင် အစွမ်းအထက်ဆုံး ဖြစ်သော ယဲ့ကျန့်ရင်ကို ပေးလိုက်သည်။
ထို့နောက် ယဲ့ချန်သည် ခြင်ဆီ သန့်စင်ဆေးလုံး နှစ်လုံးကို ယဲ့ရွှမ်နှင့် ယဲမုန့်တို့အား တစ်လုံးစီ ခွဲပေးလိုက်သည်။ ယဲ့မုန့်သည် တိုက်ပွဲအတွင်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့သော်လည်း ထိုဒဏ်ရာတို့မှာ ကျင့်ကြံခြင်း လမ်းစဉ်အပေါ် များစွာ မသက်ရောက်၍ တော်သေးပေသည်။
“ကျွန်တော့်မှာ ချီစုဆောင်း ဆေးလုံးတွေနဲ့ ချီအဆီအနှစ် ဆေးလုံးတွေ ကျန်နေသေးလို့ အဘိုးကို ပေးထားမယ် အဘိုးဘာသာ သင့်လျော်သလိုသာ စီစဉ်လိုက်ပါ”
“ကျန်သေးတယ်လား ... ဒီလောက်များတဲ့ ဆေးလုံးတွေကို ဘယ်ကနေများ ရခဲ့တာလဲ ...”
ယဲ့ချိန်ရွှမ်းသည် ယဲ့ချန် ကမ်းပေးနေသော ကောင်းကင် ပထဝီအိတ်အား ယူကြည့်မိလျှင် အထဲ၌ ထောင်ဂဏန်းခန့် ရှိသော ချီစုဆောင်း ဆေးလုံးများနှင့် ချီအဆီအနှစ် ဆေးလုံးများကို တွေ့လိုက်ရ၍ အံ့ဩသွားကာ မေးသည်။ ဆရာလီသည် ယဲ့ချန်အား အလွန်နှစ်သက် သဘောကျသည် ဆိုဦးတော့၊ ထိုမျှများပြားလှသော ပမာဏရှိသည့် ဆေးလုံးများကိုတော့ လက်ဆောင်အဖြစ် မပေးလောက်တာ သေချာ၏။
***