← Chapters

အခွင့်အခါသင့်

Vol. 5 Ch. 62

အခွင့်အခါသင့်

Vol. 5 Ch. 62

"ယွင်မိသားစုဆီက ရခဲ့တာ.."

ယဲ့ချန်လည်း ရှက်အမ်းအမ်းဖြင့် ဝန်ခံလိုက်ရသည်။ ထို့နောက် အင်္ကျီ လက်အိုးထဲတွင် ထည့်လာခဲ့သော ကျင့်စဉ်စာအုပ်များကိုပါ အဘိုးဖြစ်သူထံ ထုတ်ပေးလိုက်၏။

"အဘိုး ... ဒါတွေက ကောင်းကင် ဖွဲ့စည်းခြင်းကျမ်း၊ ချီထုထည် ဖြစ်တည်ခြင်း / ကောင်းကင် ရိုက်ချက်နဲ့ အစစ်အမှန် ယန်ဝိရောဓိ ပညာရပ်တွေရဲ့ လက်ရေးမူတွေပါ ကျွန်တော်တို့ မိသားစုကလူတွေ လေ့ကျင့်လို့ရနိုင်မလား ဆိုတာ တစ်ချက် ကြည့်ကြည့်ပါဦး"

ယဲ့ချန်၏ စကားအဆုံးတွင် ဘေးပတ်လည်ရှိ လူများသည် မျက်လုံးများ ပြူးလျက် သူ့အား ဝိုင်းကြည့်မိကြသည်။ ဤရက်ပိုင်းအတွင်း ယဲ့ချန်မှ သူတို့အား ပေးနေသော အံ့ဩစရာ ကိစ္စရပ်များမှာ အဆုံးမရှိတော့သည့် အလား ထင်မှတ်ရသည်။

"ယွင်မိသားစုက ပစ္စည်းတွေကို ခိုးလာခဲ့တာလား ဟုတ်လား ချန်အာ"

ယဲ့ချိန်ရွှမ်းသည် ဖြစ်နိုင်ချေရှိသော အဖြေတစ်ခုအား ရရှိရန် အချိန်အတော်ကြာ စဉ်းစားလိုက် ရသည်။ သူသည် အံ့ဩစွာဖြင့် ယဲ့ချန်လက်ထဲရှိ စာအုပ်များကို စစ်ဆေးကြည့်သော် ထိုစာအုပ်များမှာ အမှန်ပင် ယွင်မိသားစု၏ ကျင့်စဉ်စာအုပ်များ ဖြစ်နေသည်။

"အမှန်ပါပဲ"

ယဲ့ချန်သည် အမွေးပွလေး၏ စွမ်းရည်များနှင့် ပတ်သက်၍ မပေါက်ကြား စေလိုသောကြောင့် သူကိုယ်တိုင်သာ မျက်နှာပူပူဖြင့် ခေါင်းခံလိုက်ရသည်။

ယဲ့ချန်ထံမှ ဝန်ခံသံကို ကြားပြီးသည့်နောက် ယဲ့ချိန်ရွှမ်း၏ မျက်နှာ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားသည်။ အတန်ကြာသည့်နောက် ယဲ့ချိန်ရွှမ်းသည် ဝါးလုံးကွဲ ရယ်ချလိုက်ပါ၏။

"ကောင်းတယ် ... သိပ်ကောင်းတယ် ... အခုလောက်ဆို ယွင်ရိရန်တစ်ယောက် ကောင်းကင်ကိုတောင် တုတ်နဲ့ထိုး ရလောက်အောင် ဒေါသ ထွက်နေလောက်ပြီ ..."

ယဲ့ချိန်ရွှမ်းသည် ပြောနေရင်း၊ ပြောနေရင်းဖြင့် ရယ်ချင်စိတ်အား မထိန်းနိုင်ဟန်ဖြင့် ထပ်မံ၍ ရယ်ချ လိုက်ပြန်သည်။ အချိန်အတော်ကြာ အားရပါးရ ရယ်နေခဲ့ပြီးသည့်တိုင် ယဲ့ချိန်ရွှမ်းမှာ မရပ်တန့်နိုင်သေး။ သူသည် ဤနှစ်ပိုင်းများ အတွင်း အားရပါးရ မရယ်ခဲ့ရသမျှ အတိုးချ ရယ်လိုက်ဟန်ရကာ ပါးများပင် ညောင်းလာသည်အထိ ရယ်ပြီးမှ ရပ်တန့်နိုင်တော့သည်။

အကြောင်းစုံကို နားလည် သွားသည့်နောက် ကျန်မိသားစုဝင် များသည်လည်း ယဲ့ချန်၏ လုပ်ရပ်အပေါ် ချီးကျူးထောပနာ ပြုလာကြသည်။ သူတို့အားလုံးသည် ယွင်မိသားစု၏ နှစ်ပေါင်းများစွာ ဖိနှိပ်လာမှုကိုသာ ခံလာခဲ့ကြရရာ ယွင်မိသားစုအား ဤသို့ ကွက်ကျော်ရွှေ့နိုင်မည့် နေ့မျိုး ရောက်လာဖို့ရာ မျှော်လင့်နေကြသူများ ဖြစ်လေသည်။

"ဒီကျင့်စဉ် စာအုပ်တွေကို လေ့လာပြီး အားနည်းချက်တွေကို ရှာ​ဖွေနိုင်ရင် နောက်တစ်ခေါက် ယွင်မိသားစုနဲ့ တိုက်ပွဲမှာ အကျိုးကျေးဇူးရမှာ သေချာတယ် ဒါ့အပြင် ကျင့်စဉ်ထဲက အားနည်းချက်တွေကို ရှောင်ကွင်းပြီး လေ့ကျင့်နိုင်ရင် ဒါက ကျုပ်တို့အတွက် နှစ်ထပ်ကွမ်း အမြတ်ပဲ ..."

ယဲ့ကျန့်လုံက ပြောသည်။

အချိန်ခဏမျှ အနားယူ ပြီးသည့်နောက် အတန်ငယ် သက်သာလာသော ယဲ့ကျန့်ထျန်းကလည်း ဝင်ပြောလာသည်။

"ချန်အာ ... လုပ်တာကောင်းတယ် ..."

"အဖေက ဒဏ်ရာအများကြီး ရထားတာ လုံလုံလောက်လောက် အနားယူသင့်တယ်"

ယဲ့ချန်သည် ယဲ့လော့အား ကြည့်ကာ အကူအညီ တောင်းလိုက်သည်။

"လော့အာ ... အဖေ့ကို အစ်ကို့အစား ဂရုစိုက်ပေးပါဦး အစ်ကိုက တခြားသူတွေကို ကူညီဖို့ရှိသေးတာမလို့.."

"စိတ်ချပါအကိုချန် လော့အာ သေချာဂရုစိုက် ထားလိုက်ပါ့မယ်"

ယဲ့လော့က နူးညံ့စွာပြုံးလျက် ခေါင်းညိတ်သည်။

ယဲ့ကျန့်ထျန်းလည်း ငြင်းမနေတော့ပေ။ သူ့ဒဏ်ရာ အခြေအနေနှင့် ဤနေရာ၌ ကူညီနိုင်သောအရာ မရှိရာ ယဲ့လော့၏ ကူတွဲပေးမှုဖြင့် ကိုယ်ပိုင်ခြံဝင်း ဆီသို့သာ ပြန်သွားလိုက် ရတော့သည်။

ဒဏ်ရာ မပြင်းထန်သော အကြီးအကဲများ၊ မိသားစုဝင်များသည် တက်ညီလက်ညီဖြင့် ရဲတိုက်ထဲရှိ အပျက်အစီးများအား ရှင်းလင်းနေကြသည်။ ဒဏ်ရာ ပြင်းထန်သူများကမူ ဆေးကုသမှု ခံယူနေကြ၏။ ယဲ့ချန်က ဒဏ်ရာ ပြင်းထန်သူများအား တစ်ယောက်လျှင် ချီအဆီအနှစ် ဆေးလုံး တစ်လုံးကျစီ ပေးလိုက်ပြီး သူ့အကိုများဖြစ်သော ယဲ့ဖုန်းနှင့် ယဲ့မူတို့ကို နှစ်လုံးစီ ပိုပေးလိုက်သဖြင့် ပြန်လည်ကုစားရာ၌ ပို၍ မြန်ဆန်သွားသည်။

ယွင်မိသားစု ရဲတိုက်၌။

ယွင်ရိရန်သည် တိတ်တဆိတ် လွှတ်ထားခဲ့သော လူယုံတော်ထံမှ ယွင်ရိရွှမ်နှင့် နျိုအာတို့ သေဆုံးကြောင်း သတင်းကို လက်ခံရရှိခဲ့သည်။ ယွင်ရိရန်၏ မျက်လုံးများမှာ နီရဲနေပြီး လက်သီးတင်းတင်း ဆုပ်ထား၏။ သူ၏ ယဲ့မိသားစုအား အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်မည့် အစီအစဉ်မှာ ပျက်စီး သွားရသည့်အပြင် အရည်အချင်း ရှိသည့် ထျန်းချီအဆင့်၉ ကျင့်ကြံသူ နှစ်ယောက်ကိုပါ ဆုံးရှုံးခဲ့ရသည်။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်မှာ သူ၏ သွေးရင်းညီလေး ဖြစ်နေသေးသည်။

"ယဲ့ချန်ကိုယ်တိုင် ရိရွှမ်နဲ့ နျိုအာကို သတ်ခဲ့တယ်ဆိုတာ မင်းမျက်လုံးတွေနဲ့ သေချာ မြင်ခဲ့တာလား"

ယွင်ရိရန်သည် မယုံနိုင်သေးစွာဖြင့် နောက်တစ်ကြိမ် ထပ်မေး၏။

"ဒုခေါင်းဆောင်တို့ လူစု ယဲ့မိသားစု ရဲတိုက်ထဲကို ဝင်သွားကတည်းက ကျုပ် မျက်ခြည်မပြတ် စောင့်ကြည့် နေခဲ့တာပါ ယဲ့ချန်ကိုယ်တိုင် ဒုခေါင်းဆောင်နဲ့ နျိုအာကို သတ်ခဲ့တာ လုံးဝ သေချာပါတယ်"

လူယုံတော်သည် ယွင်ရိရွှမ်၏ ပေါက်ကွဲလုဆဲဆဲ အခြေအနေကြောင့် စကား တစ်လုံးချင်းစီအား အမှားမပါစေရန် သတိထားကာ ပြောနေရသည်။

"အဲဒီလို ဆိုရင်တောင် ကြိုးစားမကြည့်ဘဲနဲ့ ယဲ့ချန်ဆိုတဲ့ ကောင်စုတ်လေး လက်အောက်မှာ အရှုံးမပေး လိုက်နိုင်ဘူး ..."

ယွင်ရိရွှမ်သည် လက်တစ်ခုလုံးရှိ အရိုးများ ကျိုးကြေသွားပြီလား မှတ်ရအောင် လက်သီးအား တင်းကျပ်စွာ ဆုပ်ထားရင်း အော်လိုက်၏။ သူသည် အတတ်နိုင်ဆုံး စိတ်လိုက်မာန်ပါ မဆုံးဖြတ်မိစေရန် စိတ်ခံစားချက်တို့အား ထိန်းချုပ် နေသော်လည်း အတော်ကြာမှ တည်ငြိမ်အောင် ထိန်းချုပ် လိုက်နိုင်သည်။

ယဲ့မိသားစုတွင် ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းအပြင် ထျန်းချီအဆင့်၉ ကျင့်ကြံသူများနှင့် လက်ရည်တူ ယှဉ်ပြိုင်နိုင်သော ယဲ့ချန်ပါ ရှိလာပြီဖြစ်ရာ အလွန် ကိုင်တွယ်ရ ခက်ပေတော့မည်။

ယွင်ရိရန်သည် အပြင်ဘက်၌ ယဲ့ချန်အား မည်မျှကျိန်ဆဲ နေပါစေဦး၊ အတွင်းစိတ်ထဲ၌ ထိုကောင်စုတ်လေး အကြောင်း တွေးမိရုံနှင့် ကြက်သီးထမိသည်။ ထိုကောင်စုတ်လေး၌ ဖုံးကွယ်ထားသော စွမ်းရည်တို့ ဘယ်လောက်များများ ရှိနေဦးမည်ကို မသိရပေ။ ဧကရာဇ် မင်ဝူသည်ပင် ထိုအရွယ်က ဤမျှကြောက်စရာ ကောင်းအောင် အစွမ်းမထက်ခဲ့တာ သေချာသည်။

တစ်ချိန်က ယွင်ရိရန်၏ ဘယ်လက်ရုံးနှင့် ညာလက်ရုံး သဖွယ် ဖြစ်ခဲ့သော ရန်ယင်းနှင့် ချင်ယွိတို့မှာ ယခုအခါ ဘယ်ဆီဘယ်ဝယ် ရောက်နေမှန်းကို မသိရတော့ပေ။ ဒုတိယမင်းသား ပို့ပေးထားခဲ့သော ထျန်းချီအဆင့်၉ ကျင့်ကြံသူ သုံးယောက်ထဲမှ နှစ်ယောက်မှာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားသည်။ ယွင်ရိရန်တွင် ရွေးချယ်စရာ မရှိတော့သော်လည်း သေခြင်းတရားက တံခါးဝထိ ရောက်လာမည့်အချိန်ကို ထိုင်စောင့် မနေနိုင်ပါ။ အပြန်ပြန် အလှန်လှန် တွေးတောပြီးနောက် ယွင်ရိရန်သည် ဖြစ်ရပ် အလုံးစုံအား ဒုတိယ မင်းသားထံသာ တင်ပြရန် ဆုံးဖြတ်လိုက်သည်။ ဒုတိယမင်းသားမှ အဆင့်မြင့် ကျင့်ကြံသူများ ထပ်ပို့ပေး လာလျှင်တော့ အကောင်းဆုံး ဖြစ်သည်။ ဤအတောအတွင်း၌ ယွင်မိသားစု၏ လုံခြုံရေးစနစ်အား တိုးမြှင့်ထား ရပေမည်။ ယဲ့မိသားစုမှ မထင်မှတ်ဘဲ ရုတ်တရက် တိုက်ခိုက် မလာပါဘူးဟု ပြောမရပေ။

နေ့လယ်ခင်း တစ်ခုလုံး အလုပ်ရှုပ် နေပြီးနောက် ယဲ့မိသားစုဝင်များသည် ရဲတိုက်ထဲရှိ အပျက်အစီးများအား ရှင်းလင်းပြီးဖြစ်၍ အနားယူနိုင် တော့သည်။ ရဲတိုက်ထဲရှိ ဖရိုဖရဲ အခြေအနေမှာလည်း တည်ငြိမ်သွားပြီဟု ဆိုနိုင်သည်။

ထို့နောက်တွင် ယဲ့မိသားစု ပင်မခန်းမထဲ၌ ဆွေးနွေးပွဲ တစ်ခု ကျင်းပမည်ဖြစ်ကာ ထျန်းချီအဆင့် ၆နှင့်အထက် ကျင့်ကြံသူများထဲမှ ဒဏ်ရာ မပြင်းထန်သော မည်သူမဆို တက်ရောက်ရသည်။

ယဲ့ချိန်ရွှမ်းသည် ယဲ့ချန်အား ယဲ့ကျန့်ထျန်း၏ ထိုင်ခုံ၌ ထိုင်စေသည်။ ယခု တစ်ခေါက်သည် ယဲ့ချန်အတွက် မိသားစုခေါင်းဆောင် အဖြစ် အတိအလင်း တာဝန်ယူရသည့် ဆွေးနွေးပွဲလည်း ဖြစ်ရာ ယဲ့ချန်က အတန်ငယ် အသားမကျ ဖြစ်နေရသည်။ ယဲ့ချန်၏ လက်ရှိ အဆင့်အတန်းသည် ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းတို့နှင့် တစ်တန်းတည်း ရှိနေသည်။

"ခေါင်းဆောင်ဟောင်း ... ခေါင်းဆောင် ... ကျုပ်တို့အနေနဲ့ ယွင်မိသားစုကို တိုက်ရိုက် သွားတိုက်သင့်ပါတယ်"

မိသားစုဝင်များထဲမှ စိတ်ဆတ်သူ တစ်စုက အသီးသီး တင်ပြလာကြသည်။

"ယွင်မိသားစု ကတောင် ကျုပ်တို့ကို အလစ်အငိုက် တိုက်လာသေးတာပဲ ကျုပ်တို့သာ မတုံ့ပြန်ဘဲ ငြိမ်နေရင် သူတို့လုပ်သမျှ ငြိမ်ခံနေတယ်လို့ ထင်သွားလိမ့်မယ်"

"ယွင်မိသားစုက ထျန်းချီအဆင့်၉ နှစ်ယောက် သေသွားတယ် ဆိုပေမဲ့ တိုက်ပွဲကနေ လွတ်သွားတဲ့ ထျန်းချီအဆင့်၉ ဝတ်ရုံနက် သုံးယောက် ရှိနေသေးတယ် သူတို့က ဘယ်အဖွဲ့အစည်းက လူတွေမှန်းလည်း မသိရသေးဘူး ယွင်ရိရန်ကိုယ်တိုင် တိုက်ပွဲထဲမှာ ပါလာရင် နှစ်ဖက်လုံး အထိအခိုက် များရလိမ့်မယ် ကျုပ်ကတော့ ခေါင်းဆောင်တို့ကို စိတ်လိုက်မာန်ပါ မဆုံးဖြတ်စေချင်ဘူး"

နောက်ထပ် မိသားစုဝင် တစ်ယောက်က ချက်ကျလက်ကျ ဝင်ပြောလာ၏။

"မင်းက ကြောက်နေတာလား"

"ဘာလို့ ငါကကြောက်ရမှာလဲ ... မိသားစုအတွက် တိုက်ခိုက်ရင်း သေရမဲ့အရေးမှာ ကြောက်နေစရာ ဘာမှမရှိဘူး ဒါပေမဲ့ အကျိုးမဲ့သက်သက် ပေးဆပ်လိုက်ရမဲ့ မိသားစုဝင်တွေရဲ့ အသက်ကို ထည့်တွေးဖို့လိုတယ် အခုနေသာ ယွင်မိသားစုကို သွားတိုက်ရင် ငါတို့ဘက်ကရော လူဘယ်လောက်တောင် သေလိုက်မလဲ မင်းစဉ်းစားကြည့်စမ်း ..."

မိသားစုဝင်များ အချင်းချင်း စတင်ကာ အငြင်းပွား ကြတော့သည်။ အားလုံးတွင် ကိုယ်ပိုင် ရပ်တည်ချက်နှင့် ကိုယ်ပိုင် ယုံကြည်ချက်များ ရှိနေကြသည်ဖြစ်ရာ ဘယ်သူမှ မမှားသည့်တိုင် မှန်သည်ဟုလည်း မဆိုနိုင်ပြန်ပေ။

"ဘယ်လိုထင်လဲ ချန်အာ"

ယဲ့ချိန်ရွှမ်းက ယဲ့ချန်၏အမြင်အား မေးသည်။

ယဲ့ချိန်ရွှမ်း စကားစပြော လိုက်သည့် အချိန်တွင် ငြင်းခုံ နေကြသည့် မိသားစုဝင်များ အားလုံး ရပ်တန့်သွားကြကာ ယဲ့ချန်ထံ ကြည့်လာကြသည်။ ခန်းမထဲ၌ အပ်ကျသံမျှ မကြားရလောက်အောင် တိတ်ဆိတ်သွား၏။ ယဲ့ချန်သည် လက်ရှိမိသားစု ခေါင်းဆောင် ဖြစ်သည်။ ထို့ကြောင့် ယဲ့ချန်၏ ဆုံးဖြတ်ချက်က မည်သို့ဖြစ်ပါစေ မိသားစုဝင်များ အားလုံးက ငြင်းဆန်ခြင်း မရှိဘဲ လိုက်နာကြရမည် ဖြစ်သည်။ ထိုသည်ကပင် ယဲ့မိသားစု၏ ခေါင်းဆောင် တစ်ယောက်တွင် ရှိသော တစ်သွေး၊ တစ်သံ၊ တစ်မိန့် အာဏာ ဖြစ်သည်။

မိသားစုဝင်များ၏ စိတ်အား ထက်သန်စွာ စောင့်ဆိုင်း နေကြသော အမူအရာများကို ကြည့်ကာ ယဲ့ချန်သည် ဤအချိန်၌ သူ့ဆုံးဖြတ်ချက်မှာ မည်မျှ အရေးပါကြောင်း နားလည်လာရသည်။

"အဆင်ပြေတယ် ချန်အာ ဆုံးဖြတ်ထားတဲ့ အတိုင်းသာ ပြောလိုက်"

ယဲ့ချိန်ရွှမ်းက ပြောသည်။

"ကျွန်တော်တို့ အနေနဲ့ အခွင့်အခါသင့်တဲ့ အချိန်ကို စောင့်ဖို့လိုတယ် အခုအနေအထားမှာ ယဲ့မိသားစုက ယွင်မိသားစုကို အသာစီး ရထားတယ် ဆိုပေမဲ့ အဘိုးနဲ့ အဖေတို့ ကမ္ဘာ့အနှစ်သာရ ဆေးလုံးရဲ့ အစွမ်းကို ပြည့်ပြည့်ဝဝ စုပ်ယူပြီးတဲ့အထိ စောင့်ပြီးမှ ယွင်မိသားစုကို သွားတိုက်ဖို့ စီစဉ်သင့်တယ် ဒါ့အပြင် နှစ်လအတွင်း လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်ထဲက တခြား အိမ်တော်တွေဆီ စာပို့ပြီး ရနိုင်သလောက် စစ်ကူတွေကို စုဆောင်းရမယ် ကျွန်တော်တို့ဘက်မှာ ကူညီမဲ့သူ များလေလေ မိသားစုရဲ့ လုံခြုံရေးအတွက် စိတ်ချရလေလေပဲ နောက်နှစ်လ အကြာမှာ ဒုတိယမင်းသားရဲ့ အကောင်းဆုံး စစ်သည်တော်တွေ ယဲ့မိသားစုရဲ့ တံခါးဝအထိ ရောက်လာရင်တောင် ယဲ့မိသားစုဝင်တွေကို လက်ဖျားနဲ့တောင် မထိခိုက်စေရဘူး"

မိသားစုဝင်များသည် ယဲ့ချန်၏ ဆုံးဖြတ်ချက်အား လေးလေးနက်နက် သုံးသပ်နေကြ၏။

"ချန်အာပြောတာ မှန်တယ် ငါတို့အနေနဲ့ အခွင့်အခါသင့်တဲ့ အချိန်ကို စောင့်ဆိုင်းသင့်တယ် လာမဲ့နှစ်လ အတွင်း မင်းတို့အားလုံး ပြင်းပြင်းထန်ထန် လေ့ကျင့်ကြပါ ယွင်မိသားစုနဲ့ တိုက်ခိုက်တဲ့ အချိန်ကျရင် ထျန်းချီအဆင့်၈ ကျင့်ကြံသူတွေ များများ လိုအပ်တယ် ..."

ယဲ့ချိန်ရွှမ်းက မိသားစုဝင်များ အားလုံးအား တင်းကျပ်စွာ သတိပေးလိုက်သည်။

***

All Chapters