← Chapters

လောကအမျက်

Vol. 5 Ch. 63

လောကအမျက်

Vol. 5 Ch. 63

ယဲ့ချိန်ရွှမ်း၏ စကားက အငြင်းအခုံ ပြုနေသူများ အားလုံးကို အဆုံးအဖြတ် ပေးလိုက်သလို ရှိသည်။ ဘယ်သူကမှ ထပ်မံ အတွန့်တက်လာခြင်း မရှိတော့ပေ။

"မင်းတို့တွေ ခန်းမထဲ စဝင်လာကတည်းက တရစပ် ငြင်းခုံ နေလိုက်ကြတာ ငါပြောမဲ့စကားတောင် မေ့သွားရတယ် မင်းတို့အားလုံးကို သတင်းကြီးတစ်ခု ကြေညာစရာရှိတယ် လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်ရဲ့ မဟာမိတ် သိုင်းပြိုင်ပွဲအတွင်းမှာ ချန်အာက ဆရာလီရဲ့ စမ်းသပ် စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့တယ် ဆရာလီက ချန်အာရဲ့ ပါရမီကို နှစ်သက် သဘောကျတဲ့အတွက် ဆရာရွှမ်းယီရဲ့ ကျောင်းတော်မှာ တပည့်ခံနိုင်အောင် ထောက်ခံပေးလိမ့်မယ် နောက်ဆုံးတော့ ငါတို့မိသားစုမှာ ဆေးဝါးပညာရှင် တစ်ယောက် ရှိလာနိုင်တော့မယ် ..."

ယဲ့ချိန်ရွှမ်းသည် ထိုအကြောင်းအရာအား ကြေညာနေချိန်၌ ဂုဏ်ယူမှုနှင့် ဝမ်းမြောက်မဆုံး ဖြစ်နေမှုတို့ ပေါင်းစပ် ပျော်ဝင်နေပြီး စိတ်ဂနာမငြိမ်ဖြစ်ကာ ပီတိဖြာလျက် ရှိသည်။

ခန်းမထဲရှိ လူအုပ်ကြီးမှာ အံ့ဩမှုဖြင့် တိတ်ဆိတ် သွားကြသည်။ ဆေးဝါးပညာရှင်။ သူတို့သည် ထိုမျှကြီးမားသော သတင်းအား ယုံကြည် လက်ခံနိုင်ရန် အချိန်အတန်ကြာ ယူလိုက်ရသည်။ ရှီဝူအင်ပါယာထဲရှိ မိသားစုပေါင်း များစွာနှင့် ဘီလီယံချီသော လူများအကြား သူတို့သိသမျှသော အဆင့်မြင့် ဆေးဝါးပညာရှင် ဟူ၍ ဆရာရွှမ်းယီ တစ်ယောက်သာ ရှိသည်။ ယဲ့မိသားစု၌သာ ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်ထွန်းလာ နိုင်ခဲ့ပါက ဤသည်မှာ အလွန် ဂုဏ်ယူဖွယ်ရာ ကောင်းသော ကိစ္စကြီးတစ်ရပ် ဖြစ်ပေသည်။

"ဦးလေး ဒါက တကယ်ပဲလား ..."

ယဲ့ကျန့်လုံသည် အံ့ဩ ဝမ်းသာမှုကြောင့် သူ၏ ခုန်လှုပ်နေသော နှလုံးအစုံက လည်ချောင်းထဲသို့ ဆန်တက် လာလုနီးနီး။ အသံမှာလည်း အက်ကွဲ တုန်ယင်နေသည်။

"ငါ မင်းတို့ကို ဘယ်နှခါများ လိမ်ဖူးလို့လဲ"

 ယဲ့ချိန်ရွှမ်းက မျက်နှာသေဖြင့် ပြန်ဖြေ၏။

"ကျုပ်ဆိုလိုတာက အဲဒီလိုမဟုတ် ... ဦးလေး ..."

ဦးလေးဖြစ်သူ စိတ်ဆိုးသွားပြီ အထင်နှင့် ကပျာကယာ တောင်းပန်လိုက်သော ယဲ့ကျန့်လုံသည် ယဲ့ချိန်ရွှမ်း၏ မျက်နှာပေါ်ရှိ ကျီစယ်လိုသော အပြုံးကို မြင်လိုက်ရပါမှ သူ့အား စနောက်နေကြောင်း သဘောပေါက် သွားရကာ နှစ်ယောက်သား သဘောတကျဖြင့် ကျယ်ကျယ်လောင်လောင် ရယ်လိုက်မိကြသည်။

မိသားစုဝင်များသည် တွေးမိကြ၏။

ဆရာလီက ခေါင်းဆောင်အား အဖိုးတန် ဆေးလုံးများစွာ လက်ဆောင် ပေးခဲ့ခြင်းမှာ မထူးဆန်းတော့ပြီ။ ခေါင်းဆောင်ကား ဆရာလီ၏ ရွေးချယ်မှုကို အမှန်ပင် ရရှိခဲ့ပုံပေါ်၏။ အားလုံးက ကျေနပ်ပီတိ ဖြစ်ရမှုကြောင့် တိမ်တွေပေါ် လမ်းလျှောက်နေရ သကဲ့သို့ မြောက်ကြွကြွ ခံစားမှုတစ်မျိုးဖြင့် ဖုံးလွှမ်း သွားကြရသည်။

"ကောင်းပြီ ဆွေးနွေးမှုက ဒီမှာတင်ပြီးပြီ သင့်တော်တဲ့ ရက်တစ်ရက်ကို ရွေးပြီး ဂုဏ်ပြုပွဲတစ်ခု ကျင်းပကြမယ် လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်က အကြီးအကဲတွေ အပြင် တုန်းလင်ပြည်နယ်က အကျော်အမော်တွေကိုပါ ဖိတ်ခေါ်မှာမလို့ အဲဒီနေ့ကျရင် လုံခြုံရေးကို အထူး တင်းကျပ်ထားဖို့ လိုတယ် ဒီရက်ပိုင်းအတွင်း လိုအပ်တာတွေ အားလုံးကို မင်းတို့ ပြင်ဆင်ထားကြ"

ယဲ့ချိန်ရွှမ်းက ဝတ်ရုံလက်စအား ဝှေ့ယမ်းရင်း ဆွေးနွေးပွဲကို ပိတ်သိမ်းလိုက်သည်။

ခန်းမထဲရှိ လူအပေါင်းသည် ပျော်ရွှင်မှုအပေါင်း ခညောင်းနေသည့် မျက်နှာများဖြင့် လူစုခွဲသွားကြပြီး ဆွေးနွေးပွဲသို့ မတက်ရောက် လိုက်ရသည့် မိသားစုဝင်တို့ကို သတင်းကောင်းအား အလျင်အမြန် ပြန်လည်ဝေမျှ လိုက်ကြသည်။ တစ်ခဏအတွင်း ယဲ့ချန် ဆရာရွှမ်းယီ၏ ကျောင်းတော်သို့ ဝင်ရောက်ခွင့်ရသည့် သတင်းသည် တစ်မိသားစုလုံးသို့ ပျံ့နှံ့သွားသည်။ မိသားစုဝင်များသည် အလွန်ဘဝင် ခိုက်စွာဖြင့် ဘိုးဘေးများထံ ဆုတောင်းသူကတောင်း၊ မိုးနတ်မင်းထံ ပူဇော်ပသသူက ပသဖြင့် ယဲ့မိသားစု ရဲတိုက်အတွင်း ဘိုးဘေးပူဇော် ကန်တော့ပွဲ ကျင်းပသောနေ့က ထက်ပင် သက်ဝင်လှုပ်ရှား သွားတော့၏။

"ချန်အာ ... ဒီနေ့ အများကြီး ပင်ပန်းသွားရပြီ အနားယူတော့လေ"

ယဲ့ချိန်ရွှမ်းသည် ယဲ့ချန်ခေါင်းအား ဖွဖွလေး ပုတ်လိုက်ရင်း ဆိုသည်။

"အဘိုးလည်း ကောင်းကောင်း အနားယူသင့်တယ်"

ယဲ့ချန်က ပြန်ပြော၏။

"ဟုတ်ပါပြီ ဟုတ်ပါပြီ သွား ... အခန်းပြန်ပြီး နားတော့"

ယဲ့ချန်လည်း အဘိုးဖြစ်သူအား နှုတ်ဆက်ပြီး ကိုယ်ပိုင် ခြံဝင်းဆီသို့ ပြန်လာခဲ့သည်။ သူသည် ယနေ့တိုက်ပွဲ၌ များစွာ သင်ယူခဲ့ရသည်။ သူ၏ ထျန်းချီများ သည်လည်း ကြီးမားသော စိန်ခေါ်မှုတစ်ခုနှင့် တွေ့ကြုံခဲ့ ရပြီးနောက် ထျန်းချီအဆင့်၇ ထိပ်ဆုံးဆင့်၏ အကာအရံအား ချိုးဖျက်ကာ ထျန်းချီအဆင့်၈သို့ တွန်းတိုက်ရောက်ရှိ သွားခဲ့သည်။ သူသည် ခုတင်ပေါ်၌ ထိုင်ချလိုက်ပြီး ခန္ဓာကိုယ်ထဲရှိ ထျန်းချီများ၏ အခြေအနေကို စစ်ဆေးကြည့်မိသော် အံ့ဩထိတ်လန့် သွားရ၏။ သူ့ကိုယ်ထဲရှိ ထျန်းချီများသည် ထျန်းချီအဆင့်၈သို့ ရောက်ရုံမျှ ရောက်နေခြင်း မဟုတ်ဘဲ ထျန်းချီအဆင့်၈ ထိပ်ဆုံးဆင့်သို့ပင် ရောက်ရှိနေကာ သိပ်မကြာခင်၌ ထျန်းချီအဆင့်၉သို့ ချိုးဖျက်ဝင်ရောက် နိုင်တော့မည့်နှယ် ထင်မှတ်ရသည်။ ထိုထျန်းချီများ၏ အံ့ဖွယ် ထူးဆန်းသော အနေအထားကြောင့် ယဲ့ချန်ကိုယ်တိုင်ပင် ထိုထျန်းချီများ မည်မျှ အစွမ်းထက်ကြောင်း ကောင်းစွာ မခန့်မှန်းနိုင်ပေ။ ယွင်ရိရွှမ်နှင့် တိုက်ခိုက်စဉ်က ပေါက်ကွဲ ထွက်လာသော တုန်လှုပ်ဖွယ် စွမ်းအားများကြောင့် ယဲ့ချန်သည် သူ့ကိုယ်သူ အဘိုးဖြစ်သူ ကဲ့သို့ ထျန်းချီအဆင့်၉ ကျင့်ကြံသူ တစ်ယောက် ဖြစ်သွားသည့်နှယ်ပင် ဇဝေဇဝါ ခံစားခဲ့ရသည်။

ထိုအတွေးက ယဲ့ချန်အား အတန်ငယ် လှုပ်ခတ်စေသည်။ သူ့အတွက် ဖခင်ဖြစ်သူနှင့် အဘိုးဖြစ်သူတို့သည် နတ်ဘုရားသဖွယ် တည်ရှိမှုများ ဖြစ်ကြသည်။ ယခုကဲ့သို့ သူ၏စွမ်းအားများ တစ်ဟုန်ထိုး မြန်ဆန်စွာ တိုးတက်လာပြီး ဖခင်နှင့် အဘိုးတို့အား လိုက်မီလုနီးနီး ဖြစ်လာခြင်းမှာ အနည်းနှင့် အများတော့ လက်မခံနိုင်ဖွယ် အိပ်မက် ဆန်နေသည်။

ယဲ့ချန်သည် သူ့ပခုံးပေါ်၌ မှီတွယ်နေသော အမွေးပွလေးအား ငဲ့စောင်း ကြည့်မိသည်။ နျိုအာနှင့် တိုက်ပွဲအတွင်း အမွေးပွလေးသည် ၎င်း၏ပုံရိပ်ယောင် စွမ်းရည်အား အလွန်အကျွံ လုံ့လစိုက်ထုတ် သုံးစွဲခဲ့သဖြင့် ခံနိုင်ရည်အားကို ကျော်လွန်ကာ ခြေကုန်လက်ပန်း ကျသွားရသည်။ ယဲ့ချန်က လက်ဖဝါးမှ တစ်ဆင့် သန့်စင်သော ထျန်းချီများ လွှဲပြောင်းပေးလိုက်မှ အမွေးပွလေးသည် သွေသွေလန်လန် ပြန်ဖြစ်လာသည်။

ထို့နောက် ယဲ့ချန်သည် မျက်လုံးများ မှိတ်လိုက်ပြီး ကျင့်ကြံခြင်းတွင် စတင် စီးမျောသွားတော့၏။ နျိုအာနှင့် တိုက်ပွဲအတွင်း ယဲ့ချန်သည် တိမ်နီကောင်းကင်အား ကြီးမားသော တိုးတက်မှု အဆင့်သို့ မထင်မှတ်ဘဲ ရောက်ရှိနိုင်ခဲ့၏။ ထိုမှတစ်ဆင့် ကြီးမားသော အောင်မြင်မှု အဆင့်သို့ ရောက်ရှိလိုပါလျှင် များစွာသော တိုက်ပွဲ အတွေ့အကြုံများ၊ ဉာဏ်အလင်းများ လိုအပ်နေသေးသည်။ မည်သို့ပင်ဆိုစေ ယဲ့ချန်သည် တိမ်နီကောင်းကင်အား သတ်မှတ်ထားသော အဆင့်အထိ လေ့ကျင့် အောင်မြင်ပြီး ဖြစ်ရာ စကြဝဠာလက်ဝါး၏ ဒုတိယ အကွက်ကိုသာ ဆက်လက်လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။

စကြဝဠာလက်ဝါး ဒုတိယအကွက်၊ လောကအမျက်။

လောကအမျက်သည် အဆင့်၇ ပညာရပ် တစ်ခုဖြစ်ကာ ၎င်း၏စွမ်းအားသည် တိမ်နီ ကောင်းကင်ထက် သိသိသာသာ ကျော်လွန်သည်။ အထူးနည်းလမ်း တစ်ခုကြောင့် လေ့ကျင့်သူ၏ ထျန်းချီများသည် လောက အမျက်အား အသုံးပြုစဉ် အတွင်း သံမဏိကဲ့သို့ မာကျောသွားမည် ဖြစ်ကာ လက်သီး တစ်ချက်နှင့်တင် ပတ်ဝန်းကျင်ရှိ အရာမှန်သမျှအား အစိတ်စိတ်အမြွှာမြွှာ ကျိုးကြေပျက်စီး သွားစေနိုင်သည်။ လောကအမျက် ဟူသော အမည်နှင့် လွန်စွာ လိုက်ဖက်ညီလှ၏။

လောကအမျက်သည် သတ္တုသဘာဝ ရှိသည့် ပညာရပ်တစ်ခု ဖြစ်နိုင်သည်။

ယဲ့ချန်သည် လောကအမျက်၏ ကျင့်စဉ် အစဉ်လိုက်အား နှလုံသားထဲထိတိုင် စွဲမြဲစွာ မှတ်သားလျက် နှုတ်ခမ်းလှုပ်ရုံ တဖွဖွ ရွတ်ဆိုလိုက်သည်။ တစ်ကြိမ်မျှ ရွတ်ဆိုရုံနှင့် လောကအမျက်၏ အခြေခံ သဘောတရားအား နားလည်နိုင် လိုက်ခြင်းအပေါ် ယဲ့ချန်သည် မိမိဘာသာပင် အံ့ဩကျေနပ် သွားရ၏။

တစ်ဆက်တည်း ဆိုသလို ယဲ့ချန်သည် သူ့ဖခင်နှင့် အခြားသော အကြီးအကဲတို့သည် အဆင့်၃ ပညာရပ်လေးများကိုပင် နှစ်နှစ်၊ သုံးနှစ်ခန့် အချိန်ယူပြီးမှ ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်းကို နားမလည်နိုင်သလို ဖြစ်သွားရသည်။ သူ့အတွက်မူ သိုင်းပညာများ ဖြစ်စေ၊ မှော်ပညာရပ်များ ဖြစ်စေ နားလည် သဘောပေါက်ရန် လွယ်ကူလွန်း နေသည်။ လောကအမျက်ကို ဥပမာထားကာ ပြောရလျှင် တစ်ကြိမ်မျှ ဖတ်ရုံနှင့် အခြေခံ သဘောတရားအား နားလည်သွားပြီ ဖြစ်ကာ ရက်အနည်းငယ် အတွင်း အောင်အောင်မြင်မြင် အသုံးပြုနိုင်ဖို့ များသည်။ အချိန်ကုန် လူပင်ပန်းခံရခြင်း ဟူသည်မှာ သူ့အဘိဓာန်တွင် မရှိသကဲ့သို့ ထင်ရသည်။ ထူးဆန်းလှချေ၏။

အကယ်၍ ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် အခြားသူများသာ ယဲ့ချန် တွေးနေသည်တို့ကို သိရှိနိုင်ပါက သူတို့ကိုယ်သူတို့ အလွန်သနားစဖွယ် ကောင်းလှသည်ဟု တွေးမိကာ မျက်ရည်ဝဲ သွားကြပေလိမ့််မည်။

ကြယ်တာရာဘုံ ကိုးလွှာကြောင့် ယဲ့ချန်၏ သိုင်းပညာရပ်များ အပေါ် နားလည်နိုင်စွမ်းသည် အခြားလူများနှင့် ကွဲပြားသည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားခြင်းလည်း ဖြစ်နိုင်ပါ၏။

လသော်တာသည် နက်မှောင်သော ကောင်းကင်ယံ၌ နေရာယူကာ ညအချိန်သို့ ရောက်ရှိခဲ့ချေပြီ။ ယဲ့မိသားစု ရဲတိုက်သည် ငြိမ်းချမ်းသော အခြေအနေ တစ်ခုသို့ ရောက်ရှိနေပြီး ဖြစ်သော်လည်း မနက်ခင်းက ဖြစ်ပျက်ခဲ့ သည်တို့ကြောင့် အစောင့်များသည် သတိမပြတ်ရဲဘဲ ယမန် နေ့များထက် ပို၍ နိုးနိုးကြားကြား ရှိနေကြသည်။

ခြံဝင်းအတွင်း၌ ယဲ့ချန်သည် မြက်ခင်းပေါ်တွင် ခြေနှစ်ဖက် ယှက်ကာ ထိုင်လျက် ကျင့်ကြံနေခဲ့သည်။ အလွန် သန့်စင်သော ထျန်းချီလှိုင်း တစ်ခုသည် ဂြိုဟ်များကို လှည့်ပတ်နေသော ကြယ်များသဖွယ် ယဲ့ချန်အား လှည့်လည်နေကြ၏။ ရောင်စဉ်ရောင်ဝါ အစုံစုံ ထွန်းလင်းနေသော အနှီထျန်းချီ လှိုင်းသည် ညအမှောင်ထဲ၌ တောက်ပလို့နေသည်။ အမွေးပွလေးသည် တုံ့ဆိုင်းခြင်း မရှိဘဲ လေထုထဲတွင် ရစ်သိုင်းနေသည့် ထျန်းချီများအား အလုံးစုံ စုပ်ယူပါတော့သည်။ အမွေးပွလေး၏ အမြီးလေးချောင်းသည် အဆက်မပြတ် လှုပ်ယမ်းလာပြီး ထိုအမြီး လေးချောင်း၏ ဘေး၌ နောက်ထပ် အမြီးသေးသေးလေး တစ်ချောင်းက ထွက်ပြူစ ပြုလာသည်။

ယဲ့ချန်၏ ထျန်းချီများအား ဆက်လက် စုပ်ယူလေလေ အမွေးပွလေး၏ အရှိန်အဝါသည် အားကောင်းလာလေလေ ဖြစ်ကာ ယဲ့ချန်နှင့် တဖြည်းဖြည်း ပေါင်းစပ်သွား၏။

မကြာမီတွင် ယဲ့ချန်သည် ကျင့်ကြံနေရင်းမှ သူ၏ စိတ်ဝိညာဉ်က အခြားသော ကမ္ဘာတစ်ခုအတွင်း ဝင်ရောက် သွားသည့်နှယ် ခံစားလိုက်ရသည်။ သူ၏ ဝိညာဉ် ခန္ဓာကိုယ်သည် လေထုထဲသို့ လွင့်တက်သွားပြီး ရွှေရောင်ချပ်ဝတ်များ ဝတ်ဆင်ထားသော စစ်သည်တော် တစ်ယောက်၏ ပုံရိပ်က ထွက်ပေါ်လာသည်။ ယခုတခေါက် ထွက်ပေါ်လာသော ဝိညာဉ် စစ်သည်တော်သည် ယခင် တစ်ခေါက်က ယဲ့ချန် ထုတ်ဖော်ခဲ့သော ဝိညာဉ် စစ်သည်တော်ထက် ပို၍ စွမ်းအားကြီးသည်။ သို့ရာတွင် ယဲ့ချန်က ထိုဝိညာဉ် စစ်သည်တော်သည် အန္တရာယ်မရှိသော စိတ်ဝိညာဉ် ခြောက်လှန့်မှု တစ်ခုသာ ဖြစ်ကြောင်း အသေအချာ သိနေပါ၏။ စိတ်ဝင်စားစရာ ကောင်းသော အချက်တစ်ချက်မှာ ယဲ့ချန်၏ ဝိညာဉ်ပုံဖော်ခြင်း ဖြစ်ပေါ်လာသည့် အချိန်တိုင်း ထိုဝိညာဉ် စစ်သည်တော်ကပါ တပါတည်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဖြစ်နိုင်သည်မှာ ဝိညာဉ်ပုံဖော်ခြင်း ဖြစ်ပေါ်လာ ပြီးသည့်နောက် ဝိညာဉ် စစ်သည်တော်သည် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတချို့ ရရှိလာခဲ့ခြင်း ပေလော။ အကယ်၍ ထိုသို့ဆိုပါက ဝိညာဉ် စစ်သည်တော်သည် တစ်ဦးချင်း တိုက်ပွဲများ၌ ကြီးမားသော ဝှက်ဖဲတစ်ခု ဖြစ်လာပေလိမ့်မည်။ လျန်ယွင် တောင်တန်းထဲ၌ နတ်ဆိုး ဝံပုလွေများသည် သူ၏ ဝိညာဉ် စစ်သည်တော်အား တွေ့မြင်ရပြီးနောက် အလွန် ထိတ်လန့်တုန်လှုပ် သွားကြသည်ကို ပြန်တွေးမိလျှင် ယဲ့ချန်သည် ကောင်းကင်သားရဲများ အကြောင်း သိလိုစိတ် ပြင်းပြလာ ရသည်။ ထိုစဉ်က နတ်ဆိုး ဝံပုလွေများသည် ဝိညာဉ် ပုံဖော်ခြင်းနှင့် ကောင်းကင် သားရဲများ၏ အရှင်သခင် အကြောင်းကိုပင် ပြောခဲ့သေး၏။

ယခုအခါ ယဲ့ချန်သည် ဝိညာဉ် အသိအမြင်ဖြင့် ၃ ကီလိုမီတာ အကွာအဝေးသို့ ထောက်လှမ်းနိုင်ပြီ ဖြစ်ကာ သူ၏ ဝိညာဉ် ခန္ဓာကိုယ်သည်လည်း ရုပ်ခန္ဓာအတွင်းမှ ထွက်ကာ ၃ ကီလိုမီတာ ပတ်လည် နေရာအတွင်း လှည့်လည် သွားလာနိုင်နေလေပြီ။ ယဲ့ချန်သည် ဝိညာဉ် အသိအမြင်ဖြင့် မိုးကုပ်စက်ဝိုင်း တစ်လျှောက် ကြည့်လိုက်လျှင် ဟိုးအဝေးရှိ ယွင်မိသားစု ရဲတိုက်ကြီးကိုပင် ခပ်ရေးရေး မြင်ရသည်။ ဝိညာဉ်ခန္ဓာကိုယ်အား ရုပ်ခန္ဓာ အပြင်ဘက်သို့ ထုတ်ထားခြင်းသည် များစွာ အားအင်ကုန်ခန်း စေသောကြောင့် ယဲ့ချန်သည် ဝိညာဉ်ခန္ဓာကိုယ်အား ရုပ်ခန္ဓာထဲသို့ ပြန်ဝင်စေလိုက်သည်။ ထိုစဉ်တွင်ပဲ သူ့ဘေးရှိ အမွေးပွလေး၏ ခန္ဓာကိုယ်မှ တောက်ပနေသော အနီရောင် အလင်းတန်းတစ်ခု ဖြာထွက်လာ၏။ ၎င်းအလင်းတန်းသည် အမွေးပွလေး၏ စိတ်ဝိညာဉ် အတွင်းဘက်ဆုံး နေရာမှ ထွက်ပေါ်လာဟန် ရကာ မျက်စိကျိန်းမတတ် တောက်ပလွန်း၍ ယဲ့ချန်ပင် အံ့ဩသွားရသည်။ ထိုအနီရောင် အလင်းသည် သူ၏ ဝိညာဉ် အသိအမြင်နှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေ သကဲ့သို့ ယဲ့ချန် ခံစားရသည်။ အရှိန်အဝါချင်းပင် ထပ်တူကျနေ၏။

‘ငါ့ရဲ့ ထျန်းချီတွေကို စုပ်ယူခဲ့တာကြောင့် အမွေးပွလေးရဲ့ စိတ်ဝိညာဉ်က ဆင့်ကဲတိုးတက် သွားတာများလား’

ခဏတာ တွေးတောပြီးနောက် ယဲ့ချန်သည် ခေါင်းယမ်းမိကာ ကျင့်ကြံခြင်းကိုသာ ဆက်လက် လုပ်ဆောင်လိုက်သည်။ အမွေးပွလေးသည် မိန်းမောသော စိတ်အခြေအနေ တစ်ခု၌ ရှိနေလေရာ သူ့အနေနှင့် နှောင့်ယှက်ဖို့ မသင့်ပေ။ အခွင့်ကြုံမှ စစ်ဆေးကြည့်ရန်သာ တွေးထားလိုက်သည်။

သို့နှင့် အချိန်တို့ကား လျင်မြန်စွာ ကုန်ဆုံးသွားသည်။ မနက်သုံးနာရီ ခန့်တွင် ယဲ့ချန်သည် ဖြည်းညှင်းစွာ အသက်ရှူထုတ်လျက် မျက်လုံးများ ဖွင့်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ထျန်းချီများသည် တစ်စထက် တစ်စ သိပ်သည်း လာခဲ့သည်မှာ သိသာလှသည်။

ယဲ့ချန်သည် မကြာမီ၌ ထျန်းချီအဆင့်၉သို့ ရောက်တော့မည်ကို တွေးရင်း ယခုတလော သူ ရင်ဆိုင်ခဲ့ရသည့် ပြိုင်ဘက်များ အကြောင်း တွေးကြည့်မိသည်။ အားလုံးသည် ထျန်းချီအဆင့် ၉များသာ ဖြစ်ကြပြီး ထျန်းချီအဆင့်၁၀ ဟူ၍ တစ်ယောက်မျှ မပါသေးပေ။ ပြောကြသည်မှာ ထျန်းချီအဆင့်၁၀ ကျင့်ကြံသူ တစ်ယောက်သည် လက်တစ်ဖက်တည်းဖြင့် တုန်းလင် ပြည်နယ်အား ဖျက်ဆီးနိုင်လောက်အောင် အစွမ်းထက်သည်ဟု ဆိုကြသည်။

“ဘယ်အချိန်ရောက်မှ ငါလည်း ထျန်းချီအဆင့်၁၀ကို ရောက်နိုင်မလဲ ဆိုတာ သိချင်မိသား”

ယဲ့ချန်သည် တိုးညင်းစွာဖြင့် ရေရွတ်မိ၏။ သို့သော်လည်း သူက စိတ်ရှည်မှု ရှိရပေမည်။ တခေတ်တစ်ခါက အကျော်ဇေယျ ရောမအင်ပါယာ သည်ပင် တစ်နေ့တည်းနှင့် ထူထောင်နိုင်ခဲ့ခြင်း မဟုတ်ပေ။

***

All Chapters