← Chapters

ကြက်သွေးရောင် ကောင်းကင်ကျား

Vol. 5 Ch. 64

ကြက်သွေးရောင် ကောင်းကင်ကျား

Vol. 5 Ch. 64

ယဲ့ချန်သည် လန်းဆန်း တက်ကြွနေသော စိတ်အစဉ်ဖြင့် မတ်တတ်ရပ်လိုက်၏။ သူက အမွေးပွလေးအား ကြည့်လိုက်သည်တွင် ၎င်း၏ ပုလဲနက်သဖွယ် တဖျတ်ဖျတ် လက်နေသော မျက်လုံးလေးများနှင့် အကြည့်ချင်းဆုံ၏။

“ကွိကွိ”

အမွေးပွလေးသည် အသည်းယားစဖွယ် လက်သည်း သေးသေးလေးများကို လှုပ်ယမ်းလျက် တစ်စုံတစ်ရာအား ပြောချင်နေပုံရသည်။

“ငါ့ကို မင်းနဲ့အတူ မိသားစုရဲတိုက် အပြင်ဘက်ကို သွားစေချင်တာလား ... ဘာအတွက်လဲ ... နေဦး ... ဘာအတွက်လဲဆိုတာကို နည်းနည်းတော့ တွေးမိလာသလိုပဲ”

ယဲ့ချန်သည် အတန်ငယ် မရေမရာ ဖြစ်နေသေးသော်ငြား အမွေးပွလေး ပြောလိုသည်ကို တဖြည်းဖြည်း သိလာသယောင် ခံစားရသည်။ အမွေးပွလေးသည် မကြာသေးခင်က ဆင့်ကဲတိုးတက် လာသော စိတ်ဝိညာဉ်အား စမ်းသပ်ချင်နေပုံ ရသည်။ အလုံးစုံတော့ မသေချာလှပါ။

အမွေးပွလေးသည် သူ့ကဲ့သို့ပင် ဝိညာဉ်ခန္ဓာကိုယ် ဖန်တီးနိုင်တော့မည်ဟု ယဲ့ချန်က ရေးတေးတေး ခံစားမိနေသည်။

အမွေးပွလေးက သူ့အား မည်သို့သော နေရာသို့ ခေါ်ဆောင်သွားလို နေသနည်း။ အမွေးပွလေး ယခင်က နေထိုင်ခဲ့ရာ နေရာသို့ပေလော။ လက်ရှိ ယဲ့ချန်နှင့် အမွေးပွလေးတို့၏ ပေါင်းစပ်စွမ်းအားအရ အဆင့်ကိုး မှော်သားရဲ တစ်ကောင်ကောင်ဖြင့် ရင်ဆိုင် ရလျှင်တောင် စိုးရိမ်စရာ သိပ်မရှိလှ။ အလွန်ဆုံးမှ ခွေးပြေးဝက်ပြေး ပြေးရရုံသာရှိသည်။

ယဲ့ချန် အတွေးလွန် နေချိန်တွင် အမွေးပွလေးသည် ရဲတိုက် အပြင်ဘက်သို့ ထွက်ရန် တက်ကြွစွာဖြင့် ခြေလှမ်းပြင်နှင့် နေလေပြီ။

ယဲ့ချန်လည်း ခေါင်းသာယမ်းရင်း အနှီတက်ကြွနေသည့် ကြက်ဖမဟုတ်သော အကောင်ပေါက်လေး နောက်မှ လိုက်လာခဲ့ ရတော့သည်။ မှောင်ရိပ်ထဲတွင် လူတစ်ယောက်နှင့် သားရဲ တစ်ကောင်တို့သည် အတွဲညီစွာဖြင့် ရှေ့သို့ ချီတက်နေကြ၏။

“ဘယ်သူလဲ ...”

အသံတစ်သံ ထွက်ပေါ်လာသည်။ လူရိပ်ငါးရိပ်သည် ယဲ့မိသားစုရဲတိုက် နံရံများထက်မှ နေ၍ အခြေအနေအား စူးစမ်းလာကြသည်။ ထိုလူငါးယောက်သည် အစောင့်တာဝန် ကျသော ယဲ့မိသားစုမှ လူငယ်လေး တစ်သိုက် ဖြစ်ကြကာ အားလုံးက ထျန်းချီအဆင့် ၆နှင့်အထက် ကျင့်ကြံဆင့်များ အသီးသီးရှိကြသည်။

“ငါပါ”

ယဲ့ချန်က အသံပြုလိုက်သည်။ ဖြစ်ပျက်ခဲ့ပြီးသော ကိစ္စရပ်များကြောင့် ယဲ့မိသားစုသည် လုံခြုံရေးအား အဆင့်ဆင့် တိုးမြှင့်ထားခဲ့ရာ ထျန်းချီအဆင့်၉ ကျင့်ကြံသူ တစ်ယောက်က ခိုးထွက်လိုလျှင်ပင် လွယ်ကူလိမ့်မည် မဟုတ်ပေ။

ထိန်ငြီးနေသော လရောင်အောက်တွင် အစောင့် လူငယ်လေးများသည် ယဲ့ချန်၏မျက်နှာအား မှတ်မိသွားကြ၍ အလျင်အမြန် နှုတ်ဆက် လာကြသည်။

“ခေါင်းဆောင်”

ယဲ့ချန် လည်ချောင်းရှင်းကာ မျက်နှာတည်ဖြင့် ပြောလိုက်သည်။

“ငါ ဒီနေရာတစ်ဝိုက်ကို စစ်ဆေးဖို့လာခဲ့တာ ... မင်းတို့က အလုပ် ကြိုးစားကြတာပဲ ကောင်းတယ် ကိုယ်လုပ်စရာ ရှိတာကိုသာ ဆက်လုပ်နေကြ”

အလိမ်အညာများကို ဆိုနေရ၍ ယဲ့ချန်၏မျက်နှာမှာ အတန်ငယ် နီရဲနေသည်။ မှောင်နေသော ပတ်ဝန်းကျင်ကိုပဲ ကျေးဇူးတင် ရပေမည်။ အစောင့် လူငယ်လေးများမှာ ခိုးထွက်ရန် ကြံနေသော ခေါင်းဆောင်ဖြစ်သူ၏ အကြံအား ရိပ်စားမိဟန် မရပေ။

“ညစောင့်တာဝန်ကို ဆက်လုပ်ကြလေ ငါ့ကိုစိတ်ထဲမထားနဲ့ ဟိုနားသည်နား လျှောက်ပြီး စစ်ဆေးလိုက်ဦးမယ်”

အစောင့် လူငယ်လေးများသည် အစောပိုင်းက ယဲ့ချန်၏ ချီးကျူးမှုကြောင့် အားတက်သွားကြပြီး ယဲ့ချန်အား နှုတ်ဆက်ကာ အသီးသီး တာဝန်ကျရာ နေရာများသို့ ပြန်သွားကြ၏။

ထိုအခါမှ မရိုးသားသည့် မိသားစု ခေါင်းဆောင်ကြီး ယဲ့ချန်သည် အလစ်အငိုက် ချောင်းကာ နံရံအား ကျော်တက်လျက် ယဲ့မိသားစု ရဲတိုက်အတွင်းမှ အောင်မြင်စွာ ထွက်လာနိုင်ခဲ့သည်။

“ခေါင်းဆောင်က အရမ်းမိုက်တာပဲ ... အသက်၁၇နှစ်လေးနဲ့ ထျန်းချီအဆင့်၉ ကျင့်ကြံသူတွေကိုတောင် ရင်ပေါင်တန်းနိုင် နေပြီ တုန်းလင်ပြည်နယ်မှာ ဒီလိုလူမျိုး ရှိနေတာ တကယ်ကို ဂုဏ်တက်စရာပါပဲ”

“ဒီနေ့ မနက်ပိုင်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲကိုပဲကြည့် ခေါင်းဆောင်က ယွင်ရိရွှမ်ကို တစ်ချက်တည်းနဲ့ အနိုင်ယူပစ် လိုက်တာ ... ငါလောင်းရဲတယ် ခေါင်းဆောင်က ထျန်းချီအဆင့်၉ အထက်ဆင့်မှာ ရှိနေတာပဲ ဖြစ်ရမယ် ...”

“ဖြစ်နိုင်တာက ခေါင်းဆောင်က ခေါင်းဆောင်ဟောင်း ယဲ့ချိန်ရွှမ်းနဲ့ အဆင့်တူ ထျန်းချီအဆင့်၉ အလယ်အလတ် ဆင့်များလား ...”

အစောင့် လူငယ်လေးများသည် အားကျ လေးစားနေသော မျက်လုံးများဖြင့် ယဲ့ချန်အကြောင်း ဆွေးနွေး နေကြလေသည်။ သူတို့လည်းပဲ တစ်နေ့နေ့တွင် ယဲ့ချန်ကဲ့သို့ ထူးချွန် ထက်မြက်လာပြီး မိသားစုအကျိုး သယ်ပိုးနိုင်ရန် စိတ်ကူး ယဉ်မိကြပေသည်။

မိသားစုရဲတိုက် အပြင်ဘက်သို့ ရောက်လာပါမှ ယဲ့ချန် စိတ်အေးသွား ရသည်။ လူအများ၏ ကွဲပြားသည့် မျှော်လင့်ချက်များ အောက်တွင် ခေါင်းဆောင် လုပ်ရသည်က မလွယ်လှပေ။ အမှားအယွင်း မပြုမိစေရန် အလွန် ဂရုပြုရသည်။ အဘိုးနှင့်အဖေ၏ အတင်းအကျပ် တွန်းပို့မှုသာ မရှိပါလျှင် ယဲ့ချန်သည် ဤရာထူးအား လက်လွှဲယူရန် နည်းနည်းလေးတောင် စိတ်ဝင်စားခဲ့မည် မဟုတ်ပေ။ ကျေးဇူးတင်စရာ ကောင်းစွာ သူ၏ ခေါင်းဆောင်ဟူသော ရာထူးက နာမည်ခံသာ ဖြစ်ပြီး နောက်ကွယ်တွင် အဘိုးနှင့်အဖေတို့က မိသားစုရေးရာ အဖြာဖြာကို ကိုင်တွယ်ပေးနေ၍ တော်ပေတော့သည်။ မဟုတ်ပါက သူ့ခမျာ ထိုစီမံခန့်ခွဲမှု ရေးရာ ကိစ္စရပ်များနှင့် အလုပ်ရှုပ် နေရသောကြောင့် ကျင့်ကြံရန် အချိန်ပင် ကျန်တော့မည် မဟုတ်ပေ။ နှစ်ဝက်အတွင်း သူသည် တုန်းလင်ပြည်နယ်မှ ထွက်ခွာကာ ဆရာရွှမ်းယီ၏ ကျောင်းတော်၌ ဆေးဝါးပညာအား သင်ယူနိုင်ရန် ရည်မှန်းထားသည်။ ယွင်မိသားစုနှင့် ပတ်သက်သမျှ ပြဿနာ အလုံးစုံသည် ဤနှစ်ဝက်အတွင်း ဖြေရှင်း ပြီးစီးနိုင်ဖို့သာ မျှော်လင့်ရပေမည်။

“ဝူး ...”

ဆွဲဆွဲငင်ငင် အူသံများက ယဲ့ချန်နားထဲ၌ ပဲ့တင်ထပ်ကာ ကြားလာရသဖြင့် ပြေးနေသော အရှိန်ကို မြှင့်ကာ အမွေးပွလေးအား အမီလိုက်ရသည်။

‘နေဦး ... ဒီလမ်းကြောင်းက တစ်ခုခု လွဲနေသလိုပဲ အရင်တစ်ခါ အမွေးပွလေး ခေါ်သွားဖူးတဲ့ နေရာ မဟုတ်ဘူး’

ယဲ့ချန် တွေးမိသည်။ ကြည့်ရသည်မှာ အမွေးပွလေးသည် ၎င်း၏မျိုးနွယ်စုများ နေထိုင်ရာ တောင်ကြားလမ်း မဟုတ်ဘဲ အခြား တစ်နေရာသို့ ဦးတည်နေပုံ ရသည်။

အချိန်ခဏ ကြာပြီးနောက် လူနှင့်သားရဲ အတွဲသည် မှော်သားရဲ အူသံများဖြင့် ကျောချမ်းဖွယ် ကောင်းလှသော လျန်ယွင်တောင်တန်း အတွင်းဘက်ဆုံး တစ်နေရာသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာသည် အကြည့် တစ်ချက်နှင့်တင် အလွန် အန္တရာယ်များကြောင်း ပေါ်လွင်နေကာ ယဲ့ချန် ကိုယ်တိုင်လည်း တစ်ခါမှ မရောက်ဖူးသောနေရာ ဖြစ်သည်။

အမွေးပွလေးသည် ရှေ့မှဦးဆောင်၍ ပြေးနေဆဲဖြစ်ကာ ယဲ့ချန်ကလည်း တုံ့ဆိုင်းခြင်း အလျှင်းမရှိဘဲ နောက်မှ လိုက်နေသည်။ ဝိညာဉ် အသိအမြင်ဖြင့် အရှေ့တူရှုသို့ ထောက်လှမ်း ကြည့်သည်တွင် ကြက်သွေးရောင် အရောင်အဆင်းဖြင့် ကြီးမားသော ခန္ဓာကိုယ်ရှိသည့် ကျားကြီးတစ်ကောင်အား မြင်လိုက်ရသည်။ ၎င်း၏ မျက်လုံးကြီး နှစ်ခုသည် အမှောင်ထဲတွင် တလက်လက် တောက်ပနေပြီး ချုံပုတ်ထူထူထဲ၌ ဝပ်ကာ သားကောင်အား ခုန်အုပ်ရန် အသင့်ပြင် နေလေသည်။ ဝိညာဉ် အသိအမြင်ဖြင့် ထိုကျားအား ရှင်းရှင်းလင်းလင်း အာရုံခံမိ လိုက်ချိန်တွင် ယဲ့ချန် အတန်ငယ် စိုးရိမ်သွားရသည်။ ၎င်းကျားကား သာမန်အဆင့်၉ မှော်သားရဲများထက် ပိုသန်မာသော— ကြက်သွေးရောင် ကောင်းကင်ကျား ဖြစ်သည်။

အမွေးပွလေးသည် ကြက်သွေးရောင် ကောင်းကင်ကျား၏ သတ်ကွင်းအတွင်း ရှိနေရာ အန္တရာယ် များလှသည်။ ထို့ပြင် အမွေးပွလေးသည် ထိုကျား၏ တည်ရှိမှုကို သတိပြုမိဟန် မရပေ။ ယဲ့ချန်သည် စိုးရိမ်မှုဖြင့် ပြေးနေသော အရှိန်အား မိုင်ကုန်မြှင့်တင် လိုက်သည်။

“ဝေါင်း ...”

နားစည်ကွဲလု မတတ် အသံကြီးနှင့်အတူ အဆင့်ကိုး မှော်သားရဲဖြစ်သော ကြက်သွေးရောင် ကောင်းကင်ကျားကြီးသည် အမွေးပွလေးအား သွားရည် တများများဖြင့် ခုန်အုပ် လိုက်လေသည်။

ထိုစဉ် ဖြစ်ပျက်သွားသော အပြောင်းအလဲကြောင့် ယဲ့ချန်သည် ကြောင်အသွားရပြီး ခဏအကြာ၌ သဘောတကျ ရယ်မိသည်။ ကြည့်ရသည်မှာ သူ အစိုးရိမ် လွန်သွားပုံပါပပင်။ အမွေးပွလေးကား အခြားသူ တစ်ဦး တစ်ယောက်၏ ကာကွယ်မှုအား မလိုအပ်လောက်အောင် လုံလုံလောက်လောက် သန်မာနေခဲ့ပြီ ဖြစ်သည်။ အမွေးပွလေးသည် နဂို အမြီးလေးချောင်း ရှိခဲ့စဉ်တည်းက ပုံရိပ်ယောင် ဖန်တီးခြင်းအပြင် အမြန်နှုန်းတွင်လည်း အားသာပြီး ထျန်းချီအဆင့်၈ ကျင့်ကြံသူ တစ်ယောက်ပင် အမွေးပွလေးအား မိအောင် ဖမ်းနိုင်လိမ့်မည် မဟုတ်။ ယခု ငါးချောင်းမြောက် အမြီးလေး ထွက်လာသောအခါ ထိုစွမ်းရည်တို့က အတော်လေး တိုးတက်သွားဟန် ရသည်။ ၎င်း၏ ပုံရိပ်ယောင် ဖန်တီးခြင်း စွမ်းရည်နှင့် နတ်ဆိုးကဲ့သို့ ကြောက်မက်ဖွယ် အမြန်နှုန်းအား ပေါင်းစပ် လိုက်သောအခါ ကြက်သွေးရောင် ကောင်းကင်ကျားအား အနိုင် မယူနိုင်လျှင်ပင် အနည်းဆုံးတော့ ကြက်သွေးရောင် ကောင်းကင်ကျားကလည်း အမွေးပွလေးအား လုံးဝ ဖမ်းနိုင်လိမ့်မည် မဟုတ်ပေ။

အမွေးပွလေးသည် ကြက်သွေးရောင် ကောင်းကင်ကျား၏ ခုန်အုပ်မှုအား သပ်ရပ်လှပစွာ ရှောင်တိမ်းလိုက်ပြီး လျှပ်လက်သည့်နှယ် အမြန်နှုန်းဖြင့် ယဲ့ချန်ပခုံးပေါ်သို့ ဖျတ်ခနဲ ခုန်တက်လာ၏။

သားကောင်အား လက်မတင်လေး လွတ်သွားသောကြောင့် မချင့်မရဲ အာသာမပြေ ဖြစ်နေသော ကျားကြီးသည် ဒေါသတကြီး မာန်ဖီဟိန်းဟောက် လိုက်သည်။ သားကောင်ဖြစ်သော အမွေးပွလေးသည် လူသားတစ်ယောက်၏ ပခုံးပေါ်၌ ထိုင်နေခြင်းအား တွေ့ရသည့်အခါ ကျားကြီးသည် ပို၍ သတိချပ်သွားပြီး ရန်လိုနေသော မျက်လုံးများဖြင့် ယဲ့ချန်အား စိုက်ကြည့်လာသည်။

ယဲ့ချန်ကလည်း သတိအပြည့်ဖြင့် ကျားကြီးအား ပြန်ကြည့်သည်။ ကြက်သွေးရောင် ကောင်းကင်ကျား တစ်ကောင်၏ စွမ်းအားသည် ယွင်ရိရွှမ်နှင့် နျိုအာတို့ထက် အပြတ်အသတ် သာလွန်၏။ ယွင်ရိရန် သို့မဟုတ် သူ့အဘိုး ယဲ့ချိန်ရွှမ်းတို့နှင့် တစ်တန်းတည်းလောက် ရှိပေသည်။

ယဲ့ချန်သည် ကိုယ်ဟန် အနေအထားအား အသင့်ပြင်ကာ ထျန်းချီတို့အား စတင်လှည့်ပတ် လိုက်သည်။ သစ်သား စွမ်းအင်ဖြင့် ထောက်ပံ့ ပေးထားသော မီးစွမ်းအင်သည် စတင် လောင်ကျွမ်းကာ ပြင်းထန်သော မီးသဘာဝ ထျန်းချီများအဖြစ် အသွင်ပြောင်းလျက် ယဲ့ချန်၏ လက်ဝါး၌ စုစည်းလာကြသည်။

“အမွေးပွလေး ... မင်းကတော့လေ ငါ့ကို အချိန်ကိုက် ဒုက္ခပေးနေသလား မှတ်ရတယ်”

ယဲ့ချန် ကူကယ်ရာမဲ့စွာ ပြုံးရင်း ဆိုမိသည်။ လက်ရှိ သူ့အစွမ်းအစဖြင့် အဆင့်ကိုး မှော်သားရဲ တစ်ကောင်နှင့် တိုက်ခိုက်ရန်မှာ စိန်ခေါ်မှုကြီး တစ်ရပ် ဖြစ်သည်။

“ကွိကွိ ...”

အမွေးပွလေးက ကွိကွိကွကွနှင့် စကားဆိုလာ၏။

ယဲ့ချန်သည် အတန်ငယ် တုံ့ဆိုင်းသွားရပြီးမှ တအံ့တဩ ပြန်မေးမိသည်။

“ဘာရယ် ... မင်းက ငါ့ကို ဒီသားရဲကောင်ရဲ့ သခင် ဖြစ်စေချင် နေတာလား ...” 

အမွေးပွလေးသည် ပျော်ရွှင်စွာဖြင့် ခေါင်းပြုတ်ထွက် မတတ် ညိတ်ပြလေသည်။ ၎င်း၏ မျက်လုံးတောက်တောက်လေး များကမူ စိတ်လှုပ်ရှားမှုကြောင့် တဖျတ်ဖျတ်လက်လျက်။

‘ဟုတ်သားပဲ ... ဝိညာဉ် အသိအမြင် ...’

ယဲ့ချန် ရုတ်တရက် တွေးမိသွားရသည်။ ကောင်းကင် သားရဲများသည် စိတ်ဝိညာဉ်အား အထူးပြု လေ့ကျင့်ပြီး ဝိညာဉ်အသိအမြင် (ဝိညာဉ်စွမ်းအင်) ကို သုံးကာ မှော်သားရဲများအား ကျွန်ပြုနိုင်သည်ဟု ဆိုသည်။ သူကရော ဝိညာဉ် အသိအမြင်ကို သုံးကာ ကြက်သွေးရောင် ကောင်းကင်ကျားအား ကျွန်ပြုနိုင်ပေ မည်လော။ အကယ်၍ သူ၏ကျင့်ကြံဆင့်က ကြက်သွေးရောင် ကောင်းကင်ကျားထက် အဆင့်နိမ့်နေလျှင် ဝိညာဉ် အသိအမြင်က အလုပ်ဖြစ်ပါ့မလား မသေချာပေ။

သို့သော် ယဲ့ချန်က ထိုအကြောင်းအား ခေတ္တမေ့ထား လိုက်သည်။ အလုပ်ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ စမ်းကြည့်ခြင်းက အကျိုးမယုတ်ပေ။

ယဲ့ချန်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး အားကောင်းသော ဝိညာဉ် အသိအမြင်၏ ဝိညာဉ်စွမ်းအင်အား ကြက်သွေးရောင် ကောင်းကင်ကျားထံ တဖြည်းဖြည်း ပို့လွှတ်လိုက်သည်။

ကျားကြီးသည် ၎င်းထံနီးကပ် လာနေသော အမည်မသိ စွမ်းအင် တစ်မျိုးအား ခံစားမိလိုက်သည်။ ဝိညာဉ်စွမ်းအင်က ၎င်း၏ ခန္ဓာကိုယ်နှင့် စတင် ထိတွေ့မိသည်တွင် ကောင်းကင် သားရဲများသာ ပိုင်ဆိုင်နိုင်သော စိတ်ဝိညာဉ်စွမ်းအင် ဖြစ်ကြောင်း သိရှိသွားကာ ထိတ်လန့်မှုဖြင့် ခြေထာက်များ တုန်ယင် လာတော့သည်။

ကျားကြီးသည် နေရာတွင်ပင် တောင့်ခဲ သွားရပြီး တစ်လက်မမျှ မလှုပ်ရဲတော့ပေ။

ယဲ့ချန်၏ အတိတ်ဘဝ မော်ဒန်ခေတ်၌ ဆိုလျှင် ကျားများသည် သားရဲဘုရင်များ ဖြစ်ကြသော်လည်း ဤကျင့်ကြံခြင်း လောက၌မူ ကျားများထက် ပို၍ အစွမ်းထက်သော သားရဲမျိုးစုံ ရှိကြသည်။ သို့သော် အဆင့်ကိုး ကြက်သွေးရောင် ကောင်းကင်ကျားသည် မော်ဒန်ခေတ်ရှိ သာမန် ကျားများထက် အဆများစွာ သာလွန်သော မှော်သားရဲ တစ်ကောင် ဖြစ်သည်ကတော့ ငြင်းမရပေ။

ဝိညာဉ် အသိအမြင်၏ စွမ်းအင်အပေါ် ကြောက်ရွံ့နေဟန် ရသော ကျားကြီးကြောင့် ယဲ့ချန်ပင် အံ့အားသင့် သွားရသည်။ မှော်သားရဲများသည် စိတ်ဝိညာဉ်ပိုင်း ဆိုင်ရာ အလွန် အားနည်းကြသည် ဟူသော ယူဆချက်မှာ မှန်ကန်ပုံရသည်။ ယဲ့ချန်သည် ဝိညာဉ်စွမ်းအင်အား ကျားကြီး၏ အသိစိတ်ထဲသို့ တိုးဝင်စေလိုက်သော အခါတွင်မှ ကျားကြီး၏ စိတ်ဝိညာဉ်သည် အလွန် သေးကွေးသော ကလေးငယ် တစ်ဦး၏ လက်သီးဆုပ်မျှသာ ရှိကြောင်း နားလည်လိုက် ရသည်။

မှော်သားရဲများ၏ စိတ်ဝိညာဉ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုကား သိမ်ငယ်ဖွယ်ရာ ပါပင်။ ကျားကြီး၏ စိတ်ဝိညာဉ်သည် ယခင် တစ်ခေါက်က ယွင်မိသားစု ရဲတိုက်နားတွင် ကြုံခဲ့ရသော နတ်ဆိုး ဝံပုလွေများနှင့်တောင် မယှဉ်သာပေ။ ကောက်ချက်ချရသော် ၎င်းနတ်ဆိုး ဝံပုလွေများသည် မှော်သားရဲမဟုတ်ဘဲ ကောင်းကင် သားရဲများသာ ဖြစ်ရပေမည်။

အားနည်းသော စိတ်ဝိညာဉ် အခံရှိသည့် မှော်သားရဲများအား ကျွန်ပြုရသည်မှာ သဘာဝကျကျ လွယ်ကူသင့်သည်။ ယခု ယဲ့ချန်အတွက် အဓိက ပြဿနာကြီးမှာ ကြက်သွေးရောင် ကောင်းကင်ကျားအား မည်သို့မည်ပုံ ကျွန်ပြုရမည်ကို သူ လုံးဝ သိမနေခြင်း ဖြစ်သည်။

***

All Chapters