← Chapters

မိုးကြိုးတစ္ဆေ သစ်နက်

Vol. 5 Ch. 65

မိုးကြိုးတစ္ဆေ သစ်နက်

Vol. 5 Ch. 65

အမွေးပွလေး၏ နားရွက်ဖျား လေးများသည် လှုပ်လှုပ်ရွရွ ဖြစ်လာကာ ယဲ့ချန်အား တစ်စုံတစ်ရာ ပြောရန် ကြိုးစားနေပုံ ရသည်။

“...”

ခဏအကြာ၌ ယဲ့ချန်သည် အမွေးပွလေး ပြောလိုသည်ကို နားလည်သွားကာ သူ၏ဝိညာဉ် အသိအမြင်မှ ဝိညာဉ်စွမ်းအင် အပိုင်းအစ တစ်ခုအား ခွဲထုတ်ကာ ကြက်သွေးရောင် ကောင်းကင်ကျား၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်လိုက်သည်။ ယဲ့ချန်သာ ဆန္ဒရှိလျှင် အတွေး တစ်ချက်နှင့်တင် ကြက်သွေးရောင် ကောင်းကင်ကျား၏ စိတ်ဝိညာဉ်အား ပေါက်ကွဲစေခြင်းဖြင့် သတ်ပစ်နိုင်ပေသည်။

ယဲ့ချန်၏ ဝိညာဉ် အသိအမြင်မှ ဝိညာဉ်စွမ်းအင် အပိုင်းအစလေးသည် ကြက်သွေးရောင် ကောင်းကင်ကျား၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ပြီး သွားသည့်နောက် ယဲ့ချန်သည် ကျားကြီးအား အတွေးဖြင့် ဆက်သွယ်ခိုင်းစေ နိုင်သွားပြီ ဖြစ်သည်။

ယခုမှ စိတ်သက်သာရာ ရသွားပြီး ယဲ့ချန် အသက်ပြင်းပြင်း ရှူမိသည်။ နောက်ဆုံးတော့ အဆင်ပြေပြေ ပြီးဆုံးသွားချေပြီ။ သန်မာလှသော ကြက်သွေးရောင် ကောင်းကင် ကျားကြီးသည် မြေပြင်ပေါ်၌ နာခံစွာ လဲလျောင်းလျက် သခင်ရှေ့တွင် လက်သည်း ဝှက်ထားသော ကြောင်ငယ်လေး သဖွယ် ငြိမ်ငြိမ်သက်သက် ရှိနေလေသည်။

“အမွေးပွလေး ... လူတစ်ယောက်က မှော်သားရဲ ဘယ်နှကောင်လောက်ကို ကျွန်ပြုလို့ရလဲ”

မှော်သားရဲများအား ဝိညာဉ်စွမ်းအင်ဖြင့် ယဉ်ပါးစေခြင်းသည် ထင်သလောက် မခက်ခဲကြောင်း လက်တွေ့ သိလိုက်ရသော ယဲ့ချန်သည် အမွေးပွလေးအား တက်ကြွစွာ မေးလိုက်၏။

အမွေးပွလေးသည် ပျင်းရိ ပျင်းတွဲဟန်ဖြင့် ညာဘက်လက်အား မြှောက်ကာ လက်သည်းလေး ငါးချောင်းအား ထောင်ပြလာသည်။

“ငါးကောင်လား ... မဆိုးဘူးပဲ”

ယဲ့ချန်သည် ပြုံးကာ ဆို၏။

သို့သော် အမွေးပွလေးသည် ခေါင်းယမ်းကာ ညာဘက်လက်အား နောက်တစ်ကြိမ် ဝှေ့ယမ်းပြသည်။ ၎င်း၏ ဝတုတ်တုတ် လက်လေးနှင့်အတူ လက်သည်း ငါးချောင်းက လေထဲတွင် ယိမ်းခါနေ၏။

“တစ်ကောင်တည်းလား”

ယဲ့ချန်လည်း ဇဝေဇဝါဖြင့် နောက်တစ်ကြိမ် ပြန်မေးမိသည်။

အမွေးပွလေးကား ခေါင်းယမ်းမြဲ ယမ်းပြသည်။

“နှစ်ကောင် ... သုံးကောင် ...”

ယဲ့ချန်က ဆက်တိုက် ဆက်မေးကြည့်လျှင် အမွေးပွလေးသည် သုံးကောင်ဟူသော နေရာ၌ ဆတ်ခနဲ ခေါင်းညိတ် ပြလေသည်။ ယဲ့ချန်သည် အမွေးပွလေး၏ လက်ချောင်း တုတ်တုတ်လေးများကို ကြည့်ရာတွင် နားလည်မှု လွဲရခြင်း၏ အကြောင်းအရင်းကို နားလည်သွား ရသည်။ အမွေးပွလေးသည် လက်ချောင်း သုံးချောင်းကိုသာ ထောင်ပြလိုခြင်း ဖြစ်ဟန်ရသော်လည်း ၎င်း၏ ဝတုတ်တုတ် လက်ချောင်းလေးများသည် တစ်ခုနှင့်တစ်ခု ကပ်နေလေရာ သုံးချောင်းမဟုတ်ဘဲ ငါးချောင်းအတွဲလိုက် ဖြစ်နေခြင်းပင်။

အတန်ငယ် ရယ်ရွှင်ဖွယ် ကောင်းသလို ခံစားရသောကြောင့် ယဲ့ချန် ပြုံးမိသွားသည်။

“ဘာမှမရှိတာထက် စာရင် သုံးကောင်ကလည်း မဆိုးပါဘူးလေ”

ယဲ့ချန်က အကောင်းဘက်က လှည့်တွေးပြီး ဆို၏။ ယဲ့မိသားစုတွင် အဆင့်ကိုး မှော်သားရဲ အစောင့်အရှောက် သုံးကောင် ရှိလာနိုင်မည် ဆိုပါက စိတ်ကျေနပ်ဖွယ် ရလဒ်တစ်ခု ဖြစ်သည်။

ယဲ့ချန်သည် အရှေ့သို့ အနည်းငယ်တိုးပြီး ကျားကြီး၏ ကျောပြင်အား ပွတ်သပ်ပေး လိုက်သည်။ မှော်သားရဲများသည် ၎င်းတို့၏ ဗီဇသဘာဝအရ ထျန်းချီစွမ်းအင်ကို မလေ့ကျင့်နိုင်သော်လည်း ရုပ်ပိုင်းဆိုင်ရာ ခွန်အား သက်သက်နှင့်တင် ထျန်းချီ အကာအကွယ်များ ဖန်တီးကာ တိုက်ခိုက်နိုင်သော ထျန်းချီအဆင့်၉ ကျင့်ကြံသူများနှင့် တန်းတူရှိနေပြီ ဖြစ်သည်။ ထို့ပြင် ကြက်သွေးရောင် ကောင်းကင်ကျားသည် မီးစွမ်းအင်ကို ကျင်လည်စွာ အသုံးပြုလျက် တိုက်ခိုက်နိုင်သည်။

“ကြက်သွေးရောင် ကောင်းကင်ကျားဆိုတဲ့ နာမည်က ရှည်လွန်းတယ်။ မင်းကို ဘယ်လိုခေါ်ရင် ကောင်းမလဲ”

ယဲ့ချန်သည် ခဏမျှ စဉ်းစားပြီးနောက် ရိုးရှင်းသောနာမည် တစ်ခုကိုသာ ရွေးချယ်လိုက်သည်။

“အခုကစပြီး မင်းကို အားဖန်လို့ ခေါ်မယ်”

ကျားကြီးသည် နာခံမှုရှိစွာဖြင့် လက်ခံသည်။ ၎င်း၏အမြင်တွင် ယဲ့ချန်သည် အလွန် စွမ်းအားကြီးသော ကောင်းကင်သားရဲ ဖြစ်လေရာ မလွန်ဆန်ဝံ့သည် ကလည်း သဘာဝကျပေသည်။ ထို့ပြင် ယဲ့ချန်၏ ဝိညာဉ်စွမ်းအင် အပိုင်းအစလေးသည် ကျားကြီး၏ စိတ်ဝိညာဉ်တွင် တံဆိပ်ရိုက်နှိပ်ပြီး ဖြစ်ရာ ယဲ့ချန်သာ ဆန္ဒရှိပါက ၎င်းအား အချိန်မရွေး သတ်နိုင်သည်ကို ကျားကြီးကလည်း နားလည်ထားသည်။

မှော်သားရဲတို့၏ အတွေးများသည် လူသားများကဲ့သို့ ရှုပ်ထွေးခြင်း မရှိလှ။ ကျားကြီးသည် ယဲ့ချန်အား သစ္စာခံထားပြီး ဖြစ်ရာ ယခုအချိန်မှစ၍ ယဲ့ချန်အား သခင်အဖြစ် ရိုးရှင်းစွာ သတ်မှတ်ခဲ့ပြီး ဖြစ်သည်။

“အမွေးပွလေး နောက်ထပ် မှော်သားရဲတစ်ကောင် ထပ်သွားရှာရအောင်”

ယဲ့ချန်သည် စိတ်လှုပ်ရှားစွာဖြင့် လောဆော်လေသည်။

အမွေးပွလေးအား ပခုံးတစ်ဖက်တွင် တင်လျက် အားဖန်သည်ကား နောက်ဘက်မှ လိုက်ပါလျက် ယဲ့ချန်တစ်ယောက် တောနက်ပိုင်းသို့ ဆက်လက်ထွက်ခွာ လာခဲ့သည်။

လျန်ယွင်တောင်တန်း အတွင်းဘက်ဆုံး နေရာသို့ နှစ်နာရီခန့် ဆက်လျှောက်လာခဲ့ရာ လမ်းတစ်လျှောက်တွင် တွေ့ရသည့် အဆင့်၉ မှော်သားရဲ အရေအတွက်မှာ နည်းပါးလှသည်။ အများစု တွေ့ရသည်မှာ အဆင့်၈ ထိပ်ဆုံးဆင့် မှော်သားရဲများသာ ဖြစ်ကြသည်။ အဆင့်၉ မှော်သားရဲကြီး ဖြစ်သော အားဖန်ကြောင့် ၎င်းအဆင့်၈ မှော်သားရဲများသည် ယဲ့ချန်တို့အား မနှောင့်ယှက်ဝံ့ကြပေ။ မည်သို့ပင်ဆိုစေ ယဲ့ချန် ကျွန်ပြုနိုင်သည့် သားရဲအရေအတွက် ကလည်း သုံးကောင်မျှသာ ဖြစ်ရာ အဆင့်၈ သားရဲများနှင့် စိတ်ရှုပ်ခံနေစရာ မလိုပါချေ။

မကြာမီတွင် မိုးစင်စင် လင်းတော့မည် ဖြစ်ရာ နေရောင် မှိန်ပျပျလေးက ကောင်းကင်ထက်တွင် တစ်စတစ်စ နေရာယူလာသည်။ ယဲ့ချန်သည်လည်း အချိန်မရတော့၍ နောက်တစ်ကြိမ်မှ ထပ်လာကာ သင့်တော်မည့် သားရဲကို ရှာရန် ဆုံးဖြတ်လိုက်သည်။ ယဲ့ချန်သည် ယဲ့မိသားစု ရဲတိုက်သို့ အပြေးအလွှား ပြန်လာရင်းနှင့် ဝိညာဉ် အသိအမြင်အား ဘေးပတ်လည်အား ဖြန့်ကြက် ထားခဲ့သည်။ ထိုစဉ် အဝါရောင် အရိပ်တစ်ရိပ်သည် အနီးနားရှိ ချုံပုတ်တစ်ခုထဲမှ ရုတ်တရက် ခုန်ထ လာလေသည်။ ယဲ့ချန်သည် ဝိညာဉ် အသိအမြင်ဖြင့် ထိုအရိပ်မှာ မည်သည့်အရာ ဖြစ်ကြောင်း သိရသည်တွင် အံ့ဩသွားခဲ့သည်။

၎င်းကား အဆင့်၉မှော်သားရဲ မိုးကြိုးတစ္ဆေ သစ်နက် ဖြစ်သည်။ နာမည်တွင် ပါသည့် အတိုင်းပါပင်၊ ထိုမှော်သားရဲ အမျိုးအစားသည် မိုးကြိုးစွမ်းအင်များ မှုတ်ထုတ်လျက် တိုက်ခိုက်နိုင်ကြသည်။ နောက်ဆုံးတစ်ကြိမ် အဆင့်၈ မိုးကြိုးတစ္ဆေ သစ်နက်တစ်ကောင် ရဲတိုက်သို့ ဝင်ရောက် တိုက်ခိုက်စဉ်က မိသားစုဝင် အတော်များများ ဒဏ်ရာ ရသွားခဲ့သည်။ နောက်ဆုံး၌ ယဲ့ကျန့်ထျန်းသည် ထိုသစ်နက်အား အနိုင်ယူနိုင်ခဲ့သည့်တိုင် ဖမ်းဆီး သတ်ဖြတ်ခြင်း မပြုနိုင်ခဲ့။ မိုးကြိုးတစ္ဆေ သစ်နက်သည် ယဲ့ကျန့်ထျန်း၏ ဖိနှိပ်မှု အောက်တွင်ပင် လွတ်မြောက်အောင် ထွက်ပြေး သွားနိုင်ခဲ့သည်။

အဆင့်၇ မှော်သားရဲ တစ်ကောင်အား အမဲလိုက်နေဟန် ရသော မိုးကြိုးတစ္ဆေ သစ်နက်သည် ယဲ့ချန်၏ ဝိညာဉ် အသိအမြင်အား သတိမပြုမိပေ။ သို့နှင့် ယဲ့ချန်သည် သူ၏ဝိညာဉ် အသိအမြင်ထံမှ ဝိညာဉ်စွမ်းအင် အပိုင်းအစ တစ်ခုအား မိုးကြိုးတစ္ဆေ သစ်နက်၏ စိတ်ဝိညာဉ်ထံသို့ တိတ်တဆိတ်ဖြင့် အောင်မြင်စွာ ပေါင်းစပ်ကာ တံဆိပ်ခံနှိပ် လိုက်နိုင်သည်။

မိုးကြိုးတစ္ဆေ သစ်နက်၏ ခန္ဓာကိုယ်သည် ဆတ်ခနဲ တစ်ချက် တုန်သွားပြီးလျှင် ခုခံခြင်းငှာ မတတ်နိုင်တော့ပဲ မြေပြင်တွင် လေးဖက်ထောက်လျက် ပြားပြားဝပ် သွားရတော့သည်။

ယဲ့ချန်သည် ပုန်းနေရာမှ ထွက်လာခဲ့ပြီး မိုးကြိုးတစ္ဆေ သစ်နက်၏ အနီးသို့ တိုးကပ်သွား လိုက်သည်။ သူ့မျက်နှာထက်တွင် လှည့်စားလိုသော အရိပ်အယောင် တချို့ ရှိနေပြီး ခပ်တည်တည်နှင့် စတင် ဖြီးဖြန်းလေသည်။

“မင်းက အခု ကောင်းကင်သားရဲ အရှင်သခင်ရဲ့ လက်အောက်ကို ရောက်ရှိသွားပြီ။ ဒီနေ့၊ ဒီအချိန်ကစပြီး စားဖို့သောက်ဖို့ကို ပူစရာမလိုတော့ဘူး”

(T/N— အမဲလိုက်စရာ မလိုတော့ဟု ဆိုလိုသည်။)

ယဲ့ချန်သည် အနှီ 'ကောင်းကင်သားရဲ အရှင်သခင်' ဆိုသူနှင့် ပတ်သက်၍ တစ်စုံတစ်ရာ သိထားခြင်း မရှိသော်လည်း ထိုသူ၏ အမည်နာမကို ခဏတစ်ဖြုတ် အသုံးပြုရုံမျှဖြင့် အန္တရာယ် မရှိလောက်ဟု ယူဆသောကြောင့် ထိုသို့ပြောခဲ့ခြင်း ဖြစ်သည်။

“မင်းကို အားဖန် ၂လို့ ခေါ်မယ်။ မကြာခင်မှာ မင်းတို့အတွက် အားဖန်၃ကို ထပ်ရှာပေးမယ်”

သစ်နက်အား ယဉ်ပါးစေ ပြီးသည့်နောက် ယဲ့ချန်သည် ကောင်းကင်၏ အရောင်အား မော့ကြည့်မိသည်တွင် အရုဏ်တက်ချိန် ရောက်ရန် အလွန်နီးကပ် နေလေပြီ။ ယဲ့မိသားစု ရဲတိုက်သို့ အလျင်အမြန် ပြန်မှ ဖြစ်ပေမည်။ သူသည် အားဖန်၁နှင့် အားဖန်၂တို့အား လျန်ယွင် တောင်တန်းထဲ၌ ထားခဲ့ရမည်လော၊ ရဲတိုက်သို့ ခေါ်သွားရမည်လော ဝေခွဲမရ ဖြစ်နေရသည်။ သူ နန်းမြို့တော်သို့ ထွက်ခွာသည့် အခါ မိသားစုအတွက် အင်အားကြီးသော အစောင့်အရှောက်သည် ကျိန်းသေ လိုမည်သာ။ ထိုအချိန်ရောက်လျှင် အနှီမှော်သားရဲ နှစ်ကောင်နှင့် ယဲ့မိသားစုဝင်များ အံဝင်ခွင်ကျ ဖြစ်နေစေရန် ယခုတည်းက ခေါ်သွားသည်က ကောင်းပေလိမ့်မည်။

ယဲ့ချန်သည် ထိုသို့အတွေးဖြင့် မှော်သားရဲ နှစ်ကောင်အား ကြည့်ကာ နက်ရှိုင်းသည့် ဩဇာသံမျိုး ပေါက်အောင် တမင်လုပ်ယူ၍ ပြောလိုက်သည်။

“ဒီအရှင်သခင်က မင်းတို့ကို ယဲ့မိသားစု ရဲတိုက်ဆီ ခေါ်သွားပေးမယ်။ ယဲ့မိသားစုဟာ ဒီအရှင်သခင်ရဲ့ မိသားစုပဲ။ သူတို့ထဲက တစ်ယောက်ယောက်ကို ထိခိုက်စေရဲရင် မင်းတို့ကို ချက်ချင်း သတ်စားပစ်မယ်”

မိုးကြိုးတစ္ဆေ သစ်နက်နှင့် ကြက်သွေးရောင် ကောင်းကင်ကျား နှစ်ကောင်လုံးသည် အဆင့်၉ မှော်သားရဲများ ဖြစ်ကြရာ လူသားတို့၏ ဘာသာစကားကို အနည်းငယ် နားလည်နိုင်စွမ်း ရှိကြသည်။ ယဲ့ချန်၏ ခြိမ်းခြောက်စကားကို ကြားသည်တွင် နှစ်ကောင်လုံးသည် တိုးညင်းစွာ အသံပြု လိုက်ကြပြီးလျှင် အမိန့်နာခံကြောင်း ပြသကြလေသည်။

“သူတို့ကို ခြောက်လှန့် မိတာမျိုးတောင် မဖြစ်စေနဲ့။ ငါ မိသားစုမှာ မရှိတဲ့အချိန် မင်းတို့က ယဲ့မိသားစုဝင်တွေကို စောင့်ရှောက် ပေးကြရမယ်။ နားလည်ရဲ့လား”

ယဲ့ချန်သည် အားဖန်၁နှင့် အားဖန်၂တို့၏ ခေါင်းများအား ပွတ်သပ်ပေးလိုက်ကာ ပြောသည်။

“သွားရအောင် ... အိမ်ပြန်ရမဲ့ အချိန်ရောက်ပြီ”

သည်တခေါက် အပြင်ထွက်ရာတွင် အဆင့်၉မှော်သားရဲ နှစ်ကောင် စုဆောင်းနိုင်ခဲ့ သဖြင့် ယဲ့ချန် ရွှင်ပျတက်ကြွလို့ နေသည်။ ထိုသည်မှာ ယဲ့မိသားစုဘက်မှ ထျန်းချီအဆင့်၉ ကျင့်ကြံသူနှစ်ယောက် အကူရှိလာခြင်းနှင့် ညီမျှသည်။

နံနက်ခင်းနေရောင်သည် ယဲ့မိသားစုရဲတိုက်၏ နံရံများထက်တွင် ဖြာကျလျက်ရှိသည်။

“တောင် ... တောင် ... တောင်”

ရဲတိုက်အတွင်း အချက်ပေး မောင်းခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

“မြန်မြန် ... ခေါင်းဆောင်ကို သွားအကြောင်းကြား။ ရဲတိုက်နားကို အဆင့်မြင့် သားရဲတွေ ချဉ်းကပ်လာတယ်”

ယဲ့မိသားစုမှ ကျင့်ကြံသူများသည် အလျင်အမြန် စုရုံးလာကြပြီး သတိအပြည့်နှင့် အသင့်ပြင် ထားကြသည်။ ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့လည်း လျင်မြန်စွာ ရောက်လာကြလေသည်။ တစ်ညလုံး အနားယူပြီးနောက် ယဲ့ချိန်ရွှမ်း၏ အသေးစား ဒဏ်ရာများမှာ သက်သာသွားခဲ့ပြီ ဖြစ်ကာ ယဲ့ကျန့်ထျန်းသည်လည်း ဆေးလုံးများ၏ အကူအညီဖြင့် ကိုးပုံပုံလျှင် ငါးပုံခန့်သော စွမ်းအားများ ပြန်ပြည့်နေပြီ ဖြစ်သည်။

“ဘာသားရဲ အမျိုးအစားလဲ ဆိုတာ မြင်လိုက်ကြလား”

ယဲ့ကျန့်ထျန်းက အားလုံးအား ဝေ့ဝဲကြည့်ကာ မေးသည်။

“အရမ်း ဝေးနေသေးတော့ မသေချာပေမဲ့ မြင်ရသလောက်တော့ ကြက်သွေးရောင် ကောင်းကင်ကျားနဲ့ မိုးကြိုးတစ္ဆေ သစ်နက်တို့ ဖြစ်နိုင်တယ်။ အရွယ်အစားအရ နှစ်ကောင်လုံးက အဆင့်၉ မှော်သားရဲတွေပဲ”

ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည် အလွန် စိတ်မသက်မသာ ဖြစ်သွားကြရကာ သက်ပြင်း ရှိုက်မိကြသည်။ အဆင့်၉ ကြက်သွေးရောင် ကောင်းကင်ကျားသည် ထျန်းချီအဆင့်၉ ကျင့်ကြံသူနှင့် အင်အားညီမျှသည်။ ထို့ပြင် ၎င်းမှာ တစ်ကောင်တည်း မဟုတ်သေး၊ အဆင့်၉ မိုးကြိုးတစ္ဆေ သစ်နက်ပါ ပါလာလေရာ ကိစ္စများက အဆများစွာ ပို၍ ခက်ခဲ သွားနိုင်ပေသည်။

“ကြက်သွေးရောင် ကောင်းကင်ကျားနဲ့ မိုးကြိုးတစ္ဆေ သစ်နက်တို့က ဘာမှ မပတ်သက်တဲ့ သားရဲနှစ်ကောင် မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး အတူတူ ရှိနေကြတာလဲ”

ယဲ့ချိန်ရွှမ်းသည် သိလိုစွာ ရေရွတ်မိ၏။ ထိုအရာမှာ ထူးဆန်းလှချေသည်။

***

Translator's Note

အားဖန် ဆိုတာက ထူထဲပြီးနူးညံ့တဲ့ အမွေးတွေ ရှိတယ်လို့ အဓိပ္ပာယ်ရပါတယ်။ ETRAN မှာ fluffy လို့ သုံးထားပေမဲ့ အမွေးပွလေးက ရှိပြီးသားမို့ မရောထွေးရအောင် အားဖန်လို့ပဲ သုံးလိုက်ပါတယ်။

HOPE Y'ALL ENJOY READING THIS

***

All Chapters