← Chapters

မှော်သားရဲများကို ယဉ်ပါးစေခဲ့ခြင်း

Vol. 5 Ch. 66

မှော်သားရဲများကို ယဉ်ပါးစေခဲ့ခြင်း

Vol. 5 Ch. 66

“ချန်အာ ဘယ်မလဲ”

ထိုအခါမှ အားလုံးသော လူတို့သည် မိသားစုခေါင်းဆောင် ဖြစ်သော ယဲ့ချန်တစ်ယောက် ယခုထက်ထိ ပေါ်မလာသေးခြင်းအား သတိထားမိ သွားကြသည်။ အချက်ပေး မောင်းခတ်သံသည် အချိန်အတန်ကြာ လုံလုံလောက်လောက် မြည်ပြီးဖြစ်ရာ ထိုအသံတို့ကို ယဲ့ချန် မကြားနိုင်စရာ အကြောင်း မရှိပါချေ။ မိသားစု၏ ခေါင်းဆောင်တစ်ယောက် အနေနှင့် ဤသို့သော ပျက်ကွက်ခြင်းမျိုး မရှိသင့်ပေ။

ယဲ့ချိန်ရွှမ်းသည် မျက်မှောင်ကြုတ်ကာ အစောင့်များအား အမိန့်ပေးလိုက်သည်။

“ခေါင်းဆောင်ကို သွားရှာကြ”

ထျန်းချီအဆင့်၆ အစောင့် လူငယ်လေးများသည် ယဲ့ချန်အား ရှာဖွေရန် အလျင်အမြန် ထွက်ခွာ သွားကြသည်။

“ဦးလေး ... အဆင့်၉ သားရဲကြီး နှစ်ကောင်နဲ့အတူ လူတစ်ယောက်ပါ ပါလာပုံပဲ။ ဒါပေမဲ့ အရမ်း ဝေးသေးတော့ မိန်းကလေးလား ယောက်ျားလေးလားဆိုတာ မသဲကွဲသေးဘူး”

“လူ ဟုတ်လား”

ယဲ့ချိန်ရွှမ်းသည် မယုံနိုင်ဟန်ဖြင့် ပြန်မေးမိ၏။

“ဘယ်အချိန်တည်းက ကျားနဲ့သစ်နက်တွေက လူသားတွေနဲ့အတူ ယှဉ်တွဲသွားလာနိုင် သွားတာတုန်း”

မည်မျှ အဆင့်မြင့်သော သားရဲ ဖြစ်ပါစေဦး၊ ကြက်သွေးရောင် ကောင်းကင်ကျားနှင့် မိုးကြိုးတစ္ဆေ သစ်နက်တို့သည် မှော်သားရဲ အနွယ်ဝင် လူသားစား သတ္တဝါများ ဖြစ်နေကြသေးသည်။

မယုံနိုင်စရာပါပင်။

ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည် ရဲတိုက်နံရံပေါ်သို့ ခုန်တက်ကာ အဝေး တစ်နေရာမှ လာနေသော လူနှင့်သားရဲ နှစ်ကောင်ကို မြင်ရလို မြင်ရငြား ကြည့်မိကြသည်။ သူတို့နှစ်ဦး၏ အမြင်အရ သားရဲနှစ်ကောင်မှာ အမှန်ပင် အဆင့်၉ ကြက်သွေးရောင် ကောင်းကင်ကျားနှင့် မိုးကြိုးတစ္ဆေ သစ်နက်တို့ ဖြစ်ကြသည်။ သူတို့နှစ်ဦးသည် ယခုနှစ်များအတွင်း မှော်သားရဲများကို အမဲမလိုက် ဖြစ်သည်မှာ ကြာပြီဖြစ်သည့်တိုင် သားရဲ အမျိုးအစားတို့ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေး၏။ သူတို့က ထျန်းချီအဆင့်၉ ကျင့်ကြံသူ တစ်ယောက်၏ မြင်နိုင်စွမ်းကို အပြည့်အဝ အသုံးချ၍ ထပ်ကြည့်လိုက်လျှင် သားရဲနှစ်ကောင်ကြားရှိ လူအား ခပ်ရေးရေး မြင်လိုက်ကြ ရလေသည်။

ကျင့်ကြံဆင့် နက်ရှိုင်းမှုအရ ယဲ့ချိန်ရွှမ်းက ဦးစွာ သတိထားမိသည်။ သူသည် မယုံကြည်နိုင်စွာ မျက်လုံးပြူး သွားရရင်း ရေရွတ်၏။

“အဲဒါ ... ချန်အာမလား”

“ဘယ်လို ... ချန်အာတဲ့လား။ ဦးလေးကလည်း မဖြစ်နိုင်တာ”

ယဲ့ကျန့်ထျန်းသည် စိတ်ရှုပ်ထွေးစွာဖြင့် ဦးလေးဖြစ်သူအား ခွန်းတုံ့ပြန်လျက် သားရဲနှစ်ကောင်နှင့်လူ လာနေရာသို့ အားစိုက်ကာ ထပ်ကြည့်လိုက်သည်။ သို့သော် ထိုသားရဲ နှစ်ကောင်ကြားရှိ လူ၏ မျက်နှာပုံပန်း သွင်ပြင်မှာ အမှန်ပင် သူတို့မိသားစုမှ ချန်အာနှင့် ဆင်တူလှသည်။ အထူးသဖြင့် အမြင်အာရုံအား ဖမ်းစားနိုင်သော ထိုလူ့ပခုံးပေါ်ရှိ အဖြူရောင် သားရဲ ပိစိလေး ... ၎င်းမှာ သူ့သားချန်အာ၏ သားရဲ အမွေးပွလေး မဟုတ်ပေလော။

“အဲဒါ ချန်အာပဲ”

ယဲ့ကျန့်ထျန်းသည် မျက်လုံးနှစ်ဖက်အား လက်ဖြင့်ပွတ်သပ်ကာ နောက်တစ်ကြိမ် အတည်ပြုပြီးမှ အော်လိုက်လေသည်။

“ချန်အာက သားရဲနှစ်ကောင်နဲ့ ဘာလုပ်မလို့ ကြံနေတာတုန်း”

ထိုသားရဲ နှစ်ကောင်မှာ နှယ်နှယ်ရရ သားရဲများပင် မဟုတ်ကြသေး၊ အဆင့်၉ မှော်သားရဲများ ဖြစ်ကြပေသည်။ ယဲ့ကျန့်ထျန်းသည် ဘာမှန်းမသိသည့် အခြေအနေကြောင့် ရုတ်ခြည်း စိတ်ဖိစီး လာသလိုပင် ခံစားလိုက်ရသည်။ သားရဲများသာ ထဖောက်လာပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်မှာ နည်းမည်မဟုတ်တာ သေချာသည်။

ယဲ့ချန်သည် မိသားစုဝင်များကို ထိတ်လန့်စေမိမှာ စိုး၍ ရဲတိုက်နှင့် နီးလာသည်တွင် အရှိန်လျော့ကာ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ ရဲတိုက် နံရံပေါ်တွင် ရပ်ကြည့် နေသူတို့ကို သတိထားမိသောကြောင့် သူက ပြုံးကာ လက်ဝှေ့ယမ်း ပြလိုက်သည်။ သို့သော် ထိုအချိန်တွင် ဆက်တိုက်ဆိုသလို ကျယ်လောင်စွာ ထွက်ပေါ်လာသည့် အချပ်ပေး မောင်းခတ်သံကြောင့် ယဲ့ချန် ကြောင်အသွား ရသည်။ မိသားစုဝင်များက သူ့အား လုံးဝ မမြင်ပေ၍လော။  ဘယ်လိုကြောင့် အချက်ပေးမောင်းအား ဆက်တိုက် တီးနေရသည်မသိပေ။

အကွာအဝေး တစ်ခု ခြားနေသည့်တိုင် ယဲ့ချန်သည် သူ့လူများအား ရှင်းရှင်းလင်းလင်း မြင်ရသော်လည်း သူ့လူများကမူ သူ့အား မမှတ်မိကြပုံ ရသည်။ ထိုစဉ် အချက်ပေး မောင်းခတ်သံများကြောင့် သားရဲနှစ်ကောင် သည်လည်း သတိ အနေအထားဖြင့် ဖြစ်နေကြလေပြီ။

ရဲတိုက်နံရံထက်ရှိ လူများသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အဖြေရှာနေကြဆဲ ဖြစ်သည်။ မည်သို့ပင်တွေးပါစေ မိသားစု ခေါင်းဆောင်က အဆင့်၉ မှော်သားရဲနှစ်ကောင်နှင့် အတူရှိနေရသည့် အကြောင်းအရင်းကို သူတို့အားလုံး အဖြေ မဖော်နိုင်ကြပေ။

“ချန်အာ့ဆီကိုသွားပြီး အကြောင်းစုံကို မေးဖို့ တစ်ယောက်လွှတ်လိုက်”

ယဲ့ချိန်ရွှမ်းသည် လူအုပ်အား ဝေ့ဝဲကြည့်ကာ ပြောလိုက်ရင်းမှ သူ့အကြည့်တို့က ထျန်းချီအဆင့် လူငယ်လေး တစ်ယောက်ထံတွင် ရပ်တန့်သွားပြီး ထပ်ပြော၏။

“ယဲ့ပင်း ... မင်းသွားကြည့်လိုက်”

‘ယဲ့ပင်း’ အမည်ရှိ လူငယ်လေးအား အမိန့်ပေးပြီးနောက် ယဲ့ချိန်ရွှမ်းသည် မလှမ်းမကမ်းရှိ သားရဲနှစ်ကောင် ရုတ်တရက် လှုပ်ရှားလာပါက ချက်ချင်း တုံ့ပြန်နိုင်ရန် အသင့်အနေအထားဖြင့် ရဲတိုက်နံရံ ထက်တွင် ရပ်လျက် ကျန်ရစ်ခဲ့သည်။

နာမည်တပ်၍ အခေါ်ခံလိုက်ရသော ယဲ့ပင်းဟူသည့် လူငယ်လေးမှာ စိုးရိမ်စိတ်ကြောင့် မျက်နှာငယ်လေး ဖြစ်သွားရသည်။ ရဲတိုက်နံရံ အလွန်ရှိ သားရဲနှစ်ကောင်မှာ သာမညောင်ည သားရဲများ မဟုတ်ကြပေ။ အဆင့်၉ ကြက်သွေးရောင် ကောင်းကင်ကျားနှင့် အဆင့်၉ မိုးကြိုးတစ္ဆေ သစ်နက်တို့ ဖြစ်ကြသည်။ အကယ်၍ သူ ထိုနားသို့ ရောက်သွားချိန်တွင်မှ သားရဲနှစ်ကောင် စိတ်လွတ်သွားကာ သူ့အား ခုန်အုပ် တိုက်ခိုက်လာပါက မည်သို့ လုပ်ပါမည်နည်း။

မည်သို့ပင်ဆိုစေ သားရဲနှင့်အတူ သူတို့၏ ခေါင်းဆောင် တစ်ယောက်လုံး ရှိနေ၏။ ဆိုးဆိုးဝါးဝါး တစ်စုံတစ်ရာ မဖြစ်ပျက် လောက်ပါချေ။ ယဲ့ပင်းသည် ထိုသို့တွေးကာ စိတ်တည်ငြိမ်စေရန် ကြိုးစားလိုက် ရသည်။ သူသည် ပုံမှန်ဆိုလျှင် ရဲရင့်သော လူငယ်လေး ဖြစ်သည့်တိုင် ယခု ရဲတိုက် ဂိတ်တံခါးသို့ လျှောက်နေသည့် ခြေလှမ်းတို့မှာ မသိမသာ တုန်ယင်လျက် စိတ်လှုပ်ရှား နေကြောင်း ပေါ်လွင်နေခဲ့သည်။

ရဲတိုက်ဂိတ် တံခါးဝမှ တစ်စုံတစ်ယောက် ထွက်လာသည်ကို မြင်ရသောအခါ ယဲ့ချန်သည် ခြေလှမ်းတို့အား အရှိန်တင်လိုက်၏။

“ယဲ့ပင်း ရဲတိုက် ဂိတ်တံခါးကို ဖွင့်ဖို့ အဖေနဲ့အဘိုးကို အကြောင်းကြား လိုက်ပါဦး”

ယဲ့ချန်သည် ခပ်လှမ်းလှမ်းကပင် လှမ်းအော်ပြော လိုက်သည်။

ယဲ့ပင်းနှင့် ယဲ့ချန်အကြားရှိ အကွာအဝေးမှာ နှစ်မီတာခန့်သာ ရှိတော့သည်။ ယဲ့ပင်းအဖို့ အဆင့်၉ သားရဲကြီး နှစ်ကောင်အား အနီးကပ် မမြင်ရပါဟူ၍ ငြင်းပါက လိမ်ရာကျပေမည်။ တစ်ခါက အဆင့်၉ ပုတ်သင်သားရဲကြီး ရဲတိုက်အတွင်းသို့ ကျူးကျော် တိုက်ခိုက်ခဲ့သော မြင်ကွင်းက ယဲ့ပင်း၏ အာရုံထဲတွင် တဝဲလည်လည် ပြန်ပေါ်လာခဲ့သည်။ ထိုညက ယဲ့မိသားစုထဲမှ ကျင့်ကြံသူ အများအပြား ဒဏ်ရာရခဲ့သည်။ အဆင့်၉ သားရဲတစ်ကောင်၏ ခြိမ်းခြောက်နိုင်စွမ်းကား ဟာသမဟုတ်ပေ။

“ခေါင်းဆောင် ... အဆင့်၉ မှော်သားရဲ နှစ်ကောင်ကို ဘာလို့ ခေါ်လာခဲ့တာလဲ။ ဒါက အန္တရာယ် များလွန်းတယ်။ မတော်လို့ သူတို့ကြောင့် မိသားစုဝင်တွေ ထိခိုက်သွားခဲ့ရရင် မလွယ်ဘူးနော်”

သားရဲများနှင့် သူ့အကြားရှိ အကွာအဝေးသည် အလွန် နီးကပ်နေပြီဖြစ်ရာ ယဲ့ပင်း၏အသံမှာ တုန်ယင်လို့ နေသည်။ သို့သော်ငြား ယဲ့ပင်းသည် အတော်လေး သတ္တိရှိသည်ဟု ဆိုရမည်။ သူနှင့်ရွယ်တူ အခြား လူငယ်လေးများသာ ကြောက်မက်ဖွယ် အဆင့်၉ သားရဲများနှင့် ဤမျှနီးကပ်စွာ ရှိနေရပါက သတိလက်လွတ်ဖြင့် ထွက်ပြေးကြ လောက်သည်။

လျန်ယွင်တောင်တန်း အတွင်း မှော်သားရဲများစွာ မှီတင်းနေထိုင် ကြသော်ငြား တောင်တန်း၏ အနက်ဆုံးအပိုင်းသို့ မဝင်သရွေ့ အဆင့်၉ မှော်သားရဲများနှင့် ထိပ်တိုက်ကြုံတွေ့ နိုင်ချေမှာ နည်းပါးလှသည်။ တိုက်တိုက်ဆိုင်ဆိုင် တွေ့ပြီဟေ့ ဆိုလျှင်လည်း ကျင့်ကြံဆင့် နိမ့်သူများအဖို့ အနိုင်ယူနိုင်စွမ်း မရှိကြချေ။ အချို့သော အဆင့်၇ နှင့် အဆင့်၈ မှော်သားရဲများသည်ပင် တစ်ခါတစ်ရံ၌ အဆင့်၉ မှော်သားရဲများ၏လက်တွင် ဇီဝိန်ချုပ်ကြ ရသည်။

ယဲ့ပင်းသည် နှစ်မီတာမျှသာ ဝေးတော့သော နေရာရှိ အဆင့်၉ သားရဲကြီး နှစ်ကောင်အား မျက်လုံးထောင့်စွန်းမှ ခိုးကြည့်ရင်း တစ်စထက်တစ်စ ပိုမြန်လာသော နှလုံးခုန်သံတို့ကို သူကိုယ်တိုင်ပင် အတိုင်းသား ပြန်ကြားနေရသည်။

ယဲ့ပင်း၏ စိတ်လှုပ်ရှား ထိတ်လန့်နေမှုအား သတိထားမိသွား၍ ယဲ့ချန်သည် လက်ကာပြကာ ရှင်းပြလိုက်ရသည်။

“အဆင်ပြေတယ် ယဲ့ပင်း ... မစိုးရိမ်နဲ့။ မင်းကိုငါ မိတ်ဆက်ပေးမယ်။ ဒီဘက်က အားဖန်၁၊ ဒီဘက်ကတော့ အားဖန်၂။ သူတို့က လိမ္မာတဲ့ ကောင်လေးတွေပါ။ လူကို အန္တရာယ်မပြုဘူး”

“ခေါင်းဆောင် ဘာတွေပြော နေတာတုန်း။ ဒီသားရဲနှစ်ကောင်က ကြက်သွေးရောင် ကောင်းကင်ကျားနဲ့ မိုးကြိုးတစ္ဆေ သစ်နက်တွေလေ။ သူတို့ကို လျန်ယွင်တောင်တန်းထဲကို အမြန်ဆုံး ပြန်ပို့လိုက်တာက ပိုကောင်းလိမ့်မယ် ထင်တယ်”

ယဲ့ပင်းမှာ ပြောနေရင်းဖြင့် ချက်ချင်း ငိုချတော့မည့်နှယ် ဖြစ်လာတော့သည်။

‘ခေါင်းဆောင်ရယ် ... ခေါင်းဆောင်က အရမ်းသန်မာလို့ ဒီသားရဲ နှစ်ကောင်လုံးကို ကြောက်စရာမလိုဘူး ဆိုရင်တောင် ကျွန်တော်တို့ကတော့ မတူဘူးလေဗျာ တကယ်လို့ ဒီသားရဲ နှစ်ကောင်သာ ရုတ်တရက် စိတ်လွတ်သွားရင် ကျွန်တော်တို့မှာ ဘာမှ လုပ်လိုက်ချိန်တောင် ရမှာမဟုတ်ဘူးဗျ’

ယဲ့ချန်သည် ယဲ့ပင်း၏ အစိုးရိမ်လွန်ကာ ထိတ်လန့်နေပုံကို ကြည့်ရင်း ခပ်တိုးတိုး ရယ်မိသည်။ ယဲ့မိသားစုဝင်များ အတွက် အဆင့်၉ သားရဲကြီးနှစ်ကောင် ယဉ်ပါးနေသော ဖြစ်ရပ်မှာ နားလည်ရ ခက်နေနိုင်သည်။ သူ့ဖခင်နှင့် အဘိုးဖြစ်သူတို့ သည်ပင် ထိုဖြစ်ရပ်အား အလွယ်တကူ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

ယဲ့ချန်က ပြန်ပြောလိုက်သည်။

“ဒီကျားနဲ့ သစ်နက်ကို ငါ ယဉ်ပါးစေခဲ့ပြီးပြီ ဆိုတာ အဖေနဲ့အဘိုးကို အသိပေးလိုက်။ အခုကစပြီး သူတို့က ငါ့ရဲ့ ကိုယ်ပိုင် သားရဲတွေပဲ။ လူတွေကို ထိခိုက်စေဖို့ မပြောနဲ့ လုံးဝကို အန္တရာယ်ကင်းတယ်။ ဟုတ်ပြီလား”

“ကောင်းပြီ ကျွန်တော် သွားပြောလိုက်မယ်”

ယဲ့ပင်းသည် အလွန် လျင်မြန်စွာဖြင့် ရဲတိုက်အတွင်းသို့ လှစ်ခနဲ ပြေးဝင်သွားတော့သည်။ ဤနေရာ၌ တစ်စက္ကန့်မျှပင် ထပ်မနေဝံ့တော့သည့် အလား..။

ယဲ့ချိန်ရွှမ်းနှင့် ကျန်လူများသည် ယဲ့ပင်းပြောပြသော အကြောင်းအရာကို နားထောင် ပြီးသည့်နောက် ထိတ်လန့် သွားကြသည်။

“ချန်အာက ... ကြက်သွေးရောင် ကောင်းကင်ကျားနဲ့ မိုးကြိုးတစ္ဆေ သစ်နက်ကို ယဉ်ပါးစေခဲ့တယ် ဟုတ်လား။ အခု အဲဒီ အဆင့်၉ သားရဲနှစ်ကောင်လုံးက ချန်အာရဲ့ ကိုယ်ပိုင် သားရဲတွေပေါ့။ ဒီကိစ္စကို မင်းဘယ်လိုထင်လဲ ကျန့်ထျန်း”

ယဲ့ချိန်ရွှမ်းသည် ယဲ့ကျန့်ထျန်းအား အဓိပ္ပာယ်ပါပါ ကြည့်ကာ မေးသည်။ ချန်အာသည် သူတို့အား မဆုံးနိုင်သော အံ့ဩစရာ ကိစ္စရပ်များကို ယူဆောင် လာပေးခဲ့သည်။ မတိုင်မီက အံ့ဩစရာ ဖြစ်ရပ်များကြောင့် စိတ်တည်ငြိမ်မှု ပြန်ရကာစ ရှိသေးသည်၊ ချန်အာကား နောက်ထပ် အံ့ဩစရာ ဖြစ်ရပ်ဆန်းအား ဖန်တီးလိုက်ပြန်၏။

အချို့သော လူချမ်းသာ မိသားစုများမှ သခင်ငယ်လေးတို့သည် အစွမ်းထက်သည့် မှော်သားရဲအနွယ်ဝင် ပေါက်စလေးများအား အိမ်သို့ခေါ်ဆောင်ကာ လက်သပ်မွေးလေ့ ရှိသည် ဟူသော ဒဏ္ဍာရီပုံပြင်တို့ကို လူတိုင်း ကြားဖူးပေသည်။ မှော်သားရဲ ပေါက်စလေးများသည် လူသားများနဲ့ လက်ပွန်းတတီး နေလာသည့် အချိန်တို့ ကြာလာသည်နှင့် အမျှ ရိုင်းစိုင်း ကြမ်းတမ်းသော ဗီဇစရိုက် သဘာဝများ တဖြည်းဖြည်း ပျောက်ကွယ်ကာ ယဉ်ပါးလာကြသည်။ လူသားများ၏ အမိန့်ကိုလည်း နာခံကာ သခင်အဖြစ် အသိအမှတ် ပြုလာကြသည်။ သို့သော် မှော်သားရဲ တစ်ကောင်ကို ထိုသို့ယဉ်ပါး စေရသည့် ဖြစ်စဉ်မှာ အလွန် အချိန်ယူရကာ ထင်သလောက် မလွယ်ကူလှပေ။ ရှီဝူအင်ပါယာ၊ တော်ဝင်မိသားစုမှ မင်းသား၊ မင်းသမီးများသည်သာ မှော်သားရဲ ပေါက်စလေးများကို နှစ်ရှည်လများ မွေးမြူကာ ယဉ်ပါးစေနိုင်စွမ်း ရှိကြသည်။ ယဲ့မိသားစု အနေနှင့် ထိုသို့သော ကိစ္စရပ်မျိုးအား အိပ်မက်ထဲ၌ပင် မပြုလုပ်နိုင်ပေ။

“အဲဒီကျားနဲ့သစ်နက်က ချန်အာရဲ့ အမိန့်ကို တကယ်ပဲ နာခံကြတယ်ဆိုရင် ... ဒါက ယဲ့မိသားစုမှာ ထျန်းချီအဆင့်၉ ကျင့်ကြံသူနဲ့ တန်းတူညီတဲ့ သားရဲနှစ်ကောင် ရှိလာပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား”

ယဲ့ကျန့်လုံသည် တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် စိတ်လှုပ်ရှားစွာ ဆိုလေသည်။

“မေ့လိုက်တော့။ မှော်သားရဲ နှစ်ကောင်က ယဉ်ပါးချင်ယောင် ဆောင်ပြီးမှ မိသားစုဝင်တွေကို အန္တရာယ် ပြုလာခဲ့ရင် ငါတို့ အားလုံးပေါင်းတောင် သူတို့ကို ထိန်းနိုင်မှာ မဟုတ်ဘူး”

ယဲ့ကျန့်ရှုံးက ဆိုသည်။ ယခုအခြေအနေသည် အကောင်းထက် အဆိုးက ပိုများနေကာ ဖိအားများလှသည်ဟု သူက ယူဆသည်။

“ချန်အာက လုပ်လိုက်ရင် အမြဲ အံ့ဩစရာတွေ အပြည့်ပဲ။ သူလုပ်လိုက်တဲ့ တချို့ အရာတွေဆို နားလည်ဖို့တောင် မတတ်နိုင်ဘူး။ တစ်ခါတလေ ကျတော့လည်း တကယ့် အူကြောင်ကြောင် ကောင်လေးလိုပဲ။ ထားပါလေ ... ချန်အာပြောသလို သားရဲနှစ်ကောင်က ယဉ်ပါးနေခဲ့ပြီ ဆိုတာကို ယုံချင်ပါတယ်။ တကယ်လို့ မဟုတ်ခဲ့ရင်တော့လည်း တိုက်ခိုက် ကြရုံပေါ့”

ယဲ့ကျန့်ထျန်းသည် သူ့အတွေးအား ထုတ်ပြောလာ၏။

“မိသားစုဝင်တွေ လုံခြုံဖို့အတွက် သားရဲနှစ်ကောင်လုံးကို ရဲတိုက်နံရံ အောက်မှာ ခဏထားခဲ့ဖို့ ချန်အာ့ကို ပြောရမှာပဲ”

“အကြံကောင်းတယ်။ အရင်ဆုံး အဲဒီလိုလုပ်ပြီးမှ သားရဲတွေက တကယ် အန္တရာယ်ရှိ၊မရှိ စစ်ဆေးကြတာပေါ့”

ယဲ့ချိန်ရွှမ်းကလည်း ထောက်ခံစွာဖြင့် ခေါင်းညိတ်ကာ ဆိုသည်။

***

All Chapters