အားဖန်၁ နဲ့ အားဖန်၂
Vol. 5 Ch. 67
ကြက်သွေးရောင် ကောင်းကင်ကျားနှင့် မိုးကြိုးတစ္ဆေ သစ်နက်တို့သည် ယဲ့မိသားစုရဲတိုက် အပြင်ဘက်တွင် ရပ်တန့်နေကြပြီး ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့က ရဲတိုက်နံရံပေါ်မှ ခုန်ဆင်းကာ ယဲ့ချန်ထံ လျှောက်လာကြသည်။
အဆင့်၉ မှော်သားရဲကြီး နှစ်ကောင်နှင့် ကြုံတွေ့ရသည့်အခါ ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့ နှစ်ဦးလုံး သိသိသာသာ စိတ်လှုပ်ရှား စိုးရိမ်နေကြ၏။ အကယ်၍ တောအုပ်ထဲတွင် အဆင့်၉ မှော်သားရဲ တစ်ကောင်နှင့် ရင်ဆိုင်ခဲ့ ရလျှင်တောင် သူတို့အနေနှင့် ကျိန်းသေပေါက် အသာစီးရမည်ဟု ပြောနိုင်ရန် ခက်ခဲလှတာ ဖြစ်သည်။
နှစ်ဦးသားသည် သတိအပြည့်ဖြင့် သားရဲများနှင့် ငါးမီတာခန့် အကွာသို့ တိုးကပ်လာခဲ့သည်။ သားရဲများ ရုတ်တရက် တိုက်ခိုက်လာလေ မလား ဟူသော ပူပန်မှုဖြင့် သူတို့သည် သတိကြီးကြီး ထားနေသည်မှာ သိသာလှ၏။
“ချန်အာ ... ဒီအဆင့်၉ မှော်သားရဲ နှစ်ကောင်ကို ဘယ်က ရှာလာခဲ့တာလဲ။ ကြည့်ရတာ သူတို့က မင်းကို နာခံပုံပဲ”
ယဲ့ကျန့်ထျန်းက မေးခွန်းထုတ်သည်။ သူသည် ထိုသို့ ပြောလိုက်သည့်တိုင် ကျားကြီးနှင့် သစ်နက်တို့အား အလွန်နီးကပ်စွာ မြင်နေရ၍ စိတ်လှုပ်ရှား နေမိသေးသည်။ နောက်ဆုံးတစ်ခေါက် မိသားစု ရဲတိုက်သို့ ဝင်ရောက် တိုက်ခိုက်ခဲ့သော အဆင့်မြင့် မှော်သားရဲမှာ အဆင့်၉ ပုတ်သင်သားရဲကြီး ဖြစ်သည်။ ထိုစဉ်က မိသားစုထဲရှိ ကျင့်ကြံသူများ အားလုံးလိုလို ဒဏ်ရာ ရခဲ့ကြပြီး အဆုံး၌ ချန်အာ၏ ယမ်းမှုန့်များ ကျေးဇူးနှင့် ပုတ်သင် သားရဲကြီးကို အနိုင်ယူနိုင်ခဲ့သည်။ လက်ရှိတွင် သူကိုယ်တိုင်၏ ကျင့်ကြံဆင့်မှာ ယခင်ကထက် တိုးတက်ခဲ့ပြီး ဖြစ်ပါသော်လည်း အဆင့်၉ မှော်သားရဲနှစ်ကောင် ဟူသော အင်အားကား ကြီးမားသော စိန်ခေါ်မှုကြီး တစ်ရပ် ဖြစ်နေသေး၏။
ယဲ့ချန်သည် ဖခင်နှင့် အဘိုးတို့၏ စိုးရိမ် ပူပန်နေသော မျက်နှာများကို မြင်ရသော် ဆက်လက်၍ ထိန်းမထားနိုင်တော့ဘဲ ရယ်လိုက်မိတော့သည်။ လူသား ကျင့်ကြံသူများ၏ စိတ်နှလုံးထဲ၌ 'မှော်သားရဲ' ဟူသည့် သတ္တဝါတို့သည် ကြမ်းကြုတ်သည့် လူသားစားများ အဖြစ်သာ အမြစ်တွယ်နေခဲ့တာ ဖြစ်သည်။ အချိန်တိုအတွင်း ထိုအစွဲကို ပြောင်းလဲပစ်ရန်မှာ သူတို့အတွက် ခက်ခဲကောင်း ခက်ခဲနိုင်၏။ ယဲ့ချန်သည် အားဖန်၁နှင့် အားဖန်၂တို့အား ယဲ့မိသားစုဝင်များနှင့် ရင်းနှီး ကျွမ်းဝင်အောင် မည်သို့မည်ပုံ ပြုလုပ်ရမည်ကို တွေးရင်း ရင်မောသွားရသည်။
“ချန်အာ ... မှော်သားရဲတွေက စွမ်းအားကြီးတဲ့ လူသားတွေကို ခဏတာ ဦးညွှတ်ရင်ညွှတ်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ရိုင်းစိုင်းတဲ့ ဗီဇရှိတဲ့ သတ္တဝါတွေဆိုတဲ့ အမှန်တရားကတော့ မပြောင်းလဲဘူး။ နောက်ဆုံးပြောရရင် မှော်သားရဲတွေက လူသားတွေရဲ့ အမိန့်ကို တစ်သက်လုံး နာခံဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ယဲ့ချိန်ရွှမ်းက အခိုင်အမာ ပြောသည်။ သူသည် ရှင်သန် နေထိုင်ခဲ့သော ရှည်လျားသည့် သက်တမ်းတစ်လျှောက် မှော်သားရဲများကို အိမ်မွေးတိရစ္ဆာန် သဖွယ် လှောင်အိမ်ထဲ၌ ပိတ်လှောင် မွေးမြူထားသော မိသားစုကြီးများကို ကြုံတွေ့ဖူးပေသည်။ သို့သော် အဆုံးတွင် ထိုမှော်သားရဲများ လှောင်အိမ်ထဲမှ လွတ်မြောက် လာသည့်အခါ ၎င်းတို့အား ပိတ်လှောင်ထားခဲ့ သူများကို အလွတ်မပေးဘဲ ကြမ်းရမ်းစွာ ကိုက်ဖဲ့သတ်ဖြတ် ကြသည်ချည်းသာ။ ထိုသို့သော ဖြစ်ရပ်မျိုးစုံက သမိုင်းတစ်လျှောက် တစ်ခု၊ နှစ်ခုမက ဖြစ်ပျက်ခဲ့ဖူးသည်။
“ဘိုးဘိုး၊ အဖေ ... သူတို့က တကယ်ကို လုံးဝ ယဉ်ပါးနေခဲ့ပါပြီ”
ယဲ့ချန်သည် လက်တစ်ဖက်အား ဝှေ့ယမ်းလျက် ရှင်းပြ၏။ ထို့နောက် သူက အနောက်ဘက်ရှိ ကျားကြီးနှင့် သစ်နက်တို့အား ပြန်ကြည့်လိုက်ကာ ဆက်ပြောသည်။
“အားဖန်၁၊ အားဖန်၂ ထိုင်ချလိုက်။ ဒါက ငါ့အဘိုးနဲ့ ငါ့အဖေပဲ။ အခုကစပြီး သူတို့ရဲ့စကားက ငါကိုယ်တိုင်ရဲ့ စကားနဲ့ ညီမျှတယ်။ သူတို့ရဲ့အမိန့် မှန်သမျှကို ငါ့ရဲ့အမိန့်လိုပဲ နာခံရမယ်။ နားလည်ရဲ့လား”
ယဲ့ချန်၏စကား ဆုံးသည့်အခါ ကျားကြီးနှင့် သစ်နက်တို့သည် မြေပြင်တွင် နာခံစွာ လေးဖက်ထောက် နေရင်းမှ ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့အား မမှိတ်မသုန် မော့ကြည့် လာလေသည်။
ထိုမြင်ကွင်းကြောင့် ယဲ့ချိန်ရွှမ်းတို့ နှစ်ယောက်မှာ မထိန်းနိုင်ဘဲ အံ့အားသင့် သွားရသည်။ အနှီအဆင့်၉ မှော်သားရဲနှစ်ကောင်သည် အဆင့်မြင့်မှော်သားရဲများ ဖြစ်ကြသည့်အလျောက် လူသားတို့၏ စကားကို အတန်ငယ် နားလည်နိုင်သည်မှာ မှန်သော်လည်း လူသား တစ်ယောက်ကို သခင်အဖြစ် အသိအမှတ် ပြုရန်မှာမူ မတူညီသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ချန်အာသည် ထိုသို့သော အံ့ဖွယ်သရဲ ဖြစ်ရပ်ကို မည်ကဲ့သို့ စွမ်းဆောင်နိုင်ခဲ့သည် မသိပေ။
မှော်သားရဲ နှစ်ကောင်သည် မြေပြင်တွင် လေးဖက်ထောက်လျက် ပြားပြားဝပ် နေပုံမှာ အလွန် နာခံကျိုးနွံ နေကြသည့်အပြင် ယဲ့ချိန်ရွှမ်းတို့ ရှေ့၌ မျက်နှာသာရရန် ကြိုးပမ်း နေသည်နှင့်ပင် တူလှသည်။
“ချန်အာ ... ဒီမှော်သားရဲတွေကို ယဉ်ပါးအောင် ဘယ်လိုများ လုပ်ခဲ့တာလဲ”
မေးရင်းနှင့်မှ ယဲ့ချိန်ရွှမ်းသည် ရှေ့သို့ ခြေလှမ်း အနည်းငယ် ထပ်တိုးလာခဲ့သည်။ ယခုအခါ သူက ထိုသားရဲ နှစ်ကောင်အပေါ် များစွာ စိုးရိမ် ထိတ်လန့်ခြင်းမျိုး သိပ်မရှိတော့ပေ။
ယဲ့ချန်သည် အဘိုးဖြစ်သူ၏ မေးခွန်းအား ပြန်မဖြေခင် အတန်ကြာ စဉ်းစားလိုက်ရသည်။ ဝိညာဉ်အသိအမြင် အကြောင်းအား အမှန်အတိုင်း ပြောပြလိုက်ပါက သူ့အား အထူးအဆန်း သတ္တဝါလို ဝိုင်းကြည့် လာမှာကိုလည်း စိုးရသည်။
“ဒါက နည်းနည်း ထူးခြားတဲ့ နည်းလမ်းတချို့ သုံးခဲ့ရတယ် ... နောက်မှ သေချာ ရှင်းပြမယ်လေ။ လောလောဆယ်တော့ ကျွန်တော်ပြောတာကို ယုံပါ။ သူတို့ကို တိုက်ခိုက်ဖို့ အမိန့်မပေးမချင်း ဘယ်လူ တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေမှာ မဟုတ်ဘူး”
ယဲ့ချန်ကိုယ်တိုင်က ထိုသို့ပြောလာပြီ ဖြစ်ရာ ယဲ့ချိန်ရွှမ်းတို့နှစ်ဦးက ဆက်လက် စစ်ဆေးခြင်း မပြုတော့ပါချေ။ သူတို့က သားရဲများအနီးသို့ ပို၍ တိုးကပ်သွားကြပြီး စူးစမ်း ကြည့်မိကြသည်။
ရဲတိုက်နံရံပေါ်မှ စောင့်ကြည့်နေသူများ ကလည်း ထိုမြင်ကွင်းအား သိလိုစိတ် ပြင်းပြစွာ ကြည့်နေကြသည်။ သူတို့သည် ကျားကြီးနှင့် သစ်နက်တို့အနီး၌ ရပ်နေကြသည့် ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့အား ကြည့်ရင်း နှလုံးခုန်သံများပင် မြန်လာကြသည်။ သို့တိုင် သားရဲနှစ်ကောင်ကမူ အနည်းငယ်မျှ လှုပ်ရှားလာခြင်း မရှိသည်ကို မြင်ရမှ သူတို့လည်း စိတ်အေးသွားကြကာ တီးတိုး ရေရွတ်မိကြ၏။
“သားရဲနှစ်ကောင်က တကယ်ကို ယဉ်ပါး နေကြတာပဲ”
“တော်ရုံတန်ရုံ ယဉ်ပါးတာတောင် မဟုတ်ဘူး။ ရန်လိုတဲ့ပုံ လုံးဝကိုမပြတာ”
“မတိုင်ခင်က ခေါင်းဆောင်ပြောတယ် မလား။ သားရဲနှစ်ကောင်က ငါတို့ကို ရန်ပြုမှာ မဟုတ်ဘူးလို့လေ။ ငါ ခေါင်းဆောင်ကို ယုံတယ်။ ခေါင်းဆောင်ပြောတာ အမှန်ပဲ ဖြစ်ရမယ်”
“ငါရောပဲ”
ရဲတိုက်နံရံ အောက်၌..။
ယဲ့ချိန်ရွှမ်းသည် ကြက်သွေးရောင် ကောင်းကင်ကျား အနီးသို့ ဦးစွာတိုးကပ် သွားကာ ကျားကြီး၏ကျောပြင်ရှိ အမွေးတို့အား ပွတ်သပ်ပေးရန် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူက တိုက်ပွဲတစ်ခု အတွက် စိတ်ကိုပြင်ဆင်ထားပြီး ဖြစ်သော်လည်း ကျားကြီးသည် ခေါင်းသာငုံ့ထားပြီး ရန်လိုသည့်ဟန် နည်းနည်းလေးမှ ပြမလာခဲ့ပေ။ ယဲ့ချိန်ရွှမ်း ပြုံးလိုက်မိသည်။
ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့ နှစ်ဦးလုံး ကျားကြီးနှင့် သစ်နက်တို့၏ အမွေးများကို ပွတ်သပ်ပေးပြီး သွားသည့်အခါ မူလကရှိနေသည့် စိုးရိမ်စိတ်များ ပြယ်လွင့် သွားခဲ့သည်။
ထိုစဉ် ယဲ့ချန်က ပြောလိုက်သည်။
“ကြက်သွေးရောင် ကောင်းကင်ကျားရဲ့ နာမည်က အားဖန်၁၊ မိုးကြိုးတစ္ဆေ သစ်နက်ရဲ့ နာမည်ကတော့ အားဖန်၂တဲ့။ ကဲ ... အားဖန်၁နဲ့ အားဖန်၂ အစဉ်လိုက် ရပ်ပြီးတော့ ကင်းမြီးကောက် ထောင်ပြပါဦး”
ကျားကြီးသည် မြေပြင်တွင် တစ်ပတ်၊ နှစ်ပတ်ခန့် လှိမ့်ပြနေစဉ် ကင်းမြီးကောက် ထောင်ခြင်း ဟူသော ဝေါဟာရနှင့် အကျွမ်းဝင်ခြင်း မရှိသော သစ်နက်မှာ ဘာလုပ်ရ၊ ဘာကိုင်ရမည်ကို မသိသောကြောင့် လေးဖက်ထောက် နေလျက်ကပဲ လက်တစ်ဖက်အား လေထုထဲသို့ ညွှန်ပြကာ ဝှေ့ယမ်းနေလေသည်။
“ငါက မင်းကို ကင်းမြီးကောက် ထောင်ပြဖို့ ပြောတာလေ ... လေထဲမှာ လက်ညှိုးနဲ့ လျှောက်ထိုးနေဖို့ မဟုတ်ဘူးကွ”
ယဲ့ချန်သည် ထိုသို့ဆိုရင်းမှ အဆင့်မြင့် မှော်သားရဲ တစ်ကောင်၏ အူကြောင်ကြောင် ဖြစ်နေပုံကို ကြည့်ကာ ရယ်နေရတော့သည်။
သစ်နက်သည် သခင်ဖြစ်သူ၏ အားရပါးရ ရယ်နေမှုကြောင့် လှောင်ပြောင်ခံရ သကဲ့သို့ ခံစားရကာ တိုးညင်းသော ညည်းသံလေး ပြုလာသည်။ ထို့နောက် ယဲ့ချန်အား တောင်းပန်ဟန် ပါသော အကြည့်တစ်ချက်ဖြင့် ကြည့်လေသည်။ သစ်နက်သည် ‘ကင်းမြီးကောက် ထောင်ခြင်း’ ဟူသော ဝေါဟာရအား အမှန်ပင် နားမလည်ပါဟု ပြောပြချင်နေသည့် အလား။
“ဒီလောက် နာခံကျိုးနွံတဲ့ မှော်သားရဲမျိုးကို တွေ့ဖူးတာ ဒါပထမဆုံးပဲ”
ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည် တအံ့တဩဖြင့် ရေရွတ်မိကြ၏။ ရဲတိုက်နံရံပေါ်ရှိ စောင့်ကြည့်နေသူ များသည်ပင် အံ့အားသင့် သွားကြရတာ ဖြစ်သည်။
ယွင်မိသားစုနှင့် တိုက်ပွဲအတွင်း အဆင့်၉ မှော်သားရဲ နှစ်ကောင်သာ ကူညီနိုင်မည် ဆိုပါက အလွန် ကောင်းမွန်ပေလိမ့််မည်။ ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည် ထိုအကြောင်းကို တွေးကာ ပြောမပြတတ်အောင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြ၏။ ထိုမျှ အစွမ်းထက်သော သားရဲနှစ်ကောင်၏ အကူအညီဖြင့်သာ ဆိုပါက ယဲ့မိသားစုသည် ယွင်မိသားစုကို မဆိုထားနှင့်၊ တုန်းလင်ပြည်နယ် တစ်ခုလုံးရှိ အင်အားစုကြီးများကိုပင် မှုစရာ မလိုတော့ပေ။
ယဲ့မုန့်နှင့် လူငယ်တစ်စုတို့ ရဲတိုက်နံရံပေါ်မှ ခုန်ဆင်း လာကြသည်။
“မင်းတို့တွေက ဒီကို ဘာလုပ်ဖို့ ဆင်းလာ ကြတာတုန်း”
ယဲ့ချိန်ရွှမ်းသည် ယဲ့မုန့်အပါအဝင် လူငယ်တစ်စုအား မျက်နှာထား တင်းတင်းဖြင့် ကြည့်ကာ မေးလိုက်သည်။
“ကျွန်တော်တို့ ကျားကြီးနဲ့ သစ်နက်ကို အနီးကပ် မြင်ချင်လို့ပါ ဘိုးဘိုး”
လူငယ်လေးများသည် ယခင်က ကျားတစ်ကောင်အား မြင်ဖူးခြင်းမရှိရာ မျက်ကန်းတစ္ဆေ မကြောက် ဆိုသကဲ့သို့ သဘာဝကျစွာပင် ကြောက်ရွံ့ရ ကောင်းမှန်းလည်း မသိကြပေ။ ဆန့်ကျင်ဘက်အားဖြင့် သူတို့က မှော်သားရဲ နှစ်ကောင်အား စူးစမ်းလိုစိတ်ဖြင့် ရဲဝံ့တက်ကြွ နေကြသည်။
“ခေါင်းဆောင် ... ဒီမှော်သားရဲ နှစ်ကောင်က အန္တရာယ် မရှိဘူးဆိုတာ အမှန်ပဲလား”
ယဲ့မင်သည် စိတ်အား ထက်သန်နေသော မျက်လုံးများဖြင့် ယဲ့ချန်အား မေးလာ၏။
“အမှန်ပါပဲ။ အဲဒီအတွက် မစိုးရိမ်နဲ့ ... ငါ့အမိန့်မပါဘဲ သူတို့က ဘယ်သူ့ကိုမှ ထိခိုက်စေမှာ မဟုတ်ပါဘူး”
ယဲ့ချန်က ပြုံးရင်း အာမခံလိုက်သည်။
ယဲ့မုန့်၊ ယဲ့မင်နှင့် လူငယ်လေးများသည် ကျားကြီးနှင့် သစ်နက်ရှိရာသို့ တရွေ့ရွေ့ တိုးကပ် လာကြသည်။ နှစ်ကောင်လုံးက မည်သူတစ်ဦး တစ်ယောက်ကိုမှ ထိခိုက်စေခြင်း မရှိသည်ကို မြင်ရသည့်အခါ ရဲတိုက်နံရံ ထက်ရှိ လူများသည် ဝမ်းပန်းတသာ ဩဘာပေး လိုက်ကြသည်။ လူငယ်လေးထဲမှ တချို့သည် စပ်စုချင်နေသော ကြောင်လေးများကဲ့သို့ သားရဲနှစ်ကောင်အား အလယ်တွင်ထားကာ စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်နေကြ၏။ သားရဲနှစ်ကောင်ကမူ မြေပြင်တွင် အေးဆေးစွာ လဲလျောင်းနေကြရင်း တစ်ခါတစ်ရံ အနီးသို့ တိုးကပ်လာသည့် လူငယ်လေးများကို လျှာဖြင့်ပင် ရင်းနှီးချစ်ကြည်စွာ လှမ်းလျက်နေကြသည်။
“မင်းသိလား ... အားဖန်၁နဲ့ အားဖန်၂ဆိုတဲ့ နာမည်တွေက သူတို့နဲ့ သိပ်မလိုက်ဖက် သလိုပဲ။ ကြက်သွေးရောင် ကောင်းကင်ကျားက ဒီလောက် အကောင်ကြီးပြီး ခန့်ညားလှတာ ... သူ့နာမည်က တာ့ဟူ ဖြစ်သင့်တယ်”
“ဒါဆို မိုးကြိုးတစ္ဆေ သစ်နက်ရဲ့ နာမည်ကိုရော ဘယ်လိုပြောင်းရင် လိုက်ဖက်မှာလဲ”
“သစ်နက်ကြီးရဲ့ ခန္ဓာကိုယ်ကလည်း အရမ်းကြီးမားပြီး နူးညံ့တဲ့ အဝါရောင် အမွေးတွေရှိတယ် ဆိုတော့ကား ... သူ့နာမည်က တာ့ဟွမ်ဖုန်း ဖြစ်သင့်တယ်”
“အိုက်ယား ... ငါကတော့ အားဖန်၁နဲ့ အားဖန်၂ဆိုတဲ့ နာမည်တွေကိုပဲ ပိုသဘောကျ ပါတယ်နော်”
ပြောကြဆိုကြရင်း ယဲ့မုန့်၏ ကလေးဆန်သော ဘက်ခြမ်းလေးက မသိမသာ ထွက်ပေါ်လာကာ ကျန်အပေါင်းအပါ လူငယ်လေးများနှင့် စိတ်အားထက်သန်စွာ စတင်၍ ငြင်းခုံကြတော့သည်။
ရဲတိုက် နံရံထက်ရှိ လူများသည်လည်း စူးစမ်းလိုစိတ်အား ချိုးနှိမ် မထားနိုင်တော့ပဲ နံရံပေါ်မှ အလျှိုလျှို ခုန်ဆင်း လာကြလေသည်။ အဆင့်၉ မှော်သားရဲ နှစ်ကောင်သည် ကလေးတစ်သိုက် အလယ်၌ အချစ်တော် ဖြစ်နေသည်ကို မြင်ရသည့်အခါ လူကြီးများသည် ဆက်လက်၍ ဟန်ကိုယ့်ဖို့ လုပ်မနေနိုင်ကြတော့ပေ။ တဖြည်းဖြည်းနှင့် မှော်သားရဲနှစ်ကောင် အနီးတွင် လူများ စုရုံးလာကြကာ ၎င်းတို့၏ နူးညံ့လှသော အမွေးလေးတို့အား ပွတ်ပေးချင်သူတို့ဖြင့် လက်မလည်အောင် ရှိနေပါတော့သည်။ ကြက်သွေးရောင် ကောင်းကင်ကျားနှင့် မိုးကြိုးတစ္ဆေ သစ်နက်တို့၏ အလွန်နာခံ ကျိုးနွံပုံကြောင့် ယဲ့မိသားစုဝင်များသည် ကြောက်ရွံ့စိတ်တို့ လုံးဝကို မရှိကြတော့တာ ဖြစ်သည်။
မကြာမီတွင် အားဖန်၁ နှင့် အားဖန်၂တို့သည် ယဲ့မိသားစုဝင်များနှင့် အံဝင်ခွင်ကျ ဖြစ်သွားပေလိမ့်မည်။ ယဲ့ချန်သည် အကွာအဝေး တစ်ခု၌ ရပ်နေရင်း ယဲ့မိသားစုဝင်များ သားရဲနှစ်ကောင်အား စိတ်ကြိုက်ထိတွေ့ နေသည်ကို ရပ်ကြည့်နေခဲ့သည်။ သူ၏ ဝိညာဉ်စွမ်းအင် အပိုင်းအစအား သားရဲနှစ်ကောင်၏ စိတ်ဝိညာဉ်ထဲတွင် ပေါင်းစည်းထားပြီး ဖြစ်ရာ ယဲ့မိသားစုဝင်များကို ရန်ပြုတိုက်ခိုက် လာမည်ကိုတော့ စိုးရိမ်ခြင်း မရှိပါချေ။
“ချန်အာ ... ဒီမှော်သားရဲ နှစ်ကောင်ရဲ့ တိုက်ခိုက်နိုင်စွမ်း ကရော ဘယ်လိုရှိလဲ”
ယဲ့ချိန်ရွှမ်းက ယဲ့ချန်အား မေးသည်။ သားရဲနှစ်ကောင်၏ ကျိုးနွံ နာခံမှုမှာ မေးခွန်းထုတ်စရာ မလိုအောင် သိသာနေပြီဖြစ်ရာ သူက ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းအား အနည်းငယ် သံသယ ဖြစ်မိသည်။
“ဘိုးဘိုး ... သူတို့နှစ်ကောင်လုံးရဲ့ အင်အားက ထျန်းချီအဆင့်၉ ကျင့်ကြံသူ တစ်ယောက်နဲ့ တန်းတူရှိတယ် ဆိုတာ ကျွန်တော် အာမခံနိုင်ပါတယ်”
ထိုအခါမှ ယဲ့ချိန်ရွှမ်းသည် စိတ်ချသွားရသည်နှင့် တစ်ဆက်တည်း ဆိုသလို အလွန် ဝမ်းသာပီတိ ဖြစ်ခြင်းကလည်း နှလုံးသားအတွင်း လှိုက်တက်လာရသည်။ ပြောရလျှင် ဤတုန်းလင်ပြည်နယ် အတွင်း၌ ဘယ်အင်အားစုကြီး ကများ အဆင့်၉ မှော်သားရဲ နှစ်ကောင်အား အစောင့်အရှောက် အဖြစ် ထားနိုင်ပါသနည်း။
“ကျန့်ထျန်း ... ငါ အခုပဲ စားဖိုဆောင်ကို သွားပြီး အားဖန်၁ နဲ့ အားဖန်၂အတွက် စားစရာတချို့ သွားချက် လိုက်ဦးမယ်”
ထို့နောက် ယဲ့ချိန်ရွှမ်းသည် ပျော်ရွှင်စွာဖြင့် ခပ်မြန်မြန် လမ်းလျှောက်ထွက် သွားတော့သည်။ သူ၏ ခြေလှမ်းများသည်လည်း အလွန် ပေါ့ပါးလန်းဆန်း နေလေသည်။
***