လှပသော မြင်ကွင်းတစ်ခု
Vol. 5 Ch. 68
ယဲ့ကျန့်ထျန်းလည်း ကျေနပ်နေသည့် အမူအရာဖြင့် ရှိသည်။ အဆင့်၉ မှော်သားရဲ နှစ်ကောင်ကို ပေါင်းထည့်လိုက်ပါက ယဲ့မိသားစုတွင် ထျန်းချီအဆင့်၉ ကျင့်ကြံသူ ၅ယောက်ရှိနေပြီဟု ဆိုနိုင်ပေသည်။ ယဲ့ချန်သည် အဆင့်၉ ကျင့်ကြံသူများနှင့် တန်းတူတိုက်ခိုက် နိုင်သော်လည်း အမှန်တကယ် ထျန်းချီအဆင့်၉သို့ မရောက်ရှိ သေးသောကြောင့် ဖယ်ထုတ် ထားလျှင်တောင် ယဲ့မိသားစုတွင် ထျန်းချီအဆင့်၉ ကျင့်ကြံသူ ၄ယောက် ရှိသေးသည်ဟု ယူဆနိုင်သည်။ ယွင်ရိရွှမ်တို့လူစုနှင့် တိုက်ပွဲ ပြီးသည့်နောက် ယဲ့ကျန့်ထျန်း၏ ထျန်းချီများသည် အတားအဆီးအား ချိုးဖျက်ကာ ထျန်းချီအဆင့်၉ အလယ်အလတ်ဆင့်သို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်သည်။ ထိုအင်အားနှင့် ဆိုပါက ယဲ့မိသားစုသည် ဤပြည်နယ် တစ်ဝိုက်တွင် အားအကောင်းဆုံး မိသားစုအဖြစ် သတ်မှတ်နိုင်ပေသည်။
“ချန်အာ ... မနက်ဖြန် အခမ်းအနားမှာ တုန်းလင်ပြည်နယ် အနှံ့က မိသားစုတွေက မင်းကို ဂုဏ်ပြုဖို့ ရောက်လာကြလိမ့်မယ်။ အခန်းကိုပြန်ပြီး နားတော့လေ။ မနက်ဖြန်အတွက် ပြင်ဆင်စရာ ရှိတာတွေလည်း ပြင်ဆင်ထားပေါ့။ ယဲ့မိသားစုအတွက် ဒီလို အချိန်ကောင်းမျိုး မရှိခဲ့တာ သိပ်ကိုကြာခဲ့ပြီ။ ဒီတခေါက်မှာတော့ ချန်အာ ... မင်းက မိသားစုနာမည်ကို ပြန်ပြီး တည်ဆောက်ရမယ်”
ယဲ့ကျန့်ထျန်းက အားရဝမ်းသာစွာ ပြောသည်။ သူက ခပ်လှမ်းလှမ်းရှိ ယဲ့မိသားစုများ ခြံရံလျက်ရှိသော မှော်သားရဲ နှစ်ကောင်အား ကြည့်ကာ ဆိုသည်။
“အားဖန်၁ နဲ့ အားဖန်၂တို့အတွက် ရဲတိုက်ဂိတ်ဝမှာ အမြဲနေဖို့ အဆင်ပြေမယ် မထင်ဘူး။ အဖေ အနောက်ဘက် ခြံဝင်းမှာ မြေကျင်းတူးပြီး သူတို့ဖို့ သားရဲတွင်းတစ်ခု လုပ်ပေးလိုက်မယ်”
ယဲ့မိသားစု တစ်ခုလုံးရှိ လူတို့သည် ရွှင်ပျ တက်ကြွနေကြကာ ကောင်းမွန်သော ပြောင်းလဲမှု လှိုင်းလုံးကြီးက တရိပ်ရိပ် တက်နေသည့်နှယ် ရှိသည်။ ထို့ပြင် မဟာမိတ် သိုင်းပြိုင်ပွဲအတွင်း ယဲ့ချန်၏ အံ့ဩဖွယ်ရာ စွမ်းဆောင်မှုများသည် တုန်းလင်ပြည်နယ် တစ်ခုလုံးရှိ မိသားစုများထံ ပျံ့နှံ့နေပြီဖြစ်ရာ အားလုံးသော လူငယ်လေးများသည် ယဲ့ချန်အား အလွန် လေးစားနေကြပြီ ဖြစ်၏။
ယဲ့မိသားစုရဲတိုက်သည်ကား ပျော်ရွှင်မှု အရိပ်အငွေ့တို့ဖြင့် လွှမ်းခြုံနေသည်။ ကြက်သွေးရောင် ကောင်းကင်ကျားနှင့် မိုးကြိုးတစ္ဆေ သစ်နက်တို့ ရဲတိုက်အတွင်းသို့ ဝင်ရောက် လာကြချိန်တွင် ယဲ့မိသားစုဝင်များသည် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှုအား ဖော်ပြသည့် အနေဖြင့် မောင်းခတ် တူရိယာတို့ကို စိတ်လှုပ်ရှားစွာ တီးမှုတ်ကြလေသည်။ ရောင်စုံ လက်ဆွဲမီးအိမ် လေးများဖြင့် ရဲတိုက်အတွင်းဘက် အနှံ့အပြားတွင် တန်ဆာဆင် ထားကြရာ ပျော်ပွဲရွှင်ပွဲ၏ အငွေ့အသက်ကို ကောင်းစွာ ပုံဖော်ထား သကဲ့သို့ ရှိသည်။
နောက်တစ်နေ့ နံနက်ခင်း၌ နေရောင်ပင် ကောင်းကောင်း မမြင်ရသေးသော ခပ်စောစော အချိန်တွင် ယဲ့မိသားစုဝင်များ အားလုံးတို့သည် အိပ်ရာမှထကာ အလုပ်ရှုပ် နေကြသည်။ ရဲတိုက် အတွင်းတွင်လည်း လမ်းကြိုလမ်းကြားပါ မကျန် ပျားပန်းခပ်မျှ လှုပ်ရှား သွားလာနေသူ အပေါင်းနှင့် စည်ကားသိုက်မြိုက် နေတော့သည်။
ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့ပင် ကိုယ်စီကိုယ်ငှ ဝေယျာဝစ္စအလုပ် အသီးသီးဖြင့် မအားလပ်ဘဲ ရှိကြသည်။ လုပ်စရာဟူ၍ မယ်မယ်ရရ မရှိသော ယဲ့ချန်ကမူ ဘေးဘက်တွင် အရန်သင့် ရပ်စောင့်ရင်း အခြားသူများ အကူအညီ လိုနေသော နေရာများ၌သာ ဝင်ရောက် ကူညီလုပ်ကိုင် ပေးနေလိုက်သည်။
ရဲတိုက်ထဲတွင် ရှိရှိသမျှ လူအားလုံး၏ မျက်နှာထက်၌ အပြုံးပန်းများ ဝေနေကြလေသည်။
“ငါကြားတာတော့ ဒီနေ့ အခမ်းအနားကို အနည်းဆုံး မိသားစုကြီး ၁၀ခုလောက် တက်ရောက်ကြမယ်တဲ့”
“၁၀ခု မကမှာတောင် သံသယ ဖြစ်မိတယ်။ မင်းပဲစဉ်းစားကြည့် ... ငါတို့ခေါင်းဆောင်က ဆေးဝါးပညာရှင် ဆရာရွှမ်းယီရဲ့ တပည့်အဖြစ် ရွေးချယ်ခြင်း ခံရတာလေ ... ဒါက တကယ့်ကိစ္စကြီးပဲ။ တုန်းလင်ပြည်နယ် အနှံ့က မိသားစုကြီးတွေ အားလုံးနီးပါး ရောက်လာကြလိမ့်မယ် ဆိုတာ ငါ သေချာပေါက် ပြောရဲတယ်ကွာ။ နောက်ဆုံးတော့ ငါတို့ ယဲ့မိသားစုလည်း လူအများ အသိအမှတ်ပြု ခံရတဲ့ နေရာမှန်ကို ရောက်နိုင်ခဲ့ပါပြီ”
မိသားစုဝင်များ၏ အချင်းချင်း ဆွေးနွေးသံများက တိတ်တဆိတ် နားထောင်နေသော အကြီးအကဲတို့အား ဝမ်းနည်း ဝမ်းသာမှုဖြင့် မျက်ရည်ဝဲ သွားစေသည်။ မည်သို့ပင်ဆိုစေ ယဲ့မိသားစုသည် ဆက်လက် ထွန်းတောက်နိုင်ဖို့ အချိန်တစ်ခုသာ လိုတော့သည်ဖြစ်ရာ သူတို့အားလုံး စိတ်အေးချမ်းသာ နိုင်ခဲ့ချေပြီ။
“မင်းတို့ ကြားပြီးကြပြီလား ... ယဲ့မုန့်တို့ ကလေး တစ်သိုက်က အားဖန်၁၊ အားဖန်၂တို့နဲ့အတူ ညစဉ်ညတိုင်း ရဲတိုက်ကို ကင်းလှည့် ကြတော့မယ်တဲ့လေ”
“အားဖန်၁ နဲ့ အားဖန်၂တို့ရဲ့ နာခံမှု ရှိချက်ကတော့ကွာ”
“မှန်လိုက်လေ။ ငါဆို ဒီမနက်ကပဲ သူတို့နှစ်ကောင်ကို အသားတွေ သွားကျွေးခဲ့သေးတယ်”
ပြောရလျှင် ယဲ့မိသားစုရှိ မိသားစုဝင်များ၏ စိတ်သဘောသည် အပြင်လောကရှိ လူအများစုကဲ့သို့ ကွေ့ကောက်ခြင်း မရှိဘဲ ရိုးရှင်းလှသည်။ တစ်စုံတစ်ယောက်က သူတို့အား ကြင်နာစွာ ဆက်ဆံနေသ၍ သူတို့ကလည်း တူညီသော ကြင်နာမှုဖြင့်သာ ပြန်လည်တုံ့ပြန်မည် ဖြစ်သည်။ မှော်သားရဲ နှစ်ကောင်လည်း အပါအဝင်ပင်။
ကောင်းကင်သည် အတန်ငယ် လင်းရုံသာ ရှိသေးသော်လည်း ယဲ့မိသားစု ရဲတိုက်၏ အပြင်ဘက်၌ စီတန်းနေသော လူတန်းရှည်ကြီး တစ်ခု ရှိနေပြီဖြစ်သည်။ လူများသည် သူ့အစုနှင့်သူ စုရုံးနေကြပြီး လက်ထဲ၌ လက်ဆောင်ခြင်းများ သယ်ဆောင်လျက် စောင့်ဆိုင်း နေကြလေသည်။ ယဲ့ချန်သည် ဆရာရွှမ်းယီ၏ တပည့်အဖြစ် ရွေးချယ်ခံရပြီး ကတည်းက ယဲ့မိသားစုသည် ဤနယ်တစ်ဝိုက်တွင် အင်အား အကြီးဆုံးအဖြစ် ယူဆနိုင်သွားပြီ ဖြစ်ရာ ဘယ်သူကမှ ယခုကျင်းပသော အခမ်းအနားအား ပေါ့ပေါ့တန်တန် သဘောမထားရဲပေ။
ကျယ်လောင်သော အသံကြီး တစ်ခုနှင့်အတူ ရဲတိုက်ဂိတ်ဝခါး ပွင့်လာသည်။ ဧည့်သည်များအား ကြိုဆိုကာ နေရာ ချထားပေးရန် တာဝန်ယူရသည့် ယဲ့မိသားစုမှ အစောင့်များသည် အပြင်ဘက်တွင် စောင့်ကြိုနေသည့် ကြီးမားလှသော လူအုပ်ကြီးကြောင့် အံ့အားသင့် သွားကြရသည်။ လူအုပ်ကြီးမှာ ကြီးမားလွန်း၍ ၎င်းတို့၏ မျက်လုံး နှစ်လုံးတည်းဖြင့် ကြည့်ရန် မဆံ့သလိုပင် ခံစားရ၏။
'မိုးနတ်မင်းရေ ... လူတွေမှ အများကြီးပဲ'
“တန်းစီထားတဲ့အတိုင်း တစ်ယောက်ချင်းစီ ဝင်ကြပါ။ လူကြီးမင်းတို့ရဲ့ ဖိတ်ကြားလွှာတွေကိုတော့ ကျွန်တော်တို့ စစ်ဆေးနိုင်ဖို့အတွက် တံခါးဝမှာ ချန်ထားခဲ့ ရပါမယ်”
မကြာမီတွင် ဧည့်သည်များထဲမှ ပထမ တစ်သုတ်မှာ ရဲတိုက်အတွင်း ရောက်ရှိသွားကြသည်။
“တုန်းလင်ပြည်နယ်၊ မြောက်ဘက်ပိုင်းက ရွှီမိသားစုက ခရမ်းကျောက်သန္တာ၊ အသန့်စင်ဆုံး ကျောက်စိမ်းတစ်စုံ၊ လင်ကျစ်ဆေးမြစ် အခု၁၀၀၀၊ မီးဂျင်ဆင်း အခု၃၀၀၀၊ နှစ်တစ်ရာ့ငါးဆယ် သက်တမ်းရှိတဲ့ ကောင်းကင်ရေခဲ ဆေးမြစ်တစ်ခု လက်ဆောင်ပေးပါတယ်”
အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ရသော ယဲ့မိသားစုဝင် တစ်ယောက်က ကျယ်လောင်စွာ ကြေညာသည်။
တန်းစီနေကြဆဲ ဖြစ်သော အခြားမိသားစုမှ ဧည့်သည်များမှာ ထိုကြေညာသံ အဆုံးတွင် မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။ အားလုံး၏ အတွေးထဲတွင်လည်း 'ရွှီမိသားစုကတော့ ရှိသမျှပစ္စည်းတွေ အကုန် ထုတ်လာပုံပဲ' ဟု မနေနိုင်ဘဲ တွေးမိကြသည။ တချို့ကတော့ အတွေးပင်လယ်ထဲ နစ်မျောကာ စိတ်ခံစားချက်များ ရှုပ်ထွေးနေကြသည်။ ရွှီမိသားစုမှ ပြင်ဆင်လာသော လက်ဆောင်တို့၏ တန်ဖိုးသည် အလွန် မြင့်မားကာ ထိုမျှပမာဏထိ တန်ဖိုးရှိသော လက်ဆောင်ကို ပြင်ဆင်လာသူမှာ အနည်းငယ်သာ ရှိသည်။ သို့ဖြစ်၍ လူများစုမှာ ၎င်းတို့ ပြင်ဆင်လာသော လက်ဆောင်၏ တန်ဖိုးမှာ နည်းလွန်းနေသလား ဟူ၍ ပူပန်သွားကြတာ ဖြစ်သည်။
အခမ်းအနားမှူးသည် ပထမစာလိပ်အား ဖတ်ကြားပြီးသည့်နောက် ဒုတိယ စာလိပ်အား ဖွင့်ကာ ကျယ်လောင်စွာဖြင့် ထပ်မံ ဖတ်ပြလေသည်။
“တုန်းလင်ပြည်နယ်၊ တောင်ဘက်ပိုင်းက ရီမိသားစုက ကောင်းကင်မီးတောက် မြွေရဲ့ တံတွေးတစ်စက်၊ နှစ်၈၀ သက်တမ်းရှိတဲ့ ကောင်းကင်ရေစင် တစ်စက်နဲ့ ခရမ်းရောင် သင်းခွေချပ် ကြေးခွံတစ်ခု လက်ဆောင် ပေးပါတယ်”
လူအုပ်ကြီးမှာ တစ်ဖန် ပွက်လောရိုက် သွားပြန်သည်။
“တောင်ဘက်ပိုင်းက ရီမိသားစုက ကောင်းကင် မီးတောက်မြွေရဲ့ တံတွေးကိုတောင် ထုတ်လာတယ်လား ...”
လက်ဆောင် လက်ခံရသည့် နေရာတွင် တာဝန်ကျသော ယဲ့မိသားစုဝင်များသည် စိတ်လှုပ်ရှားစွာ ပင့်သက် ရှိုက်မိကြသည်။ ယနေ့တွင် ယဲ့မိသားစုမှ လက်ခံ ရရှိနေသော လက်ဆောင်တို့မှာ တကယ့် ရှားပါး အဖိုးတန်များ ဖြစ်သည်။ လွန်ခဲ့သော ရာစုနှစ်များ အတွင်း ယဲ့မိသားစုသည် ထိုသို့သော ပစ္စည်းမျိုးကို လက်ဆောင်ရဖို့ မဆိုထားနှင့်။ ရှိတာအကုန် ရောင်းလျှင်တောင် မဝယ်နိုင်လောက်ပေ။ ယဲ့မိသားစုဝင်များသည် ထိုအကြောင်းကို တွေးကာ အနည်းနှင့် အများတော့ စိတ်လှုပ်ရှား မိကြလေသည်။
မိသားစုကြီးများ တစ်စုပြီးတစ်စု ရဲတိုက်အတွင်း ဝင်ရောက် လာကြသည်။ ထိုလူများ ယူဆောင် လာသမျှသော လက်ဆောင်ပဏ္ဏာ တို့သည်လည်း ယဲ့မိသားစု ရတနာတိုက်ထဲသို့ တန်းနေအောင် ရောက်သွားကြပေသည်။ နှစ်ပေါင်းများစွာ ယဲ့မိသားစု၏ ရတနာတိုက်သည် သနားစရာ ကောင်းလောက်အောင် နုံချာမွဲတေ နေခဲ့သော အခြေအနေမှ ယခုအခါ ရတနာတိုက်အတွင်း အဖိုးတန် ပစ္စည်းများသည် တစ်ခုပေါ် တစ်ခုဆင့်လျက် လက်ညှိုးထိုးမလွဲ ပေါကြွယ်ဝ နေတော့သည်။
ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့ပင် အကောင်းဘက်သို့ တစ်ဟုန်ထိုး ပြောင်းလဲနေသော အခြေအနေအား လိုက်မမီနိုင်တော့အောင် ဖြစ်နေရသည်။
အင်အားကြီး မိသားစုများ ဖြစ်ကြသော ရွှီမိသားစုနှင့် ရီမိသားစုတို့သည် အဖိုးတန် လက်ဆောင်များကို ယူဆောင်လာကြသည်။ အင်အားနည်းပါးသော မိသားစုငယ်လေး များကပင် အနည်းဆုံး ချီအဆီအနှစ် ဆေးလုံးများ၊ ချီစုဆောင်း ဆေးလုံးများ စသဖြင့် အစားထိုး ယူဆောင်လာကြသည်။
လက်ဆောင်များကို အသေအချာ တွက်ချက် ကြည့်သည့်အခါ ပစ္စည်း အမျိုးအစားပေါင်း ၁၃၀ခန့် ရှိသည်ကို တွေ့ရပြီး ယဲ့မိသားစု ရတနာတိုက် တစ်ခုလုံးလည်း ပြည့်ကျပ်သိပ် နေတော့သည်။ ယဲ့မိသားစုသည် တစ်ခါမှ ထိုမျှလောက် အနေအထားထိ မကြွယ်ဝဖူးခဲ့ပေ။ ယဲ့မိသားစုဝင်များသည် ခေါင်းမော့ ရင်ကော့လျက် ရဲတိုက်အနှံ့ရှိ ဧည့်သည်များအား ဧည့်ခံနေကြသည်။ အားလုံး၏ မျက်နှာထက်တွင်တော့ ကျေနပ်ပီတိ ဖြာနေမှုတို့ကို အတိုင်းသား မြင်နိုင်ပေသည်။
သုံး၊ လေးနာရီလောက် ကြာပြီးနောက် လက်ဆောင် လက်ခံသည့် အခန်းကဏ္ဍမှာ ပြီးလုနီးနီးသို့ ရောက်လာခဲ့သည်။ လက်ဆောင် ပေးပြီးသူတို့အား ယဲ့မိသားစုဝင်တို့က အရှေ့ဘက် ခြံဝင်းရှိ ဧည့်သည်ဆောင်၌ သွားရောက် နေရာချထားပေးသည်။ နေရာ အကျပ်အတည်းကြောင့် ကျန်ဧည့်သည်များ ကမူ အပြင်ဘက်တွင်သာ ရပ်စောင့်နေကြရသည်။ မိသားစု ခေါင်းဆောင်များ သို့မဟုတ် အကြီးအကဲများကတော့ အချင်းချင်း အုပ်စုဖွဲ့လျက် ပင်မခန်းမအတွင်း စကားစမြည် ပြောနေကြသည်။
ယဲ့ချန်သည် အပေါ်တွင် ထိုင်နေရင်းမှ အကြီးအကဲ ခေါင်းဆောင်များ စုရုံးနေရာသို့ ကြည့်နေခဲ့သည်။ ထိုလူတို့သည် တုန်းလင်ပြည်နယ် အတွင်း ဩဇာတိက္ကမနှင့် ပြည့်စုံသူများ ဖြစ်ကြသော်လည်း သူသည် အနည်းမျှ စိတ်လှုပ်ရှား ပူပန်ခြင်းမျိုး မဖြစ်မိပေ။ ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ် ဟန်ပန်ဖြင့်သာ ရှိနေသည်။
“ဂုဏ်သရေရှိ လူကြီးမင်းတို့ ... ကျုပ် ကြေညာဖို့ မေ့နေတာ တစ်ခုရှိတယ်။ အခု ယဲ့မိသားစုရဲ့ ခေါင်းဆောင်က ကျုပ်သား ယဲ့ချန်ပါ။ ကျုပ်မဟုတ်တော့ဘူး”
ယဲ့ကျန့်ထျန်းသည် လူအုပ်ဘက်သို့ လှည့်ကာ လက်နှစ်ဖက် ဆုပ်လျက် နှုတ်ဆက်ရင်း ဆို၏။
“ဒီအထိ ကြွရောက် ချီးမြှင့်ပေးကြလို့ အားလုံးကို ကျေးဇူးပါပဲဗျာ။ ယဲ့မိသားစုကလည်း လူကြီးမင်းတို့ကို ဧည့်ခံခွင့်ရလို့ တကယ်ကို ဝမ်းမြောက်ရပါတယ်”
“မခံယူဝံ့ပါဘူး”
ဧည့်သည်များ ကလည်း လက်နှစ်ဖက်ဆုပ်လျက် ပြန်လည် ပြောဆိုကြသည်။ ယဲ့ချန်တစ်ယောက် မိသားစုခေါင်းဆောင် ဖြစ်လာခြင်းကိုမူ သူတို့အနေနှင့် လုံးဝ မအံ့ဩမိချေ။ အကယ်၍ သူတို့မိသားစုထဲ၌ ယဲ့ချန်ကဲ့သို့ ထွန်းထွန်းပေါက်ပေါက် ပါရမီရှင် လူငယ်တစ်ဦး ရှိခဲ့ပါက သူတို့သည်လည်း ထိုလူငယ်အား မိသားစု ခေါင်းဆောင်အဖြစ် ခန့်အပ်ရန် တုံ့ဆိုင်းနေလိမ့်မည် မဟုတ်ပေ။
သူတို့သည် အမြင့်ထိုင်ခုံ၌ တိတ်ဆိတ်စွာ ထိုင်နေသည့် ယဲ့ချန်အား မနာလိုမှု တစ်ဝက်၊ အားကျမှု တစ်ဝက်ဖြင့် ကြည့်မိကြသည်။
'ငါတို့ မိသားစုထဲမှာသာ ဒီလို ပါရမီရှင်မျိုး ရှိကြည့်စမ်းကွာ ... ရာနဲ့ချီတဲ့ မိသားစုတွေက လက်ဆောင်ပဏ္ဏာတွေနဲ့ လာတွေ့ကြတဲ့အခါ ဘယ်လောက်တောင် လှလိုက်တဲ့ မြင်ကွင်းမျိုး ဖြစ်လိမ့်မလဲလို့..'
ထိုလှပသည့် မြင်ကွင်းသည် ယနေ့ယဲ့မိသားစု ရဲတိုက်၌ မြင်တွေ့ နေရသည်နှင့် တစ်ထပ်တည်း ဖြစ်၏။
ယဲ့ကျန့်ထျန်းသည် လူအုပ်အား ဝေ့ဝဲကြည့် လိုက်သည့်အခါ ဧည့်သည်တိုင်းအား မမှတ်မိသော်လည်း သူရင်းနှီးနေသည့် မျက်နှာ တချို့ကိုလည်း မြင်ရ၏။ ရန်ယင်းနှင့် ချင်ယွိတို့သည် လူအုပ်ထဲမှနေ၍ သူ့အား ပြုံးပြ နေကြလေသည်။
ယဲ့ကျန့်ထျန်းက ပြန်ပြုံးမပြ သည့်အပြင် သူ၏ သဘောထားအား ပြသသည့် အနေနှင့် အေးစက်စက်သာ လျစ်လျူရှု လိုက်၏။ ထိုနောက်လိုက် ခွေးနှစ်ကောင်အား ယခင်က မောက်မာမှုတို့၏ အကျိုးဆက် ရလဒ်ကို ခံစားခိုင်းရုံသာ ဖြစ်သည်။ ရန်နှင့်ချင် နှစ်မိသားစုလုံးသည် ယွင်မိသားစုနှင့် အဆက်အသွယ် ဖြတ်လိုက်ပြီး ဖြစ်ကာ ပြန်လည် ပေါင်းစည်းရန် မဖြစ်နိုင်တော့ရာ ယဲ့မိသားစုကလည်း သူတို့ကို ရန်မူနေတော့မည် မဟုတ်ပေ။
“ဧည့်သည်တော်တွေ အတွက် ကျုပ်တို့ ယဲ့မိသားစုက စားသောက်ပွဲတစ်ခု နေ့လယ်ပိုင်းမှာ ပြင်ဆင်ထားပါတယ်။ အားလုံးပဲ စားပွဲကို တက်ရောက်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။ အခုကတော့ တစ်နာရီလောက် လိုသေးတာဆိုတော့ ဒီနေရာမှာပဲ စကားစမြည် ပြောရင်း အချိန်ဖြုန်း ကြတာပေါ့”
ယဲ့ကျန့်ထျန်းက ပြုံးလျက်ပြောသည်။
“ရပါတယ်ဗျာ ကျုပ်တို့က ကိစ္စမရှိပါဘူး”
လူအုပ်ကြီးက အသီးသီး တုံ့ပြန်လာကြသည်။
အကြီးအကဲ ခေါင်းဆောင်များသည် ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် ယဲ့ကျန့်လုံတို့ အနီးတစ်ဝိုက်တွင် ပတ်လည် ဝိုင်းနေကြသည်။
ယဲ့ချန်သည် ထိုင်ခုံ အမြင့်ပေါ်တွင်သာ ဆက်ထိုင်နေပြီး တစ်ကိုယ်တည်း တိတ်ဆိတ်စွာသာ ရှိနေ၏။ တချို့တလေက ယဲ့ချန်အား သူတို့၏ စကားဝိုင်းထဲသို့ သွပ်သွင်းရန် ကြိုးပမ်းသော်လည်း သူသည် ထိုင်ခုံတွင်သာ ထိုင်မြဲထိုင်နေကာ အားလုံးအား ယဉ်ကျေးစွာဖြင့် ငြင်းပယ်ခဲ့သည်။
ခပ်လှမ်းလှမ်းရှိ ယဲ့မိသားစုဝင်များ ကြားတွင် ရပ်နေသော ယဲ့လော့အား ယဲ့ချန် လှမ်းမြင်လိုက် ရသည်။ သူမသည် အဖြူရောင် ပိုးသားဝတ်စုံကို ဆင်မြန်းထားပြီး အဖြူဆွတ်ဆွတ် ကြာဖူးငုံလေးနှယ် နုနုရွရွ လှပလို့နေသည်။ ယဲ့လော့သည် သူမထံ ကြည့်နေသော ယဲ့ချန်၏ အကြည့်တို့ကို သတိထားမိ သွားဟန်ရကာ ယဲ့ချန်ဘက်သို့ လှည့်ကြည့်လျက် ပြုံးပြလာသည်။
***