← Chapters

သင်းခွေချပ်

Vol. 5 Ch. 69

သင်းခွေချပ်

Vol. 5 Ch. 69

ယဲ့လော့၏ အပြုံးထဲတွင် မထိတထိ စနောက်လိုသည့် အရိပ်အယောင်တို့ ပါနေလေရာ ယဲ့ချန်လည်း မသက်မသာ ပြုံးမိသည်။ မရိုမသေ ပြုနေသော အနှီ မိန်းကလေးသည် ယဲ့ချန်၏ လက်ရှိ အခြေအနေအား စနောက်နေခြင်း ဖြစ်ပေသည်။ ခန်းမအတွင်း လူအများက စည်ကား သိုက်မြိုက်စွာဖြင့် စကားလက်ဆုံ ကျနေကြသော်လည်း ယဲ့ချန်ကမူ ဤနေရာနှင့် လုံးဝ မသက်ဆိုင်သူနှယ် ထိုင်ခုံပေါ်တွင် မရယ်မပြုံး ထိုင်နေလေရာ အခြားသူတို့၏ မြင်ကွင်းတွင် ရယ်ရွှင်ဖွယ် ဖြစ်နေလောက်သည်။

ရုတ်တရက် ထူးခြားသော တည်ရှိမှုတစ်ခုကို အာရုံခံမိ လိုက်သောကြောင့် ယဲ့ချန် တောင့်ခနဲ ဖြစ်သွားသည်။ သူ အာရုံခံမိခဲ့သော အရာကား စိတ်ဝိညာဉ်တစ်ခု၏ တည်ရှိမှုဖြစ်သည်။ တစ်နေရာရာမှ တစ်စုံတစ်ရာသည် သူ့အား စိတ်ဝိညာဉ်ဖြင့် ထောက်လှမ်း နေချေသည်။ ယဲ့ချန်သည် ဝိညာဉ် အသိအမြင်အား ထုတ်လွှတ် လိုက်သည်တွင် ရွှေရောင် အရောင်အဝါများ ဖြာထွက်နေသော ရွှေရောင်ချပ်ဝတ်ဖြင့် ဝိညာဉ် စစ်သည်တော် ထွက်ပေါ်လာကာ ပတ်ဝန်းကျင် တစ်ဝိုက်အား စတင် စစ်ဆေး၏။ အလွန် လျင်မြန်စွာပဲ ဝိညာဉ် စစ်သည်တော်၏ အကြည့်တို့သည် ခန်းမအလယ် ကွက်လပ်ရှိ အဝတ်စုတ်ကဲ့သို့ ညစ်ထပ်ထပ် မီးခိုးရောင် ဝတ်စုံဖြင့် သတ်လတ်ပိုင်း လူကြီးထံ၌ မြဲမြံစွာ ရပ်တန့်သွားသည်။ ထိုလူကြီးသည် ၃၇နှစ်၊ ၃၈နှစ်ခန့် ရှိမည့်ပုံပေါ်ပြီး မျက်နှာ တစ်ဝိုက်တွင် မုတ်ဆိတ်များ ထူထဲစွာရှိနေကာ အရပ်ရှည်ရှည်နှင့် တောင့်တင်းသော ခန္ဓာကိုယ် ရှိသည်။

ထိုလူကြီး၏ ပုံပန်းသွင်ပြင်သည် ဘာမှန်းမသိသည့် ပြိုင်ဘက်ကင်း ခံစားချက်တစ်မျိုးကို ပေးစွမ်းနေသည်။ ၎င်း၏ စိတ်ဝိညာဉ်သည် ယွင်မိသားစု ရဲတိုက်အနီးရှိ တောအုပ်ထဲတွင် ယဲ့ချန် ကြုံခဲ့ရသော နတ်ဆိုးဝံပုလွေ သုံးကောင်ထဲမှ ခေါင်းဆောင်ထက်ပင် ပိုအစွမ်းထက်သည်။ သို့သော် သေချာသည်မှာ ယဲ့ချန်၏ ဝိညာဉ် စစ်သည်တော်လောက်တော့ မသန်မာပေ။

“ဖြစ်နိုင်တာက ... အဲဒီလူကြီးက လူမဟုတ်ဘူး”

ယဲ့ချန် မချင့်မရဲ ဖြစ်သွားသည်။ အချို့သော သားရဲများသည် လူသားအသွင် ယူနိုင်ကြသည်ဟု သူ ကြားဖူးပေသည်။ ခဏတာ စဉ်းစားပြီးနောက် ယဲ့ချန်သည် ထိုလူကြီး၏ စိတ်ဝိညာဉ်အား ထိန်းချုပ်ရန် ကြိုးပမ်းကြည့် လိုက်သည်။

ထိုစဉ် လူကြီး၏ စိတ်ဝိညာဉ်သည် သူ့ထံသို့ နီးကပ်လာနေသော အားကောင်းလှသည့် တည်ရှိမှု တစ်ခုကို အာရုံခံမိ လိုက်သည်။ လူကြီးသည် ထိုတည်ရှိမှုအား စစ်ဆေးရန် ခေါင်းမော့လိုက်သည်တွင် ရွှေရောင် အရှိန်အဝါများ ဖြာထွက်နေသော ဝိညာဉ်စစ်သည်တော်ကို မြင်သွားရသည်။ ရုတ်ခြည်းဆိုသလို လူကြီး၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ယဲ့ချန်ထိုင်နေသော ဘက်သို့ ဦးတည်ကာ ဒူးထောက်ထိုင်ချ လိုက်လေသည်။

“ခွင့်လွှတ်ပါ အရှင်။ ကျုပ်မှာ ရန်ပြုလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး”

လူကြီးသည် ထိတ်လန့်မှုဖြင့် တုန်ယင်နေသောကြောင့် စကားဆုံးအောင်ပင် မနည်း ပြောလိုက်ရသည်။

“မင်းကဘယ်သူလဲ။ ဘယ်ကနေ လာခဲ့တာလဲ”

ယဲ့ချန်သည် ဝိညာဉ် စစ်သည်တော်မှ တစ်ဆင့် ပြန်မေးလိုက်၏။ ထိုလူကြီးသည် ဝိညာဉ် စစ်သည်တော်ကို မြင်ပြီးသည့်နောက် အလွန် ကြောက်ရွံ့သွားသည်မှာ ထင်ရှားသည်။ ထို့ပြင် နတ်ဆိုးဝံပုလွ ေခေါင်းဆောင်ကဲ့သို့ သူ့အား ကောင်းကင်သားရဲ အရှင်သခင်ဟု ထင်နေပုံရသည်။ ပြောလို့မရပေ၊ ထိုလူကြီးသည်လည်း နတ်ဆိုး ဝံပုလွေများနှင့် တဖွဲ့တည်း ဖြစ်ချင် ဖြစ်နေနိုင်သည်။

“ကျုပ်က တကယ်တော့ ကမ္ဘာမြေအဆင့် သင်းခွေချပ် တစ်ကောင်ပါ။ မီးခြင်္သေ့ဘုရင်ရဲ့ နန်းတော်က သံတမန်ဆိုလည်း မမှားပါဘူး”

အနှီလူကြီးသည် သူ၏ လက်ရှိ အဆင့်အတန်းကို ဖော်ပြရာတွင် ဂုဏ်ယူ ဝင့်ကြွားဟန်တို့ အတိုင်းသား ပါဝင်နေသည်ကို ယဲ့ချန်ကလည်း သတိပြုမိပေသည်။

“မီးခြင်္သေ့ဘုရင်ရဲ့ နန်းတော်က သံတမန် ဟုတ်လား ...”

ယဲ့ချန် မျက်ခုံးပင့်လျက် ရေရွတ်မိသည်။ နတ်ဆိုး ဝံပုလွေများသာမက ယခု သင်းခွေချပ်ကပါ သူ့အား ကောင်းကင်သားရဲ အရှင်သခင် ဟူ၍ ယုံကြည်နေကြသည်။ ကောင်းကင်သားရဲ အရှင်သခင်အဖြစ် အယောင်ဆောင် ရခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးတို့ကို နှိုင်းယှဉ် ချင့်ချိန်ကြည့်လျှင် ယဲ့ချန်သည် ဆက်လက် ဟန်ဆောင်နေခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။ ယခုအချိန်မှစ၍ သူသည် ကောင်းကင်သားရဲ အရှင်သခင် ဟူသော ဇာတ်ရုပ်အတွင်း ဟန်ဆောင် ရတော့မည် ဖြစ်ရာ 'ကမ္ဘာမြေအဆင့်က ဘာလဲ' သို့မဟုတ် 'မီးခြင်္သေ့ဘုရင်က ဘယ်သူလဲ' အစရှိသည့် မေးခွန်းများမှာ လုံးဝ မမေးသင့်သည့် မေးခွန်းများဖြစ်သည်။

“အရှင်က ဘာဖြစ်လို့ လူသားအသွင် ယူပြီး လူတွေရဲ့ အသိုင်းအဝိုင်းထဲမှာ ဟန်ဆောင်နေရသလဲ ဆိုတာကို မီးခြင်္သေ့ဘုရင် အပါအဝင် ကျုပ်တို့အားလုံး သိချင်နေကြတာပါ။ ဒါ့ကြောင့် မီးခြင်္သေ့ဘုရင်က ကျုပ်ကို စေလွှတ်ပြီး အရှင့်ကို နန်းတော်ဆီ ဖိတ်ခေါ်ခိုင်း လိုက်ပါတယ်။ အရှင့်အနေနဲ့ မီးခြင်္သေ့ဘုရင်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံနိုင်မလား မသိဘူး”

“မီးခြင်္သေ့ဘုရင်က ဘယ်အဆင့်ရှိတဲ့ သားရဲလဲ”

“မီးခြင်္သေ့ဘုရင်က နတ်သူငယ် အဆင့်ပါ အရှင်”

‘ဒီတော့ ... နတ်သူငယ် အဆင့်ပေါ့’

ယဲ့ချန် တွေးမိသည်။ ထိုအဆင့်မှာ အရမ်းကြီး ကြောက်ဖို့ကောင်း လောက်အောင် မြင့်မားမနေလျှင်ပင် မီးခြင်္သေ့ ဘုရင်သည် သူ၏နန်းတော်ထဲ၌ တိုက်စစ် ထောင်ချောက်များ ဆင်ထားခြင်းမရှိဟု အတပ်မပြောနိုင်ပေ။

“ဒီအရှင်သခင်ရဲ့ အမှာစကားကို မီးခြင်္သေ့ဘုရင်ဆီ ပြန်ပြောပေး။ မီးခြင်္သေ့ဘုရင်ရဲ့ ဖိတ်ခေါ်မှုကို အသိအမှတ် ပြုပါတယ် ... ဒါပေမဲ့ ဒီအရှင်သခင်မှာ မဖြစ်မနေ ဆောင်ရွက်ရမဲ့ အရေးကိစ္စတွေ ရှိနေသေးလို့ မင်းတို့နန်းတော်ကို အလည်အပတ် မလာနိုင်သေးဘူး”

“ဒီလိုကိုး ... နားလည်ပါပြီ အရှင်။ မီးခြင်္သေ့ဘုရင်က အရှင့်အပေါ် သူ့ရဲ့လေးစားမှုကို ပြသဖို့အတွက် လက်ဆောင် တချို့လည်း ထည့်ပေး လိုက်ပါသေးတယ်။ အရှင်ဆန္ဒရှိတဲ့ ဘယ်အချိန်မဆို ကျုပ်တို့နန်းတော်ကို လာပြီး လည်ပတ်နိုင်ပါတယ်။ မီးခြင်္သေ့ ဘုရင်ကလည်း အချိန်မရွေး ကြိုဆိုနေပါတယ်”

လူကြီးသည် နဖူးပြင်ထက်ရှိ စီးကျလုနီးနီး ချွေးစက်တို့ကို သုတ်ကာ ဆိုသည်။ အတွေးထဲတွင်တော့ ကောင်းကင်သားရဲ အရှင်သခင်၏ ပြောရဆိုရ လွယ်ကူမှုကြောင့် စိတ်သက်သာရာ ရသွားမိသည်။ နတ်သူငယ် အဆင့်တွင်ရှိသော ကောင်းကင်သားရဲ အရှင်သခင်တို့သည် အလွန် ထူးဆန်းသော စိတ်နေစိတ်ထား ရှိကာ ဒေါသ ထွက်လွယ်သူများ ဖြစ်ကြောင်း သားရဲလောက တစ်ခုလုံး သိထားကြသည်။ ထို့ကြောင့် လူကြီးသည် စကားပြောနေသည့် တစ်လျှောက်လုံး ဘယ်အချက် အသက်ပါ သွားတော့မလဲဟု တွေးပူနေခဲ့ရသည်။ အကယ်၍ သူ့အား ကောင်းကင်သားရဲ အရှင်သခင်က တစ်ချက်တည်းနှင့် သတ်ပစ်လိုက်လျှင်ပင် မီးခြင်္သေ့ ဘုရင်သည် ထိုကိစ္စနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်ရဲလိမ့်မည် မဟုတ်ပေ။

'မီးခြင်္သေ့ဘုရင် ပေးလိုက်တဲ့ လက်ဆောင်က ဘာများဖြစ်မလဲ..'

ယဲ့ချန် တွေးကြည့်မိသည်။ မီးခြင်္သေ့ ဘုရင်သည် သူနှင့် မိတ်ဖွဲ့ရန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်သည်။ သံတမန်နှင့် အတူ လက်ဆောင်ပါ တပါတည်း ထည့်ပေးလိုက်မှတော့ ယဲ့ချန်ကလည်း လက်ခံလိုက်ရုံသာ။ လက်ဆောင်ကို ငြင်းပယ်လိုက်ပါက မီးခြင်္သေ့ဘုရင်အား ဝမ်းနည်းစေမိမှာ စိုးရသည်။

“မင်း ဒီမှာနေဦး။ ဒီအရှင်သခင်က မင်းကို ဧည့်ခံဖို့ ငယ်သားတချို့ ခေါ်လိုက်ဦးမယ်”

ယဲ့ချန်က ပြောလိုက်သည်။ ကောင်းကင်သားရဲ အရှင်သခင်အဖြစ် အယောင်ဆောင်ရန် ကြံရွယ်ထားမှတော့ ဇာတ်ရုပ်အား ပို၍ ပီပြင်သွားစေရန် လှည့်ကွယ် အနည်းငယ် ထုတ်သုံးရပေမည်။

ယဲ့ချန်၏ စကားတို့ကြောင့် သံတမန်ဖြစ်သော သင်းခွေချပ်မှာ ကျေနပ်ပျော်ရွှင် သွားရသည်။ ကောင်းကင်သားရဲ အရှင်သခင်သည် မီးခြင်္သေ့ဘုရင်ထံမှ လက်ဆောင်တို့အား အသာတကြည် လက်ခံမည့်ပုံ ပေါ်သည်။ ထိုသည်မှာ ကောင်းကင်သားရဲ အရှင်သခင်သည် မီးခြင်္သေ့ ဘုရင်အပေါ် အမြင်ကောင်းတချို့ ရှိနေသည်ဟု ဆိုလိုပေသည်။ ကိစ္စများသာ ချောချောမွေ့မွေ့ဖြင့် အထမြောက်ခဲ့ပါက မီးခြင်္သေ့ဘုရင်၏ နန်းတော်ထံ ပြန်ရောက်ချိန်တွင် အစီရင်ခံရန် မျက်နှာပန်း လှပေတော့မည်။ မည်သို့ပင်ဆိုစေ မီးခြင်္သေ့ ဘုရင်သည် ကောင်းကင်သားရဲ အရှင်သခင်အား နန်းတော်သို့ လာရောက် လည်ပတ်စေလိုခြင်း ဖြစ်သည်။ ကောင်းကင်သားရဲ အရှင်သခင်ကလည်း ထိုသို့ဆန္ဒ ရှိလျှင်တော့ အကောင်းဆုံးပါပင်။

တုန်းလင်ပြည်နယ်မှ ပုဂ္ဂိုလ်များသည် သင်းခွေချပ်မှ လူအသွင် ပြောင်းထားသော သက်လတ်ပိုင်း လူကြီးအား သံသယမကင်းစွာ ကြည့်နေကြသည်။ သူတို့က ထိုသက်လတ်ပိုင်း လူကြီးသည် ယဲ့မိသားစု ရဲတိုက်အတွင်း မျက်စိလည် လမ်းမှားလာခဲ့သော အရူးကြီးများလားဟု စတင် တွေးမိလာကြသည်။ မဟုတ်လျှင် ထိုလူကြီးသည် လူများ ကြိတ်ကြိတ်တိုးနေသော ခန်းမအလယ်တွင် ဖြူဖပ်ဖြူရော် မျက်နှာနှင့် ဒူးထောက်နေစရာ အကြောင်း မရှိပါချေ။ ထို့ပြင် ထိုလူကြီးသည် ဒူးထောက်နေရင်းနှင့် တစ်စုံတစ်ရာကို တစ်ကိုယ်တည်း မသဲမကွဲ ရေရွတ်နေသေးသည်။ မဟုတ်မှလွဲ ... ထိုလူကြီးအား တစ္ဆေသရဲ တစ်ကောင်ကောင်က ဝင်ပူးနေသလား မပြောတတ်ပေ။

နောက်ဆုံးတော့ သက်လတ်ပိုင်း လူကြီးသည် ဒူးထောက်နေရာမှ ပြန်ထလာခဲ့၏။ သို့သော် ဘေးပတ်လည်မှ သူ့ထံ ကြည့်နေသူများအား အနည်းငယ်မျှပင် အာရုံမစိုက်ဘဲ တစ်စုံတစ်ရာကို စောင့်မျှော်နေသည့်နှယ် မူလနေရာတွင်သာ ရပ်နေလေသည်။ ထိုစဉ် ယဲ့မိသားစုမှ လူငယ်တစ်စုသည် သက်လတ်ပိုင်းလူကြီး ရပ်နေရာသို့ လျှောက်လာကြကာ လူကြီးအား စုန်ချည်ဆန်ချည် အကဲခတ်၏။

“ခေါင်းဆောင် ပြောတဲ့သူက ... ခင်ဗျားပဲဖြစ်မယ်။ ကျွန်တော်တို့နဲ့လိုက်ခဲ့ပါ”

ယဲ့ပင်းသည် လက်တစ်ဖက်အား ဝှေ့ယမ်းရင်း ပုံမှန်အမူအရာနှင့် ဆိုသည်။ ခေါင်းဆောင်ပြောသော 'မုတ်ဆိတ် ထူထူနှင့်လူ' ဟူသည့် စကားရပ်နှင့် ကိုက်ညီသူမှာ ခန်းမထဲ၌ ဤသက်လတ်ပိုင်း လူကြီး တစ်ယောက်သာ ရှိသည်။

“မှန်ပါတယ် ကျုပ်ပါပဲ။ လမ်းပြပေးဖို့ အကူအညီ တောင်းပါတယ်”

လူကြီးသည် လက်နှစ်ဖက်ဆုပ်လျက် နှုတ်ဆက်ရင်း ဦးညွှတ်လိုက်သည်။ ဤနေရာသည် ကောင်းကင်သားရဲ အရှင်သခင်၏ ပိုင်နက် ဖြစ်သောကြောင့် သူက သတ္တိတစ်သန်း ရှိလျှင်တောင် ရုတ်ရုတ်သဲသဲ မလုပ်ဝံ့ပေ။ တိတ်ဆိတ်စွာဖြင့်သာ လူငယ်တစ်စု ခေါ်ဆောင်ရာနောက်မှ လိုက်သွားလိုက်သည်။

'အရူးကောင်ကို ယဲ့မိသားစုက လူငယ်လေးတွေက လာခေါ်သွားတယ်လား ... ဘာတွေဖြစ် နေတာတုန်း'

ခန်းမထဲရှိ ဧည့်သည်များ အားလုံး တူညီစွာ တွေးမိကြသည်။ သူတို့က မည်သည့်အရာတို့ ဖြစ်ပျက်ခဲ့သည်ကို အလွန် သိလိုနေကြသည်။

ထိုအချိန်တွင် ယဲ့ချန်ကတော့ အကြီးအကျယ် စဉ်းစားခန်း ဝင်နေသည်။

'မီးခြင်္သေ့ဘုရင်ရဲ့ နန်းတော်က ဘယ်နေရာမှာများလဲ …'

ယဲ့ချန်သည် တွေးနေရင်းဖြင့် ပခုံးထက်ရှိ အမွေးပွလေးအား ကြည့်မိသည်။ သင်းခွေချပ်သည် လူအသွင် ယူနိုင်သည်ဟူသော အချက်က ၎င်း၏ စွမ်းအားသည် အမွေးပွလေးနှင့် မတိမ်းမယိမ်းရှိကြောင်း သွယ်ဝိုက်ညွှန်းဆို နေသည်။ အမွေးပွ လေးသည်လည်း ဘယ်အချိန်ကျမှ လူအသွင် ပြောင်းနိုင်မည် မသိပေ။ ယဲ့ချန်သည် အမွေးပွလေး လူအသွင်ပြောင်းနိုင်သည့်အခါ ဖြစ်နိုင်ချေရှိသည့် ပုံပန်းသဏ္ဌာန်ကို ပုံဖော်ကြည့်မိသည်။ သူ့အတွေးထဲ၌ ရယ်ရွှင်ဖွယ် ပူပူနွေးနွေး ကြက်ပေါက်စလေး၏ ပုံရိပ်သာ ပေါ်လာလေသည်။ သို့သော် ထိုပုံရိပ်ကား သူ့စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်သည်။

ထို့နောက် ယဲ့ချန်၏ အတွေးတို့က ကောင်းကင်သားရဲ အရှင်သခင်ထံသို့ ပြန်လည်ရောက်ရှိ သွားသည်။ နတ်သူငယ်အဆင့် အရှင်သခင် ဖြစ်လာရန် မည်မျှအထိ အစွမ်းထက်ဖို့ လိုမည်မသိပေ။ ဖြစ်နိုင်သည်မှာ နတ်သူငယ်အဆင့် အရှင်သခင် တစ်ယောက်သည် အနည်းဆုံးတော့ ဝိညာဉ်ပုံဖော်ခြင်း စွမ်းရည် ရှိဖို့ လိုလောက်သည်။ ယဲ့ချန်တွင် ဝိညာဉ်ပုံဖော်ခြင်းမှ ဖြစ်ပေါ်လာသည့် ဝိညာဉ်စစ်သည်တော် ရှိသည်ဆိုသော်ငြား ရှိန်လောက်ဖွယ် အရောင်အဝါတို့ ရှိသည်ကလွဲလျှင် မည်သည့်တိုက်ပွဲ စွမ်းရည်မှ မရှိသော ပုံရိပ်ယောင် သက်သက်သာ ဖြစ်သည်။ နောက်နောင်တွင် ဝိညာဉ် စစ်သည်တော်အား လွယ်လင့်တကူ ထုတ်မသုံးမိဖို့ ဆင်ခြင်ရပေမည်။ မဟုတ်ပါက ကောင်းကင်သားရဲ အရှင်သခင်အဖြစ် ဟန်ဆောင်နေခြင်းမှာ ဘူးပေါ်သလို ပေါ်သွားနိုင်ပေသည်။ သို့သော် အခြားနည်းလမ်း တစ်ခုတော့ ရှိသေးသည်။ ကြယ်တာရာဘုံ ကိုးလွှာကို အသုံးပြုကာ သူ၏ ဝိညာဉ် စစ်သည်တော်အား ရုပ်လုံးပေါ်လာအောင် လေ့ကျင်နိုင်ပါက ပြဿနာတို့အား ရှောင်ရှားပြီးသား ဖြစ်သွားမည် ဖြစ်သည်။

အမွေးပွလေး၏ ရန်သူများသည် အဘယ်ကြောင့် ထိုမျှအင်အား ကြီးနေရသည်ကို ယဲ့ချန် ရေးရေးမျှပင် တွေးမရသည့်တိုင် ကောင်းကင်သားရဲ အရှင်သခင်အဖြစ် သူ ဟန်ဆောင်နေသမျှ ကာလပတ်လုံး အမွေးပွလေးအား ဘယ်သူမှ ထိရဲမည် မဟုတ်တာတော့ သေချာသည်။

ပင်မခန်းမထဲ၌ ဧည့်သည်များသည် ပုံမှန်အတိုင်း အချင်းချင်း စကားများ ဖလှယ်နေကြသည်။ ယဲ့ချန်နှင့် သင်းခွေချပ်တို့ စိတ်ဝိညာဉ်ချင်း ဆက်သွယ်ကာ စကားပြောခဲ့ကြောင်း ဘယ်သူမှ မရိပ်မိကြပေ။

ထိုစဉ်တွင်ပဲ ယဲ့မိသားစုဝင် တစ်စုသည် ခန်းမထဲသို့ ကမျောသောပါး ပြေးဝင်လာကြသည်။

“ခေါင်းဆောင် ... လူ ၁၀ယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ ရဲတိုက်ထဲကို ဇွတ်တိုးဝင် လာကြတယ်။ ကျုပ်တို့အားလုံး သူတို့ကို မတားနိုင်တော့ဘူး”

၎င်းတို့က ယဲ့ချန်အား မဆိုင်းမတွ တင်ပြလာကြသည်။

“သူတို့ထဲက တချို့က ထျန်းချီအဆင့်၉ ကျင့်ကြံသူတွေ ...”

ခန်းမထဲတွင် ရှိနေကြသည့် အကြီးအကဲများနှင့် ဧည့်သည်များ အားလုံး အံ့ဩသွားကြသည်။ ဘယ်လို သတ္တိခဲကများ ယဲ့မိသားစု၏ နေ့ထူးနေ့မြတ်တွင် ရုတ်ရုတ်သဲသဲ လာလုပ်ရဲကြ သည်ကို သူတို့ သိလိုသွားကြသည်။ ယဲ့မိသားစု၏ လက်ရှိ အနေအထားသည် တော်ရုံဘယ်သူမှ ရန်မစရဲသော အနေအထား ဖြစ်သည်။ ထို၁၀ယောက် အုပ်စုသည် ကျပ်ပဲမပြည့် ကြသည်လား၊ အသက်ရှင် နေရသည်ကိုပဲ ငြီးငွေ့ နေကြသည်လား ... တစ်ခုခုတော့ တစ်ခုခုပင်။ ခန်းမထဲတွင် မိသားစုပေါင်းစုံမှ ခေါင်းဆောင်များ၊ အကြီးအကဲများ ရှိနေကြသည်။ ယဲ့ကျန့်ထျန်းသာ စကားတစ်ခွန်း ပြောလိုက်သည်နှင့် သူတို့အားလုံး တညီတညွတ်တည်း လှုပ်ရှားကြမှာ ဖြစ်သည်။ အကယ်၍ တိုက်ခိုက်လာသူ ၁၀ယောက်လုံးက ထျန်းချီအဆင့်၉ ကျင့်ကြံသူများ ဆိုလျှင်တောင် ဤနေရာမှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ဖို့ လုံးဝ မလွယ်ကူပေ။

ယဲ့ကျန့်ထျန်းသည် မျက်မှောင်ကြုတ်လျက် လှမ်းကြည့်မိသည်တွင် ပင်မခန်းမဆီသို့ ကျူးကျော်ဝင်ရောက် လာသော လူစိမ်း ၁၀ယောက် အုပ်စုကို တွေ့လိုက်ရသည်။

“ဘယ်သူတွေက ငါတို့ယဲ့မိသားစု ရဲတိုက်ထဲမှာ လာသောင်းကျန်း ရဲတာလဲ”

ယဲ့ကျန့်ထျန်း၏ ကြိမ်းမောင်းသံက မိုးကြိုးဟိန်းကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ဒီတုန်းလင် ပြည်နယ်ကြီး တစ်ခုလုံးက ငါနဲ့ သက်ဆိုင်တယ်။ ငါဆန္ဒရှိတဲ့အချိန် လာချင်လာမယ်၊ သွားချင်သွားမယ်။ မေးပါဦးမယ် ... ယဲ့ကျန့်ထျန်း မင်းက သိပ်သတ္တိ ရှိနေတယ်ဆိုတော့ မင်းတို့မိသားစုက ဧကရာဇ်ကို ပုန်ကန်ဖို့ ကြံစည် နေကြတာလား”

ဧကရာဇ်..။

မဟုတ်မှလွဲရော ... တုန်းလင်ပြည်နယ်ရဲ့ ဒုတိယမင်းသား ရောက်လာတာများလား။

***

All Chapters