← Chapters

သူပုန်

Vol. 5 Ch. 70

သူပုန်

Vol. 5 Ch. 70

စကားပြော လိုက်သူကား ဒုတိယမင်းသား မဟုတ်ပေ။ အသက်နှစ်ဆယ် ပတ်ချာလည်ခန့် ရှိသော လူငယ်တစ်ယောက် ဖြစ်ကာ အဝါဖျော့ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ထင်ရှားသော အသွင်အပြင်နှင့် ကြီးမြတ်သော အရှိန်အဝါတို့ ကိန်းဝပ်နေသည်။ လူငယ်သည် ခေါက်ယပ်တောင် တစ်ချောင်းကို ကိုင်လျက် ခြေလှမ်းမှန်မှန်ဖြင့် ဖြည်းညင်းစွာ လျှောက်လာနေသည်။

မျက်လုံးပေါင်း များစွာသည် ထိုလူငယ်၏ ပုံရိပ်သို့သာ မှင်တက်ငေးမော နေမိကြသည်။

“ဒါက တုန်းလင်၊ ဒုတိယမင်းသားရဲ့ သားပဲ ...”

“ဒီတော့ သူက ဒုတိယမင်းသား နန်းတော်က သခင်ငယ်လေးပေါ့”

လူတိုင်းသည် တက်ကြွစွာဖြင့် စတင်ကာ အချင်းချင်း တီးတိုး ပြောဆို နေကြတော့သည်။

“ဆရာချင်လည်း ပါလာတယ်”

“ဆရာချင်ဆိုတာ ဒုတိယမင်းသား လက်အောက်က တတိယအဆင့် အမြင့်ဆုံး ဆရာကြီးကို ပြောတာမလား။ ကောလာဟလတွေအရ ဆရာချင်က ... ထျန်းချီအဆင့်၉ ထိပ်ဆုံးဆင့်ကိုတောင် ရောက်နေပြီတဲ့”

အခေါ်အဝေါ်အရ ထျန်းချီအဆင့်၉ အလယ်အလတ်ဆင့်နှင့် ထိပ်ဆုံးဆင့်သည် သိပ်မကွာဟု ထင်ရသော်လည်း တကယ်တမ်းတွင် အဆင့် နှစ်ဆင့်ကြားရှိ စွမ်းအင်ကွာဟမှုသည် ကမ္ဘာတစ်ခုစာခန့် ရှိပေသည်။ ကျင့်ကြံသူ တစ်ယောက်သည် ထျန်းချီအဆင့်၉ အလယ်အလတ်ဆင့်သို့ ရောက်ပြီးသော် ထိပ်ဆုံးဆင့်သို့ တက်လှမ်းရန် ဆယ်စုနှစ် တစ်ခုစာခန့်ပင် အချိန် ယူရနိုင်သည်။ အကြောင်းကြောင်းကြောင့် တသက်လုံး အဆင့်မတက်နိုင်တော့ သူများလည်း ရှိ၏။ တုန်းလင်ပြည်နယ် တစ်ခုလုံးတွင် ထျန်းချီအဆင့်၉ ထိပ်ဆုံးဆင့်ရှိသော ကျင့်ကြံသူမှာ ၇ယောက်၊ ၈ယောက်ခန့်သာ ရှိသည်။

လူအများ၏ တီးတိုး စကားသံများကို ကြားနေရသော်လည်း လျှိုကျန်းသည် မပြောင်းလဲသော အမူအရာကိုသာ ချိတ်ဆွဲထားပြီး သူ့အိမ် သူ့ယာအလား ရဲတိုက် တစ်ခုလုံးအား ဝေ့ဝဲကြည့်နေသည်။ မတိုင်မီက သူသည် တုန်းလင်ပြည်နယ် အနီးတစ်ဝိုက်ရှိ လျှိုယဲ့မြို့တွင် ခရီးတစ်ထောက် နားနေစဉ် ခမည်းတော်ထံမှ သိမ်းငှက်ဖြင့် အကြောင်းကြားစာကို ရရှိခဲ့ပြီးနောက် နေ့နေ့ညည မနားမနေ ခရီးပြင်း နှင်လာခဲ့ခြင်း ဖြစ်သည်။

ယဲ့ချိန်ရွှမ်းသည် မျက်လုံးများ ကျဉ်းမြောင်းလျက် မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်တစ်စုအား အကဲခတ် နေခဲ့သည်။ ဒုတိယမင်းသား၏သားတော် လျှိုကျန်းသည် ယဲ့မိသားစု ရဲတိုက်ထဲသို့ လေးစားမှု အလျှင်းမရှိဘဲ ဇွတ်ဝင်ရောက် လာခဲ့သည်။ ကောင်းသည့် ရည်ရွယ်ချက်တော့ မရှိနိုင်ပေ။

အကယ်၍ တုန်းလင်ပြည်နယ် အတွင်းရှိ အခြားသော မိသားစုများတွင် ပြိုင်ဘက်ကင်း ပါရမီရှင်များ ထွက်ပေါ် လာလျှင်လည်း ဒုတိယမင်းသားက ယခုကဲ့သို့ လူလွှတ် စုံစမ်းလာမည် ဖြစ်သည်။ သို့သော် ကွဲပြားသည်မှာ အရှေ့ပိုင်းတွင် ဒုတိယမင်းသားသည် ယွင်မိသားစုနှင့် ပူးပေါင်းကာ ယဲ့မိသားစုအား ဆက်တိုက်ဖိနှိပ် ထားခဲ့သည်။ ထို့ပြင် ယဲ့ကျန့်ထျန်း ကိုယ်တိုင် ဒုတိယမင်းသား၏ ကျွင်းဝမ်နန်းတော် ရှေ့တွင် ဒူးထောက်ကာ ကွမ်းရှီဆေးလုံးအား တောင်းခံခဲ့စဉ်က အညှာအတာ ကင်းမဲ့စွာ မောင်းထုတ်ခြင်း ခံခဲ့ရသည်။ နှစ်ဦးနှစ်ဖက် အကြားရှိ အာဃာတများမှာ နက်ရှိုင်းနေပြီးဖြစ်ရာ ဒုတိယမင်းသားက ပြန်လည်အဖတ်ဆယ် လိုလျှင်တောင် မဖြစ်နိုင်တော့ပေ။

ကျွင်းဝမ် နန်းတော်သည် တုန်းလင်ပြည်နယ်တွင် အကြီးမားဆုံး အင်အားစုကြီး ဖြစ်သည်။ ထိုနေရာတွင် ထျန်းချီအဆင့်၉ ထိပ်ဆုံးဆင့် ၃ယောက်၊ ထျန်းချီအဆင့်၉ အလယ်အလတ်ဆင့် ၆ယောက်နှင့် ထျန်းချီအဆင့်၉ စဦးအဆင့် ၉ယောက် ရှိကြသည်။ ၎င်းအင်အားသည် တုန်းလင်ပြည်နယ် အတွင်းရှိ မည်သည့် မိသားစုအတွက်မဆို ကြီးမားသော ခြိမ်းခြောက်မှုကြီး တစ်ရပ် ဖြစ်သည်။ လက်ရှိ အနေအထားတွင် ယဲ့မိသားစုသည်ပင် ကျွင်းဝမ်နန်းတော်အား ရန်စနိုင်သော အင်အားမျိုး ရှိမနေပေ။

“သခင်လေး”

ခန်းမထဲ၌ ဧည့်သည်အဖြစ် ရောက်ရှိနေကြသော အကြီးအကဲ ခေါင်းဆောင်များသည် တညီတညွတ်တည်း ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။ အားလုံး၏ စိတ်ထဲတွင်မူ ဒုတိယမင်းသားနှင့် ယဲ့မိသားစုတို့ ပြဿနာ တက်ကြပါက မည်သည့်ဘက်မှ ပါရမည်ကို အပြေးအလွှား တွေးနေကြရသည်။ ဘေးထွက် ရပ်နေသည်ကသာ အကောင်းဆုံး ဖြစ်လိမ့်မည် ထင်သည်။

ယဲ့မိသားစုတွင် အလွန် ထူးချွန်သည့် ပါရမီရှင်တစ်ဦး ပိုင်ဆိုင် ထားသော်လည်း အသီးအပွင့်ကို ခံစားရမည်က အနာဂတ်တွင် ဖြစ်သည်။ ပစ္စုပ္ပန်တွင်မူ ဒုတိယမင်းသားသာ ဒေါသ ထွက်သွားပါက ယဲ့မိသားစု တစ်ခုလုံး အမြစ်ပြတ် ချေမှုန်းခံရ ပေလိမ့်မည်။ အကယ်၍ ဆေးဝါးပညာရှင် ဆရာရွှမ်းယီမှ အကူအညီတချို့ စေလွှတ် လိုက်လျှင်တော့ အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်သည်။

ယဲ့ချန်သည် ခန်းမထဲရှိ အမြင့်ဆုံး ထိုင်ခုံပေါ်တွင်ထိုင်ရင်း အတွေးဖြင့် တွက်ချက်နေသည်။ ဝိညာဉ် အသိအမြင်ဖြင့် စစ်ဆေးကြည့်ရ သလောက် ကျူးကျော်လာသူ အုပ်စုတွင် ထျန်းချီအဆင့်၉ ထိပ်ဆုံးဆင့် ၁ယောက်၊ အလယ်အလတ်ဆင့် ၃ယောက် နှင့် စဦးအဆင့် ၁ယောက်ပါဝင်ပြီး ကျန်လူများမှာ ထျန်းချီအဆင့်၈များ ဖြစ်ကြသည်။ သခင်ငယ်လေး ကိုယ်တိုင်ပင် ထျန်းချီအဆင့်၈ ထိပ်ဆုံးဆင့်တွင်သာ ရှိသေးသည်။

“ယဲ့မိသားစု ရဲတိုက်မှာ ဒီနေ့ သိပ်ကိုစည်ကား သက်ဝင်နေတာပဲ။ ခမည်းတော်ရဲ့ နန်းတော်ထက်တောင် ပိုပြီး သိုက်သိုက်မြိုက်မြိုက် ရှိနေသေးတယ်”

လျှိုကျန်းသည် ခေါက်ယပ်တောင်အား တဖျတ်ဖျတ် ခတ်ရင်းမှ ခန်းမအတွင်း လှမ်းဝင်လာကာ နှုတ်ခမ်းထက်တွင်တော့ လှောင်ပြုံး မမည်သည့် လှောင်ပြုံးတစ်ခု ရှိနေသည်။

“သခင်လေးက ခရီးရှည်ကြီး နှင်လာခဲ့ရတော့ ပင်ပန်းနေမှာပဲ။ ယဲ့မိသားစုက သခင်လေးကို ဧည့်ခံခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ လာကြစမ်း ... သခင်လေးအတွက် ထိုင်ခုံတစ်နေရာ ပြင်ဆင်ပေးကြ ...”

ယဲ့ချိန်ရွှမ်းသည် ထိုသို့အမိန့်ပေး လိုက်သည့် တစ်ချိန်တည်းတွင် တန်ပြန် အစီအစဉ်တို့ကိုလည်း စိတ်ထဲတွင် တွက်ချက်လျက် ရှိသည်။ ယဲ့မိသားစု ရဲတိုက်ထဲတွင် အကြီးအကဲ ခေါင်းဆောင်တို့ များစွာရှိနေသည်။ ၎င်းတို့အားလုံး၏ စုပေါင်းအင်အားက ဒုတိယမင်းသားနှင့် မယှဉ်နိုင်လျှင်တောင် အားနည်းမနေပေ။

လျှိုကျန်း၏ အကြည့်တို့က ခန်းမအနှံ့ ဝေ့ဝဲနေရာမှ ထိုင်ခုံမြင့်ထက်ရှိ ယဲ့ချန်ထံ၌ အဆုံးသတ်သည်။ သူ့မျက်လုံးများက ရုတ်ခြည်း ကျဉ်းမြောင်းသွားပြီး ခန့်မှန်းရခက်သော အလင်းတစ်ချက် လက်သွား၏။

“ဒါက ယဲ့မိသားစုရဲ့ အသစ်စက်စက် တင်မြှောက်လိုက်တဲ့ ခေါင်းဆောင် မဟုတ်လား။ ပမာမခန့် နိုင်လိုက်တာ။ ဒီမင်းသား ရောက်လာတာကို မြင်တာတောင် လာပြီး နှုတ်ဆက်ဖို့ မလုပ်သေးဘူး”

“သခင်လေး ... ဒီနေရာက ယဲ့မိသားစု ရဲတိုက်ပါ၊ ကျွင်းဝမ်နန်းတော် မဟုတ်တာကို သတိရ စေချင်တယ်။ ဧည့်သည်ဖြစ်တဲ့ သခင်လေး ကိုယ်တိုင်က လေးစားမှု မရှိမှတော့ အိမ်ရှင်ဖြစ်တဲ့ ကျွန်တော်ကရော ဘယ်လိုများ နှုတ်ဆက်ချင်စိတ် ရှိပါတော့မလဲ”

ယဲ့ချန်က ပုံမှန်အတိုင်းသာ ပြန်လည်ပြောဆိုသည်။ လျှိုကျန်း၏ အရာရာကို အာဏာပြ လွှမ်းမိုးလိုသော အမူအရာတို့က ယဲ့ချန်အား မပျော်မရွှင် ဖြစ်စေသည်။ လျှိုကျန်းသည် ယဲ့မိသားစုသို့ စာရင်းလာရှင်းခြင်း ဖြစ်ကြောင်း သိသာနေလေရာ ယဲ့ချန်ကလည်း မလိုအပ်သည့် ယဉ်ကျေးမှုတို့ ပြမနေတော့ပေ။

“သိပ်ထက်တဲ့ လျှာစွမ်းပဲ”

လျှိုကျန်းသည် ခန်းမအတွင်းရှိ ယဲ့မိသားစုဝင်များအား တစ်ချက်ဝေ့ကြည့်ကာ လေသံမာမာဖြင့် ဆိုသည်။

“ဒါက မင်းတို့ ယဲ့မိသားစုရဲ့ အကျော်ဇေယျ ပါရမီရှင် ဆိုတာလား..။ တစ်ခု သိထားရမှာက ထျန်းချီအဆင့် ၁၀ကို မရောက်သေးသ၍ တုန်းလင်ပြည်နယ်က ဘယ်သူမဆို ဒီမင်းသားရဲ့ ဖခမည်းတော် လက်အောက်မှာ ရှိနေသေးတယ် ဆိုတာကိုပဲ။ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ဟုတ်လှပြီ ထင်မနေကြနဲ့။ တုန်းလင်ပြည်နယ်မှာ ဒုတိယမင်းသားရဲ့ နှုတ်ထွက်စကားက သာလျှင် ဥပဒေပဲ။ ကျွင်းဝမ်နန်းတော်က သံနက်တပ်ဖွဲ့ ချီတက်လာခဲ့ရင် မြက်တစ်ပင်တောင်မှ မလွတ်မြောက်နိုင်ဘူး”

ဧည့်သည်အဖြစ် ရောက်ရှိနေကြသော အခြား မိသားစုများမှ အကြီးအကဲ ခေါင်းဆောင်တို့သည် စကားတစ်ခွန်းမျှ မတုံ့ပြန်ရဲကြပေ။ ကျွင်းဝမ် နန်းတော်ကား အင်အားကြီးလွန်း လှသည်။ အဆင့်မြင့် ထိပ်သီး ကျင့်ကြံသူများကို ခဏဖယ် ထားလျှင်တောင် ကျွင်းဝမ်နန်းတော်တွင် ထျန်းချီအဆင့်၇ ကျင့်ကြံသူ ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော သံနက်တပ်ဖွဲ့ကြီး ရှိနေသေးသည်။ ယဲ့မိသားစုအနေနှင့် လက်ရှိ အခြေအနေ၌ ကျွင်းဝမ်နန်းတော်အား ဆန့်ကျင်ရန်မှာ အန္တရာယ် များလွန်းသည်။

ယဲ့ချိန်ရွမ်း၊ ယဲ့ကျန့်ထျန်းနှင့် အခြားသူများသည် ကြိတ်ခဲမရနိုင်စွာ လက်သီးတင်းတင်း ဆုပ်မိကြသည်။ သို့သော် ကျွင်းဝမ်နန်းတော်အား ပေါ်တင်ဆန့်ကျင် ရန်မူကား မတတ်နိုင်ကြပေ။ မဟုတ်ပါက သံနက်တပ်ဖွဲ့၏ မြင်းခွာများ အောက်တွင် ယဲ့မိသားစု မြေနေရာတစ်ခုလုံး စိစိညက်ညက် ကြေသွားရ ပေလိမ့််မည်။

“ကျေးဇူးပြုပြီး စိတ်လျှော့ပါ သခင်လေး။ ယဲ့ချန်က အခုမှ ၁၇နှစ်ပဲ ရှိသေးတော့ စိတ်လိုက်မာန်ပါ ပြုတတ်တဲ့ အရွယ်မို့လို့ပါ”

ရွှီမိသားစုခေါင်းဆောင်၊ ရွှီကျန်းက ခပ်ပြုံးပြုံး မျက်နှာနှင့် ရှေ့သို့ထွက်လာကာ တင်းမာစပြုလာသည့် အခြေအနေအား ဖျန်ဖြေရန် ကြိုးပမ်းသည်။

“ရွှီကျန်း မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ ဘေးဖယ်နေစမ်း ... မင်းတို့အားလုံး တစ်စုတစ်စည်းတည်း ရှိနေတုန်း ဒီမင်းသားက သတိပေးလိုက်မယ်။ မင်းတို့မိသားစုရဲ့ မြေနေရာ ပရဝုဏ်တွေ တုန်းလင်ပြည်နယ် ထဲမှာ ရှိနေသမျှ ကာလပတ်လုံး မင်းတို့တွေ တိတ်တိတ်ဆိတ်ဆိတ်နဲ့ နာခံမှုရှိကြတာ ကောင်းလိမ့်မယ်။ တကယ်လို့ တစ်ယောက်ယောက်က အုပ်စုဖွဲ့ပြီး ရုတ်ရုတ်သဲသဲ ကိစ္စရပ်တွေ ဖန်တီးလာလို့ကတော့ ... ဟမ့် ...”

လျှိုကျန်းသည် အေးစက်စက် နှာခေါင်းရှုံ့ လိုက်၏။ သူ့ပါးစပ်မှ ထွက်လာသမျှ စကားတိုင်းက သည်းမခံနိုင်စရာ ကောင်းလှသည်။

ရွှီကျန်း၏မျက်နှာသည် ရှက်ရွံ့မှုကြောင့် နီမြန်း သွားသော်လည်း ပြန်လည် မငြင်းခုံဝံ့ဘဲ မကျေမချမ်း ဖြစ်မှုအား မျိုသိပ်ထားရုံသာ တတ်နိုင်သည်။

အကြီးအကဲ ခေါင်းဆောင်များ အားလုံးတို့သည် လျှိုကျန်း၏ မောက်မာမှုအပေါ် ဒေါသထွက်မိ ကြသော်လည်း သူတို့တတ်နိုင်တာ ဘာမှမရှိပေ။

“နောက်တစ်ကြိမ် ထပ်ပြောမယ်။ မင်း ... အခုချက်ချင်း ဒီကိုဆင်းလာခဲ့။ မင်းသားတစ်ပါး ဖြစ်တဲ့ငါက နေ့မအား၊ ညမအား ခရီးပြင်းနှင်ပြီး လာခဲ့ရပေမဲ့ မင်းတို့တွေကတော့ မင်းတို့ခေါင်းဆောင်ရဲ့ ထိုင်ခုံပေါ်မှာ ထိုင်ခိုင်းဖို့လေးကို လိုလိုလားလား မရှိကြဘူး။ တကယ်လို့ မင်းတို့ ယဲ့အိမ်တော်က နာနာခံခံနဲ့ ကျိုးနွံမှုရှိရင် မင်းတို့မိသားစုကို အေးအေးချမ်းချမ်း နေခွင့်ပြုလိုက်မယ်။ မဟုတ်လို့ကတော့ ... သံနက်တပ်ဖွဲ့ကို စေလွှတ်ပြီး ဒီနေရာကို နင်းခြေပစ်ဖို့ ဖခမည်းတော်ဆီ ပြန်ပြီး လျှောက်တင်ရမှာပဲ”

လျှိုကျန်းသည် အမြင့်ဆုံး ထိုင်ခုံပေါ်တွင် ထိုင်နေသော ယဲ့ချန်အား တည့်တည့်မတ်မတ် ညွှန်ပြကာ ထက်သန် တက်ကြွစွာ ဆိုလေသည်။

လျှိုကျန်းက သူ့အား ညွှန်ပြလျက် ပြောဆိုနေသည်ကို တွေ့ရသောအခါ ယဲ့ချန် ဒေါသပြင်းစွာ ထွက်လာရသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ထျန်းချီများသည်ပင် ဒေါသကြောင့် ဆူပွက်လာကြသည်။ အတိတ်က ယဲ့ချန်သာဆိုလျှင် ဒေါသအလျောက် ပြုမူမိမှာဖြစ်ပြီး အကျိုးဆက် အနေနှင့် ကျွင်းဝမ် နန်းတော်ကပါ ပြဿနာအတွင်း ပါဝင်လာပေလိမ့်မည်။ ထိုအခါ ယဲ့မိသားစုဝင်များ အားလုံး ဘေးဒုက္ခကို ရှောင်လွှဲနိုင်ကြလိမ့်မည် မဟုတ်ပေ။ နောက်ဆက်တွဲ ဖြစ်လာမည်တို့ကား မမှန်းဆနိုင် လောက်အောင် အန္တရာယ် များလှသည်။

သို့သော်လည်း ယဲ့မိသားစုသည် ထိုသို့ အဖြစ်ခံမည် မဟုတ်ပေ။

ဒုတိယ မင်းသားသည် ယဲ့မိသားစုအား သတိပေး ခြိမ်းခြောက်ရန် လျှိုကျန်းအား စေလွှတ်လိုက်ကြောင်း သိသာလှသည်။ ယဲ့မိသားစုကသာ နာခံရန် ဆန္ဒရှိပါက ဘေးကင်းပေ လိမ့်မည်။ အကယ်၍ ယဲ့မိသားစုက ဆန့်ကျင်ခဲ့ပါက ဆိုးရွားစွာ အဆုံးသတ် ရနိုင်သည်။ သို့သော် ယဲ့မိသားစုက နာခံခဲ့လျှင်တောင် ဒုတိယ မင်းသားသည် ထိုမျှနှင့် ကျေနပ်လိမ့်မည် မဟုတ်၊ ယဲ့မိသားစုအား ထိန်းချုပ်ရန် အထူးနည်းလမ်း တချို့ အသုံးပြုလာမှာ သေချာသည်။ ပြောကြသည်မှာ ဒုတိယမင်းသား၏ သံနက်တပ်ဖွဲ့သို့ ဝင်ရောက်လို သူများသည် အထူး ဖော်စပ်ထားသော ဆေးတစ်မျိုးကို သောက်ကြရသည်။ နောက်ပိုင်းတွင် လတိုင်းလတိုင်း၌ ဖြေဆေးအား မသောက်ရပါက သေတာထက် ပိုဆိုးသော ဘဝမျိုးဖြင့် အဆုံးသတ်ရမည် ဖြစ်သည်။ ထို့ကြောင့်လည်း သံနက်တပ်ဖွဲ့သည် ဒုတိယမင်းသားအပေါ် အလွန်အမင်း သစ္စာရှိနေကြခြင်း ဖြစ်သည်။ အကယ်၍ ယဲ့မိသားစုကလည်း ဒုတိယမင်းသား၏ ထိန်းချုပ်မှုကို ခံခဲ့ရပါက တစ်သက်စာ လွတ်မြောက်ခွင့် မရှိနိုင်တော့ပေ။

တုန်းလင်ပြည်နယ်၏ ဒုတိယမင်းသားကား အင်အားကြီးလွန်း လှသည်။ ယဲ့မိသားစုနှင့် ဒုတိယမင်းသားတို့ အပြင်းအထန် တိုက်ခိုက်ကြပါက ယဲ့မိသားစုကသာ အရေးနိမ့်ဖို့ အခွင့်အရေး များသည်။

ယဲ့ချန် ဤကျင့်ကြံခြင်း လောကသို့ ဝိညာဉ်ကူးပြောင်း လာခဲ့ပြီးကတည်းက ယဲ့မိသားစုသည် အမျိုးမျိုးသော ဘေးဒုက္ခတို့နှင့် အဆက်မပြတ် ဆိုသလို ကြုံတွေ့နေရသည်။ ပထမဦးစွာ ယွင်မိသားစု၏ ဖိနှိပ်မှုတို့ကို နှစ်ပေါင်းများစွာ ခံစားရသည်။ ယဲ့ချန်သည် ထိုအကျပ်အတည်းမှ လွတ်မြောက်ရန် ရှိသမျှ ကိုယ်ရည် ကိုယ်သွေးများကို သုံးကာ ကြိုးစားခဲ့ပါသော်လည်း ယွင်မိသားစု နောက်ကွယ်တွင် ရှိနေသည့် ဒုတိယမင်းသား၏ အာရုံအား ဆွဲဆောင်မိသလို ဖြစ်သွားခဲ့သည်။

ယဲ့ချန်အတွက် လျှိုကျန်းအား ဦးညွှတ်ရန် ဟူသော ကိစ္စရပ်မှာ လုံးဝကို မဖြစ်နိုင်တာ ဖြစ်သည်။

လျှိုကျန်းသည် အမြင့်ဆုံး ထိုင်ခုံဆီသို့ တစ်လှမ်းချင်း လျှောက်လာနေသည်။ ခန်းမအတွင်းရှိ လေထု အနေအထားက လေးလံသထက် လေးလံလာသည်။ ဆရာချင်နှင့် လျှိုကျန်း၏ အခြား နောက်လိုက်တို့သည် ယဲ့ချိန်ရွှမ်းတို့ လူစုအား သတိမပြတ် စောင့်ကြည့် နေကြသည်။ အကယ်၍ ယဲ့ချန်ကသာ ထိုင်ခုံထက်မှ ဖယ်ပေးရန် ငြင်းဆန်ပါက သူတို့ကလည်း စတင် လှုပ်ရှားမှာဖြစ်သည်။

အားလုံးသော အကြီးအကဲ ခေါင်းဆောင်များသည် စကားတစ်ခွန်းမျှပင် မဆိုကြရဲပေ။ သူတို့အားလုံးသည် ဒုတိယ မင်းသားအား မဆန့်ကျင် ရဲသည်မှာ အလွန် သေချာသည်။ သို့တိုင်အောင် ယဲ့မိသားစုက ဘယ်အချိန်အထိ ဆက်ကာ တောင့်ခံထားနိုင်မည် ကိုတော့ သူတို့လည်းပဲ စိတ်ဝင်စားမိ၏။

ယဲ့မိသားစုကား ကံမကောင်းလှပေ။ အချိန်ကောင်းတို့က ယခုမှ ရောက်လာကာစ ရှိသေးသည်၊ ဒုတိယမင်းသား၏ စနက်ဖြင့် အရာအားလုံးက ပျက်စီး သွားရတော့မည့်ဟန် ရသည်။ အကြီးအကဲ ခေါင်းဆောင်တို့သည် အကူအညီ မပေးနိုင်ကြသော်လည်း စိတ်မကောင်းတော့ ဖြစ်မိကြ၏။ အကယ်၍ သူတို့မိသားစုများ၌ ယဲ့ချန်ကဲ့သို့ ပါရမီရှင်တစ်ဦး ထွက်ပေါ်လာပါကလည်း ယခုလို တူညီသော ကံကြမ္မာဖြင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်။

ကျင့်ကြံခြင်း လောကကြီး၌ ခွန်အားကသာ အရာရာကို အဆုံးအဖြတ် ပေးနိုင်ပေသည်။

လျှိုကျန်းသည် တစ်လှမ်းပြီး တစ်လှမ်း ဆက်၍ လျှောက်လာနေသည်။ ယဲ့ချန်မျက်လုံးထဲရှိ သတ်ဖြတ်လိုသော အရိပ်အငွေ့မှာလည်း ပိုမို သိသာလာသည်။ ဆရာချင်သည် ယဲ့ချန်၏ မျက်လုံးများအား စိုက်ကြည့်ကာ အေးစက်စက် လှောင်ပြုံး ပြုံးလိုက်၏။ ထို့နောက် ထျန်းချီအဆင့်၉ ထိပ်ဆုံးဆင့် တစ်ယောက်၏ အရှိန်အဝါသည် အားကောင်းစွာ ထွက်ပေါ်လာကာ ခန်းမထဲရှိ လူတိုင်းနီးပါး ထိုအရှိန်အဝါ၏ ဖိအားကို ခံစားလိုက်ရသည်။

“ယဲ့မိသားစုက ပုန်ကန်ချင် နေတာလား”

လျှိုကျန်းသည် ယဲ့ချန်အား အေးစက်စွာ စိုက်ကြည့်ကာ ရယ်လိုက်သည်။

“မင်းတို့ ယဲ့မိသားစုမှာ အဲဒီလိုလုပ်ဖို့ သတ္တိရော လုံလုံလောက်လောက် ရှိရဲ့လားဆိုတာ ဒီမင်းသားက သိချင်မိတယ်”

***

All Chapters