← Chapters

ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ

Vol. 6 Ch. 71

ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ

Vol. 6 Ch. 71

ယဲ့ချန်၏ ပခုံးထက်ရှိ အမွှေးပွလေးသည် လျှိုကျန်းနှင့် အခြားသူများအား စိုက်ကြည့်နေရင်း ၎င်း၏ ပုလဲနက်သဖွယ် မျက်လုံးလေးများသည် စူးရဲစွာ ဖျတ်ခနဲ လက်သွားခဲ့သည်။

စစ်ပွဲတခုကား စအံ့ဆဲဆဲ အနေအထားသို့ တာဆူနေလေပြီ။

ကြောက်မက်ဖွယ် ဟိန်းသံနှစ်ခုနှင့်အတူ ကြီးမားလှသော အနီရောင်ကျားကြီး တစ်ကောင်နှင့် အဝါရောင်သစ်နက် တစ်ကောင်တို့သည် ရဲတိုက်အတွင်းဘက်မှ ရုတ်ခြည်း ထွက်ပေါ်လာသည်။

“ဒါက ... ဒါက ... ကြက်သွေးရောင် ကောင်းကင်ကျားနဲ့ မိုးကြိုးတစ္ဆေသစ်နက်ပဲ”

အကြီးအကဲ ခေါင်းဆောင်များသည် ကြောက်ရွံ့မှုကြောင့် အလန့်တကြား ရေရွတ်မိကြကာ အနောက်ဘက်သို့ အလျှိုလျှို ဆုတ်သွားကြသည်။ ကြက်သွေးရောင် ကောင်းကင်ကျားနှင့် မိုးကြိုးတစ္ဆေသစ်နက် တို့သည် အဆင့် ၉ မှော်သားရဲများ ဖြစ်ကြကာ ထျန်းချီအဆင့် ၉ အလယ်အလတ်ဆင့် ကျင့်ကြံသူများသည်ပင် ၎င်းတို့အား ရုတ်တရက် တွေ့မြင်လိုက်ရပါက ထိတ်လန့်မှုကြောင့် အေးခဲသွားမှာ ဖြစ်သည်။

“ဘာတွေဖြစ်နေတာလဲ။ အဆင့် ၉ မှော်သားရဲ နှစ်ကောင်က ရဲတိုက်ထဲကို ဘယ်လိုဝင်လာခဲ့တာလဲ ...”

ဆရာချင်ပင် သားရဲနှစ်ကောင်အား မြင်လိုက်ရသည့်နောက် နှလုံးခုန်သံတို့ မြန်သွားကာ ရုတ်ခြည်း သတိအပြည့် ဖြစ်သွားခဲ့သည်။ ကြက်သွေးရောင် ကောင်းကင်ကျားနှင့် မိုးကြိုးတစ္ဆေ သစ်နက်တို့အား တကောင်ချင်း ရင်ဆိုင်ရပါက သူ့အဖို့ နိုင်ကောင်း နိုင်နိုင်သော်လည်း သားရဲနှစ်ကောင်လုံး စိတ်ရိုင်းဝင်သွားပြီး ရူးရူးသွပ်သွပ် တစ်ပြိုင်နက် တိုက်ခိုက်လာပါလျှင် အလွန် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်မှာ သေချာသည်။

လျှိုကျန်းသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး မှော်သားရဲနှစ်ကောင်အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေလေသည်။

အကြီးအကဲ ခေါင်းဆောင်များ၏ ထိတ်လန့်တုန်လှုပ် နေကြသော မျက်လုံးများအောက်တွင် မှော်သားရဲ နှစ်ကောင်သည် ယဲ့ချန်ထံသို့ တရွေ့ရွေ့ ချဉ်းကပ် သွားကြသည်။ ၎င်းတို့၏ ကြေးနီရောင် မျက်လုံးကြီးများက လျှိုကျန်းနှင့် နောက်လိုက် တစ်စုအား စိုက်ကြည့်ပြီးနောက် အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက် လိုက်ကြသည်။

မူလက လူတိုင်းလိုလို တွေးထင်လိုက်သည်မှာ မှော်သားရဲနှစ်ကောင်သည် ရဲတိုက်ထဲသို့ မတော်တဆ လမ်းလွဲကာ ရောက်လာကြသည်ဟု။ သို့သော် ထိုမြင်ကွင်းအား မြင်လိုက်ရပြီးနောက်မှ ၎င်းမှော်သားရဲ နှစ်ကောင်သည် ယဲ့မိသားစုမှ သိမ်းသွင်း မွေးမြူထားသော မှော်သားရဲများ ဖြစ်ကြောင်း နားလည်သွားကြသည်။

အဆင့် ၉ မှော်သားရဲများ အနေနှင့် လူသားတို့၏ အမိန့်အား နာခံသမှုရှိရန်မှာ မကြုံစဖူး ဖြစ်ရပ်ထူး ဖြစ်သည်။ အကြီးအကဲ ခေါင်းဆောင်များသည် ဤဖြစ်ရပ်အား မျက်မြင်ကိုယ်တွေ့  ကြုံနေရသည့်တိုင် ၎င်းတို့၏ မျက်လုံးတို့က မှားမြင်နေခြင်း ပေလောဟူ၍ ကြောင်တောင်တောင် တွေးမိကြသည်။ နောက်ဆုံးတွင်တော့ ရွေးချယ်စရာ မရှိတော့ဘဲ မျက်စိရှေ့ရှိ ဖြစ်ရပ်ကြီးမှာ အမှန်စင်စစ်ဖြစ်ကြောင်း လက်ခံလိုက်ရသည်။

ယဲ့ချန်သည် လျှိုကျန်းအား အေးစက်စွာ စိုက်ကြည့်ကာ စကားတစ်လုံးချင်းစီကို ပီသပြတ်သားစွာဖြင့် ဆို၏။

“ယဲ့မိသားစုရဲ့ အင်အားကို စမ်းသပ်ကြည့်ဖို့ ဆန္ဒရှိရင် အချိန်မရွေး ကြိုဆိုပါတယ်”

မည်သို့ပင်ဆိုစေ ကျွင်းဝမ်နန်းတော်နှင့် ယဲ့မိသားစုသည် ဆန့်ကျင်ဘက် ရပ်တည်ချက်တို့ဖြင့် ရန်သူများအဖြစ် ရှိနေခဲ့ပြီးဖြစ်ရာ ကြောက်နေစရာ အကြောင်း မရှိတော့ပါချေ။

လျှိုကျန်းသည် ယခုကဲ့သို့ ကိစ္စရပ်များစွာကို အတွေ့အကြုံ ရှိဖူးသူဖြစ်၍ နှလုံးသားထဲရှိ ထိတ်လန့်မှုအား တည်ငြိမ်သယောင်ပြုကာ ဖုံးကွယ်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“အိမ်မွေးတိရစ္ဆာန်လေး ၂ ကောင်လောက် တိုးလာရုံနဲ့ ယဲ့မိသားစုက ဘယ်လို ကြီးကြီးကျယ်ကျယ် ကိစ္စရပ်တွေကို စွမ်းဆောင်နိုင်လိမ့်မယ်လို့ ထင်နေတာပါလိမ့်။ ကျွင်းဝမ်နန်းတော်ကို အထင် သေးလွန်းနေတာပဲ။ အဆင့် ၉ မှော်သားရဲ ၂ ကောင်မပြောနဲ့ ... ၁၀ကောင်၊ အကောင်၂၀ ရှိနေရင်တောင် ယဲ့မိသားစုရဲတိုက်ကို ကာကွယ်နိုင်မယ်များ ထင်နေလား။ ဆရာချင် ... ဒီတိရစ္ဆာန် နှစ်ကောင်ကို သတ်ပေးဖို့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်”

“ကောင်းပါပြီ သခင်လေး”

ဆရာချင်သည် လက်နှစ်ဖက်ဆုပ်ကာ အမိန့်နာခံလိုက်ပြီး ခန်းမအလယ်သို့ ထွက်လာ၏။

ကြက်သွေးရောင် ကောင်းကင်ကျားနှင့် မိုးကြိုးတစ္ဆေသစ်နက်တို့သည် ဆရာချင်အား တစ်ဖက်တစ်ချက်စီမှ ဝန်းရံလျက် အဆက်မပြတ် ဟိန်းဟောက်လိုက်ကြရာ ခန်းမအတွင်း မှော်သားရဲ နှစ်ကောင်၏ ဟိန်းသံတို့ဖြင့် ပွင့်ထွက်မတတ် ဆူညံသွားတော့သည်။

“ခေါင်းဆောင် ... ကျွန်တော် သူ့ကို ခေါ်လာခဲ့ပြီ”

ရုတ်တရက် ယဲ့ပင်းသည် ပင်မခန်းမ၏ တံခါးဝတွင် ပေါ်ထွက်လာပြီး ခန်းမထဲမှ အခြေအနေကို မြင်သွားသော် နေရာ၌ပင် တောင့်ခဲသွားရှာသည်။

ခန်းမထဲရှိ အနေအထားသည် တစ်မျိုးတစ်မည် စိတ်လေးဖွယ်ရာ ဖြစ်နေပြီး အမှားမခံနိုင်သော အချိန်တွင် ယဲ့ပင်း ထွက်ပေါ်လာမှုက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။ ထို့ပြင် ယဲ့ပင်း၏ အနောက်ဘက်၌ အဝတ်အစား စုတ်စုတ်နှင့် တုတ်ခိုင်သန်မာသော သက်လတ်ပိုင်းလူကြီး တစ်ယောက်လည်း ရှိနေသည်။

သက်လတ်ပိုင်း လူကြီးသည် ခန်းမထဲရှိ အခြေအနေအား သာမန်ကာလျှံကာ တစ်ချက် ဝေ့ကြည့်ပြီးနောက် သူ၏ အကြည့်တို့က ယဲ့ချန်ထံ၌သာ မြဲမြံစွာ ရပ်တန့်သွားသည်။ ထိုစဉ် ရုတ်တရက် သူသည် အားကောင်းလှသော စိတ်ဝိညာဉ်တခု၏ ဖိနှိပ်မှုကို ခံလိုက်ရခြင်းကြောင့် နှလုံးသား တစ်ခုလုံး တုန်ယင် သွားရသည်။ ဤကောင်းကင်သားရဲ အရှင်သခင်၏ ဖိအားက အတန်ငယ် ထူးခြားသည်ဟု သက်လတ်ပိုင်းလူကြီး တွေးမိလိုက်သည်။ သို့သော် သူသည် ကောင်းကင်သားရဲ အရှင်သခင်က ယဲ့ချန်ကဲ့သို့ ချောမောသော လူငယ်လေးတစ်ယောက် အသွင်ဖြင့် ရှိနေရခြင်းကိုမူ များများစားစား မတွေးမိပေ။ နတ်သူငယ်အဆင့် အရှင်သခင်များသည် မည်သည့် အသွင်သဏ္ဌာန်ကိုမဆို ပြောင်းလဲ ယူနိုင်ကြသည်။ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ချောသည်ဖြစ်စေ၊ ရုပ်ဆိုးသည်ဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ... ခြွင်းချက်မရှိပေ။ အသက်အရွယ်နှင့် ပတ်သက်၍ ကောင်းကင်သားရဲ အရှင်သခင်များတွင် မတူညီသော အကြိုက်မျိုးစုံ ရှိနိုင်သည်။ မည်သို့ပင်ဆိုစေ ကောင်းကင်သားရဲ အရှင်သခင်တိုင်း၏ တကယ့် သရုပ်မှန်ကား နှစ်ပေါင်းထောင်ချီ၍ ကျင့်ကြံခဲ့ပြီးသော သက်ကြားအိုကြီးများသာ ဖြစ်သည်။

“ဘယ်သူက မင်းကို စကား ပြောခွင့်ပေးလို့လဲ။ ရိုင်းပျလိုက်တာ”

လျှိုကျန်း၏ နောက်လိုက်များထဲမှ ထျန်းချီအဆင့် ၉ အလယ်အလတ်ဆင့် ကျင့်ကြံသူတစ်ယောက်သည် ခန်းမထဲသို့ ဝင်လာပြီး စကားပြောသူမှာ ယဲ့မိသားစုဝင် ဖြစ်ကြောင်း သတိပြုမိသွား၍ ကြိမ်းမောင်းလိုက်ကာ ယဲ့ပင်းထံသို့ ဦးတည်လျက် လက်ဝါးချက်တစ်ချက် ရိုက်ထုတ်လိုက်လေသည်။ သခင်လေးက ကျွင်းဝမ်နန်းတော်၏ လုပ်နိုင်စွမ်းအား အများသိအောင် ပြသချင်နေမှတော့ သူကလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်မနေတော့ပေ။

ထိုလက်ဝါးချက်သည် ယဲ့ပင်းအား ရိုက်မိတော့မည်ဟု လူတိုင်း တွေးလိုက်ကြချိန်တွင် မသဲကွဲသော ခပ်အုပ်အုပ် အသံတသံ ထွက်ပေါ်လာလေသည်။ လျှိုကျန်း၏ နောက်လိုက်သည် သံမဏိကျောက်ပြား တစ်ချပ်အား ရိုက်မိသကဲ့သို့ ခံစားလိုက်ရကာ တန်ပြန်ရလဒ် အနေနှင့် လက်မောင်းတခုလုံး ကျဉ်တက် သွားခဲ့သည်။ လက်မောင်းထဲရှိ သွေးကြောများ အားလုံး ပေါက်ပြဲသွားလုနီးနီးပင်။ 

လျှိုကျန်း၏ နောက်လိုက်သည် အထိတ်အလန့်ဖြင့် မော့ကြည့်မိသည်တွင် မကြာသေးခင်က ယဲ့ပင်းနောက်၌ ရပ်နေခဲ့သော သက်လတ်ပိုင်း လူကြီးက ရှေ့ထွက်လာကာ သူ့လက်ဝါးအား တားဆီးလိုက်ခြင်း ဖြစ်ကြောင်း မြင်လိုက်ရ၏။ ဤအခြေအနေသည် လျှိုကျန်း၏ နောက်လိုက်အား မထိန်းနိုင်မသိမ်း နိုင်လောက်အောင် ကြောက်ရွံ့သွားစေသည်။ သူက ဤလက်ဝါးချက်၌ အားအင်အလုံးစုံ ထည့်ထားခဲ့သော်လည်း တစ်ဖက်လူကမူ ဝတ်ရုံလက်စအား တစ်ချက် လှုပ်ယမ်းလိုက်ရုံနှင့် သူ့လက်ဝါးချက်ကို အသာအယာ တားဆီးလိုက်နိုင်သည်။ အထင်ကြီးလောက်ဖွယ် မရှိသော ပုံပန်းနှင့် သက်လတ်ပိုင်း လူကြီးကား ဆရာချင်ထက်ပင် ပို၍ အစွမ်းထက်ဟန်ရသည်။ မည်သို့ ဆက်လက် တိုက်ခိုက်ရမည် မသိသောကြောင့် အနှီနောက်လိုက်သည် နောက်သို့ ခုန်ဆုတ်လိုက်ကာ နောက်တစ်ကြိမ် တိုက်ခိုက်ရန် မကြိုးပမ်းဝံ့တော့ချေ။

ယဲ့ပင်းသည်လည်း အလွန် ထိတ်လန့်သွားကာ အသက်ရှင် နေသေးသည့်အတွက် မိုးနတ်မင်းအား ကျေးဇူးတင်ရမလို ဖြစ်သွားခဲ့သည်။ ထိုသည်ကား ထျန်းချီအဆင့် ၉ ကျင့်ကြံသူထံမှ အင်ပြည့်အားပြည့် တိုက်ခိုက်မှု ဖြစ်သည်။ ၎င်းလက်ဝါးချက်သာ သူ့အား ထိမှန်ခဲ့ပါက ကြိတ်ခြေ ထုနှက်ခံထားရသော လူသားအသားပြားကဲ့သို့ ဖြစ်သွားမည်မှာ သေချာသည်။ ဤအခိုက်အတန့်တွင် ယဲ့ပင်း အံဩတကြီးဖြင့် နားလည်လိုက ရသည်မှာ သူ့နောက်တွင် ရပ်နေသော သက်လတ်ပိုင်း လူကြီးသည် တကယ့် ဆရာကြီးတစ်ဦး ဖြစ်နေခြင်းကိုပင်။

တစ်ခဏအတွင်း ခန်းမထဲရှိ မျက်လုံးပေါင်း များစွာသည် တုတ်ခိုင်သန်မာသော အသွင်နှင့် သက်လတ်ပိုင်းလူကြီးထံ စုပြုံကျရောက် သွားကြသည်။

ယဲ့ပင်းအား တိုက်ခိုက်ခဲ့သော နောက်လိုက် အကြောင်းကို လျှိုကျန်းနှင့် သူ့လူများက အသိဆုံးဖြစ်သည်။ ထိုလူသည် ကျွမ်းကျင်သော ထျန်းချီအဆင့် ၉ ကျင့်ကြံသူတစ်ယောက် ဖြစ်ပါသော်လည်း ၎င်း၏ အင်ပြည့်အားပြည့် တိုက်ခိုက်မှုအား တစ်ဖက်လူသည် အသာအယာ လက်တစ်ဖက် ဝှေ့ယမ်းကာ တားဆီးလိုက်နိုင်သည်။ ထိုလူမှာ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း အားလုံး သိချင်သွားကြသည်။ ဆရာချင်သည် မျက်မှောင်ကြုတ်ကာ ခြေလှမ်းများအား ရပ်လိုက်သကဲ့သို့ ကျန်နောက်လိုက်များသည်လည်း သတိအပြည့်ဖြင့် အသင့်ပြင်လိုက်ကြသည်။

သက်လတ်ပိုင်း လူကြီးသည် ဘေးပတ်ဝန်းကျင်သို့ အကဲခတ်လိုက်ပြီး ဖြစ်ပျက် နေသည်တို့ကို အတန်ငယ် သဘောပေါက် သွားသည်။ သူ့အရှေ့ရှိ လူငယ်လေးသည် ကောင်းကင်သားရဲ အရှင်သခင်ဘက်မှ လူယုံ ဖြစ်ဟန်ရပြီး ထိုလူငယ်လေးအား တိုက်ခိုက်လာသည့် လူမှာ ကောင်းကင်သားရဲ အရှင်သခင်၏ ရန်သူဘက်မှ ဖြစ်ဟန်တူသည်။ သူ့အနေနှင့် ကောင်းကင်သားရဲ အရှင်သခင်၏ လူယုံအား တစ်ကြိမ်မျှ ကယ်တင် ပေးလိုက်ရခြင်းမှာ ပြဿနာမရှိပေ။ ထိုင်ခုံမြင့်ထက်ရှိ ကောင်းကင်သားရဲ အရှင်သခင်ကို ကြည့်ရသည်မှာ စိတ်ဆိုး ဒေါသထွက်ခြင်း အလျင်းမရှိဘဲ သက်တောင့်သက်သာ ဟန်ပန်နှင့်သာ ရှိနေသည်ကို တွေ့ရသည်။ 

သို့သော်လည်း ကောင်းကင်သားရဲ အရှင်သခင်သည် မည်သည့် အကြောင်းကြောင့် ဤအဆင့်နိမ့် လူသားများနှင့် ပတ်သက် ဆက်ဆံနေသည်ကို သက်လတ်ပိုင်းလူကြီးက နားမလည်နိုင် ဖြစ်မိသည်။ ဤခန်းမထဲရှိ အစွမ်းထက်ဆုံးလူ၏ ကျင့်ကြံဆင့်သည်ပင် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်မျှသာ ရှိသည်။ ပြောကြသည်မှာ သားရဲအရှင်သခင်များသည် နတ်သူငယ် အဆင့်၏ ထိပ်ဆုံးသို့ ရောက်သောအခါ အတားအဆီး တချို့နှင့် ကြုံတွေ့ရလေ့ ရှိသောကြောင့် အဆင့်မတက်နိုင်ဘဲ ဖြစ်တတ်သည်ဟု ဆိုသည်။ ထို့ကြောင့် သားရဲအရှင်သခင်များသည် အတားအဆီးအား ကျော်ဖြတ်ရန် လူသားအသွင်ယူလျက် လူသားများကြားတွင် ရောနှောကာ ဉာဏ်အလင်းများ ရှာဖွေလေ့ ရှိကြသည်။ မဟုတ်မှလွဲ ... ဤကောင်းကင်သားရဲ အရှင်သခင်သည် နတ်သူငယ်အဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီး၍ ထပ်မံအဆင့်တက်ရန် လူသားများအကြား ရောနှောနေခြင်းပေလော။ သက်လတ်ပိုင်းလူကြီး အတွေးများ သွားသည်။ ဤကိစ္စအား မီးခြင်္သေ့ဘုရင်ထံ ပြန်လည် တင်ပြရပေမည်။

“ရောက်ပြီလား ...”

ယဲ့ချန်သည် သက်လတ်ပိုင်းလူကြီးအား တစ်ချက် လှမ်းကြည့်ကာ ခပ်တိုးတိုးမေးသည်။ ယခုထိတိုင် ဤသက်လတ်ပိုင်း လူကြီး၏ သရုပ်မှန်မှာ သင်းခွေချပ်တစ်ကောင် ဖြစ်သည်အား ယုံကြည်နိုင်ရန် ယဲ့ချန်အဖို့ ခက်ခဲနေသေးသည်။ သို့သော် ထိုလူကြီးကား ခန်းမအတွင်းသို့ အချိန်ကိုက် ရောက်လာခြင်းကိုတော့ ဝန်ခံရပေမည်။ ယဲ့ချန်သည် သင်းခွေချပ်၏ အဆင့်မှာ ‘ကမ္ဘာမြေအဆင့်’ ဟု ကြားသိခဲ့ရသော်လည်း ထိုအဆင့်သည် လူသားများ၏ အခေါ်အဝေါ်အရ မည်သည့် ကျင့်ကြံဆင့်နှင့် ညီမျှသည်ကိုတော့ မသိရှိရပေ။ ထျန်းချီအဆင့် ၉ အလယ်အလတ်ဆင့် ကျင့်ကြံသူ၏ လက်ဝါးချက်အား လွယ်လင့်တကူ တားဆီးနိုင်ပုံကို ထောက်လျှင် အနည်းဆုံး ထျန်းချီအဆင့် ၉ ထိပ်ဆုံး ဆင့်လောက်တော့ ဖြစ်နိုင်သည်။

“ဟုတ်ကဲ့ ရောက်ပါပြီ အ ...”

လူကြီးသည် ‘အရှင်’ ဟူ၍ ယောင်ယမ်း ခေါ်မိတော့မလို ဖြစ်သွား၍ အရှိန်သတ်လိုက်ရသည်။ ကောင်းကင်သားရဲ အရှင်သခင်သည် သူ၏ တကယ့် အဆင့်အတန်းအား လူသားများရှေ့တွင် ဖော်ထုတ်လိုမည် မဟုတ်ပေ။

သက်လတ်ပိုင်းလူကြီး၏ ယဲ့ချန်အပေါ် အလွန် တလေးတစား ဆက်ဆံပုံကြောင့် ခန်းမထဲရှိ လူတိုင်းမှာ ပြောစရာ စကားမရှိ ဖြစ်သွားကြရသည်။ ဤသက်လတ်ပိုင်း လူကြီးသည် အနည်းဆုံး ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်ခန့် ရှိမည်ဟု ယူဆရသော်လည်း အဘယ့်ကြောင့် ယဲ့ချန်ကဲ့သို့ လူငယ်လေးအပေါ် အလွန် လေးစားနေရပါသနည်း။ ပုံမှန်ဆိုလျှင် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် ကျင့်ကြံသူ တစ်ယောက်သည် တုန်းလင်၊ ဒုတိယမင်းသား ရှေ့တွင်ပင် ဤမျှ လေးစားသမှု ပြုနေစရာ မလိုအပ်ပေ။

လျှိုကျန်းနှင့် ဆရာချင်တို့သည် ထိတ်လန့်မှုကြောင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ မရေမရာ ဖြစ်မှုတို့က နှစ်ဦးလုံး၏ မျက်လုံးများထဲတွင် ထင်ဟပ်နေ၏။

ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည်ပင် ရှုပ်ထွေး နေကြသည်။ ဘယ်အချိန်တည်းက သူတို့မိသားစုမှ ချန်အာတစ်ယောက် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် ကျင့်ကြံသူနှင့် မိတ်ဆွေဖွဲ့ခဲ့သည် မသိပေ။ ထို့ပြင် ထိုကျင့်ကြံသူသည် မိတ်ဆွေအဆင့်လောက်သာ မဟုတ်ဘဲ လက်အောက်ငယ်သား တစ်ယောက်ကဲ့သို့ ချန်အာ့အပေါ် အလွန် လေးစားစွာ ဆက်ဆံနေသည်ဖြစ်ရာ ကိစ္စရပ်တို့က ပို၍ ပဟေဠိဆန် သွားသည်။

“ရှေ့တိုး လာပြီးပြော”

ယဲ့ချန်သည် နက်ရှိုင်းသော လေသံဖြင့် လူကြီးအား ပြောလိုက်ပြီး ခန်းမအနှံ့ တစ်ချက် ဝေ့ကြည့်လိုက်လျှင် အားလုံးသည် သူနှင့် အကြည့်ချင်း မဆုံရဲဘဲ ခေါင်းငုံ့သွားကြသည်။ ၎င်းတို့၏ စိတ်ထဲတွင်တော့ ရှုပ်ထွေးစွာ ထင်ကြေး ပေးနေကြသည်။

“ဟုတ်ကဲ့”

လူကြီးက တစ်ချက် ဦးညွှတ်လိုက်ပြီးမှ ခါးကိုင်းလျက်အတိုင်း ရှေ့သို့ တိုးလာသည်။ ထိုအပြုအမူက ယဲ့ချန်အပေါ် မည်မျှ လေးစားမှုရှိကြောင်း ပေါ်လွင်နေသည်။

‘မိုးနတ်မင်းရေ ... လောကကြီးထဲက ဘယ်လို ထျန်းချီအဆင့် ၉ ထိပ်ဆုံး ဆင့်ကျင့်ကြံသူကများ လူငယ်လေး တစ်ယောက်အပေါ်  ဒီလောက်ထိ လေးစားရတာလဲ။ မဟုတ်မှလွဲ ... ယဲ့ချန်မှာ ဖုံးကွယ်ထားတဲ့ နောက်ခံကြီးကြီးမားမား ရှိနေတာများလား’

လူတိုင်းသည် အတွေးကိုယ်စီဖြင့် ရှုပ်ထွေး နေကြသည်။ ယဲ့မိသားစုဝင်များသည်ပင် ဘာတွေဖြစ်ပျက်နေမှန်း နားမလည်နိုင်ဘဲ ရှိကြသည်။

သက်လတ်ပိုင်း လူကြီးသည် ယဲ့ချန်ထံသို့ လျှောက်လာရင်း ဆရာချင်၏ရှေ့နားမှ ဖြတ်လျှောက်သွားချိန်တွင် လျှိုကျန်းနှင့် ဆရာချင်တို့သည် မသိမသာ မျက်ရိပ်ပြလိုက်ကြပြီး ဆရာချင်က ရုတ်တရက် လှုပ်ရှားလာသည်။ ဆရာချင်သည် တိတ်တဆိတ်ဖြင့် ထျန်းချီအပြည့် စုစည်းထားခဲ့သော ညာဘက်လက်နှင့် သက်လတ်ပိုင်း လူကြီး၏ ဦးခေါင်း နောက်ဘက်အား ရိုက်ချလိုက်လေသည်။ ထိုလူကြီးကား ယဲ့ချန်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိပုံရသည်။ ထို့ကြောင့် အနာဂတ်တွင် ဖြစ်လာမည့် ပြဿနာတို့အား ရှောင်ရှားနိုင်ရန် ဤလူကြီးကို အခွင့်သာတုန်း တစ်ခါတည်း သတ်ရပေမည်။ ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် ကျင့်ကြံသူဖြစ်တော့ရော ဘာအရေးနည်း။ ပြင်းထန်သော လျှပ်တစ်ပြက် တိုက်ခိုက်မှုအား ကာကွယ်နိုင်စရာ အကြောင်း မရှိပါချေ။

ဆရာချင်ကား ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် ကျင့်ကြံသူ ပီသလှသည်။ သူ၏ ထျန်းချီများသည် အလွန်အားကောင်းပြီး ကြောက်မက်ဖွယ် အရှိန်အဝါတို့ ပါဝင်နေသည်။ ရွှမ်သတ္တုမှ ပြန်လည် သန့်စင်ထားသော သံမဏိသည်ပင် ဆရာချင်၏ လက်ဝါးချက်နှင့် ထိပ်တိုက် ရင်ဆိုင်ရပါက အနည်းဆုံး လက်ဝါးရာတော့ ကျန်နေခဲ့မှာ သေချာသည်။

“သတိထား”

ယဲ့ကျန့်ထျန်း၊ ယဲ့ချိန်ရွှမ်းနှင့် အခြားသော ယဲ့မိသားစုဝင်တို့သည် အထိတ်တလန့်ဖြင့် အော်ဟစ် သတိပေးလိုက်ကြသော်လည်း နောက်ကျ သွားခဲ့ချေပြီ။

ယဲ့ချန်ပင်လျှင် အတန်ငယ် ထိတ်လန့်သွားရသည်။

သို့သော်လည်း သက်လတ်ပိုင်း လူကြီးသည် အနည်းငယ်မျှ လှုပ်ရှားခြင်း မပြုဘဲ ရှောင်ရှားမည့်ဟန်လည်း မရပေ။ ဆရာချင်၏ လက်ဝါးချက်သည် သက်လတ်ပိုင်းလူကြီး၏ ဦးခေါင်း နောက်ဘက်သို့ မိမိရရ ထိမိသွားချိန်တွင် ခပ်အုပ်အုပ် အသံတသံ ထွက်လာခဲ့သည်။ ထိုအသံမှာ လူသားတစ်ယောက်၏ လက်ဝါးနှင့် သံမဏိပြား တစ်ချပ်တို့ ထိမိသွားသည့် အသံနှင့် ဆင်တူသည်။ ခန်းမထဲရှိလူတိုင်း မျှော်လင့်ထားသကဲ့သို့ သက်လတ်ပိုင်း လူကြီး၏ ဦးခေါင်း ပေါက်ကွဲသွားပြီး ဦးနှောက်များ ထွက်ကျမလာခဲ့ပေ။ သက်လတ်ပိုင်း လူကြီးသည် ထိခိုက်ဒဏ်ရာ အနည်းငယ်ပင် ရသွားခြင်းမရှိဘဲ ဆရာချင်အား အလွန်အေးစက်စွာ လှည့်ကြည့်လာသည်။

ခန်းမတခုလုံး တိတ်ဆိတ် ကျသွားသည်။ သက်လတ်ပိုင်း လူကြီးသည် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်ကျင့်ကြံသူ တစ်ယောက်၏ လက်ဝါးချက်အား ဦးခေါင်းချည်း သက်သက်ဖြင့် ခံယူခဲ့သော်လည်း အနည်းငယ်မျှပင် ဖြုံပုံမရပေ။ ထို့ပြင် သက်လတ်ပိုင်း လူကြီးသည် ထျန်းချီ အကာအကွယ်ပင် ဖန်တီးခဲ့ခြင်း မရှိဘဲ ဦးခေါင်းသက်သက်ဖြင့် လက်ဝါးချက်ကို ခံယူခဲ့ခြင်း ဖြစ်သည်။ ဤလောကကြီးထဲ၌ မည်သို့သော ကျင့်ကြံသူ၏ ဦးခေါင်းက ထိုမျှ မာပါသနည်း။ သက်လတ်ပိုင်း လူကြီးသည် ထျန်းချီအဆင့် ၁၀ သို့ ရောက်ရှိနေခြင်းပေလော။

***

All Chapters