နှစ်ထောင်ချီသက်တမ်းရှိသည့် လက်ဆောင်ပစ္စည်းများ
Vol. 6 Ch. 72
လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာ အသက်ပြင်းပြင်း ရှူမိကြသည်။ တုန်းလင်ပြည်နယ်၏ ဒုတိယမင်းသားကိုယ်တိုင် ရောက်လာလျှင်ပင် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူအား ထိခိုက်စေရဲမည် မဟုတ်။
ဆရာချင်သည် သက်လတ်ပိုင်းလူကြီး၏ အေးစက်လှသော အကြည့်ကြောင့် ကြောက်ရွံ့ထိတ်လန့်ကာ အနောက်ဘက်သို့ ခုန်ဆုတ်လိုက်မိသည်။ သူ၏ လက်ချောင်းထိပ်များ၌ တဆစ်ဆစ် နာကျင်နေမှုက ယခုထက်ထိ လတ်လတ်ဆတ်ဆတ် ရှိနေသေးသည်။ ဆရာချင်သည် အလွန်အမင်း ခြိမ်းခြောက်ခံရသော ခံစားမှုမျိုး ဖြစ်သွားခဲ့ရသည်။ ယခုအကြိမ်ကား သူ့အတွက် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူနှင့် ပထမဆုံး ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။
ဆရာချင်၏ အကန့်အသတ်အား လျှိုကျန်းက ကောင်းကောင်းသိသည်။ သူတို့ရှေ့၌ ရပ်နေသူသည် ထျန်းချီအဆင့် ၁၀ သို့မဟုတ် ပိုမြင့်တာပင် ဖြစ်နိုင်သည်။ ထိုလူသည် အစွမ်းအစ အစစ်အမှန်အား ယခုထက်ထိ ထုတ်ပြမလာသေးပေ။ မင်းသားငယ်သည် စိတ်ရှုပ်ထွေး လာရသည်နှင့်အတူ တချိန်တည်းတွင် ကြောက်ရွံ့ခြင်းကပါ ကပ်ပါလာသည်။ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ တစ်ယောက်ကို ထိပါးမိပါက ကျွင်းဝမ်နန်းတော်၏ လုံခြုံမှုကား မေးခွန်းထုတ်စရာ ဖြစ်လာနိုင်သည်။
ယဲ့ချန်ကိုယ်တိုင်ပင် သင်းခွေချပ်၏ စွမ်းအားကို အံ့ဩတကြီး ဖြစ်သွားရသည်။ သင်းခွေချပ်သည် အနည်းဆုံး ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူနှင့် လက်ရည်တူခန့် ရှိနိုင်သည်။ သားရဲလောကရှိ ကမ္ဘာမြေအဆင့် ဟူသည်မှာ လူသားလောက၏ ထျန်းချီအဆင့် ၁၀ နှင့် ညီမျှခြင်းပေလော၊ သို့မဟုတ် ပိုမြင့်သလော ... ယဲ့ချန်လည်း မတွေးတတ်တော့ပေ။
“မင်းနာမည်က ဘာလဲ”
ယဲ့ချန်သည် သင်းခွေချပ်အား မေးလိုက်ရာတွင် အတွင်းစိတ်ထဲ၌ စိတ်လှုပ်ရှား နေမိသည်အား မငြင်းပယ်နိုင်ပေ။ မပြောကောင်း မဆိုကောင်း၊ ကောင်းကင်သားရဲ အရှင်သခင်အဖြစ် အယောင်ဆောင်ထားခြင်းသာ ပေါ်သွားပါက ယဲ့မိသားစုတခုလုံး မျိုးပြုတ် သွားပေလိမ့်မည်။ ကိစ္စတွေက သည်အထိ ဖြစ်ပျက်ခဲ့ပြီးမှတော့ ယဲ့ချန်သည် နောက်ပြန်ဆုတ်မည့်အစား ကောင်းကင်သားရဲ အရှင်သခင်အဖြစ် ပို၍ ပီပြင်စွာ သရုပ်ဆောင်ရန်သာ ရှိတော့သည်။
“မင်ယွမ်ပါ အရှင်မင်းသား”
[T/N — ဒီနေရာမှာ သင်းခွေချပ်သုံးလိုက်တဲ့ ‘အရှင်မင်းသား’ က လူသားတွေ သုံးလေ့ရှိတဲ့အသုံးပါ။ အရှေ့မှာ သူသုံးခဲ့တဲ့ ‘အရှင်’ နဲ့ အဓိပ္ပာယ်ကွဲပါတယ်။]
အရှင်မင်းသားတဲ့လား ... ။ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူမှ ယဲ့ချန်အား’အရှင်မင်းသား’ ဟူ၍ သုံးနှုန်းလိုက်ခြင်း ... ။
လျှိုကျန်းနှင့် ဆရာချင်အပါအဝင် အကြီးအကဲ ခေါင်းဆောင်များ အားလုံး အံ့ဩထိတ်လန့်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။ အထူးသဖြင့် တော်ဝင်မိသားစုနှင့် အဆက်အစပ်ရှိသော လျှိုကျန်းတို့နှစ်ဦး ဖြစ်သည်။ ယဲ့ချန်၏ အလွန်တည်ငြိမ်နေသော အမူအရာကြောင့် သူတို့မှာ စိုးရိမ်စပြု လာကြသည်။
‘ယဲ့ချန်က ယဲ့မိသားစုမှာပဲ တစ်ချိန်လုံး ရှိနေတာ မဟုတ်ဘူးလား။ ဘယ်တုန်းက တော်ဝင်မင်းသား ဖြစ်သွားတာတုန်း။ ငါတို့လည်း မသိလိုက်ရပါလား’
ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် ယဲ့မိသားစုဝင် များသည်လည်း နဝေတိမ်တောင်ဖြင့် ဆွံအနေကြသည်။
ခန်းမထဲရှိ လူအုပ်ကြီးသည် နေ့ခင်းကြောင်တောင် အိပ်မက်မက် နေခြင်းများလား ဟူ၍ သတိပြန်ဝင်လာစေရန် ကိုယ့်ကိုယ်ကိုယ် ဆွဲဆိတ်နေကြသည်။ ဆွဲဆိတ်ရာမှ ဖြစ်ပေါ်လာသော နာကျင်မှုက အိပ်မက်မက်နေခြင်း မဟုတ်ကြောင်း သက်သေထူနေသည်။
“မင်ယွမ်တဲ့လား ... ။ အင်း အထင်ကြီးစရာပဲ”
ယဲ့ချန်သည် ခေါင်းတညိတ်ညိတ် လုပ်ရင်း နှုတ်ခမ်းထက်၌ ခပ်စစ အပြုံးတစ်ခု ရှိနေ၏။
မင်ယွမ်သည်လည်း ယဲ့ချန်၏ ချီးကျူးစကားကြောင့် ပီတိဖြာ သွားရသည်။ ကောင်းကင်သားရဲ အရှင်သခင်ထံမှ ချီးကျူးခြင်း ခံရကြောင်း ကြားရလျှင် မီးခြင်္သေ့ဘုရင်ကလည်း သူ့အား ထပ်မံချီးကျူးမှာ သေချာသည်။ ထိုသို့အတွေးဖြင့် မင်ယွမ်သည် ပျော်ရွှင်သွားရကာ ယဲ့ချန်အား ဦးညွှတ်လျက် ဆိုသည်။
“ဒီနိမ့်ကျတဲ့ငယ်သားရဲ့ သခင်က အရှင်မင်းသားအတွက် လက်ဆောင် ထည့်ပေးလိုက်တဲ့အပြင် အရှင်မင်းသား အားလပ်တဲ့အခါ လာရောက် လည်ပတ်ဖို့လည်း အမှာပါးလိုက်ပါတယ်”
ကောင်းကင်သားရဲ အရှင်သခင်၏ စိတ်အခြေအနေ ကောင်းနေကြောင်း မြင်ရသည့်အခါ မင်ယွမ်သည် မီးခြင်္သေ့ဘုရင်၏ ဖိတ်ခေါ်မှုအကြောင်း မမေ့မလျော့ ထပ်ကာပြောလိုက်၏။
လူအုပ်ကြီးမှာ နောက်ဆုံးတော့ နားလည်သွားပြီ ဖြစ်သည်။ ဤထျန်းချီအဆင့် ၁၀ ကျင့်ကြံသူသည် အလွန် အင်အားကြီးသော ဆရာသခင် တစ်ယောက်ယောက်၏ လက်တိုလက်တောင်း အစေခံ ဖြစ်ပုံရကာ ယဲ့ချန်အတွက် လက်ဆောင်ပစ္စည်း လာပို့ခြင်း ဖြစ်နိုင်သည်။ သို့သော် မည်သည့် အစွမ်းထက်လှသော ပုဂ္ဂိုလ်ကများ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူကို ပစ္စည်းပို့ခြင်းကဲ့သို့ ကိစ္စ သေးသေးလေးအတွက် စေခိုင်းဝံ့ပါသနည်း။ မင်ယွမ်ဆိုသူ၏ နောက်ကွယ်ရှိ ဆရာသခင်ကား မည်သည့်အရပ်မှ အစွမ်းထက်ပုဂ္ဂိုလ်ကြီး ဖြစ်ပါသနည်း။
အားလုံး၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာသည်။
ယဲ့ချန်သည် အမွှေးပွလေးကို ကြည့်ကာ ဤမင်ယွမ်အမည်ရှိသော သင်းခွေချပ်သည် တောင်ကြားထဲရှိ အမွှေးပွလေး၏ မျိုးနွယ်စုအား အစုလိုက် အပြုံလိုက် သတ်ဖြတ်သွားသော နတ်ဆိုးဝံပုလွေများနှင့် ပတ်သက်ခြင်းရှိ၊ မရှိအား အတည်ပြုခိုင်းလိုက်သည်။ အမွှေးပွလေးကား ခေါင်းယမ်းပြလာသည်။ ယဲ့ချန်လည်း ခဏမျှ တိတ်ဆိတ်သွားသည်။ ကောင်းကင်သားရဲများ၏ လောကသည် သူ ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးနေဟန် ရသည်။
“အခုက မင်းမြင်တဲ့ အတိုင်းပဲ။ ငါ့အတွက် အတိမ်းအစောင်းမခံတဲ့ အချိန်ကာလကို ရောက်နေတာမလို့ အပြင်ကို မထွက်အားသေးဘူး။ မင်းရဲ့သခင်ကို ပြန်ပြောပေးပါ ... အချိန်ရတဲ့ တစ်နေ့ကျရင် ငါ ကျိန်းသေပေါက် အလည်အပတ် လာခဲ့ပါ့မယ်လို့”
ယဲ့ချန်က ပြန်ပြောလိုက်သည်။ မီးခြင်္သေ့ဘုရင်သည် နတ်သူငယ်အဆင့် ဘုရင်တစ်ပါး ဖြစ်ရာ သူ့အနေနှင့် ယခုထက်ပို၍ ယုံကြည်ချင်စဖွယ် ကောင်းအောင် သရုပ်ဆောင်ပြဖို့ လိုပေသည်။ မဟုတ်ပါက ဤအယောင်ဆောင် ဇာတ်ရုပ်အား ဆက်ထိန်းထားနိုင်ဖို့ မလွယ်ပါချေ။
ထိုစကားကိုကြားသော် မင်ယွမ်၏ မျက်လုံးများသည် ပြူးကျယ်သွားရပြီး ဇဝေဇဝါ ဖြစ်နေသည့်ဟန်လည်း ရသည်။ အတန်ကြာသော အခါမှ ဘာကို နားလည်မှန်းမသိ နားလည်သွားပုံဖြင့် ကပျာကယာ ဦးညွှတ် လာလေသည်။
မင်ယွမ်သည် ထိတ်လန့်စွာဖြင့် တွေးမိသည်။
‘အတိမ်းအစောင်းမခံတဲ့ အချိန်ကာလ . ... ။ ဒီတော့ တကယ်ပဲ ကောင်းကင်သားရဲ အရှင်သခင်က နတ်သူငယ်အဆင့်ရဲ့ ထိပ်ဆုံးကို ရောက်နေတာကြောင့် အဆင့်တက်နိုင်ဖို့ လူသားတွေကြားမှာ ဉာဏ်အလင်း လာရှာတာပေါ့’
နတ်သူငယ်အဆင့်၏ ထိပ်ဆုံးဆင့်အား ကျော်ဖြတ်နိုင်ရန်မှာ အနည်းဆုံး နှစ်ပေါင်း ၁၀၀၊ ၂၀၀ ခန့် အချိန်ယူရပေသည်။ သို့သော်လည်း နတ်သူငယ်အဆင့် အရှင်သခင်များအတွက် နှစ်ပေါင်း ၁၀၀၊ ၂၀၀ သည် ခဏတဖြုတ် အချိန်လေးသာဖြစ်ပြီး မပြောပလောက်ပေ။
ယဲ့ချန်သည် သူ ဘာရယ်မဟုတ် ပြောလိုက်သော စကားတစ်ခွန်းကြောင့် မင်ယွမ်၏ အတွေးတို့က ထိုမျှအထိ ရောက်သွားလိမ့်မည်ဟု လုံးဝ မသိရှာပေ။
မင်ယွမ်တယောက် အတွေးနက်နေသည်ကို ကြည့်ကာ ယဲ့ချန်လည်း မတတ်သာဘဲ ပြောလိုက်ရ၏။
“အချိန်မရှိဘူး။ မင်းရဲ့သခင်ဆီက လက်ဆောင်ကို ပေးမယ်ဆို ပေးတော့လေ”
“ဟုတ်သားပဲ”
မင်ယွမ်သည် ယခုမှ သတိပြန်ဝင်လာဟန်ဖြင့် ကပျာကယာ ပြောသည်။ ထို့နောက် သူသည် ကောင်းကင်ပထဝီအိတ် အတွင်းမှ သေတ္တာတစ်လုံးကို ထုတ်ယူလိုက်၏။ ထိုသေတ္တာမှာ ပေါ့ပေါ့ပါးပါး ဖြစ်ဟန်မရဘဲ မင်ယွမ်သည်ပင် လက်နှစ်ဖက်လုံးကို သုံးကာ မ,ထားရသည်။ သေတ္တာသည် ရွေသားစစ်စစ်ဖြင့် ပြုလုပ်ထားပြီး သေတ္တာထက်၌ ခြင်္သေ့တစ်ကောင်၏ ရုပ်ပုံအား အနုစိတ် ပုံဖော်ထားသည်။
သေတ္တာအား မ,ထားရင်းဖြင့် မင်ယွမ်သည် အလွတ်ကျက်ထားသည့် စာတို့အား ရွတ်ပြသကဲ့သို့ ဂရုတစိုက်ဖြင့် စတင် ရွတ်လေတော့သည်။
“ဒီသေတ္တာထဲမှာ လက်ဆောင် အမျိုးအစားပေါင်း ၃၅ မျိုး ပါပါတယ်။ အနှစ် ၂၀၀၀ သက်တမ်းရှိတဲ့ မြေနဂါးသစ်သီး၊ အနှစ် ၁၀၀၀ သက်တမ်းရှိတဲ့ သန္ဓေသားဂျင်စင်း ၃ ခု၊ ဉာဏ်အမြင်အဆင့် ကောင်းကင်သားရဲရဲ့ ကောင်းကင်မျက်လုံး ၁၅ လုံး ...”
“လုံလောက်ပြီ”
ဆက်နားထောင်နေလျှင် ဒီထက် ထိတ်လန့်စရာများ ထပ်ကြားရမည်စိုး၍ ယဲ့ချန် အလျင်အမြန် ဟန့်တားလိုက်ရသည်။
ယဲ့ချန်သည် ခန်းမထဲရှိ လူများ၏ အမူအရာကို တစ်ချက် အကဲခတ်ကြည့်သော် အားလုံးသည် အံ့အားသင့်မှုကြောင့် မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားဖြင့် ရှိနေကြသည်။ သူတို့သည် ကောင်းကင်မျက်လုံး၊ ကောင်းကင်သားရဲ အစရှိသည့် စကားလုံးများကို မဆိုထားနှင့်။ မြွေနဂါးသစ်သီး ဟူသည့် အသီးကိုပင် တစ်ခါမျှ မကြားဖူးကြတာ ဖြစ်သည်။ ထို့ပြင် သန္ဓေသားဂျင်စင်း ဆိုသည်ကရော မည်သို့သော ဂျင်စင်းနည်း။ နာမည်အရဆိုပါက ဒဏ္ဍာရီထဲရှိ မှော်သားရဲများကို လူသားအသွင် ပြောင်းစေနိုင်သော ဂျင်စင်းပေလော။ ထိုမျှ အဖိုးတန် ရှားပါးသည်ကိုမှ အနှစ် ၁၀၀၀ သက်တမ်းရှိသည့် သန္ဓေသားဂျင်စင်းသုံးခု . ... ။
မိုးနတ်မင်းရေ ... ကြားနေရတာတွေက မှန်မှမှန်ပါရဲ့လား။
လူအုပ်ကြီးမှာ အလွန်စိတ်လှုပ်ရှား နေကြသည်။ ယဲ့မိသားစုတွင် အဖိုးတန်ပါရမီရှင် တစ်ယောက်၊ အဆင့် ၉ သားရဲနှစ်ကောင်အပြင် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ၏ အကူအညီလည်း ရှိနေသေးသည်။ ဘယ်သူကများ ယဲ့မိသားစုအား ရန်စရဲတော့ပါမည်နည်း။
လက်ဆောင်ပစ္စည်းများမှာ အဖိုးတန်လွန်းနေ၍ ယဲ့ချန်သည် မင်ယွမ်အား ကပျာကယာ ဟန့်တားလိုက်ရခြင်း ဖြစ်သည်။ မင်ယွမ်သာ ပစ္စည်း ၃၅ မျိုးလုံးအား ရွတ်ပြနေပါက ယဲ့မိသားစုသည် သူခိုးသူဝှက်များကို ဖိတ်ခေါ်နေသည့်နှယ် ဖြစ်နေပေရော့မည်။ ယဲ့ချန်သည် နတ်သူငယ်အဆင့် အရှင်သခင်များ၏ ချမ်းသာ ကြွယ်ဝမှုအား အံ့ဩတကြီး ဖြစ်မိပါ၏။ ၎င်းတို့ထံမှ ကြုံရာကျပန်း လက်ဆောင်တစ်ခုကပင် လူသားများအတွက် အလွန် အဖိုးတန်လွန်းလှသည်။
ယဲ့ချန်၏ ဟန့်တားမှုကြောင့် မင်ယွမ်တစ်ယောက် စိတ်မအေးနိုင် ဖြစ်သွားရသည်။ မီးခြင်္သေ့ဘုရင်ထံမှ လက်ဆောင်များသည် ကောင်းကင်သားရဲ အရှင်သခင် သဘောတွေ့ ရလောက်အောင် မခမ်းနားပေ၍လော ... ။
“ဒီလက်ဆောင်တွေက ...”
ကောင်းကင်သားရဲအရှင်သခင် ဒေါသထွက်သွားတာများလား ... ။
ထိုသို့အတွေးနှင့် မင်ယွမ်၏ ခြေထောက်များ စတင်တုန်ယင်လာသည်။ သူသည် တစ်စုံတစ်ရာပြောရန် ပါးစပ်ဟလိုက်စဉ်မှာပဲ ယဲ့ချန်က ဦးစွာ ဖြတ်ပြောလာ၏။
ယဲ့ချန်သည် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရင်း ပြုံးကာဆိုသည်။
“ဒီလက်ဆောင်တွေကို ငါလက်ခံထားလိုက်မယ်။ မင်းရဲ့သခင်ကို ကျေးဇူးတင်ကြောင်း ပြန်ပြောပေးပါ”
ယဲ့ချန်က လက်ဆောင်များကို မငြင်းပယ်ကြောင်း သိရမှ မင်ယွမ်လည်း စိတ်သက်သာရာ ရသွားတော့သည်။
ယဲ့ချန်သည် ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့ထံ ကြည့်ကာ ပြော၏။
“လက်ဆောင်တွေကို သိမ်းလိုက်ပါဦး”
ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့၏ မျက်နှာများမှာ ပျော်ရွှင်မှုကြောင့် ဝင်းပသွားသော်လည်း မင်ယွမ်ကဲ့သို့ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူရှေ့တွင် လက်လွတ်စပယ် မပြုမူရဲကြပေ။ မင်ယွမ့်အနီးသို့ သတိထားကာ တိုးကပ် သွားကြပြီးနောက် လက်ဆောင် သေတ္တာကို လွှဲပြောင်းယူကာ ရဲတိုက် အတွင်းဘက်သို့ သယ်ဆောင် သွားကြလေသည်။
မည်သို့ပင်ဆိုစေ ဤလက်ဆောင် ပစ္စည်းများကြောင့် သူခိုးများအား ဆွဲဆောင်မိပြီ ဖြစ်ကြောင်း ယဲ့ချန် နားလည်သည်။ ထို့ပြင် လျှိုကျန်းနှင့် နောက်လိုက်တစ်စု၏ ရန်ကလည်း ရှိနေသေးရာ သူသည် မင်ယွမ်အား လောလောဆယ်အဖို့ ပြန်မလွှတ်နိုင်သေးပေ။ ရုတ်တရက် သူ အကြံရသွားသည်။
“မင်ယွမ် ... မင်းရဲ့သခင်ဆီကို ငါကိုယ်တိုင် စာတစ်စောင် ရေးပေးလိုက်ဖို့ရှိတယ်။ ဒါ့ကြောင့် ဒီအတောအတွင်း အရှေ့ဘက်ခြံဝင်းမှာ ခဏတည်းခိုနေပါ”
ကောင်းကင်သားရဲ အရှင်သခင်က သူ့အား တရင်းတနှီး နာမည်တပ်ကာ ခေါ်လိုက်သောကြောင့် မင်ယွမ်သည် အလွန်ပီတိဖြာလျက် ကျေနပ်သွားရသည်။ ထို့ပြင် မီးခြင်္သေ့ဘုရင် အတွက်လည်း စာတစ်စောင် ရေးပေးဦးမည်ဟု ဆိုသည်။ မင်ယွမ်သည် မထိန်းနိုင်လောက်အောင်ကို စိတ်လှုပ်ရှား ပျော်ရွှင်နေမိပြီ ဖြစ်သည်။ မီးခြင်္သေ့ဘုရင်သည် စာကို လက်ခံရရှိသည့်အခါ သူ့အား ဆုချီးမြှင့်မှာ သေချာသည်။ သူ့အတွေးနှင့်သူ ကျေနပ်နေလျက် မင်ယွမ်သည် အလျင်အမြန်ပဲ သဘောတူလိုက်၏။
ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူတစ်ယောက်လုံး ယဲ့မိသားစုရဲတိုက်တွင် ရှိနေမှတော့ ဘယ်သူကများ ရုတ်ရုတ်သဲသဲ လုပ်ရဲတော့ပါမည်နည်း။
လျှိုကျန်းနှင့် ဆရာချင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။
“ကြီးမြတ်လှတဲ့ ခေါင်းဆောင်ယဲ့ ... ကျုပ်တို့ကို ပြန်ခွင့်ပြုပါဦး။ မကြာခင်မှာ တုန်းလင်ရဲ့ ဒုတိယမင်းသားကိုယ်တိုင် ဒီနေ့ ယဲ့မိသားစုအပေါ် မလေးမစား ဆက်ဆံမိခဲ့တာအတွက် လာတောင်းပန်ပါလိမ့်မယ်”
ဆရာချင်က ဆိုသည်။ လက်ရှိတွင် ယဲ့မိသားစုရဲတိုက်၌ ဆက်မနေသင့်တော့ပေ။ ကျွင်းဝမ်နန်းတော်သို့ ပြန်ကာ ဒုတိယမင်းသားအား ဖြစ်ရပ်အလုံးစုံကို လျှောက်တင်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
ဆရာချင်သည် အရိပ်အကဲ နားလည်ကာ ဘယ်အချိန်တွင် ဘာလုပ်ရမည်ကို ကောင်းစွာ နားလည်သူ ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ အခြေအနေ၌ ဦးနှောက်မဲ့စွာ ရှေ့ဆက်တိုးမည် မဟုတ်။ တစ်ဖက်တွင်လည်း လျှိုကျန်းသည် ပြောစရာ စကားမဲ့နေပြီး စိတ်ရှုပ်ထွေးမှုက မျက်နှာတစ်ပြင်လုံးတွင် အတိုင်းသား ပေါ်နေသည်။
ယဲ့ချန်သည် ထိုနှစ်ဦးအား လှောင်ပြုံး တစ်ခုဖြင့်သာ တုံ့ပြန်လိုက်သည်။ ဒုတိယမင်းသား မလာလျှင်တောင် သူက ကျွင်းဝမ်နန်းတော်သို့ တနေ့နေ့၌ အရောက်သွားရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ဆရာချင်သည် မသက်မသာ အပြုံးတစ်ခုဖြင့် ယဲ့ချန်အား နှုတ်ဆက်၏။ သူ့အနေနှင့် ယဲ့မိသားစုရဲတိုက်မှ ထွက်ခွာကာ ကျွင်းဝမ်နန်းတော်သို့ အမြန်ဆုံးပြန်ပြီး ဤနားလည်မှုလွဲခြင်း ဖြစ်စဉ်အား မည်သို့ ဖြေရှင်းရမည်ကို ဒုတိယမင်းသားနှင့် တိုင်ပင်ရန်လိုသည်။ မဟုတ်ပါက ကျွင်းဝမ်နန်းတော်သည် ကြီးမားသော အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်ရနိုင်၏။
သို့နှင့် လျှိုကျန်း၊ ဆရာချင်နှင့် နောက်လိုက် တစ်စုတို့သည် ယဲ့မိသားစု ရဲတိုက်ထဲမှ အဆောတလျင် ထွက်ခွာ သွားကြတော့သည်။
***
[Translator’s Note]
-ကောင်းကင်ပထဝီအိတ်/ ချိန်ခွင်းအိတ်/ သိုလှောင်အိတ်/ ဘယ်လိုရေးရေး အတူတူပါပဲ။ ဒါပေမဲ့ ကောင်းကင်ပထဝီအိတ်က ပိုလှလို့ နောက်လည်း အဲဒီလိုပဲ သုံးပါမယ်။ သိုလှောင်အိတ်လို့ပဲ အလွယ်မှတ်ထားလိုက်ပါ။
***