← Chapters

ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်

Vol. 6 Ch. 73

ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်

Vol. 6 Ch. 73

ယဲ့ကျန့်ထျန်းနှင့် ယဲ့ချိန်ရွှမ်းတို့သည် လက်ဆောင်ပစ္စည်းတို့အား ရတနာတိုက်ထဲသို့ ထည့်ပြီးသည့်နောက် ယဲ့ချိန်ရွှမ်းက ပစ္စည်းတို့အား စောင့်ကြပ်ရန် ကျန်ရစ်ခဲ့သည်။ ယဲ့ကျန့်ထျန်းကတော့ ပင်မခန်းမထဲရှိ ဧည့်သည်များထံသို့ ပြန်လာခဲ့သည်။

“ဒီနေ့ အခမ်းအနားကတော့ ဒီလောက်ပါပဲ။ နဂိုစီစဉ်ထားတဲ့အတိုင်း လူကြီးမင်းတို့ကို အချိန်ကြာကြာ ဧည့်မခံနိုင်တော့လို့ ယဲ့မိသားစုအစား ကျုပ်က တောင်းပန်ပါတယ်။ နောက်တကြိမ် အခွင့်သင့်တော့မှ ပေါင်းပြီး ဧည့်ခံပါ့မယ်”

ယဲ့ချိန်ရွှမ်းက ကြေညာလိုက်သည်။

ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များစွာအပြင် ယဲ့မိသားစု ရဲတိုက်ထဲတွင် ရောက်နေသော ရတနာပစ္စည်းတို့ကြောင့် ယဲ့မိသားစုအနေနှင့် အခမ်းအနားအား ဆက်လက် ကျင်းပရန် မဖြစ်နိုင်တော့ပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် အခမ်းအနားကြောင့် လူများ ရှုပ်ထွေး နေသည်ကို အခွင့်ကောင်းယူကာ ရတနာတိုက်ထဲမှ ပစ္စည်းတို့အား မ,သွားပါက ယဲ့မိသားစုအနေနှင့် ကြီးကြီးမားမား ဆုံးရှုံးရမှာ ဖြစ်သည်။

“မလိုပါဘူး ... နှိမ့်ချလွန်းနေပါပြီ ခေါင်းဆောင်ဟောင်းယဲ့။ ကျုပ်တို့ ရွှီမိသားစုက အခုပဲ ပြန်တော့မှာပါ”

“အတူတူပဲ။ ရီမိသားစုကလည်း နှုတ်ဆက်ပါတယ်”

တဖြည်းဖြည်းနှင့် ခန်းမထဲရှိ လူအုပ်ကြီးမှာ လူစုကွဲ သွားတော့သည်။ ယဲ့မိသားစုသည် ယခင်ကကဲ့သို့ အားမနည်းတော့သည့် အပြင် ထျန်းချီအဆင့် ၁၀ အစောင့်အရှောက်ပါ ရှိနေပြီဖြစ်သည်။ လူအုပ်ကြီးသည် ထိုအခြေအနေအပေါ် အနည်းငယ် အားကျမနာလိုမှု ဖြစ်မိကြသော်လည်း အပြင်ဘက်တွင် ထုတ်မပြကြပေ။ ယဲ့မိသားစုဘက်မှ အခမ်းအနားအား ရုတ်တရက် ရုပ်သိမ်းလိုက် ရသည့်အပေါ် အကြီးအကဲ ခေါင်းဆောင် အများစုက နားလည်နိုင်ကြသည်။ အကယ်၍ သူတို့မိသားစုတွင် ထိုသို့ ရတနာတစ်ပုံတစ်ပင် ရှိနေပါက သူတို့သည်လည်း ယဲ့မိသားစုကဲ့သို့ တစ်ပုံစံတည်း ပြုမူမိမှာ ဖြစ်သည်။

ယဲ့မိသားစုသည် အနာဂတ်တွင် ကြီးပွား တိုးတက်လာမည်မှာ သေချာသလောက် ရှိသည်။ ထိုမျှများပြားသော လက်ဆောင်ပစ္စည်းများ ရရှိရလောက်အောင် ယဲ့ချန်သည် မည်သို့သော အင်အားကြီး ပုဂ္ဂိုလ်မျိုးနှင့် သိကျွမ်းခဲ့သည်ကို အားလုံး ပဟေဠိဖြစ်နေကြသည်။ ထိုပုဂ္ဂိုလ်မှာ မည်သူပဲ ဖြစ်ပါစေ ဆေးဝါးပညာရှင် ဆရာရွှမ်းယီနှင့် ယှဉ်နိုင်လောက်အောင် အင်အား ကြီးမားတာတော့ သေချာသည်။ ယခုအခါ ယဲ့မိသားစု၏ အင်အားသည် အလွန်ကြီးမားနေပြီ ဖြစ်ကာ ပထမဆုံး ယွင်မိသားစုကို ပြိုလဲသွားစေခဲ့သည်။ ဒုတိယမင်းသား၏ ကျွင်းဝမ်နန်းတော်သည်လည်း မကြာမီ၌ တူညီစွာ အဆုံးသတ်ရတော့မည့်ပုံ ပေါ်သည်။

စားသောက်ပွဲပင် အသေအချာ မကျင်းပလိုက်ရဘဲ အကြီးအကဲ ခေါင်းဆောင်များ ပြန်သွားကြရသည်။ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူတစ်ယောက် ယဲ့မိသားစုရဲတိုက်တွင် တည်းခိုနေသည့် သတင်းမှာလည်း အလျင်အမြန်ပဲ ပျံ့နှံ့သွား၏။ ယဲ့မိသားစုဝင်များသည်လည်း အချိန်တိုင်းလိုလို အဆုံးစွန်သော လေးစားမှုတို့ ပျော်ဝင်နေသည့် မျက်လုံးတို့ဖြင့် အရှေ့ဘက်ခြံဝင်းအား မျှော်ကြည့်နေကြသည်။

မိသားစုခေါင်းဆောင် ခြံဝင်းထဲ၌ ... ။

ယဲ့မိသားစု၏ အဓိကမိသားစုဝင် အယောက် ၅၀ တို့သည် ခြံဝင်းအတွင်းတွင် စုရုံးနေကြပြီး ရတနာတိုက်ထဲမှ ယဲ့ကျန့်ထျန်း ရွှေ့လာခဲ့သော ရွှေရောင်သေတ္တာကြီးအား ကြည့်နေကြသည်။

“ချန်အာ ... ဘယ်လို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးနဲ့များ ရင်းနှီးခဲ့တာလဲ။ မင်ယွမ်က မင်းကို ဘာလို့ ဒီလောက် အဖိုးတန်တဲ့ ပစ္စည်းတွေ လက်ဆောင်ပေးရတာလဲ”

ယဲ့ချိန်ရွှမ်းသည် တစ်လျှောက်လုံး ဖိနှိပ်ထားခဲ့ရသည့် သိလိုစိတ်အား ထိန်းချုပ် မထားနိုင်တော့ဘဲ ယဲ့ချန်အား မေးသည်။

အခြားမိသားစုဝင်များ၏ အကြည့်တို့သည်လည်း ယဲ့ချန်ထံ ရောက်လာကြသည်။ ယဲ့ချိန်ရွှမ်း မေးလိုက်သည့် မေးခွန်းမှာ သူတို့အားလုံး သိလိုနေသည်နှင့် တစ်ထပ်တည်း ဖြစ်သည်။ ယဲ့ချန်သည် ရဲတိုက် အပြင်ဘက်သို့ အမြဲထွက်နေတတ်သူ မဟုတ်ပေ။ သို့ဖြစ်ပါလျက်နှင့် ယဲ့ချန်သည် မင်ယွမ်ဆိုသူ၏ သခင်နှင့် မည်သို့မည်ပုံ သိကျွမ်းခဲ့ပါသနည်း။

“ကျွန်တော့်အထင် ... မင်ယွမ်ရဲ့သခင် မိတ်ဖွဲ့ချင်တာက ကျွန်တော့်ကို မဟုတ်ဘူး။ ယဲ့မိသားစုရဲ့ ဘိုးဘေးကြီးကိုပါ”

ယဲ့ချန်သည် ယခုတစ်ကြိမ်တွင်လည်း ဘယ်နားနေမှန်း မသိသည့် ဘိုးဘေးကြီးကို ဆွဲထည့်ကာ ဆင်ခြေ ပေးလိုက်သည်။ ရှင်းမပြနိုင်သော ကိစ္စရပ်တို့ ရှိလာတိုင်း ဘိုးဘေးကြီးအပေါ် လွှဲချလိုက်သည်ကသာ အန္တရာယ်အကင်းဆုံး ဖြေရှင်းနည်း ဖြစ်သည်။

“ယဲ့မိသားရဲ့ ဘိုးဘေးကြီး ဟုတ်လား”

နားထောင်နေသူများမှာ သံယောင်လိုက်ကာ ရေရွတ်မိကြသည်။

‘အာ ... လက်စသပ်တော့ ဒီလိုကိုး’

ယခုမှ အားလုံး ရှင်းလင်း သွားတော့သည်။ ဘိုးဘေးကြီးကြောင့်သာ မဟုတ်ပါက မင်ယွမ်သည် ယဲ့ချန်အား ဦးညွှတ်စရာအကြောင်း မရှိသလို မင်ယွမ်၏ သခင်သည်လည်း အလွန်အဖိုးတန်သည့် လက်ဆောင်တို့ကို ပေးလာလိမ့်မည် မဟုတ်ပေ။

“ဘိုးဘေးကြီးက အခုဘယ်မှာလဲ ဆိုတာ သိသလား ချန်အာ ...”

ယဲ့ချိန်ရွှမ်းက အစ်အောက်မေးလာသည်။

ယဲ့ကျန့်ထျန်း အပါအဝင် ကျန်လူများသည်လည်း ယဲ့ချန်၏ အဖြေအား စိတ်အားထက်သန်စွာ စောင့်ဆိုင်း နေကြသည်။ ယဲ့ချန် ပြောပြောနေသော ဘိုးဘေးကြီးသည် အလွန်ကို အစွမ်းထက်သူ ဖြစ်ရမည်ဟု သူတို့က တွေးမိကြသည်။

“မသိဘူး”

ယဲ့ချန်က ခေါင်းယမ်းသည်။ သူ့အဖို့ စကားများများ ပြောလေလေ အမှားပါနိုင်လေလေ ဖြစ်ရာ ရိုးရှင်းစွာ ဘူးခံခြင်း နည်းလမ်းကသာ အကောင်းဆုံး ဖြစ်သည်။

လူအုပ်ကြီးမှာ အနည်းနှင့် အများတော့ စိတ်ပျက်သွားကြသည်။ 

“ဟုတ်ပါပြီ။ ဘိုးဘေးကြီးလို စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်မျိုးက ပဟေဠိဆန်တယ် ဆိုတာ ပုံမှန်ပါပဲ။ ချန်အာ ... မင်းက အခု မိသားစုခေါင်းဆောင် ဆိုတော့ ဒီပစ္စည်းတွေကို ဘာလုပ်ချင်လဲ”

ယဲ့ချိန်ရွှမ်းသည် ယဲ့ချန်၏အမြင်အား တောင်းခံလာသည်။ သေတ္တာထဲရှိ ပစ္စည်းများ၏ တန်ဖိုးမှာ မြင့်မားလှရာ လူကြီးတစ်ယောက် အနေနှင့် သူက မစိုးရိမ်ဘဲ မနေနိုင်ချေ။

“အဲဒါတွေကို ဒီတိုင်း စားလိုက်လို့ရလား။ ဒါမှမဟုတ် ဆေးလုံးတွေအဖြစ် ပြန်ပြီး သန့်စင်ဖို့လိုသေးလား”

ယဲ့ချန်သည် ပြန်လည် မေးခွန်းထုတ်၏။ 

သေတ္တာအား ဖွင့်လိုက်လျှင် အထဲမှပစ္စည်းများ၏ မွှေးရနံ့သည် ပတ်ဝန်းကျင် တစ်ခုလုံးအား သင်းပျံ့သွားစေသည်။

“ဒီတိုင်း စားလိုက်မယ်ဆိုရင် ဆေးမြစ်တွေရဲ့ အာနိသင်က ဆယ်ပုံပုံရင် တစ်ပုံလောက်ပဲ သက်ရောက်လိမ့်မယ်။ တခြား ပါဝင်ပစ္စည်းတွေနဲ့ ပေါင်းပြီး ဆေးဖော်စပ်ပြီးမှ သောက်ရင်တော့ အာနိသင်က ဆယ်ဆ ပိုစွမ်းသွားနိုင်တယ်”

ယဲ့ကျန့်ထျန်းက ကောက်ချက်ချသည်။

“တစ်ချိန်တုန်းက ယွင်ရိရန်ရဲ့ အစွမ်းအစတွေ ခုန်ပေါက်တက် သွားခဲ့ရတာက ... အစွမ်းထက်တဲ့ သွေးမှိုတွေကို စားခဲ့ရလို့ပဲ။ ဒါပေမဲ့ အဲဒီသွေးမှိုတွေရဲ့ အစွမ်းက ဒီသေတ္တာထဲက ပစ္စည်းတွေနဲ့ လုံးဝကို မယှဉ်သာပါဘူးကွာ”

ပြောရင်းနှင့် ယဲ့ကျန့်ထျန်းသည် သေတ္တာထဲရှိ ပစ္စည်းတို့အား နောက်တစ်ကြိမ် ထပ်ကြည့်မိသည်။ နှစ်ရာဂဏန်းခန့် သက်တမ်းရှိသော ဆေးမြစ်များကို လျန်ယွင်တောင်တန်း အတွင်းဘက် တစ်နေရာရာတွင် ရှာတွေ့နိုင်သော်လည်း နှစ်ထောင်ချီ သက်တမ်းရှိသည့် ဆေးမြစ်များမှာတော့ အမှန်ပင် ရှားပါးလှသည်။ ယဲ့ကျန့်ထျန်းအဖို့ နှစ်ထောင် ချီသက်တမ်းရှိသည့် ဆေးမြစ်တို့ကို မြင်ဖူးခြင်းမှာ ယခုတစ်ကြိမ်က ပထမဆုံးဖြစ်သည်။

“ဆေးမြစ်တွေကို မိသားစုထဲမှာပဲ ဆက်ပြီး ထိန်းသိမ်းထားရင် တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ကျိန်းသေလာခိုးမှာပဲ။ သူခိုးကြောင့် မိသားစုထဲမှာပါ ကသောင်းကနင်း ဖြစ်သွားနိုင်တယ်။ ဒီတော့ သူများလာခိုးမှာကို စောင့်နေမဲ့အတူတူ ချက်ချင်း စားလိုက်ပြီးတော့ စွမ်းအား တိုးမြှင့်သင့်တယ်။ ဆေးအာနိသင် လျော့သွားတယ် ဆိုပေမဲ့ သူများလက်ထဲကို အလဟသပ် ရောက်သွားမှာ ထက်စာရင် အကျိုးရှိပါသေးတယ်”

ယဲ့ချန်သည် ဆုံးဖြတ်ချက် ချပြီးဟန်နှင့် အခိုင်အမာဆိုသည်။

ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်း တို့သည်လည်း ထိုသို့ဆန္ဒ ရှိကြသော်လည်း သူတို့က ယဲ့ချန် ဆုံးဖြတ်မည်ကို စောင့်နေကြခြင်း ဖြစ်သည်။ အားလုံးသည် စိတ်လှုပ်ရှားစွာ သေတ္တာထဲရှိ ဆေးမြစ်များအား ကြည့်မိကြသည်။ ထိုဆေးမြစ်များ၏ အကူအညီဖြင့် ယဲ့မိသားစုထဲတွင် ထျန်းချီအဆင့် ၉ ကျင့်ကြံသူ ဆယ်ယောက်ထက် မနည်း ထွက်ပေါ်လာနိုင်သည်။ ထို့ပြင် ဆေးမြစ်များ၏ အာနိသင်သည် နှစ်ပေါင်းများစွာ တိုင်အောင် ကြာရှည်ခံသောကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်၌ ယဲ့မိသားစုတွင် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူများ ပေါ်ထွက်လာနိုင်ပေသည်။

ယဲ့ချန်သည် သေတ္တာထဲရှိ ပစ္စည်းများကို ရေတွက်ကြည့်သော် မင်ယွမ်ပြောသည့် အတိုင်း မတူညီသည့် ပစ္စည်းအမျိုးအစား ၃၅ မျိုး ပါဝင်ကြောင်း တွေ့ရသည်။ အမျိုးအစား တစ်ခုလျှင် အရေအတွက် တစ်ခုထက်ပို၍ ပါဝင်သည်။ ကောင်းကင်မျက်လုံးများနှင့် ဝိညာဉ်ဆေးလုံး တချို့က လွှဲလျှင် ကျန်တာ အားလုံးက ဆေးမြစ်များဖြစ်သည်။

“မြွေနဂါးသစ်သီး တစ်လုံးကို ဘိုးဘိုးယူလိုက်”

ယဲ့ချန်သည် သေတ္တာထဲမှ မြွေနဂါးသစ်သီး တစ်လုံးကို ယူကာ ယဲ့ချိန်ရွှမ်းအား ကမ်းပေးလိုက်သည်။ ယခုအခြေအနေသည် သူခိုးသူဝှက်ရန်ကို ပိုကြောက်နေရရာ ဆေးအာနိသင် လျော့မည်ကိုပင် အာရုံမစိုက်အားတော့ပေ။

ဤဆေးများသည် မိသားစုအနာဂတ်နှင့် တိုက်ရိုက် ဆက်စပ်နေသည်မို့ ယဲ့ချိန်ရွှမ်းသည် ငြင်းမနေတော့ဘဲ မြွေနဂါးသစ်သီးကို ယူကာ ကိုက်စားလိုက်သည်။ ထို့နောက် ခြံဝင်းထောင့် တစ်နေရာကို သွား၍ ဆေးအာနိတို့အား စတင် စုပ်ယူတော့သည်။

ကျန်လူများသည် မျက်လုံးများမှိတ်ကာ ထျန်းချီများကို လှည့်ပတ်နေသော ယဲ့ချိန်ရွှမ်းအား စိတ်အားထက်သန်စွာ ကြည့်နေကြသည်။ သူတို့က နှစ်ထောင်ချီ သက်တမ်းရှိသည့် မြွေနဂါးသစ်သီး၏ အစွမ်းအစကို မြင်ရရန် မစောင့်နိုင်တော့ပေ။

အချိန်အနည်းငယ် ကုန်ဆုံးသွားသည်။ ယဲ့ချိန်ရွှမ်းသည် ဆေးအာနိသင်အား စုပ်ယူနေဆဲဖြစ်ပြီး သူ့ခန္ဓာကိုယ်ရှိ အရေပြားများသည် စတင်၍ နီရဲလာကြသည်။ နဖူးပြင်ထက်ရှိ ချွေးစက်များကမူ လေထုထဲသို့ အငွေပျံသွားကြသည်။

ယဲ့ချန်သည် ဝိညာဉ်အသိအမြင်ကို သုံးကာ အဘိုးဖြစ်သူ၏ ခန္ဓာကိုယ်ထဲရှိ အပြောင်းအလဲတို့အား စောင့်ကြည့်နေသည်။ ဝိညာဉ်အသိအမြင်သည် လူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းလျက် မြင်နိုင်သည်ဖြစ်ရာ သူသည် ယဲ့ချိန်ရွှမ်း၏ ခန္ဓာကိုယ်ထဲတွင် ရာပေါင်းများစွာသော သွေးကြောများနှင့် ခြေလက်အင်္ဂါများဆီ စီးဆင်းနေသော စွမ်းအင်စီးကြောင်းများကို မြင်နေရ၏။ ၎င်းစွမ်းအင် စီးကြောင်းများသည် ယဲ့ချိန်ရွှမ်း၏ ခန္ဓာကိုယ်အနှံ့ တပတ်ပတ်ကာ စီးဆင်းပြီးသည့်အခါ စွမ်းအင်စုံချက်အဖြစ် တန့်ထျန်ထဲတွင် ပြန်လည် စုစည်းကြသည်။ ထို့နောက် ခန္ဓာကိုယ်အနှံ့အား ပြန်လည် တစ်ပတ်ပတ် ကြပြန်သည်။ တစ်ပတ် လှည့်လည်ပြီး သွားသည့်အခါတိုင်း ယဲ့ချိန်ရွှမ်း၏ ကျင့်ကြံဆင့်သည် သိသာစွာ တိုးတက်လာသည်။ ယဲ့ချိန်ရွှမ်း၏ ခန္ဓာကိုယ်ထဲရှိ ထျန်းချီများသည်လည်း လျင်မြန်စွာ လည်ပတ် လာကြသည်နှင့်အတူ စွမ်းအင် စီးကြောင်းများသည် အဓိက သွေးကြောမများ ထံသို့ပါ ပျံ့နှံ့သွားသည်။ သို့သော် ဆေး၏ အာနိသင် အများစုမှာ ယဲ့ချိန်ရွှမ်း သူ့ခန္ဓာကိုယ်ထဲသို့ အပြည့်အဝ မစုပ်ယူနိုင်သေးခင် လေထုထဲသို့ အငွေ့ပျံ သွားကြသည်။ ဝမ်းနည်းစရာ ကောင်းစွာပင် ထိုသို့သော ဖြုန်းတီးမှုက ရှောင်လွှဲ၍ မရနိုင်ပေ။

စွမ်းအင်စီးကြောင်းများသည် ယဲ့ချိန်ရွှမ်း၏ ခန္ဓာကိုယ်အနှံ့ ခြောက်ကြိမ်တိတိ လှည့်ပတ် ပြီးသည့်နောက် မြွေနဂါးသစ်သီး၏ အကျိုးသက်ရောက်မှုကား စတင် အစွမ်းပြလာသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ထျန်းချီများ၏ သိပ်သည်းဆသည် အလွန်အံ့ဩဖွယ် ကောင်းသော အနေအထားသို့ ရောက်ရှိသွားကာ ကျင့်ကြံဆင့်မှာလည်း ထျန်းချီအဆင့်၉ ထိပ်ဆုံးဆင့်သို့ ခုန်ပျံ ရောက်ရှိသွားပြီ ဖြစ်သည်။ ထို့ပြင် သူ၏ ထျန်းချီများသည် ဆရာချင်၏ ထျန်းချီများထက်ပင် ပိုမိုသန့်စင်သည်။ မြွေနဂါးသစ်သီးသည် ယဲ့ချိန်ရွှမ်း၏ အဓိကသွေးကြောမများအား ပြင်ဆင် ပြောင်းလဲခဲ့သည် သာမက ကျင့်ကြံခြင်းကိုလည်း ပိုမို လွယ်ကူချောမွေ့ သွားစေသည်။ ထို့ကြောင့် သူသည် မကြာမီတွင် ထျန်းချီအဆင့် ၁၀ သို့ ရောက်ရှိနိုင်ပေလိမ့်မည်။

ယဲ့ချိန်ရွှမ်း၏ မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။ ထိုမျက်လုံးများထဲတွင် တောက်ပသော အလင်းတစ်ဖြာ လက်နေခဲ့၏။

“အဆင်ပြေရဲ့လား ဘိုးဘိုး”

“ဘယ်လိုနေလဲ ဦးလေး”

များစွာသော လူတို့ ယဲ့ချိန်ရွှမ်းအနီး၌ ဝိုင်းအုံလာသည်။

ယဲ့ချိန်ရွှမ်းသည် အလွန်ကျယ်လောင်စွာ ရယ်မောလိုက်ရာ ထိုကျေနပ်အားရမှုများ ရောယှက်နေသည့် ရယ်သံကျယ်သည် ခြံဝင်းအတွင်း ပဲ့တင်ထပ်သွားသည်။

“ဟားဟား ... ။ တကယ်ကို နှစ်ထောင်ချီ သက်တမ်းရှိတဲ့ သစ်သီး ပီသပါပေတယ်။ ဒီသစ်သီးက ငါ့ခန္ဓာကိုယ်ထဲက အဓိက သွေးကြောမတွေ အားလုံးကို သန့်စင်ပေးသွားတယ်။ ဒါက လူတွေ ပြောပြောနေကြတဲ့ သန့်စင်ယန် ခန္ဓာကိုယ်ပဲဖြစ်ရမယ်။ အခု ငါ့ရဲ့ကျင့်ကြံဆင့်က ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်ကို ရောက်သွားပြီ ... ထျန်းချီအဆင့် ၁၀ ကို ချိုးဖျက် ဝင်ရောက်ဖို့တောင် သိပ်ခက်ခဲမှာ မဟုတ်ဘူးလို့ ခံစားနေရတယ်။ ငါ့အထင် ထျန်းချီအဆင့် ၁၀ ကို ရောက်ဖို့ ၁ နှစ်၊ ၂ နှစ်လောက်ပဲ အချိန်ယူရလောက်တယ်”

“ဂုဏ်ပြုပါတယ် ဘိုးဘိုး”

“ဂုဏ်ပြုပါတယ် ဦးလေး”

မိသားစုဝင်များ အားလုံးသည် စိတ်အားထက်သန် တက်ကြွစွာဖြင့် ယဲ့ချိန်ရွှမ်းအား ဝိုင်းဝန်း ဂုဏ်ပြု ကြတော့သည်။ 

မိသားစုထဲတွင် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူတယောက်သာ ရှိလာပါက သူတို့အနေနှင့် တုန်းလင်၏ ဒုတိယမင်းသားအား ကြောက်ရွံ့နေစရာ မလိုတော့ပေ။ တုန်းလင်ပြည်နယ်တွင် သာမက လင်းနန် ၁၃ ပြည်နယ်တွင်ပါ လွှမ်းမိုးနိုင်စွမ်းရှိသည့် မိသားစုကြီး ဖြစ်လာနိုင်ပေတော့မည်။

***

All Chapters