← Chapters

ယဲ့မိသားစု ထွန်းတောက်ချိန်

Vol. 6 Ch. 74

ယဲ့မိသားစု ထွန်းတောက်ချိန်

Vol. 6 Ch. 74

“ဘိုးဘိုး ... တခြားဆေးမြစ် တစ်ခုကို ထပ်စားကြည့်ပါလား။ ကျင့်ကြံဆင့် ထပ်တိုးလာမလား သိရအောင်”

လူငယ်တယောက်က အကြုံပြုလာသည်။

ယဲ့ချိန်ရွှမ်းသည် ခေါင်းသာယမ်းပြ၏။

“မလိုဘူး။ ဆေးတစ်ခုနဲ့တင် ငါ့ရဲ့ အကန့်အသတ်ကို ရောက်နေပါပြီ။ ဆေးတစ်ခုခုကို မှီဝဲပြီးတဲ့အခါ အဲဒီဆေးရဲ့ အာနိသင်တွေက ခန္ဓာကိုယ်ထဲမှာ ၁ နှစ်၊ ၂ နှစ်လောက်အထိ ကျန်နေခဲ့ပြီးမှ အပြည့်အဝ ပျော်ဝင်နိုင်တာ ... ။ တကယ်လို့ ငါက နောက်ထပ် ဆေးတစ်မျိုးကို ထပ်စားလိုက်မယ်ဆိုရင် ဆေးလွန်ပြီးတော့ သေရလိမ့်မယ်”

လူငယ်များသည် မျက်နှာများ ရှုံ့မဲ့သွားကြ၏။ အဖိုးတန် ဆေးမြစ်များသည်ပင် စားချင်တိုင်း စားလို့ရသည် မဟုတ်ဘဲ လွန်သွားလျှင် ဘေးဖြစ်တတ်ကြောင်း သူတို့ နားလည်လိုက်ရသည်။

“ချန်အာ ... ဒီအထဲက မင်းလိုချင်တဲ့ တစ်ခုကို ယူလေ။ ကျန်တဲ့ ဟာတွေကိုတော့ မိသားစုထဲက ထျန်းချီအဆင့် ၈ နဲ့အထက် ကျင့်ကြံသူတွေကို ခွဲဝေပေးလိုက်မယ်။ ထျန်းချီအဆင့် ၈ အောက်က လူတွေကိုတော့ ဂျင်စင်း နည်းနည်းဆီ ခွဲပေးလိုက်မယ်။ အနည်းဆုံး သူတို့လည်း တစ်ခုခုရတော့ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်တော့ဘူးပေါ့။ ဒါပေမဲ့ မင်းတို့အားလုံး သတိထားရမှာက ဆေးကို အလွန်အကျွံ မသုံးမိဖို့ဘဲ။ ကျန့်ထျန်းနဲ့ငါ ဆေးအာနိသင်တွေကို အပြည့်အဝ စုပ်ယူပြီးတဲ့အခါ မင်းတို့အားလုံးရဲ့ အဓိက သွေးကြောမတွေကို ကူညီသန့်စင်ပေးမယ်။ ဒီလိုဆိုရင် ... မိသားစုထဲမှာ အများစုက သန့်စင်ယန် ခန္ဓာကိုယ်ကို ရရှိနိုင်လိမ့်မယ်”

ယဲ့ကျန့်ထျန်းက ရှင်းပြသည်။ ဤဆေးမြစ်များ အားလုံးကို လိုသလို အသုံးပြုပြီးပါက ယဲ့မိသားစု၏ အင်အားသည် နောက်ထပ် တစ်ဆင့်သို့ မြင့်မား သွားပေလိမ့်မည်။ ကျွင်းဝမ်နန်းတော်နှင့် တန်းတူ မယှဉ်နိုင်လျှင်တောင် ဒုတိယမင်းသားသည် ယဲ့မိသားစုအား မထိပါးမီ နှစ်ခါပြန် စဉ်းစားရတော့မှာ ဖြစ်သည်။

“ကျွန်တော် ဂျင်စင်းနည်းနည်းရယ်၊ ဝိညာဉ်ဆေးလုံးတွေရယ် ... ပြီးတော့ ကောင်းကင် မျက်လုံးတွေရယ်ကို ယူမယ်”

ယဲ့ချိန်ရွှမ်းနှင့် အခြားလူများသည် ဝိညာဉ်ဆေးလုံးများနှင့် ကောင်းကင် မျက်လုံးတို့ကို မည်သို့ အသုံးပြုရမည်မှန်း သိမှာမဟုတ်ပေ။ ထို့ကြောင့် ယဲ့ချန်က ၎င်းတို့ကို ယူရန် ဆုံးဖြတ်လိုက်သည်။

ယဲ့ချန်သည် ဝိညာဉ်ဆေးလုံးများနှင့် မျက်လုံးတို့အား ကောင်းကင်ပထဝီအိတ် အတွင်း ထည့်ထားလိုက်သည်။ မီးခြင်္သေ့ဘုရင်သည် လွန်စွာရက်ရော လှသည်။ ယဲ့ချန်အတွက် ပြင်ဆင်ပေးလိုက်သည့် လက်ဆောင်ထဲတွင် ကောင်းကင်မျက်လုံး ၁၅ လုံးနှင့် ဝိညာဉ်ဆေးလုံး အလုံး ၃၀ ပါဝင်သည်။ ထို့နောက် ယဲ့ချန်၏ အာရုံတို့က သန္ဓေသား ဂျင်စင်းအပေါ် ကျရောက်သွားသည်။ သန္ဓေသားဂျင်စင်းသည် ကလေးငယ် တစ်ယောက်ကဲ့သို့ အသွင်သဏ္ဌာန်ရှိပြီး နီရဲကာ ဖောက်ထွင်းမြင်ရလုမတတ် ကြည်လင်သည်။ အစိမ်းသက်သက် ထျန်းချီလှိုင်းများသည် ဂျင်စင်းမြစ်တစ်လျှောက် ဖြာထွက်လို့နေသည်။ ၎င်းထံမှ ပျံ့လွင့်လာသော အငွေ့အသက် ရနံ့တစ်ခုကပင် လူတစ်ယောက်၏ စိတ်အစဉ်အား တက်ကြွရွှင်ပျ သွားစေသည်။ တကယ့်ကို ပစ္စည်းကောင်းပင်။

ယဲ့ကျန့်ထျန်းသည် မြွေနဂါးသစ်သီး တစ်လုံးကို ယူကာ ခြံဝင်း တစ်နေရာ၌ လေ့ကျင့်နေပြီ ဖြစ်သည်။ ယဲ့ချန်နှင့် အမွှေးပွလေး တို့သည်လည်း လက်တွေ့စမ်းသပ်ရန် ပြင်ဆင်နေကြသည်။

အမွှေးပွလေးသည် ကွိကွိကွကွ အသံလေးများပြုရင်း ယဲ့ချန်အား မျက်တောင် တဖျတ်ဖျတ်ခတ်ကာ ကြည့်နေလေသည်။ ၎င်းသည် ဆေးမြစ်များအား လုံးဝ စိတ်ဝင်စားခြင်း မရှိသော်လည်း ကောင်းကင်မျက်လုံး ၁၅ လုံးကိုမူ အကြည့်မလွှဲနိုင် ဖြစ်နေသည်။

“စိတ်အေးအေးထားစမ်းပါ ... နောက်ပိုင်းကျရင် ဒါတွေကို မင်းလေ့ကျင့်ဖို့အတွက် ပေးမှာပါ။ အရင်ဆုံး ကောင်းကင်သားရဲတွေမှာ ကျင့်ကြံဆင့် ဘယ်နှဆင့်ရှိတာလဲ ဆိုတာ ပြောပြဦး”

အမွှေးပွလေးသည် ယဲ့ချန်၏ မေးခွန်းအား ဖြေရန် လက်ချောင်း တုတ်တုတ်လေးများအား ထောင်လိုက်၊ နှုတ်မှ တတွတ်တွတ် ပြောလိုက်နှင့် အလုပ်ရှုပ် နေလေသည်။ အနှီအကောင်ပေါက်လေးမှာ ယခုထက်ထိ စကားမပြောနိုင် သေးသော်ငြား ယဲ့ချန်က ၎င်းဆိုလိုချင်သည်ကို အနည်းငယ် နားလည်နိုင်သည်။

“ဆယ်ဆင့် ... လူသားတွေလို ဆယ်ဆင့်ရှိတယ်လို့ ပြောချင်တာလား။ ဒါမှမဟုတ် မင်းဆိုလိုတာက အဲဒီဆယ်ဆင့်ပြီးတဲ့ နောက်မှာမှ နောက်ထပ် ငါးဆင့် ရှိသေးတယ်လို့လား ...”

ယဲ့ချန် အံ့ဩသွားရသည်။ ထျန်းချီအဆင့် ၁၀ ကပင် အလွန် အထင်ကြီးဖွယ် ကောင်းနေပြီ ဖြစ်ရာ ထိုအဆင့်နောက်တွင် နောက်ထပ် ငါးဆင့်ရှိနေဦးမည်ဟု မထင်ထားခဲ့ပေ။

ကောင်းကင် သားရဲများသည် တောနက်ပိုင်းများတွင် တသီးတခြားသာ နေထိုင် ကြသောကြောင့် လူသားများနှင့် အဆက်အဆံ သိပ်မရှိလှ။

“ဒါဖြင့်ရင် မင်ယွမ်ပြောတဲ့ ကမ္ဘာမြေအဆင့် ဆိုတာက ဘယ်အဆင့်လဲ”

ယဲ့ချန်က မေးလိုက်သည်။ 

အမွှေးပွလေးကလည်း လက်ဟန်ခြေဟန်များနှင့် ကြိုးစားပမ်းစား ပြန်ဖြေရှာသည်။

ယဲ့ချန် နားလည်သလောက် ပြောရလျှင် ကမ္ဘာမြေအဆင့်သည် လူသားကျင့်ကြံခြင်း လောကရှိ ထျန်းချီအဆင့် ၁၀ ထက် ပိုမြင့်သည်။ ထို့ကြောင့် လူသားတို့၏ စံနှုန်းအရ မင်ယွမ်သည် အလွန်စွမ်းထက်သော ‘ရန်အဆင့်’ ပုဂ္ဂိုလ်ကြီးဟု ဆိုနိုင်ပေသည်။ ယဲ့ချန်သည် နောက်ထပ်မေးခွန်း တစ်ခုအား အလိုအလျောက် ဆက်မေးမိ၏။

“ဒီမျက်လုံးတွေက ဉာဏ်အမြင်အဆင့် ကောင်းကင်သားရဲရဲ့ မျက်လုံးတွေလို့ ပြောတယ်။ ဉာဏ်အမြင်အဆင့်က ဘယ်အဆင့်လဲ။ နတ်သူငယ်အဆင့် ဆိုတာကရော ...”

မကြာမီတွင် အမွှေးပွလေး၏ ရှင်းပြမှုဖြင့် သားရဲများ၏ အဆင့် သတ်မှတ်ချက်တို့အား ယဲ့ချန် အတော်လေး နားလည်သွားသည်။ ကမ္ဘာမြေအဆင့်သည် ထျန်းချီအဆင့် ၁၀ ထက် ၁ ဆင့်ပိုမြင့်ပြီး ဉာဏ်အမြင်အဆင့်ကတော့ ထျန်းချီအဆင့် ၁၀ ထက် ၃ ဆင့်ပိုမြင့်သည်။ ကမ္ဘာမြေအဆင့်နှင့် ဉာဏ်အမြင်အဆင့် ကြားတွင် အဆင့်တစ်ခု ရှိသေးသည်။ ထိုအဆင့်၏ အမည်ကို အမွှေးပွလေးက ပြောပြသော်လည်း ယဲ့ချန် နားမလည်လိုက်ပေ။ ဉာဏ်အမြင်အဆင့်၏ အထက်တွင် နတ်သူငယ်အဆင့်ဖြစ်ပြီး နတ်သူငယ်အဆင့် အထက်၌ နောက်ထပ် အဆင့်တစ်ဆင့် ရှိသေးသော်ငြား ထိုအဆင့်သို့ ရောက်ရှိနိုင်သည့် ကောင်းကင်သားရဲဟူ၍ မတွေ့ဖူးသေးကြောင်း အမွှေးပွလေး၏ ရှင်းပြမှုမှ တစ်ဆင့် သိရသည်။

“ဒီတော့ အဲဒါတွေက ထျန်းချီအဆင့် ၁၀ အထက်က အဆင့် ၅ ဆင့်ပေါ့”

ယဲ့ချန်သည် ထပ်မံ အတည်ပြုလိုက်လျှင် အမွှေးပွလေးက ခေါင်းတဆတ်ဆတ် ညိတ်ပြလာသည်။

သို့ဆိုလျှင် ဤကျင့်ကြခြင်း လောကကြီး၌ ထျန်းချီအဆင့် ၁၀ ထက် ပိုမြင့်သော သက်ရှိများ ရှိသော်လည်း ၎င်းတို့မှာ ရှားပါးပြီး ယေဘုယျအားဖြင့် လူသားများကြား၌ ရောယှက်မနေကြပေ။ လူသားကျင့်ကြံခြင်း လောက၌ အားလုံးက အစွမ်းအထက်ဆုံးဟု ကြားဖူးနားဝ ရှိကြသည်မှာ အဆင့်မြင့် ဆေးဝါးပညာရှင်များနှင့် ကြီးမြတ်လှသည့် ဧကရာဇ်မင်ဝူတို့ ဖြစ်သည်။ တုန်းလင်ပြည်နယ်ကဲ့သို့ ပြည်နယ် သေးသေးလေးတွင်တော့ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူများကပင် အလွန် ရှားပါးသော ပုဂ္ဂိုလ်ထူးများဟု ပြောရမလို ဖြစ်နေသည်။ သို့သော် မြစိမ်းတိမ်ဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးများတွင်တော့ ထျန်းချီအဆင့် ၁၀ သို့မဟုတ် ထို့ထက်ပိုမြင့်သော ရန်အဆင့် ကျင့်ကြံသူများ ရှိကောင်းရှိနိုင်သည်။

ထိုအရာများမှာ ယဲ့ချန်အတွက် တွေးတောရန် စောပါသေးသည်။ လောလောဆယ်တွင်တော့ ယဲ့မိသားစု၌ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူတယောက် ရှိလာနိုင်ဖို့ အဆောတလျင် လိုအပ်နေသည်။ သို့မှသာ ရင်ဆိုင်နေရသည့် ပြဿနာအားလုံးကို ဖြေရှင်းနိုင်မည် ဖြစ်ပြီး ဒုတိယမင်းသား၏ ကျွင်းဝမ် နန်းတော်ကိုလည်း ထိပ်တိုက် ရင်ဆိုင်နိုင်ပေမည်။

ယဲ့ချန်သည် ခေါင်းယမ်းကာ မလိုအပ်သည့် အတွေးတို့အား ဖယ်ရှားလိုက်ပြီး အမွှေးပွလေးအား ကောင်းကင်မျက်လုံးတစ်လုံး ပေးလိုက်သည်။ အမွှေးပွလေးသည် အလွန်ပျော်ရွှင်စွာဖြင့် ကောင်းကင်မျက်လုံးအား လက်ခံယူကာ တစ်ခါတည်း ပါးစပ်ထဲသို့ ပစ်ထည့်ပြီး မျိုချလိုက်လေသည်။

ကောင်းကင်မျက်လုံးအား ကောင်းကင်သားရဲများသာ အစိမ်းအတိုင်း စားသောက်ကာ ကျင့်ကြံနိုင်ကြသည်။ ထို့အတူ ဝိညာဉ်ဆေးလုံးများသည် မှော်သားရဲများ ကျင့်ကြံရန်အတွက် အသင့်တော်ဆုံး အထောက်အကူပစ္စည်း ဖြစ်သည်။ လူသားများအတွက် ဆိုလျှင်တော့ ထျန်းချီအဆင့် ၁၀ နှင့် အထက်ဆင့်များသာ သုံးစွဲနိုင်သည်။ ယဲ့ချန်သည် ဝိညာဉ်အသိအမြင်ကို သုံးကာ အားဖန် ၁ နှင့် အားဖန် ၂ တို့အား ဆင့်ခေါ်လိုက်သည်။

ယဲ့ချန်၏ လက်ထဲရှိ ဝိညာဉ်ဆေးလုံးများကို မြင်သော် အားဖန်၁နှင့် အားဖန် ၂ တို့သည် လိမ္မာလှသော ကြောင်ပေါက်စလေးများ အစာတောင်းခံနေသည့်နှယ် အမူအရာတို့ဖြင့် ခုန်ပေါက် ပြေးလွှား လာကြသည်။ ယဲ့ချန်သည် တစ်ကောင်ချင်းစီ၏ ပါးစပ်ထဲသို့ ဝိညာဉ်ဆေးလုံး တစ်လုံးစီ ထည့်ပေးလိုက်သည်။ ဝိညာဉ်ဆေးလုံးများ၏ အကျိုးသက်ရောက်မှုအား သူ အသေအချာ မသိပါသော်လည်း ထိုဆေးလုံးများသည် မီးခြင်္သေ့ဘုရင်ထံမှ လာခြင်းဖြစ်ရာ အဆင့်နိမ့်သည့် အမှိုက်များတော့ မဖြစ်နိုင်ပေ။

ကျန်လူများသည်လည်း အသီးသီး အလုပ်ရှုပ် နေကြသည်။ မြွေနဂါးသစ်သီး၏ အာနိသင်တို့အား စုပ်ယူပြီးသည့်နောက် ယဲ့ကျန့်ထျန်းသည်လည်း ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် ယဲ့ချိန်ရွှမ်းနှင့် ယှဉ်ပါက အနည်းငယ် နိမ့်ကျကောင်း နိမ့်ကျနိုင်သော်လည်း ဆရာချင်နှင့် လက်ရည်တူ ယှဉ်ပြိုင်နိုင်သော အဆင့်တွင်တော့ ရှိသည်။ တစ်ဖက်တွင်လည်း ယဲ့ကျန့်ရှုံးနှင့် အခြားလူများသည် ဆေးအသီးသီးကို စားသုံးခဲ့ပြီးနောက် ထျန်းချီအဆင့် ၉ အလယ်အလတ်ဆင့်သို့ ရောက်ရှိ သွားကြသည်။ ထိုအချိန်တွင် သန္ဓေသားဂျင်စင်း အနည်းငယ်စီ စားသုံးခဲ့ရသော လူငယ်တစ်စုမှာမူ အကြီးအကဲများ၏ အကူအညီဖြင့် အဓိက သွေးကြောမများကို စတင် သန့်စင်နေကြသည်။

သန့်စင်ယန် ခန္ဓာကိုယ်ကို ရရှိခြင်းတွင်လည်း မတူညီသော အခြေအနေ အမျိုးမျိုး ရှိပေသည်။ ယဲ့ချန်သည် ပီရှို့ထံမှ ထျန်းချီများဖြင့် တစ်ကိုယ်လုံးကို ပြုပြင်ခံရပြီးသည့်နောက် သူ့ခန္ဓာကိုယ်ထဲတွင် အညစ်အကြေး တစ်စတလေမျှပင် မရှိတော့ဘဲ အပြစ်အနာအဆာ အကင်းဆုံးသော သန့်စင်ယန် ခန္ဓာကိုယ်အား ရရှိခဲ့သည်။ နောက်ပိုင်းတွင် သူ၏ ကျင့်ကြံဆင့်တက်နှုန်း သည်လည်း အလွန်မြန်ဆန် လာခဲ့သည်။ ဆေးမြစ်များ၏ အကူအညီဖြင့် ရရှိလာသော ယဲ့ချိန်ရွှမ်းနှင့် အခြားလူတို့၏ သန့်စင်ယန် ခန္ဓာကိုယ်ကမူ ယဲ့ချန်ထက် အတန်ငယ် အဆင့်နိမ့်သည်။ သို့သော် ၎င်းတို့၏ အဓိက သွေးကြောမများထဲ၌ အညစ်အကြေးခဲများ ကျေပျက်သွားခြင်းကြောင့် ကျင့်ကြံရာတွင် ယခင်ကထက် ပိုမြန်လာသည်။ အနည်းဆုံး ထိုရလဒ်က ဘာမှမရှိတာထက်တော့ သာပေသည်။

နေ့လယ်ခင်း တစ်ခုလုံးသည် ဆေးမြစ်ခွဲဝေရင်းဖြင့် ကုန်ဆုံးသွားခဲ့သည်။ မိသားစုဝင်များ အားလုံးသည် သက်ဆိုင်ရာ ဝေစုအသီးသီးကို ရရှိခဲ့ကြပြီး ဖြစ်သည်။ ဆေးမြစ်များ သုံးစွဲခဲ့ပြီးနောက် ထွက်ပေါ်လာသည့် ရလဒ်ကို စစ်ဆေးကြည့်သော် ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်ကို ရောက်ရှိသွားကြသည်။ နောက်ထပ် မိသားစုဝင် ၆ ယောက်သည် ထျန်းချီအဆင့် ၉ အလယ်အလတ်ဆင့်သို့ ရောက်ရှိသွားကြပြီး ၈ယောက်သည် ထျန်းချီအဆင့် ၉ စဦးအဆင့်သို့ ရောက်ရှိသွားကြကာ ထျန်းချီအဆင့်၈သို့ လောလောလတ်လတ် ရောက်ရှိသွားသူက အယောက် ၃၀ ရှိသည်။ ဆေးမြစ်များ၏ အကူအညီဖြင့် ယဲ့ဖုန်း၊ ယဲ့မူ၊ ယဲ့မုန့်နှင့် ယဲ့မင်တို့အားလုံးလည်း ထျန်းချီအဆင့် ၈ သို့ ရောက်ရှိသွားကြသည်။

ယဲ့မိသားစုသည် တစ်နေ့နေ့ တစ်ချိန်ချိန်၌ ယခုကဲ့သို့ဖြစ်ရပ်မျိုး ကြုံတွေ့ရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

ဝိညာဉ်ဆေးလုံးများကို သောက်သုံးပြီးနောက် အားဖန် ၁ နှင့် အားဖန် ၂ တို့သည် အဆင့် ၉ အလယ်အလတ်ဆင့်သို့ အဆင့်သေးတဆင့် တက်သွားခဲ့သည်။ မှော်သားရဲများ၏ တိုက်ပွဲစွမ်းရည်သည် လူသားများထက် အပြတ်အသတ် သာလွန်ပေရာ အားဖ န်၁ နှင့် အားဖန် ၂ တို့၏ တကယ့်အစွမ်းအစသည် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်များနှင့် ညီမျှပေသည်။ ထို့ကြောင့် ယဲ့မိသားစုတွင် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် ကျင့်ကြံသူ ၄ ယောက်ရှိပြီဟု ဆိုနိုင်သည်။ ထိုအရေအတွက်သည် ကျွင်းဝမ်နန်းတော်ထက်ပင် တယောက် ပိုများ၏။ ယခုအချိန်တွင် ကျွင်းဝမ်နန်းတော်က ယဲ့မိသားစုအား တိုက်ခိုက်လာလျှင်တောင် ယဲ့မိသားစု အနေနှင့် ကြောက်နေစရာ မလိုတော့ချေ။

ယဲ့ချန်သည် အမွှေးပွလေးအား ကြည့်လိုက်မိသည်။ ဝိညာဉ် အသိအမြင်မှတဆင့် သူသည် အမွှေးပွလေး၏ ခန္ဓာကိုယ်ထဲရှိ အပြောင်းအလဲတိုင်းကို မြင်တွေ့နေရသည်။ အမွှေးပွလေး၏ စိတ်ဝိညာဉ်သည် လူသားတစ်ယောက်၏ စိတ်ဝိညာဉ်ကဲ့သို့ အလွန်လျင်မြန်စွာ ဖွံ့ဖြိုးလာနေသည်။ ၎င်း၏ အမွေးလေးများသည် လှပစွာဖြင့် ပို၍ ရှည်လျား လာကြသည်။ ငါးချောင်းမြောက် အမြှီးလေးသည်လည်း လျင်မြန်စွာ ရှည်လျားလာပြီး ကျန်အမြှီးလေးချောင်းနှင့် အရွယ်အစား တူညီသွားသည်။ အမြှီးငါးချောင်းသည် လေထုထဲတွင် လှပစွာ ယိမ်းထိုး လှုပ်ယမ်း နေကြ၏။

***

All Chapters