ရွှေရောင်အိမ်ကြီး
Vol. 39 Ch. 533
ချန်းဟန်က နှာခေါင်းရှုံ့ကာ …
“သူတို့တွေက ကျင့်ကြံခြင်းလောကက တက်လာတဲ့ သူတွေကို ဘာလို့ လိုက်စဉ်းစား ပေးနေမှာလဲ။ အရေအတွက်က ကိစ္စမဟုတ်ဘူး။ အကြောင်းအရင်းက ကျင့်ကြံခြင်းလောကက ကျင့်ကြံသူတွေ အများကြီး ရောက်လာတယ် ဆိုရင်တောင် တခြားနယ်မြေက ဘာမှမလုပ်နိုင်ဘူး။ ကျုပ်ဆရာက တစ်ခါ ပြောဖူးတယ်။
ယုံရင်အင်မော်တယ် နယ်မြေရဲ့ ဒီလိုလုပ်ရပ်တွေကို သိရက်နဲ့ မပြောတဲ့ ဂိုဏ်းတချို့ ရှိတယ်တဲ့။ နောင်ကျ အဲဒီအကြောင်းပြချက်ကို သုံးပြီးတော့ တိုက်လို့ ရအောင်လို့တဲ့”
တိုက်ခိုက်ဖို့ အကြောင်းပြချက်တဲ့လား …
မိုဝူကျီက ချက်ချင်း နားလည်သွားသည်။ တည်ငြိမ်နေသော အင်မော်တယ် လောက၌ မုန်တိုင်းသဖွယ် အဖြစ်အပျက်များနှင့် ပြည့်နှက် နေခြင်းသာ ဖြစ်ပေသည်။ ယုံရင်အင်မော်တယ် နယ်မြေက အားလုံး အလိုရှိနေကြသော အသားပိုင်းစကြီး ဖြစ်ကာ သူတို့ ဘာမှမလုပ်သေးသည့် အကြောင်းပြချက်မှာ တခြားသော အင်မော်တယ် နယ်မြေများက သူတို့အင်အား စုဆောင်းနေဆဲ ဖြစ်သောကြောင့် ဖြစ်၏။ သူတို့ လုံလုံလောက်လောက် အားကောင်းပြီဟု ယူဆသည့် အချိန်ထိ လက်သည်းများကို ဝှက်ထားခြင်းသာ ဖြစ်ပေ၏။
ယုံရင်အင်မော်တယ် နယ်မြေက မည်သို့ပင် လုပ်ပါစေ သူတို့တွေက အနှေးနှင့်အမြန် ကျဆုံး သွားလိမ့်မည်။ အားလုံးက သိနေပြီ ဖြစ်သောကြောင့် ယုံရင်အကျဉ်းထောင်မှာ လျှို့ဝှက်ချက် တစ်ခုတော့ မဟုတ်လောက်ပေ။
မိုဝူကျီက သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ အကြောင်းမှာ နေရာတိုင်း၌ ကလိမ်ကကျစ် ဉာဏ်များသည့် သူများနှင့် ပြည့်နှက်နေသည်။ ထိုလူများက သူတို့ဂိုဏ်းသားများ အဖမ်းခံရခြင်း သို့မဟုတ် အသတ်ခံရခြင်းများကို မသိချင်ယောင် ဆောင်နေသည့် အကြောင်းအရင်းမှာ အကြောင်းပြချက် လိုချင်၍သာ ဖြစ်၏။
အကယ်၍ မိုဝူကျီသာ ဂိုဏ်းချုပ် ဖြစ်နေလျှင် ထိုသို့မျိုး အရာ ဖြစ်လာမည် မဟုတ်ပေ။ အကယ်၍ သူ့ဂိုဏ်းသားများက ယုံရင်အင်မော်တယ် နယ်မြေကြောင့် အသတ်ခံနေရသည် ဆိုလျှင် ဂိုဏ်း၌ သူတစ်ယောက်တည်း ရှိနေလျှင်ပင် ယုံရင်အင်မော်တယ် နယ်မြေ တစ်ခုလုံးကို မြေလှန် တိုက်ပစ်လိမ့်မည်။
ထိုအတွေးဖြင့် မိုဝူကျီ၏ စိတ်နှလုံးသားမှာ အေးစက်သွားသည်။
သူက တျန်းဂျီဂိုဏ်းမှ မဟုတ်ပေဘူးလား။
တျန်းဂျီဂိုဏ်းရော ရှိနေမလား … အကယ်၍ တျန်းဂျီဂိုဏ်းမှာ တခြား အင်မော်တယ် နယ်မြေ၏ ဂိုဏ်းကြီး တစ်ခု ဖြစ်နေလျှင် သူက တျန်းဂျီဂိုဏ်းမှ စွန့်ပစ်ခံလိုက်ရသည့်သူ ဖြစ်မနေဘူးလား …
အကယ်၍ ဤသို့ဆိုလျှင် သူက တျန်းဂျီဂိုဏ်းကို ဘယ်ကြောင့် ဆက်လက် တည်ထောင် နေရမည်နည်း။ သူကိုယ်တိုင် ထိုတျန်းဂျီဂိုဏ်းကို မီးလောင်တိုက်သွင်း မပစ်သည်ကိုက ကံကောင်းသည်ဟု ယူဆ သင့်ပေသည်။
“ဒါနဲ့ တျန်းဂျီဂိုဏ်းကိုရော ကြားဖူးလား” မိုဝူကျီက ဆက်၍ တောင့်ခံ မထားတော့ဘဲ မေးလိုက်သည်။
မိုဝူကျီ စောစောမှ ပြောလိုက်သည့် တျန်းဂျီ ဆေးစံအိမ်နှင့် ဆက်စပ်မိပြီး ကျိုးယီရှန်းတို့က အခြေအနေကို နားလည် သွားကြသည်။
ဤတစ်ကြိမ်တွင် မုရုန်ရှန်းယွီက အရင်ဦးစွာ ဖြေလိုက်သည်
“ကျွန်မ ဆရာက အဲဒီဂိုဏ်းအကြောင်း ပြောပြဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ချီတုန်းက တျန်းဂျီဂိုဏ်းက လော့လင် အင်မော်တယ် နယ်မြေရဲ့ အလယ်အလတ်အဆင့် ဂိုဏ်းထဲက တစ်ခုအပါအဝင်တဲ့။ နောက်ပိုင်းကျ ဘယ်လို ဖြစ်သွားမှန်း မသိပေမဲ့ ပျောက်ကွယ်သွားတယ်”
“အစ်ကိုကြီးမို … ယုံရင် အကျဉ်းထောင်ရဲ့ မတော်တဆ ဖြစ်ရပ်တွေ အကြောင်း ကောလဟာလတွေ ရှိပေမဲ့ အဲအကြောင်းအရာက ထိပ်တန်း လျှို့ဝှက်ချက် တစ်ခုပဲ။ ကျုပ်လည်း ကျုပ်ဆရာက အဲကိစ္စထဲ ပါနေလို့ နည်းနည်း သိလာတာ ဆိုတော့ ... ” ချန်းဟန်က အနည်းငယ် တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။
မိုဝူကျီက ချန်းဟန် ပခုံးကို ပုတ်ကာ …
“ညီလေးချန်းဟန် … ကျုပ်တခြား သူတွေကို ပြန်ပြောမဲ့ ကိစ္စကို စိုးရိမ်နေစရာ မလိုဘူး။ မြူတွေက ဆုတ်သွားပြီ ဆိုတော့ အားလုံး ကျုပ်နောက်လိုက်ခဲ့ပါ”
မိုဝူကျီ၏ စကားများကို ကြားပြီး ကျိုးယီရှန်းက ကျန်ကျင့်ကြံ သူများကို အော်ပြောလိုက်သည် “အစ်ကိုကြီးမို နောက်ကနေ လိုက်သွားကြမယ်။ အားလုံး ကိုယ့်ဘာသာ မသွားကြဖို့ သတိထားကြပါ”
ကျိုးယီရှန်း၏ သတိပေးချက် မပါရှိလျှင်ပင် မည်သူကမျှ လူအုပ်ကြီးမှ ခွဲထွက်ရအောင် အရူး မဟုတ်ပေ။
ခန်းမမှ ထွက်လာပြီးနောက် မိုဝူကျီက ဦးဆောင် သွားလိုက်သည်။ အဖွဲ့လိုက်ကြီး ခန်းမမှ ထွက်လာပြီးနောက် မြူများက သူတို့ဆီ ပြန်လည် ရောက်ရှိလာ၏။
အားလုံးက သူတို့ မှော်ရတနာကိုယ်စီ ဆွဲကိုင်လိုက်ရင်း ဘေးပတ်ဝန်းကျင်မှ လှုပ်ရှားမှုများကို အာရုံစိုက် ထားလိုက်ကြသည်။
မိုဝူကျီက မြူများကြားမှ စိတ်စွမ်းအားဖြင့် ထိုးဖောက်ရန် ကြိုးစား ကြည့်လိုက်သော်လည်း သူ့စိတ်စွမ်းအားမှာ ပြန်လည် ဖိနှိပ်ခံလိုက်ရသည်။ ယခင် မြူများအတွင်း မရှိစဉ်က သူ့အနေဖြင့် မြူများ ဖုံးလွှမ်းနေသော နေရာကို သေချာမြင် ရသော်လည်း ယခုအခါ သူကိုယ်တိုင် မြူများအကြား ရောက်ရှိ သွားသောကြောင့် စိတ်စွမ်းအားသုံး၍ ဘာကိုမှ မစစ်ဆေး ကြည့်နိုင်တော့ပေ။
မိုဝူကျီက သူ့စိတ်ဝိညာဉ် မျက်လုံးကို အသက်သွင်းလိုက်ပြီး သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ဖြန့်ကျက် လိုက်သည်။
မိုဝူကျီကို စိတ်သက်သာရာ ရသွားစေသည်မှာ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားမှာ သူ့အသိ စိတ်ပင်လယ် အတွင်းမှ စိတ်စွမ်းအားထက် ပို၍ အကျိုးသက်ရောက်မှု ရှိနေ၍ ဖြစ်ပေ၏။ သူ့စိတ်ဝိညာဉ် မျက်လုံးအောက်၌ မြူထဲရှိ အရာအားလုံးမှာ ပုန်းကွယ်နေလို့ မရပေ။
“ကျုပ် စိတ်စွမ်းအားတွေ ဖိနှိပ်ခံထားရပြီ။ သုံးလို့ မရတော့ဘူး။ မျက်လုံးပိတ် ထားပြီးတော့ လမ်းလျှောက် နေရသလိုပဲ” ကျိုးယီရှန်းက အရင်ဦးဆုံး ပြောလိုက်သည်။
“ကျုပ်ရောပဲ” ကျိုးယီရှန်း အသံနောက်တွင် ထောက်ခံသူ တစ်ယောက် ထွက်ပေါ်လာသည်။
အားလုံးက စတင် ကြောက်ရွံ့လာကြသည်။ အများစုမှာ ရွမ်ရှန်းအဆင့် ဖြစ်နေလျှင်ပင် မျက်မမြင် လမ်းလျှောက်သကဲ့သို့ ဖြစ်နေသည့် အတွက် မည်သူကမှ သူတို့ အကြောက်တရားကို ဖုံးထားနိုင်မည် မဟုတ်ပေ။
မိုဝူကျီက အသံအက်အက်ဖြင့် ပြောလိုက်သည်။
“အားလုံး မစိုးရိမ်ကြပါနဲ့ … ကျုပ်ခြေလှမ်းကို နားထောင်ပြီးတော့ လိုက်ခဲ့ပါ။ ကျုပ်က အခြေအနေ ထိန်းချုပ်နိုင်သေးတယ် ဆိုတော့ အခုထိတော့ အန္တရာယ် မတွေ့သေးဘူး”
မိုဝူကျီ၏ ယုံကြည်ချက်ရှိရှိ အသံကို ကြားကာ ကြောက်ရွံ့နေကြသော ပါရမီရှင်များက ငြိမ်ကျသွားကြသည်။ သူတို့က မှော်ရတနာကိုယ်စီ ကိုင်ဆောင်ထားပြီး မိုဝူကျီနောက်မှ လိုက်ပါသွား လိုက်ကြသည်။
မိုဝူကျီကို အံ့ဩစေသည်က တစ်နာရီကျော် ကြာသည့်အထိ လူနှစ်ဆယ်ကျော်နှင့် သွားလာပြီး နောက်တွင်ပင် အန္တရာယ်နှင့် မကြုံရသေးခြင်း ဖြစ်သည်။ စိတ်စွမ်းအား အသုံးမပြုနိုင်ခြင်းမှ လွဲ၍ ဤမြူများ သာမာန်နှင့် တူပေသည်။
“အစ်ကိုကြီးမို … ကျုပ်တို့ စိတ်စွမ်းအား မဖြန့်ကျက် နိုင်တာကလွဲရင် ဘာအန္တရာယ်မှ မရှိဘူး ထင်တယ်” ကျိုးယီရှန်းက အချိန်အတော်ကြာ လျှောက်လှမ်း လာပြီးနောက် သူတို့အင်အား ပြည့်ရှိနေသေးကြောင်း သတိပြုမိလိုက်သည်။
မိုဝူကျီက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ပြန်ရုပ်သိမ်းလိုက်ပြီး နောက်ထပ် တစ်နာရီအထိ လျှောက်လှမ်းလာရာ အားလုံးက ဘေးကင်းနေဆဲ ဖြစ်သည်။
“ရွှေရောင်အိမ်ကြီး” ချန်းဟန်က အော်လိုက်သည့်အတွက် အားလုံး အံ့ဩကုန်ကြသည်။
ရွှေရောင်အိမ်ကြီးကို မြင်လိုက်သူမှာ ချန်းဟန် တစ်ယောက်တည်း မဟုတ်ဘဲ ကျင့်ကြံသူ အားလုံးလည်း မြင်လိုက်ကြရသည်။ သူတို့က မြူကြားတွင် အခြားအရာများကို မမြင်ရသော်လည်း ထိုရွှေရောင်အိမ်ကြီးမှာ အာရုံဖမ်းစား နိုင်လွန်း၏။ ကြည့်ရသည်မှာ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေသော နေဝန်းကြီးကဲ့သို့ ဖြစ်သည်။
မိုဝူကျီက ရပ်လိုက်သည်။ အားလုံးက ရွှေရောင်အိမ်ကြီး အနီးဆီ ရောက်နေလေပြီ။
ရွှေရောင်အလင်းများ လေးဖက်လေးတန် ထွက်ပေါ် နေသည့်အချက်မှ လွဲ၍ ရွှေရောင်အိမ်ကြီး၌ အဝင်ပေါက် မရှိပေ။ ရွှေရောင်အိမ်ကြီး၏ အရှေ့ဘက်၌ နံရံမရှိသည့်အတွက် အထဲရှိ ပစ္စည်းများကို တစ်ချက်တည်း လှမ်းကြည့်ရုံဖြင့် မြင်နေရသည်။
“အမလေး … အဆင့်၉ အင်မော်တယ်ပစ္စည်းပဲ ... အဆင့်၉ အင်မော်တယ် ဆေးလုံးရော … ပြီးတော့ ဒဏ္ဍာရီလာ အဆင့်၁၂ ကံကြမ္မာ ကြာနီရော ... တကယ့်ကို ရတနာ သိုက်ပဲ”
အိမ်ကြီးထဲ၌ များပြားစွာသော ရတနာများ ခင်းကျင်းထားပြီး အဆင့်နိမ့်ဆုံးပင် အဆင့်၉ ဖြစ်ပေသည်။ မိုဝူကျီက သူ တွေ့လိုက်ရသည့် ဆေးမီးဖိုကို အလွန်အမင်း စိတ်ဝင်စား မိနေသည်။
အဖွဲ့ထဲမှ လူတစ်ယောက်က ထိုအရာမှာ လူအများ၏ အသက်ကို အလွယ်တကူ ဝဇိန်ခြွေနေသော ရွှေရောင်အိမ်ကြီး ဖြစ်ကြောင်း မေ့လျော့ကာ တအံ့တဩ ရေရွတ် လိုက်သည်။ တချို့သော ကျင့်ကြံသူများက လောဘ မျက်လုံးများဖြင့် ပြေးသွားကြလေ၏။
ပစ္စည်းတစ်ခု ရလိုက်ရုံဖြင့် သူတို့ဘဝ ဇောက်ထိုးမိုးမျှော် ပြောင်းလဲသွားမည် ဖြစ်ကြောင်း သိထားသည်။ သူတို့အနေဖြင့် ထိပ်သီး ပြိုင်ဖက်ကင်း ပါရမီရှင်များ ဖြစ်လာနိုင်သည်။
အမှန်တိုင်းဆိုရလျှင် အဆင့်၁၂ ကံကြမ္မာ ကြာနီမှာ လော့ကျွန်မ်းထက်ပင် သာသေး၏။ ထို့အပြင် မုရုန်ရှန်းယွီဆီ ရှိနေသော လော့ကျွန်မ်းစာရွက်မှာ ခုနှစ်ရွက်မျှသာ ဖြစ်ပြီး ဤကံကြမ္မာ ကြာနီမှာ ပြီးပြည့်စုံသော ရတနာ ဖြစ်ပေသည်။
“အားလုံး စိတ်ငြိမ်အောင် ထားကြပါ”
မိုဝူကျီက အားလုံးကို ချက်ချင်း အော်ပြော လိုက်သည်။ မိုဝူကျီက ချီသွေးကြောများ ဖွင့်ထားပြီး အင်မော်တယ် မော်တယ် ပြောင်းပြန်ကျင့်စဉ်ကို ကျင့်ကြံနိင်သည့်အပြင် သူ့ကိုယ်ပိုင် ကမ္ဘာငယ်လေးပါ ရှိသေးသည့်အတွက် သူ့ဆန္ဒ စွမ်းအားမှာ တခြားကျင့်ကြံ သူများထက် များစွာ အားကောင်းပေသည်။
များစွာသော ကျင့်ကြံသူများက အသိပြန်ဝင်လာကြပြီး ရွှေရောင်အိမ်ကြီးဆီ မသွားမိစေရန် ထိန်းချုပ် နိုင်လိုက်ကြသည်။
သူသတိပေးထားလျက်ဖြင့် ကျင့်ကြံသူ သုံးယောက်က ရွှေရောင်အိမ်ကြီးဆီ ပြေးဝင်သွားကာ သူတို့အလိုရှိဆုံး ရတနာကို ဆွဲယူ လိုက်ကြသည်။ မိုဝူကျီကို အံ့အားသင့် သွားစေသည်က တစ်ယောက်မှာ ရတနာအပါ ယူလာနိုင်ခြင်း ဖြစ်ပေသည်။ ထိုသူက ရတနာနှင့်အတူ ရွှေရောင်အိမ်ကြီးမှ ပြန်ထွက်လာနိုင်၏။ အခြားနှစ်ယောက်မှာ မှော်ရတနာကို မဆွဲကိုင်မိဘဲ ရွှေရောင်အိမ်ကြီးမှ အမည်မသိ အကြေင်းပြချက် များကြောင့် ထွက်လာရသည်။
ရွှေရောင်အိမ်ကြီးထဲက မှော်ရတနာတွေက တီးကယ်ကြလား … ပုံရိပ်ယောင် မဟုတ်ဘူးလား
သုံးယောက်သား ရွှေရောင်အိမ်ကြီးမှ အပြေးအလွှား ထွက်လာကြပြီး သူတို့အမူအယာမှာ ရုတ်ချည်း ပြောင်းလဲသွားကာ မျက်လုံးများလည်း ပြူးကျယ် လာတော့သည်။ ရတနာနှင့် ကျင့်ကြံသူက ရတနာကို မြန်မြန် လွှင့်ပစ်ကာ ကျန်ကျင့်ကြံသူ နှစ်ယောက်ကဲ့သို့ အသက်လု ပြေးလာလေသည်။ သူတို့က မိုဝူကျီနှင့် အခြားလူများ၏ အော်သံကိုပင် မတုံ့ပြန် နိုင်ကြတော့ပေ။
မိုဝူကျီက စိတ်စွမ်းအားဖြင့် ထိုရတနာပေါ် စစ်ဆေးကြည့်တော့မည့် ဆဲဆဲတွင် ထိုရတနာက နဂိုမူလနေရာသို့ ပျံသန်းသွားလေ၏။
“ဂလု …” ကျင့်ကြံသူတစ်ယောက် တံ့တွေး မျိုချလိုက်ရင်း ပြောလိုက်သည် “အဲဆို ရတနာတွေက အစစ်တွေပေါ့”
“ကျုပ်မယူဘူး ... မယူဘူး” ထိုစဉ် မိုဝူကျီ၏ စိတ်စွမ်းအားမှ ကျင့်ကြံသူ သုံးယောက်မှာ အော်ဟစ်ရင်း ပြေးလွှား နေကြသည်ကို အာရုံခံ မိလိုက်သည်။
ဒီရွှေရောင်အိမ်ကြီးက တော်တော် ထူးဆန်းတယ်”
ကျိုးယီရှန်းက ရတနာများစွာ မြင်တွေ့လိုက်ရ၍ မထိန်းချုပ်လုနီးပါး ဖြစ်ခဲ့သော်လည်း အသံရှင်းရှင်းဖြင့် ပြောလိုက်သည်။ တခြားနည်းဖြင့်ဆိုရလျှင် မိုဝူကျီသာ သူ့ကို မတားထားပါက သူလည်း ရွှေရောင်အိမ်ကြီးထဲ ဝင်သွားလောက်လေပြီ။
ဤရွှေရောင် အိမ်ကြီးပေါ်တွင် အတားအဆီး ဒါမှမဟုတ် ပုံရိပ်ယောင် အစီအရင်များ ရှိမနေသောကြောင့် ကျင့်ကြံသူတိုင်းမှာ သွေးဆောင်ဖြာယောင်း ခံနေရခြင်း ဖြစ်သည်။
“ဒီအိမ်ကြီးက ထူးဆန်းပေမဲ့ အဲဒီမှာ ပုံရိပ်ယောင် အစီအရင်တော့ မတွေ့ဘူး။ အားလုံး ကျုပ်ကို ခဏစောင့်နေဦး … ကျုပ်သွားပြီး စစ်ဆေး ကြည့်လိုက်ဦးမယ်” မိုဝူကျီက လေးလေးနက်နက် ပြောလိုက်သည်။
မိုဝူကျီက အသက်ကို မစတေးလိုသော်လည်း အဆင့်၁၂ ကံကြမ္မာ ကြာနီက ဆွဲဆောင်နေလေသည်။
ယခင် သူက ထိုအကြောင်းကို နတ်သမီးပုံပြင်များမှ ကြားဖူးခဲ့ခြင်း ဖြစ်ရာ အမှန်တကယ် တည်ရှိနေလိမ့်မည်ဟု မထင်ထားပေ။ အစစ်အမှန် ဟုတ်၊ မဟုတ် မသိသော်လည်း မိုဝူကျီက ရွှေရောင်အိမ်ကြီးထဲမှ ပစ္စည်းများမှာ အစစ်အမှန် ဖြစ်ကြောင်း သေချာနေသည်။
မိုဝူကျီက အိမ်ကြီးထဲ ဝင်တော့မည်ကို တွေ့ပြီး မုရုန်ရှန်းယွီက မိုဝူကျီကို တားလိုက်ချင်သည်။ သို့သော်လည်း သူမက လော့ကျွန်မ်း စာရွက်အတွက် အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရာ မိုဝူကျီလည်း သူလိုချင်သည့် အရာအတွက် အဘယ်ကြောင့် အသက် မစတေးနိုင်ရမှာလဲဟု တွေးတော မိသွားသည်။
မိုဝူကျီက အိမ်ကြီး အဖျားနားဆီ လျှောက်သွားကာ အိမ်ကြီးဆီ ဝင်တော့မည့်ဆဲဆဲ တစ်လှမ်းအကွာတွင် အသံတစ်သံကို ကြားလိုက်ရသည်။
“တကယ်ကို ငါ့စကား နားထောင်မယ်ဆိုရင် ဒီမြို့ပျက်ကနေ ချက်ချင်း ထွက်သွားပါ …
မင်းရဲ့ လက်ရှိ အနေအထားနဲ့ ဒီနေရာက ဘာပစ္စည်းမှ ယူသွားနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ မင်းယူသွားရင် အဲဒါက မင်းနောက်ကို လိုက်ပြီး သတ်လိုက်မယ် … ဒါနဲ့ အရင်တစ်ခါ ကူညီပေးတဲ့အတွက် ကျေးဇူးပါ ... အခုတော့ သွားရတော့မယ်။ ကံဆုံရင် ပြန်တွေ့ကြတာပေါ့ …”
ဘယ်သူလဲ …
မိုဝူကျီက စိတ်စွမ်းအား အသုံးပြု လိုက်သော်လည်း မူမမှန်မှုကို မတွေ့ပေ။
မည်သူပင် ဖြစ်စေ သူ့အား သတိပေးသူအကြောင်း ဆက်တိုက် တွေးမိနေသည်။ အကြောင်းမှာ ဤနေရာ၌ သူသိသည့်သူ တစ်ယောက်မှ မရှိပေ။ သူ့အား တီးတိုးပြောပြီး သတိပေးဖို့ရာ ထိုလူက သေချာပေါက် ရိုးရှင်းမည့်သူ မဟုတ်ပေ။
မိုဝူကျီက တွေဝေနေရင်း တခြားသော ကျင့်ကြံသူများက မိုဝူကျီကို ဖြတ်ကျော်ကာ ရွှေရောင်အိမ်ကြီးထဲ ဝင်သွားကြသည်။ သူတို့နောက်တွင် ကျင့်ကြံသူ အများအပြားက ပို၍ လိုက်ပါ လာကြသည်။ ပထမအဖွဲ့က အခြားနေရာမှ ရောက်လာသူများ ဖြစ်ကာ ဒုတိယအဖွဲ့မှာ မိုဝူကျီနောက် လိုက်လာကြသော ယုံရင် အင်မော်တယ် နယ်မြေမှ ကျင့်ကြံသူ တချို့ ဖြစ်ပေသည်။
မိုဝူကျီက အသက်ပြင်းပြင်း ရှုကာ ဝင်မည့်အစား နောက်သာ ဆုတ်လိုက်သည်။
မိုဝူကျီတွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း၊ အဆိပ်ဖြေ လမ်းကြောင်းနှင့် အသက်ဓာတ် လမ်းကြောင်းပါ ရှိသော်လည်း တစ်ယောက်ယောက်သာ ဤရွှေရောင်အိမ်ကြီးကို ထိန်းချုပ်နေသည်ဟု ဆိုလျှင် သူ့တွင် အဆိပ်ဖြေ လမ်းကြောင်း ရှိနေလျှင်ပင် သူက ရွမ်ရှန်း အဆင့်သာ ရှိနေသေး၏။
“အစ်ကိုကြီးမို ... မဝင်တော့ဘူးလား” မိုဝူကျီက နောက်ဆုတ်လိုက်၍ ကျိုးယီရှန်းတို့က ရှေ့တက်လာကာ မေးလိုက်သည်။
မိုဝူကျီက ပြန်မဖြေခင် အိမ်ကြီးထဲမှ အသည်းအသန် ပြေးထွက်လာကြသော ကျင့်ကြံသူ အများအပြားကို တွေ့လိုက်ရသည်။
မိုဝူကျီက ကျန်ရှိနေသော ကျင့်ကြံသူများကို ကြည့်ကာ တွေဝေခြင်းမရှိ ပြောလိုက်သည် “ကျုပ်တို့တွေ ထွက်သွားကြမယ်”
သူ့စကားအဆုံးတွင် အဖွဲ့ကို ဦးဆောင်ရင်း ရွှေရောင်အိမ်ကြီးနှင့် ဝေးရာမှ ထွက်သွားလိုက်သည်။ ရွှေရောင်အိမ်ကြီးထဲမှ ရတနာများမှာ ကောင်းသော်လည်း ထိုက်သောသူသာ ရနိုင်ပေသည်။ နောင်အနာဂတ်၌ သူအား ကောင်းလာသည့်အချိန် တခြား ပါရမီရှင်များက ပစ္စည်းကောင်းများ ယူသွားကောင်း ယူသွားပြီ ဖြစ်နိုင်သော်လည်း မိုဝူကျီက ယနေ့ ဆုံးဖြတ်ချက်ကို နောင်တ မရပေ။
***