ပုံမှန်ထက်ထူးခြားသော
Vol. 6 Ch. 75
ယဲ့ချန်အဖို့ အမွှေးပွလေးမှာ ကောင်းကင်သားရဲအနွယ်ဝင် ဖြစ်ကြောင်း ပိုသေချာသွားသည့်တိုင် အမွှေးပွလေး၏ လက်ရှိကျင့်ကြံဆင့်ကို သူ မခန့်မှန်းတတ်ပေ။ သို့သော် တစ်နေ့နေ့တွင် အမွှေးပွလေးသည်လည်း သင်းခွေချပ်ကဲ့သို့ လူအသွင်ပြောင်းနိုင်ရန် မျှော်လင့်မိသည်။
ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည်လည်း အမွှေးပွလေး၏ ပြောင်းလဲမှုအား သိလိုစွာ ကြည့်နေကြသည်။ အမွှေးပွလေးထံမှ ထူးဆန်းသော အရှိန်အဝါတစ်ခု သက်ဝင် လှုပ်ရှားလာသည်ကို သူတို့ ခံစားမိကြသည်။ ယခုတွင် အမွှေးပွလေးသည် မှော်သားရဲမဟုတ်ဘဲ ကောင်းကင်သားရဲ ဖြစ်သည်အား သူတို့က သိနေကြပြီ ဖြစ်သည်။ အဆင့် ၁၀ နှင့်အောက် ကောင်းကင်သားရဲများသည် တိုက်ခိုက်ရေး စွမ်းအင်များ မပိုင်ဆိုင်ကြပေ။ ၎င်းတို့က စိတ်ဝိညာဉ်ကိုသာ အထူးပြု ကျင့်ကြံကြသည်။
အချိန်တစ်ခဏ ကြာပြီးနောက် အမွှေးပွလေး၏ မျက်လုံးများ ပြန်ပွင့်လာကာ ယဲ့ချန်ပခုံးပေါ်သို့ ခုန်တက်လာသည်။
ယဲ့ချန်သည် အမွှေးပွလေး၏ အခါတိုင်းနှင့် မတူစွာ ထူးခြားနေမှုကို ခံစားမိသည်။
“အမွှေးပွလေး ... ။ အခု မင်းက ဘယ်အဆင့်မှာလဲ”
ယဲ့ချန်က မေးသည်။
အမွှေးပွလေးသည် လက်ဟန်ခြေဟန်ဖြင့် ပြန်ဖြေလာသည်တွင် အံ့ဩမှုကြောင့် ယဲ့ချန် မျက်လုံးများ ပြူးသွားရသည်။ အမွှေးပွလေးကား အဆင့် ၁၀ ကောင်းကင်သားရဲ ဖြစ်နေချေပြီ။ သူသည် အစောပိုင်းက တွေးထင်ထားသည်မှာ အမွှေးပွလေးသည် အဆင့်၈ သို့မဟုတ် အဆင့်၉ တွင်သာ ရှိနေလောက်သည်ဟု။ အဆင့် ၁၀ ကောင်းကင် သားရဲများသည် ပုံရိပ်ယောင်များ ဖန်တီး တိုက်ခိုက်ခြင်းမှလွဲ၍ အခြားတိုက်ပွဲ စွမ်းရည်တို့ မရှိသော်လည်း အဆင့်တူမှော်သားရဲများနှင့် ယှဉ်လျှင်တော့ များစွာ သာလွန်နေသေးတာ ဖြစ်သည်။
“ချန်အာ ... မင်း သန္ဓေသားဂျင်စင်း တစ်ခုလောက် စားသင့်တယ်။ အဘိုးတို့ ဘေးနားကနေ စောင့်ကြည့် နေပေးမယ်လေ”
ယဲ့ချိန်ရွှမ်းသည် မြေးဖြစ်သူအား တိုက်တွန်းပြောဆို၏။
ယဲ့ချန်ကလည်း ခေါင်းညိတ်သည်။ ပြောရလျှင် သူသည် အဓိက သွေးကြောမများ ပြန်ကောင်းလာပြီးချိန်မှစ၍ မည်သည့်ဆေးဝါးကိုမှ သုံးစွဲခဲ့ခြင်းမရှိဘဲ ပီရှို့ထံမှ အသန့်စင်ဆုံး ထျန်းချီများဖြင့်သာ ကျင့်ကြံခဲ့သည်။ သို့သော် ဤဒဏ္ဍာရီလာ သန္ဓေသားဂျင်စင်းထံမှ မည်သို့သော အံ့ဩဖွယ် အကျိုးရလဒ်မျိုး ရရှိနိုင်မည်ကို စိတ်ဝင်စားမိသည်။ သူသည် မြေပြင်တွင် ပုံစံတကျ ထိုင်လိုက်ကာ သန္ဓေသားဂျင်စင်းအား စားလိုက်ပြီး မျက်လုံးများမှိတ်လျက် ခန္ဓာကိုယ်ထဲရှိ ထျန်းချီတို့အား စတင်ကာ ပေါင်းစည်း လှည့်လည်လိုက်သည်။
သန္ဓေသားဂျင်စင်းက ဝမ်းဗိုက်ထဲသို့ ရောက်သွားသည့် အချိန်တွင် ဂျင်စင်းထံမှ စွမ်းအင်လှိုင်းများသည် သူ့ခန္ဓာကိုယ်ထဲရှိ ထျန်းချီများနှင့် ပေါင်းစပ်သွားပြီး တစ်သားတည်း ဖြစ်သွားခဲ့သည်။ သက်ရောက်မှုသည် အတန်ငယ် အားနည်းသော်လည်း သူ့ကိုယ်ထဲရှိ ထျန်းချီများ ပိုမိုသိပ်သည်း လာသည်ကို ယဲ့ချန် ခံစားမိ၏။
‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ...’
သန္ဓေသားဂျင်စင်းထံမှ စွမ်းအင်များကို အကုန်အစင် စုပ်ယူပြီးသည့်တိုင် ယဲ့ချန်ကိုယ်ထဲ၌ ပြောင်းလဲမှု တစ်စုံတစ်ရာ ဖြစ်မလာခဲ့။ သီအိုရီအရ ဆိုလျှင် ယဲ့ချန်သည် ကျင့်ကြံဆင့် တစ်ဆင့်လောက်တော့ တက်သွားရမှာ ဖြစ်သည်။
ယဲ့ချန်၏ ထျန်းချီများမှာ ချက်ချင်းလက်ငင်း တိုးတက် ပြောင်းလဲလာမှု မရှိသော်လည်း အဓိက သွေးကြောမ များသည်တော့ ကျယ်ပြန့်လာကာ ထျန်းချီ စီးဆင်းမှုနှုန်း မှာလည်း ပိုမိုလွယ်ကူ ချောမွေ့လာသည်။ ယဲ့ချန်သည် ထျန်းချီများထဲရှိ ပြောင်းလဲမှုတို့အား သေချာစစ်ဆေးကြည့်မိသော် သန္ဓေသားဂျင်စင်းထံမှ စွမ်းအင်လှိုင်းများသည် စွမ်းအင်စုံချက်ရှိ ကြယ်တာရာ ဘုံကိုးလွှာမှ သဘာဝစွမ်းအင် ကိုးမျိုးထံသို့ စုပ်ယူခံလိုက်ရကြောင်း အံ့ဩဖွယ် သိလိုက်ရသည်။ ၎င်းသဘာဝ စွမ်းအင်ကိုးမျိုး၏ လှည့်ပတ်ပုံလှည့်ပတ်နည်းမှာ မဆိုသလောက် ပြောင်းလဲသွားပြီး ယခင်ကထက် လှည့်ပတ်နှုန်း ပိုမြန်လာသည်ကလွဲ၍ အခြား ကြီးကြီးမားမား တိုးတက်မှုမျိုးတော့ မတွေ့ရပေ။
သန္ဓေသားဂျင်စင်းသည် သူ့အတွက် ကြီးကြီးမားမား အကျိုးကျေးဇူးမျိုး ယူဆောင် မပေးနိုင်သောကြောင့် ယဲ့ချန် အနည်းငယ် စိတ်ပျက် သွားရသည်။ ကျင့်ကြံဆင့်လေး တစ်ဆင့်တောင် တက်မသွားခဲ့ပေ။ နောက်ဆုံးတွင်တော့ ယဲ့ချန်သည် ပီရှို့ကိုသာ အားကိုးပြီး ဆက်လက် ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ရသည်။ ပီရှို့အား နှိုးဆွလိုက်သည်နှင့် ရေအလျင်ကဲ့သို့ အရှိန်အဟုန် ပြင်းစွာ စီးဆင်းလာသော ထျန်းချီများသည် အဓိက သွေးကြောမများကို ဖြတ်သန်းကာ စွမ်းအင်ဆုံချက်သို့ တည့်တည့်မတ်မတ် ဦးတည် လာကြသည်။ စွမ်းအင်စုံချက်ရှိ သဘာဝစွမ်းအင် ကိုးမျိုးကလည်း အဆက်မပြတ် စီးဆင်းလာသည့် ထျန်းချီတို့အား မရပ်မနား စုပ်ယူသည်။
မကြာမီတွင် သူ့ခန္ဓာကိုယ်ထဲရှိ ထျန်းချီများသည် ပွက်ပွက်ဆူနေသော ရေနွေးကရားထဲရှိ ရေပူများကဲ့သို့ ဖြစ်လာကြသည်။ တစ်ဆက်တည်း ဆိုသလို ထျန်းချီအဆင့် ၈ ထိပ်ဆုံးဆင့်၏ အကာအရံလွှာသည် ပြိုပျက်သွားကာ ယဲ့ချန်၏ စွမ်းအင် ဆုံချက်ရှိ သဘာဝစွမ်းအင် ကိုးမျိုးသည်လည်း အမြန်ဆုံးသော အလျင်နှင့် လည်ပတ် လာကြသည်။ သူ၏ ထျန်းချီများသည် ထျန်းချီအဆင့် ၉ စဦးဆင့်သို့ ကျော်လွန်သွားပြီး ထျန်းချီအဆင့် ၉ အလယ်အလတ်ဆင့်သို့ ရောက်ရှိသွားသည်ကို သိလိုက်ရ၍ ယဲ့ချန် ပျော်ရွှင်သွားရသည်။
‘ကျင့်ကြံဆင့် တက်တာက ဟုတ်ပါပြီ။ ဝိညာဉ် အသိအမြင်ကရော ...’
ယဲ့ချန်သည် ဝိညာဉ်အသိအမြင်အား ထုတ်ဖော်လိုက်သည်တွင် ကြီးမားလှသော ဝိညာဉ်စစ်သည်တော် ထွက်ပေါ်လာသည်။ ယဲ့ချန်၏ ဦးခေါင်းထက်တွင် ရွှေရောင်အလင်းတို့ လွှမ်းခြုံနေသော ဝိညာဉ်စစ်သည်တော်သည် ထုထည်အားဖြင့် ယခင်ကထက် ပိုကာ ထင်ရှား ပြတ်သားလာသည်။ အတွေးတချက်ဖြင့် စေခိုင်းလိုက်ရုံနှင့် ဝိညာဉ် စစ်သည်တော်သည် ၄၊ ၅ မီတာ အမြင့်သို့ မြင့်တက်သွားသည်။ ယဲ့ချန်သည် ဝိညာဉ်စစ်သည်တော်၏ ပိုမိုသန်မာ လာမှုကြောင့် သားရဲတစ်ကောင်၏ စိတ်ဝိညာဉ်နှင့် တိုက်ခိုက်ရသည့်အခါ မည်သို့ရှိမည်ကို သိလိုမိသွားသည်။
ဝိညာဉ် စစ်သည်တော်အား အနီးတစ်ဝိုက်တွင် လှည့်လည် ထိန်းကျောင်းရင်း ယဲ့ချန် သိသိသာသာကို စိတ်လှုပ်ရှား နေတော့သည်။
အရှေ့ဘက် ခြံဝင်းသို့ ပြန်သွားရသော် မင်ယွမ်တယောက် ယဲ့မိသားစုမှ ပြင်ဆင်ထားသော အသားကင် အမျိုးအစားပေါင်း များစွာအလယ် နစ်မြုပ်နေသည်။ သူသည် အသားကင်များအား ပါးစပ်အပြည့် ထိုးသွပ်ရင်း နှုတ်မှလည်း ထွေရာလေးပါး စကားတို့ ရေရွတ်လျက် ရှိသည်။ တစ်ချိန်တည်းတွင်ပဲ စိတ်ထဲ၌ လူသားများသည် အသားစိမ်းကို ထိုမျှထိ အရသာရှိအောင် မည်သို့ကင်နိုင်ကြသည်အား တွေးနေမိသည်။ ကောင်းကင်သားရဲ အရှင်သခင်သည် လူသားများကြား၌ ရောထွေး နေရသည်ကို နှစ်သက်နေသည်က မထူးဆန်းတော့ပေ။
ထိုစဉ် မင်ယွမ်သည် ရုတ်တရက် ဆိုသလို တည်ရှိမှုတခုကို အာရုံခံမိလိုက်၍ စိတ်ဝိညာဉ်အား စေလွှတ်ကာ စူးစမ်းလိုက်သည်တွင် ထိတ်လန့်မှုကြောင့် လန့်သေတော့ မလိုပင် ဖြစ်သွားရ၏။ ဝေးကွာလှသော တစ်နေရာရှိ လေထုထဲတွင် သူ နေ့လယ်ခင်းက တွေ့ခဲ့ရသော ရွှေရောင်အလင်းတို့ ဖြာထွက်နေသည့် ဝိညာဉ်စစ်သည်တော် ရှိနေ၏။ သို့သော် နေ့လယ်ကထက် အဆများစွာ ပိုမိုသန်မာပြီး ကြမ်းကြုတ် ရက်စက်သည့်ဟန် ပေါ်နေသည်။ ၎င်းသည် မီးခြင်္သေ့ဘုရင် ပိုင်ဆိုင်သော စိတ်ဝိညာဉ်ထက်ပင် ပို၍ ခြိမ်းခြောက်နိုင်စွမ်း ကြီးလှသည်။ အလွန်အန္တရာယ်များသည့် အရိပ်အငွေ့များ ကိန်းဝပ်နေ၏။ ထိုအံ့မခန်းဝိညာဉ် စစ်သည်တော်သည် မင်ယွမ်အား ကြက်သီး တဖြန်းဖြန်း ထရလောက်သည်အထိ ကြောက်ရွံ့ စေလာသောကြောင့် စူးစမ်းရန် စေလွှတ်ထားသော သူ့စိတ်ဝိညာဉ်အား အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်ရသည်။
မင်ယွမ်သည် စိတ်ဝိညာဉ်အား ပြန်လည် ရုပ်သိမ်းပြီးသည့်တိုင် မျက်လုံးထဲရှိ အကြောက်တရားများမှာ မပျောက်ကွယ်နိုင်သေး။ ထိုမျှ ကြောက်မက်ဖွယ် ကောင်းသော စိတ်ဝိညာဉ် ... ။ ကောင်းကင်သားရဲ အရှင်သခင်ကား သန်မာလှချေသည်။
တလှပ်လှပ် ခုန်လှုပ်နေသော ရင်ဘတ်ထဲရှိ ကြောက်စိတ်တို့ ပြေလျော့စေရန် မင်ယွမ်သည် ကိုယ့်ရင်ဘတ် ကိုယ်ဖိကာ အကြောက်ဖြေနေရသည်။ ကောင်းကင်သားရဲ အရှင်သခင်နှင့် ပတ်သက်၍ သူ သိခဲ့ရသမျှ အားလုံးကို မီးခြင်္သေ့ဘုရင်ထံ ပြန်လည် တင်ပြရပေမည်။
အချိန်အတန်ကြာ စမ်းသပ် ကြည့်ပြီးသည့်နောက် ယဲ့ချန်သည် ဝိညာဉ်စစ်သည်တော်အား ပြန်လည်ဆင့်ခေါ်ကာ ခန္ဓာကိုယ်ထဲရှိ ထျန်းချန်တို့ကို စနစ်တကျ စုစည်း လှည့်ပတ်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူပြီး မျက်လုံးများ ပြန်ဖွင့်လိုက်သည်တွင် သူ့အား စိုးရိမ်တကြီးဖြင့် ကြည့်နေကြသော ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့ကို မြင်လိုက်ရသည်။
“ဘယ်လိုနေလဲ ချန်အာ။ တိုးတက်မှုရှိခဲ့ရဲ့လား”
“ထျန်းချီစွမ်းအင်ရော တိုးတက်မှုရှိလား”
“ဟုတ်ကဲ့”
ယဲ့ချန်က ခေါင်းညိတ်သည်။
အကြီးအကဲ နှစ်ယောက်တို့သည် ယဲ့ချန်၏ စကားကို ကြားသည့်အခါ သူတို့ကိုယ်တိုင် အဆင့်တက်ခဲ့တုန်း ကထက်ပင် ပိုမို ပျော်ရွှင်နေကြသည်။
“ချန်အာ ... အခုလက်ရှိကျင့်ကြံဆင့်က ဘယ်အဆင့်မှာလဲ”
ယဲ့ကျန့်ထျန်းက မေးသည်။ ကျင့်ကြံဆင့် မြင့်မားမှုအရ သူသည် အခြားလူငယ်များ၏ ကျင့်ကြံဆင့်ကို ထျန်းချီသိပ်သည်းမှုမှ တစ်ဆင့် ခန့်မှန်းကောက်ချက် ချနိုင်သော်လည်း ယဲ့ချန်၏ ထျန်းချီများမှာ သာမန်ထက် အလွန်ထူးခြားပြီး သိပ်သည်းဆ မြင့်မားလှသည့်အတွက် သူလည်း မခန့်မှန်းတတ်ပေ။
“ထျန်းချီအဆင့် ၉ အလယ်အလတ်ဆင့်လို့ ထင်တယ်”
ယဲ့ချန်သည် ခဏမျှ စဉ်းစားပြီးမှ ဖြေသည်။
ထျန်းချီအဆင့် ၉ အလယ်အလတ်ဆင့် ... ။
ချန်အာ၏စွမ်းအင်သည် ထိုမျှထိ မြင့်မားနေပြီတဲ့လား ... ။
ယဲ့ကျန့်ထျန်းက ထိုသို့ တွေးမိသော်လည်း အခြားသော မိသားစုဝင်များ၏ အတွေးတို့ကမူ ကွဲပြားသည်။ သူတို့က ယဲ့ချန်သည် အစောပိုင်းကပင် ထျန်းချီအဆင့် ၉ သို့ ရောက်ရှိနေခြင်းဟု တွေးထင်ထား ကြသော်လည်း ထိုစဉ်က ယဲ့ချန်သည် ထျန်းချီအဆင့် ၈ ထိပ်ဆုံးဆင့်မျှသာ ရှိခဲ့ကြောင်း ယခုမှ နားလည်သွားကြသည်။
“ချန်အာရဲ့ တိုက်ခိုက်နိုင်စွမ်း ဘယ်လောက်တောင်မှ တိုးတက်လာသလဲဆိုတာ သိချင်မိတယ်”
ယဲ့ချိန်ရွှမ်းသည် ပြုံးရွှင်နေသောမျက်နှာဖြင့် ရေရွတ်၏။
ယဲ့ချန်၏ တိုက်ခိုက်နိုင်စွမ်းသည် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်နှင့် ညီမျှပါက ယဲ့မိသားစုတွင် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် ၅ ယောက်ရှိပြီဟု ဆိုနိုင်ချေပြီ။
မိသားစုထဲ၌ ထျန်းချီအဆင့် ၉ ထိပ်ဆုံး ဆင့်ကျင့်ကြံသူ ၃ ယောက်နှင့် အဆင့် ၉ ထိပ်ဆုံးဆင့် မှော်သားရဲနှစ်ကောင် ရှိနေခြင်း၊ ထိုအင်အားသည် အခြားမိသားစုများအတွက် အားကျစိတ်ဖြင့် လဲသေသွား ရလောက်အောင် ကြီးမားလှသည်။ ထိုသတင်းသည် ရဲတိုက်အနှံ့ ပျံ့နှံ့သွားသောအခါ အများစုက မယုံကြည်နိုင်ဘဲ သံသယဝင် ကြသည်။ မည်သို့ပင်ဆိုစေ သတင်းကား အရှိန်အဟုန်နှင့် ဆက်လက် ပျံ့နှံ့နေသည်။
“ဦးလေး ... မိသားစုရဲ့ အင်အားက အခုဆို အများကြီး တိုးတက်လာပြီ။ တောင်တန်းဒေသက မိုင်းတွင်းတွေကို ယွင်မိသားစု လက်ထဲကနေ ပြန်ယူသင့်တယ်”
ယဲ့မိသားစုဝင် အများစုသည် ယွင်မိသားစု အကြောင်း ပြောလိုက်ရုံနှင့် ဒေါသထွက်လာကြဟန် ရသည်။ သူတို့သည် အပေါ်က တစ်ယောက်၏ အကြံပြုချက်အား လက်ခံပေးရန် ယဲ့ချိန်ရွှမ်းအား လှမ်းကြည့်လာကြ၏။
“ဘယ်လိုထင်လဲ ချန်အာ”
ယဲ့ချိန်ရွှမ်းသည် ယဲ့ချန်၏အမြင်ကိုသာ အလေးပေးလိုပုံ ပေါ်သည်။
“ယွင်မိသားစုရဲ့ ပြဿနာကို ဒုတိယဦးလေးနဲ့ တတိယဦးလေးတို့နဲ့ပဲ လွှဲလိုက်မယ်။ ဦးလေးတို့ အားဖန် ၁ နဲ့ အားဖန် ၂ ကို ခေါ်ပြီး ယွင်မိသားစုဆီ သွားပေးလို့ရမလား။ အဘိုးပါ အပါအဝင်ပေါ့”
ထိုအင်အားနှင့် ဆိုလျှင် ယွင်မိသားစုကို ကိုင်တွယ်ရန် လုံလောက်ပေသည်။
“ကျွန်တော်လိုက်ချင်တယ်”
“ကျွန်တော်ရောပဲ”
ယဲ့မုန့်တို့ လူငယ်လေး တစ်သိုက်သည် စိတ်အားထက်သန်စွာ အဆိုပြုလာကြ၏။
အတန်ကြာ ဆွေးနွေးညှိနှိုင်း ပြီးသည့်နောက် ယဲ့ချိန်ရွှမ်းသည် အားဖန်၁ နှင့် အားဖန် ၂ တို့အပြင် မိသားစုဝင် ၁၀ ယောက်ကို ရွေးချယ်ကာ ယွင်မိသားစုသို့ ထွက်ခွာ သွားတော့သည်။ များစွာသော ကျင့်ကြံ ဆင့်မြင့်သူများ ပါဝင်သွားလေရာ သည်တစ်ခေါက်၌ ယွင်ရိရန်သည်ပင် တန်ပြန်တိုက်ခိုက်ရန် လွယ်ကူတော့မည် မဟုတ်ချေ။
ဤတိုက်ပွဲကား မိသားစုကြီး နှစ်ခုကြား၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအား အဆုံးအဖြတ် ပေးမည့်ပွဲလည်း ဖြစ်သည်။ နှစ်ပေါင်းများစွာတိုင် ယွင်မိသားစုသည် ယဲ့မိသားစုအား အထက်စီးမှ ဖိနှိပ်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် ယဲ့မိသားစုကလည်း ယွင်မိသားစုအပေါ် မည်သို့သော သက်ညှာမှုမျှ ပြသလိမ့်မည် မဟုတ်ပေ။
***