တုန်းလင်ပြည်နယ်၏ ဒုတိယမင်းသား
Vol. 6 Ch. 76
နှစ်ရက်ကြာပြီးနောက် ယဲ့ချိန်ရွှမ်းတို့အဖွဲ့သည် ယဲ့မိသားစုရဲတိုက်သို့ ပြန်လာကြသည်။ အကြောင်းအရာ အသေးစိတ်ကို မေးမြန်း ကြည့်သည့်အခါ ယွင်မိသားစုမှာ ပြိုလဲသွားပြီ ဖြစ်ကြောင်း သိရသည်။ ယွင်ရိရန်သည် တိုက်ပွဲအတွင်း၌ပင် သေဆုံးသွားပြီး အဓိက သွေးကြောမများ ပျက်စီးနေသော ယဲ့ခုံးယန်၏ အလောင်းအား ယွင်မိသားစု မြေအောက်ခန်းတွင် တွေ့ခဲ့ရသေးသည်ဟု ဆိုသည်။ ယဲ့မော့ယန် သေဆုံး သွားပြီးနောက် ယွင်မိသားစုသည် ယဲ့ခုံးယန်အား သေသေရှင်ရှင် ဂရုမစိုက်ဘဲ ပစ်ထားခဲ့ပုံရသည်။
ယဲ့မိသားစုဝင်များသည် ယွင်မိသားစု၏ ပျက်စီးသွားမှုကြောင့် အလွန် ကျေနပ်ပျော်ရွှင် နေကြသည်။ ထိုခံစားချက်ကား စကားလုံးနှင့်ပင် ဖော်ပြ၍မရချေ။ သို့သော် ယဲ့မိသား စုရဲတိုက်သည် ခံစစ်အဖြစ် အခိုင်အမာ နေရာချထားဆဲ ရှိသေးသည်။ ဒုတိယမင်းသားသည် ဘယ်အချိန် လှုပ်ရှားလာမည်မှန်း မသိရာ သူတို့က သတိကြီးကြီး ထားနေကြသော်လည်း နှစ်ရက်၊ သုံးရက်ကြာသည့်တိုင် ဒုတိယမင်းသား၏ အရိပ်အယောင်ကို မမြင်ရသဖြင့် ယဲ့မိသားစုဝင်များသည် အတန်ငယ်တော့ စိတ်အေး သွားကြရသည်။
ဒုတိယမင်းသား လှုပ်ရှားလာမည့် အချိန်ကို ဆက်စောင့်နေရန် မဖြစ်သဖြင့် ယဲ့ချန်သည် မီးခြင်္သေ့ဘုရင်အတွက် စာကို စတင်ပြင်ဆင်ရသည်။ ယဲ့ချန်က သူ ရေးလိုသည်ကို နှုတ်မှ ရွတ်ပြရုံသာဖြစ်ပြီး အမွှေးပွလေးက သားရဲတို့၏ ဘာသာစကားဖြင့် ပြန်ရေးပေးသည်။ ယဲ့ချန်သည် ထိုစာကို မင်ယွမ်ထံပေးကာ နောက်တနေ့၌ မီးခြင်္သေ့ဘုရင်၏ နန်းတော်သို့ ပြန်လွှတ်တော့မည် ဖြစ်သည်။
ဤရက်ပိုင်းအတွင်း ယဲ့ချန်သည် တိမ်နီကောင်းကင်နှင့် လောကအမျက်တို့အား ဆက်ကာ လေ့ကျင့်နေခဲ့သည်။ တိမ်နီကောင်းကင်အား အပြီးတိုင် တတ်မြောက်သွားပြီ ဖြစ်ကာ လောကအမျက်ကိုတော့ သေးငယ်သော အောင်မြင်မှု အဆင့်ထိ ပြီးမြောက်ခဲ့သည်။ ထို့ပြင် ယဲ့ချန်သည် တိမ်နီကောင်းကင် ကျင့်စဉ် နည်းစနစ်ထဲသို့ မိုးကြိုးစွမ်းအင်ကို ထပ်ပေါင်းထည့်ကာ ‘ကောင်းကင်ခွင်းမိုးကြိုး’ ဟူ၍ အမည်သစ် ပေးခဲ့သည်။ ပြီးလျှင် သူက ထိုကျင့်စဉ်သစ်အား ယဲ့မိသားစုဝင်များကို လေ့ကျင့်စေမည် ဖြစ်သည်။ လောကအမျက်ကို ထိုသို့ ပြုပြင် ဆန်းသစ်ရန်အတွက် ယဲ့ချန်သည် ကြိုးစားကြည့် သေးသော်လည်း လောလောဆယ်တွင် ဉာဏ်အလင်း တချို့ကို မဖမ်းဆုပ်နိုင်သေးသောကြောင့် မအောင်မြင်နိုင်သေးပေ။
ခဏတာတော့ ယဲ့မိသားစုသည် အေးချမ်းသော နေ့ရက်အချို့ကို ဖြတ်သန်းနေရသည်။ မိသားစုဝင်တိုင်းကလည်း ကြိုးစားပမ်းစား မခိုမကပ်ဘဲ လေ့ကျင့်နေကြသည်။ မိသားစုထဲ၌ အစွမ်းထက်ကျင့်ကြံသူများစွာ ရှိနေသည့်တိုင် ဒုတိယမင်းသား ဟူသော ခြိမ်းခြောက်မှုကြီးကား အားလုံး၏ရင်ထဲတွင် အစိုင်အခဲ တစ်ခုအဖြစ် ရှိနေသေးသည်။
“တတိယညီလေး ရွှမ်အာကို မြစိမ်းတိမ်ဂိုဏ်းကို ပို့မယ်ဆိုတာ သေချာပြီလား။ ရွှမ်အာသာ ဒီမှာ နည်းနည်းလောက် ထပ်နေလိုက်ရင် တစ်ခုခု အကျိုးရှိတာမျိုးလည်း ဖြစ်နိုင်တာပဲ”
ယဲ့ကျန့်ထျန်းက အကြံပြုသည်။ မြစိမ်းတိမ်ဂိုဏ်းသည် ဝင်ခွင့် အောင်မြင်ထားသော ကလေးများအား လိုက်လံ စုဆောင်းနေပြီ ဖြစ်ရာ ယဲ့ကျန့်ရှုံးသည်လည်း ယဲ့ရွှမ်၏ ပစ္စည်းများ အားလုံးကို အသင့် ထုပ်ပိုး ပြင်ဆင်နေခဲ့သည်။
“အင်း။ ငါ ဒါကို သေချာတွေးပြီးပြီ။ ရွှမ်အာ ဒီမှာနေလို့လည်း မိသားစုအတွက် ကူညီပေးနိုင်တာ သိပ်မရှိဘူးလေ။ မြစိမ်းတိမ်ဂိုဏ်းကို ပို့လိုက်တာက အကောင်းဆုံး ဖြစ်လိမ့်မယ်။ ကံကောင်းရင် ငါတို့လည်း မြစိမ်းတိမ်ဂိုဏ်းနဲ့ ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်နိုင်ဦးမယ်”
ယဲ့ကျန့်ရှုံးက ရှင်းပြသည်။ အစွမ်းထက်သော ဆေးဖက်ဝင် ပစ္စည်းများ၏ အကူအညီဖြင့် ယဲ့ရွှမ်၏ လက်ရှိ ကျင့်ကြံဆင့်သည် ထျန်းချီအဆင့်၈ အလယ်အလတ်ဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမ၏ အသက်အရွယ်ဖြင့် ထိုကျင့်ကြံဆင့်ကား အလွန်အထင်ကြီးဖွယ် ကောင်းလှသည်။ သို့သော် မိသားစုထဲတွင် ထျန်းချီအဆင့် ၉ ကျင့်ကြံသူ များစွာရှိနေရာ ထျန်းချီအဆင့် ၈ တစ်ယောက်မျှ လျော့သွားခြင်းက ကြီးမားသော သက်ရောက်မှု မဟုတ်ပေ။ ယဲ့ရွှမ်၏ ထူးချွန်မှုကြောင့် မြစိမ်းတိမ်ဂိုဏ်းတွင် နေရာပေးခံရမှာ သေချာသလောက် ရှိသည်။ ဤနည်းဖြင့် အနာဂတ်တွင် ယဲ့ရွှမ်သည် မိသားစုအား ပြန်လည် ထောက်ပံ့နိုင်ပေမည်။
“ရွှမ်အာ ... မြစိမ်းတိမ်ဂိုဏ်းကို သွားချင်တဲ့ ဆန္ဒရှိလား”
လူကြီးနှစ်ယောက်၏ စကားဝိုင်းကို နားထောင်ပြီးနောက် ယဲ့ချန်က ယဲ့ရွှမ်အား မေးသည်။
“ဟုတ်ကဲ့ အစ်ကိုချန်။ ရွှမ်အာ ... အပြင်လောက အကြောင်းကို အခုထက် ပိုသိချင်တယ်။ ပြီးတော့ ပိုသန်မာ လာချင်တယ် အိမ်ကိုပြန်မလာခင်မှာပေါ့”
ယဲ့ရွှမ်သည် ခေါင်းညိတ်လျက် စိတ်အား ထက်သန်နေသော မျက်လုံးလေးများဖြင့် ဆိုသည်။ သူမက အပြင်လောကအနှံ့ လှည့်လည်ကာ ပိုမိုသန််မာလာချင်သည်ဟု ဆိုသော်လည်း ယဲ့မိသားစုမှ အပြီးတိုင် ထွက်ခွာသွားလိုသည်ဟု မဆိုလိုပေ။ ယဲ့မိသားစုကား သူမ၏ စမှတ်ဖြစ်သကဲ့သို့ သံဃောဇဉ် အမြစ်တွယ်ရာလည်း ဖြစ်သည်။ ထိုအချက်အား ဘယ်တော့မှ မေ့ပစ်မှာမဟုတ်ပေ။
“ကောင်းပြီ ... ဒီလိုဆိုမှတော့ အစ်ကို ဘာမှမပြောတော့ဘူး။ ဦးလေး ၃ ကို လိုအပ်တာတွေ ပြင်ဆင်ခိုင်းလိုက်မယ်။ လမ်းခရီးမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ အရင်က အစ်ကို ပြောဖူးသလိုပဲ ... ဘယ်နေရာကို ရောက်နေပါစေ ယဲ့မိသားစုရဲတိုက်က ရွှမ်အာရဲ့အိမ်ဆိုတာ မမေ့နဲ့။ တစ်ယောက်ယောက်က ရွှမ်အာ့ကို အနိုင်ကျင့်ရဲရင် အိမ်ကိုပြန်လာခဲ့။ ဒီအစ်ကိုက မင်းကို ကာကွယ်ပေးမယ်”
“ရွှမ်အာ မှတ်ထားပါ့မယ်”
မိန်းမငယ်လေးသည် တစ်မျိုးမျိုးသော ဝမ်းနည်းမှုဖြင့် ဆို့နင့်လာသောကြောင့် မျက်ရည်များ အဆက်မပြတ် စီးကျလာတော့သည်။
အကြီးအကဲများသည် ယဲ့ချန်နှင့် ဆွေးနွေးပြီးနောက် ယဲ့ရွှမ်အား မြစိမ်းတိမ်ဂိုဏ်းသို့ ပို့ဆောင်ရန် သဘောတူလိုက်ကြသည်။ ယဲ့ကျန့်ရှုံးက သမီးဖြစ်သူ၏ ခရီးအား လိုက်ပါပို့ဆောင်မည် ဖြစ်သည်။
ယဲ့ရွှမ်တို့သားအဖ ထွက်ခွာ သွားကြသောအခါ ယဲ့မိသားစု၏ အဓိက မိသားစုဝင်များသည် အခြားသော ဆွေးနွေးမှု တစ်ခုအတွက် ပင်ပခန်းမထဲ၌ စုဝေးကြသည်။
“ချန်အာ ... အဖေတို့မှာရှိတဲ့ ချီစုဆောင်း ဆေးလုံးတွေရော၊ ချီအဆီအနှစ် ဆေးလုံးတွေရော အားလုံးကုန်ခါနီးနေပြီ။ အဖေတို့ ဒီအတိုင်း စားလိုက်သောက်လိုက်နဲ့ ဆက်ထိုင်နေလို့ မဖြစ်တော့ဘူး။ ဒုတိယမင်းသားဘက်က အခုထိ ဘာမှ လှုပ်ရှား မလာသေးသလို တောင်းပန်ဖို့လည်း လူလွှတ်မလာခဲ့ဘူး။ ဆိုလိုတာက သူလည်း ယဲ့မိသားစုရဲ့ အင်အားကို နည်းနည်းတော့ သတိထားနေတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒီအခြေအနေမှာ အဖေနဲ့ မင်းအဘိုးကတော့ တောင်တန်းဒေသက ရွှမ်သတ္တုတွင်း လုပ်ငန်းတွေကို ပြန်စဖို့တွေးမိတယ်”
ယဲ့ကျန့်ထျန်းက ပြောသည်။ ရွှမ်သတ္တုတွင်း လုပ်ငန်းများကို ပြန်လည်မစတင်လျှင် လာမည့်ရက်များအတွက် အသုံးစရိတ်မှာ အနည်းငယ်သာ ကျန်ရှိပေသည်။ တမိသားစုလုံးအတွက် မလောက်ငှတော့ပေ။
ယဲ့ချန်သည် ထိုကိစ္စအား တွေးကြည့်ပြီးနောက် ပြောလာသည်။
“ဒီတိုင်းဆိုရင် ရွှမ်သတ္တုတွင်း လုပ်ငန်းကို ပြန်စမှရမယ်။ ဒါပေမဲ့ ဒုတိယမင်းသားက အာဏာသုံးပြီး ရွှမ်သတ္တုဈေးကွက်ကို ပိတ်ဆို့လိုက်မယ် ဆိုရင် ကျွန်တော်တို့အတွက် ဘာမှမထူးဘူး။ သတ္တုတွင်းလုပ်ငန်း ပြန်လည်ပတ်ရင်တောင် သတ္တုတွေကို ရောင်းမထုတ်နိုင်ဘူး”
“မစိုးရိမ်ပါနဲ့”
ယဲ့ကျန့်ထျန်းသည် နှစ်သိမ့်လိုသော အပြုံးတခုနှင့် ဆို၏။
“တုန်းလင်ပြည်နယ်၊ ကုန်သွယ်ရေးဌာနရဲ့ ခေါင်းဆောင်နဲ့ အဖေရင်းနှီးတယ်။ အခုမှ တွေးကြည့်လိုက်တော့ ... ချန်အာ၊ သားအနေနဲ့ ကုန်သွယ်ရေးဌာန ခေါင်းဆောင်ကို ရင်းရင်းနှီးနှီး ဦးလေး တပ်ခေါ်သင့်တယ်။ ဆက်ဆံရေးကောင်းတခု ရှိထားတာ မမှားပါဘူး။ သူနဲ့ စကားပြောဖို့ လူယုံတချို့ကို အဖေလွှတ်လိုက်မယ်။ အဖေတို့သတ္တုတွင်းက ထွက်သမျှ ရွှမ်သတ္တုတွေကို သူ့ဆီ တိုက်ရိုက်ပို့ထားမယ် ဆိုရင် ရောင်းမထွက်မှာ မပူရတော့ဘူး။ အဖေတို့ ဂရုစိုက်ရမှာက ရွှမ်သတ္တုတွေကို ကုန်သွယ်ရေးဌာနဆီ လုံလုံခြုံခြုံ ပို့ပေးနိုင်ဖို့ပဲ”
“ဒီလိုဆိုမှတော့ သတ္တုတွင်း လုပ်ငန်းတွေ ပြန်စဖို့ ပြဿနာမရှိတော့ပါဘူး”
ယဲ့ကျန့်ထျန်း၏ အစီအစဉ်က အမှန်တကယ် အလုပ်ဖြစ်လောက်သည်မို့ ယဲ့ချန် သဘောတူလိုက်သည်။ ထို့ပြင် ယဲ့ချန်သည် ယမ်းမှုန့်များကို ကောင်းကောင်း အသုံးချနိုင်ရန် တွေးတော ကြံဆနေခြင်း ဖြစ်သည်။ ယဲ့မိသားစုက သတ္တုတွင်း လုပ်ငန်းများအား ပြန်လည် စတင်နေကြောင်း ဒုတိယမင်းသား သိသွားပါက လူလွှတ်ကာ ပြဿနာ ရှာလာနိုင်သည်။ ဒုတိယမင်းသားဘက်မှ စစ်တပ်တစ်တပ်လုံး လွှတ်မလာသေးသ၍တော့ ယဲ့မိသားစုအတွက် အဟန့်အတား မဖြစ်နိုင်ပေ။
“အရင်တုန်းက ငါတို့သတ္တုတွင်းတွေမှာ လုပ်သားအရေအတွက် နည်းနည်းပဲ ထားခဲ့တယ်။ အခုတော့မတူတော့ဘူး။ လုပ်သား အင်အားဖြည့်ဖို့ အနီးနားက ရွာတွေမှာ ရှာဖွေရမယ်။ ဒီတစ်ခေါက် သတ္တုတွင်းလုပ်ငန်းကနေ ချီစုဆောင်းဆေးလုံး ၁၀၀၀၊ ၂၀၀၀ လောက် ရနိုင်မှာ သေချာသလောက် ရှိတယ်”
ယဲ့ကျန့်ထျန်းက ပြောသည်။
“သတ္တုတွင်းကနေ ရသလောက်လေးက မိသားစုအတွက် မလုံလောက်သေးဘူး”
ယဲ့ချိိန်ရွှမ်းက အဓိကအချက်ကို ထောက်ပြ ပြောဆိုလာသည်။ အတိတ်တုန်းက ယဲ့ချိိန်ရွှမ်းသည် မိသားစု၏ ငွေရေးကြေးရေး ကိစ္စများတွင် ဝင်ပါလေ့မရှိသော်လည်း ယခုမူ မိသားစု၏ အခြေအနေကား တိုးတက် ပြောင်းလဲခဲ့ချေပြီ။ ယခင်က သတ္တုတွင်းမှရသော ဝင်ငွေသည် မိသားစုအတွက် လုံလောက်ခဲ့သည့်တိုင် ယခုမူ ထိုမျှ ဝင်ငွေ နည်းနည်းလေးဖြင့် သတ္တုတွင်း လုပ်ငန်းများအား တိုးချဲ့ရန် မဖြစ်နိုင်တော့ပေ။
“ရွှီမိသားစုက သူတို့ရဲ့ ဆားတွင်းလုပ်ငန်းကို ငါတို့နဲ့ စပ်တူလုပ်ချင်တယ်လို့ ကမ်းလှမ်းလာတယ်။ တခြားမိသားစု တော်တော်များများက ကမ်းလှမ်းထားတဲ့ လုပ်ငန်းတွေလည်း ရှိသေးတယ်။ တကယ်လို့ သူတို့တွေနဲ့ ပူးပေါင်းလုပ်ကိုင်တာက အဆင်ပြေပြေ ဖြစ်ခဲ့မယ် ဆိုရင်တော့ ငါတို့အနေနဲ့ တစ်နှစ်ကို ချီစုဆောင်းဆေးလုံး သန်းနဲ့ချီပြီး ရရှိနိုင်လိမ့်မယ်”
ယဲ့ချိန်ရွှမ်းသည် မကြာသေးခင်က ကမ်းလှမ်းလာမှုများ အကြောင်း သုံးသပ်ပြောဆို၏။
ခန်းမထဲရှိ မိသားစုဝင်များသည် ကိုယ်စီအတွေးများနှင့် ပြုံးမိကြသည်။ အတိတ်ကဆိုလျှင် သူတို့သည် တစ်နှစ်ဝင်ငွေ၊ ချီစုဆောင်းဆေးလုံး ၁၀၀၀ ခန့်ရသည်ကိုပင် ကျေနပ်ခဲ့ကြသည်။ ယခုအခါ တစ်နှစ်ဝင်ငွေက ဆယ်ဆခန့် တိုးတက်သွားခြင်းအပေါ် မပျော်ရွှင်ဘဲ မည်သို့ နေပါမည်နည်း။ သူတို့သည် ချီစုဆောင်းဆေးလုံးများ၊ ချီအဆီအနှစ် ဆေးလုံးများအပြင် ကမ္ဘာ့အနှစ်သာရ ဆေးလုံးများနှင့် အဖိုးတန် ဆေးဖက်ဝင် ပစ္စည်းများစွာကို ယဲ့ချန်ကျေးဇူးကြောင့် မြည်းစမ်းခွင့်ရခဲ့ပြီး ဖြစ်ရာ သန်းဂဏန်းမျှသော ချီစုဆောင်း ဆေးလုံး အရေအတွက်က သူတို့အတွက် အလယ်အလတ် အဆင့်ခန့်သာ ရှိတော့ပေသည်။ အနာဂတ်တွင် သတ္တုတွင်းလုပ်ငန်းများ သာမက အခြားလုပ်ငန်းများကိုပါ တရားဝင်တိုးချဲ့ကာ ယဲ့မိသားစုအား ပိုမို အင်အား ကြီးမားစေရန် ဆောင်ရွက်ဖို့ရာ မိသားစုဝင် တစ်ယောက်ချင်းစီရဲ့ ရင်ထဲ၌ စွဲမြဲနေခဲ့လေပြီ။
“သတ္တုတွင်းတွေကို အရင်ဆုံး သွားကြည့်ကြတာပေါ့”
ယဲ့ချန်က အကြံပြုသည်။ သူ့တွင် ယခင်က ပြင်ဆင်ထားသော ယမ်းမှုန့်တချို့ ကျန်ရှိနေသေးရာ ၎င်းတို့အား အကျိုးရှိရှိ အသုံးချရန် မစောင့်နိုင်တော့ပေ။ ယမ်းမှုန့်များ၏ အကူအညီဖြင့် သတ္တုတွင်းများ၏ ထုတ်လုပ်နိုင်စွမ်းက ဆယ်ဆသို့မဟုတ် ထို့ထက်ပိုစွာပင် တိုးတက်လာနိုင်သည်။
သို့နှင့် ခန်းမထဲရှိ လူအုပ်ကြီးသည် သတ္တုတွင်းများကို စစ်ဆေးရန် အတူတကွ ထွက်ခွာသွားကြ၏။
ထိုအချိန်တွင် တုန်းလင်၊ ဒုတိယမင်းသား၏ ကျွင်းဝမ်နန်းတော် အထက်ကောင်းကင်၌ စာပို့သိမ်းငှက်တစ်ကောင် ပျံသန်း ဆိုက်ရောက်လာသည်။
ကျွင်းဝမ်နန်းတော်၊ ကျက်သရေဆောင် ခန်းမထဲ၌ ... ။
“သတင်းကဘာတဲ့လဲ ကျန်းအာ”
ကျက်သရေဆောင် ခန်းမအလယ်ရှိ အမြင့်ဆုံးထိုင်ခုံတွင် ထိုင်လျက်ရှိသော သက်လတ်ပိုင်းအရွယ်၊ ရွှေရောင်ဝတ်ရုံနှင့်လူက မေး၏။ ထိုလူသည် အရပ်ရှည်ရှည်၊ ခန္ဓာကိုယ် တောင့်တောင့်နှင့် ခန့်ညားသော ဥပဓိရုပ်ရှိကာ တော်ဝင်ဆန်သော အရှိန်အဝါကို ပိုင်ဆိုင်သည်။ အကြည့်တစ်ချက်နှင့်တင် အလွန် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်းလည်း ထင်ရှားသည်။ ထိုလူကား အခြားမဟုတ်၊ ရှီဝူအင်ပါယာ၏ ဧကရာဇ်မင်ဝူ ကိုယ်တိုင် ဒုတိယမင်းသားဘွဲ့ကို အပ်နှင်းပေးထားသော တုန်းလင်ပြည်နယ်၏ ဒုတိယမင်းသား လျှိုရွှင်း ဖြစ်ပေသည်။
***