← Chapters

နစ်မြုပ်နေသော ကျောက်စိမ်းမျှော်စင်

Vol. 6 Ch. 77

နစ်မြုပ်နေသော ကျောက်စိမ်းမျှော်စင်

Vol. 6 Ch. 77

လွန်ခဲ့သော နှစ်များအတွင်း ရှီဝူဧကရာဇ်၏ အစွန်အဖျား ပြည်နယ်လေးများအပေါ် အာဏာစက် သက်ရောက်မှုသည် ဆုတ်ယုတ် ကျဆင်းလာခဲ့သည်။ ပြည်နယ် တစ်ခုချင်းစီ၏ ဘုရင်ခံများသည် ကိုယ်ပိုင်စစ်တပ် ပိုင်ဆိုင်ကြပြီး သက်ဆိုင်ရာ ပြည်နယ် အသီးသီးတွင် တသွေးတသံတမိန့်ဖြင့် အုပ်ချုပ်ကြသည်။ ထူးချွန်သော အဆင့်မြင့်ကျင့်ကြံသူ နောက်လိုက်များအပြင် တုန်းလင်ပြည်နယ်၊ ဒုတိယ မင်းသားသည် ထျန်းချီအဆင့် ၇ ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော သံနက်တပ်ဖွဲ့နှင့် စစ်သားဆယ်သန်း ပါဝင်သည့် စစ်တပ်ကြီး တစ်တပ်ကိုလည်း ပိုင်ဆိုင်သေးသည်။ ပြောရလျှင် တုန်းလင်ပြည်နယ် တစ်ခုလုံးသည် ဒုတိယမင်းသား၊ လျှိုရွှင်း၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝ ရှိနေခြင်း ဖြစ်သည်။

ထျန်းချီအဆင့် ၃ ကျင့်ကြံသူ ၂ သန်း၊ ၃ သန်းဖြင့် ဖွဲ့စည်းထားသော စစ်တပ်တစ်တပ်ကပင် ထျန်းချီအဆင့် ၉ ကျင့်ကြံသူ တစ်ယောက်ကို အမဲဖျက်ရန် လုံလောက်သည်။ ထျန်းချီအဆင့်၁၀ ကျင့်ကြံသူ ဆိုလျှင်တောင် ထျန်းချီအဆင့် ၇ များဖြင့် သံနက်တပ်ဖွဲ့အား ရင်ဆိုင်နိုင်ရန် အပြင်းအထန် ကြိုးစားရမည် ဖြစ်သည်။

“ယဲ့မိသားစုအကြောင်းပါ ခမည်းတော်”

လျှိုကျန်းသည် ထိုင်ခုံထက်ရှိ ဒုတိယမင်းသားအား ရိုရိုသေသေ ပြန်လည် လျှောက်တင်သည်။

“ယဲ့မိသားစုက ဒီတစ်ခေါက်မှာရော ဘာလုပ်ပြန်ပြီလဲ”

လျှိုရွှင်း၏ အသံမှာ နက်ရှိုင်းလှသည်။ တစ်စုံတစ်ယောက်သည် ထျန်းချီဖြင့် ထိုအသံအား သေချာ နားထောင်ကြည့်ပါက ကြီးမားသော စွမ်းအားများ ကိန်းဝပ်နေသည်ကို ခံစားနိုင်ပေမည်။

“ယဲ့မိသားစုက ယွင်မိသားစုကို ချေမှုန်းနိုင်ခဲ့ပြီ။ ယွင်မိသားစုခေါင်းဆောင် ယွင်ရိရန် သေဆုံးသွားပြီး ယွင်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ယဲ့မိသားစုက သိမ်းယူသွားတယ်။ ဒါ့အပြင် ယဲ့မိသားစုက တောင်တန်းဒေသမှာရှိတဲ့ သတ္တုတွင်း လုပ်ငန်းတွေကို ပြန်စတင်တော့မယ်လို့ သိရတယ်”

လျှိုကျန်းသည် စကားပြောသည့် အချိန်တွင် ယဲ့မိသားစုအပေါ် မနှစ်မြို့မှုအား ဖုံးကွယ်မထားပေ။ သူ့အမြင်တွင် ယဲ့မိသားစု၏ လုပ်ရပ်များသည် ကျွင်းဝမ်နန်းတော်ကို အရိုအသေ မဲ့လွန်းသည်ဟု ယူဆသည်။

လျှိုရွှင်းသည်လည်း မျက်မှောင်ကြုတ် သွား၏။ အစပိုင်း၌ သူသည် ယဲ့မိသားစုအား တောင်ပို့တစ်ခုကို ဖျိုးဖျက်ရန် ကြိုးစားနေသည့် ခြကောင်လေးများ သဖွယ်သာ သဘောထားခဲ့သည်။ ဆန္ဒရှိသည့် အချိန်မရွေး ယဲ့မိသားစုအား ဖယ်ရှားပစ်နိုင်သည်ဟု တွေးထားခဲ့သည်။ ယွင်ရိရန်မှ တစ်ဆင့် လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်အား ထိန်းချုပ်ခဲ့စဉ်ကလည်း ယဲ့မိသားစုသည် ယခုကဲ့သို့ အန္တရာယ်ကြီး ဖြစ်လာမည်မှန်း မျှော်လင့်မထားခဲ့ပေ။ တစ်ချိန်က ယဲ့ကျန့်ထျန်း ကျွင်းဝမ်နန်းတော်ရှေ့၌ ဒူးထောက်ကာ ကွမ်းရှီဆေးလုံးအား တောင်းခံခဲ့စဉ်က သူသည် အနည်းငယ်မျှပင် တွေဝေခြင်း မရှိဘဲ မောင်းထုတ်ပစ်ခဲ့သည်။ ထိုကတည်းက ယဲ့မိသားစုနှင့် ကျွင်းဝမ်နန်းတော်ကြားတွင် ဖျောက်ဖျက်မရသော အမည်းစက် တစ်ခုက ကြားခံသွားခဲ့ချေပြီ။

တုန်းလင်ပြည်နယ်၏ အကြွင်းမဲ့အာဏာရှင် တစ်ယောက် အနေနှင့် လျှိုရွှင်းသည် ယဲ့မိသားစုထံ သံနက်တပ်ဖွဲ့အား စေလွှတ်လိုက်၍ ရသော်လည်း ထိုသို့ ကတိုက်ကရိုက် ဆုံးဖြတ်လိုက်ပါက ယဲ့မိသားစုနောက်တွင် တိတ်တဆိတ်နေကာ ယဲ့ချန်အား ထောက်ပံ့ပေးနေသည့် အမည်မသိ အစွမ်းထက် ပုဂ္ဂိုလ်ကြီးကို ရန်စမိမှာ စိုးရသည်။ လျှိုရွှင်းသည် အကျိုးမဲ့သက်သက် ဒုက္ခမရှာလိုပေ။ ဘာမှမလုပ်ဘဲ သည်အတိုင်း ရပ်ကြည့်နေပါကလည်း တစ်ချိန်၌ ယဲ့မိသားစုသည် ကျွင်းဝမ်နန်းတော်အတွက် အသားထဲနစ်နေသည့် ဆူးချွန်တချောင်း ဖြစ်လာနိုင်သည်။

“သားတော်တို့ ဘာလုပ်ကြမလဲ ခမည်းတော်။ ယဲ့မိသားစုရဲတိုက်ကို ဝင်စီးဖို့ တပ်စု တစ်စုလောက် လွှတ်လိုက်ရမလား”

လျှိုကျန်းက မေးသည်။ စိတ်ပျက်ဖို့ ကောင်းလောက်အောင် ယဲ့မိသားစုရဲတိုက်၌ အရှက်ရခဲ့ရသည်ကို ပြန်တွေးမိသော် လျှိုကျန်းသည် နှလုံးသား တစ်ခုလုံး ခါးသီးမှုတို့ ပြည့်နှက်သွားသလို ခံစားရသည်။

လျှိုရွှင်းက ခေါင်းယမ်းသည်။

“ဘာမှမလုပ်ခင် အရင်ဆုံး ယဲ့မိသားစု နောက်ကွယ်က အစွမ်းထက်လွန်းတဲ့ ပုဂ္ဂိုလ်နဲ့ ယဲ့မိသားစုရဲ့ တခြားမဟာမိတ်တွေအကြောင်း တိတ်တဆိတ် စုံစမ်းထားလိုက်။ လောလောဆယ်တော့ ငါ ထျန်းချီအဆင့် ၁၀ ကို တက်နိုင်ဖို့အတွက် တံခါးပိတ် ကျင့်ကြံဖို့လိုတယ်”

“ခမည်းတော်က ထျန်းချီအဆင့် ၁၀ ကို တက်လှမ်းနိုင်တော့မှာလား ...”

လျှိုကျန်းသည် အံ့အားသင့်စွာဖြင့် ရေရွတ်၏။ ယခုအချိန်၌ ထိုသတင်းကြား ရခြင်းအပေါ် သူက မပျော်နိုင်ပေ။ စိုးရိမ်မှုတို့သာ ပိုတိုးလာရသည်။

“တကယ်လို့ ... ထျန်းချီအဆင့်၁၀ကို အောင်အောင်မြင်မြင် ရောက်သွားပြီးတဲ့နောက် ဧကရာဇ်မင်ဝူက ခမည်းတော်ကို ဆင့်ခေါ်လာရင် ဘယ်လိုလုပ်မလဲ”

“ထျန်းချီအဆင့် ၁၀ ကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ဖို့က ဂရုတစိုက်နဲ့ သတိထား ဆောင်ရွက်ရမဲ့ကိစ္စပဲ”

လျှိုရွှင်းက သတိပေးခြင်း တစ်ဝက်ဖြင့် ဆိုသည်။

“ဘယ်သူ့ကိုမှ ဒီအကြောင်း ပေးမသိနဲ့”

“ခမည်းတော် စိတ်ချပါ”

လျှိုကျန်း၏ အမူအရာမှာ လေးနက်နေသည်။ ဤကိစ္စ၏ အရေးပါမှု အတိမ်အနက်ကို သူက သေချာပေါက် သိပေသည်။

“လာမဲ့ရက် အနည်းငယ်အတွင်း လျန်ယွင်တောင်တန်းထဲမှာရှိတဲ့ ကျောက်စိမ်းမျှော်စင်ရဲ့ တံခါးတွေ ပွင့်လာလိမ့်မယ်။ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ အများကြီး တုန်လင်ပြည်နယ်ကို ရောက်လာနိုင်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာရအောင် အစောင့်အကြပ်တွေကို တိုးထားပြီး သတိမပြတ်ပါစေနဲ့။ ဟုတ်သားပဲ ... ဝန်ကြီးချုပ်ကျိုးနဲ့ မင်းအဘိုးလည်း ရောက်လာလိမ့်မယ် ထင်တယ်”

“ကျောက်စိမ်းမျှော်စင်ရဲ့ တံခါးတွေ ပွင့်လာတော့မဲ့ အချိန်မှာ ခမည်းတော်က ထျန်းချီအဆင့် ၁၀ ကို ချိုးဖျက်ဝင်ရောက်ဖို့ ပြင်နေတယ်တဲ့လား။ မဟုတ်မှလွဲ ... ခမည်းတော် အဲဒီအထဲကို ဝင်ဖို့ကြံနေတာတော့ မဟုတ်ပါဘူးနော်”

လျှိုကျန်းသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားရကာ ဆက်ပြောလာ၏။

“နှစ်ပေါင်း မနည်းတော့ဘူး ... အစွမ်းထက် ကျင့်ကြံသူတွေ တစ်ပြုံကြီး ကျောက်စိမ်း မျှော်စင်ထဲကို ဝင်သွားကြပေမဲ့ တကယ်တမ်းမှာ လက်တစ်ဆုပ်စာ ပမာဏလောက်ပဲ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ကြတာ ...”

“အချိန်ကျတော့မှပဲ အဲဒီအကြောင်းကို ဆက်ပြောကြတာပေါ့”

လျှိုရွှင်းသည် တည်ငြိမ်စွာသာ ဆို၏။

ထိုအချိန်၌ ယဲ့မိသားစုသည် သတ္တုတွင်းလုပ်ငန်းထဲရှိ ယွင်မိသားစု၏ လုပ်သားများကို ဖယ်ရှားပစ်လိုက်ရာ သတ္တုတွင်းအတွင်း ရှုပ်ထွေးကာ မွစာကျဲလို့နေသည်။ ယွင်မိသားစုမှ ခန့်အပ်ထားသော လုပ်သားများသည် အလုပ်ထုတ်ခြင်း ခံရကြောင်း သိရသည့်အခါ သတ္တုတွင်းအတွင်းရှိ ပစ္စည်းပစ္စယများကို မြင်မြင်သမျှ ဖျက်ဆီး သွားကြသည်။ ထို့ပြင် သတ္တုတွင်းသို့ ဝင်ပေါက်၌ပင် ဧရာမကျောက်တုံးကြီးများဖြင့် ပိတ်ဆို့ သွားခဲ့သေးသည်။ ထိုလုပ်သားများသည် ယွင်မိသားစုအပေါ် မှီခိုနေကြသူများဖြစ်ရာ ယွင်မိသားစု ပျက်သုဉ်း သွားမှုကြောင့် ၎င်းတို့၏ ကူကယ်ရာမဲ့မှုနှင့် ဒေါသတို့အား သတ္တုတွင်းများအပေါ် ပုံချခဲ့ခြင်း ဖြစ်သည်။

“ချန်အာ၊ ကျန့်ထျန်း ဒီကျောက်တုံးကြီးတွေကို အရင်ရွှေ့ကြရအောင်”

ယဲ့ချိန်ရွှမ်းသည် အရှေ့၌ ပိတ်ဆို့နေသည့် ကျောက်တုံးကြီးများကို ကြည့်ရင်း သက်ပြင်းချကာ ဆိုသည်။ လုပ်သားများသည် တောင်အမြင့်ဘက်မှ နေ၍ ထိုကျောက်တုံးများအား တွန်းချထားခဲ့ခြင်း ဖြစ်နိုင်သည်။ ကျောက်တုံးကြီးများ၏ အရွယ်အစားသည် အလွန်ကြီးမားကာ အဆင့်မြင့် ကျင့်ကြံသူများ အတွက်ပင် အချိန်တိုအတွင်း ရွှေ့ရန် မလွယ်ကူပေ။

ယဲ့ချိန်ရွမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည် ကျောက်တုံးများအား ရွှေ့ရန် ရှေ့သို့ တိုးသွားကြသည်။

“ခဏ ... ကျွန်တော် လုပ်လိုက်မယ်”

ယဲ့ချန်က လှောင်ပြုံး တစ်ခုနှင့်အတူ ဟန့်တားလိုက်သည်။

ယဲ့ချိန်ရွှမ်းတို့နှစ်ဦးလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။ သတ္တုတွင်း ဝင်ပေါက်၌ ပိတ်ဆို့နေသည့် ကျောက်တုံးကြီးများသည် အလေးချိန်ကို မဆိုထားနှင့်၊ အမြင့်ကပင် လူတစ်ယောက်၏ အရပ်အမြင့်ထက် လေးငါးပြန်ခန့် ပိုမြင့်ရာ ယဲ့ချန် တစ်ယောက်တည်းဖြင့် မည်သို့ ရွှေ့နိုင်ပါမည်နည်း။

ယဲ့ချန်သည် လူအားလုံးအား အကွာအဝေး တစ်ခုအထိ သွားရပ်နေစေပြီးမှ အိတ်ကိုယ်စီကို သယ်ဆောင်ထားကြသော ယဲ့မုန့်တို့အုပ်စုထံ လှမ်းကြည့်သည်။ သူသည် ယဲ့မုန့်တို့ထံမှ အိတ်တအိတ်ကို ယူကာ ကျောက်တုံးကြီးများ အောက်သို့ ထိုးထည့်လိုက်သည်။ ထို့နောက် ဆန့်ကျင်ဘက် အရပ်သို့ အလွန်လျင်မြန်စွာ ပြေးသွားလိုက်၏။ တစ်ဆက်တည်း ဆိုသလို ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကျောက်တုံးကြီးသည် အပိုင်းပိုင်း အစစသော ကျောက်တုံးလေးများအဖြစ် အရပ်မျက်နှာ အနှံ့သို့ လွင့်စဉ် သွားကြသည်။ ရပ်ကြည့်နေကြ သူများသည် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးကြောင့် အံ့ဩခြင်း ကြီးစွာဖြင့် ထိတ်လန့် တုန်လှုပ် နေကြသည်။ ထိုပေါက်ကွဲသံကြီးသည် ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားစေသလား ဟူ၍ ထင်မှတ်ရသည်။ ပေါက်ကွဲမှု၏ ပြင်းအားသည် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ၏ တိုက်ခိုက်မှုနှင့်ပင် ယှဉ်ပြိုင်နိုင်ပေသည်။

ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည် သူတို့အရှေ့ရှိ မြင်ကွင်းအား ထိတ်လန့်စွာသာ ကြည့်နေကြတော့သည်။ ထိုမျှဖျက်ဆီးနိုင်စွမ်း ကြီးမားသည့် ပစ္စည်းအား အေးအေးလူလူ အသုံးပြုနေသော ယဲ့ချန်ကို အနည်းငယ်တော့ ဆူပူရပေမည်။ မဟုတ်ပါက ထိုကလေးသည် အလွန် အန္တရာယ်များသည့် ပစ္စည်းအား ကလေးကစားစရာသဖွယ် သဘောထားနေသလား မှတ်ရသည်။

နောက်ထပ် နာရီအနည်းငယ်အတွင်း ယဲ့ချန်သည် သတ္တုတွင်း တည်ရှိရာ တောင်တန်းတစ်လျှောက် ဖောက်ခွဲရေး လုပ်နေလေသည်။ ယမ်းမှုန့်များ၏ ဖျက်ဆီးနိုင်စွမ်း အောက်တွင် တောင်တန်းတစ်ခုလုံး သိမ့်သိမ့်တုန် နေတော့သည်။ ရွှမ်သတ္တုများသည်လည်း မြေပြင်ပေါ်သို့ တဖြုတ်ဖြုတ် ပြုတ်ကျလျက် ရှိသည်။ ပုံမှန်ဆိုလျှင် ယဲ့မိသားစုမှ လုပ်သားများအနေနှင့် ရွှမ်သတ္တုအနည်းငယ် ရရှိရန်ပင် ပေါက်ချွန်းဖြင့် ကျောက်များကို မနားမနေခွဲရမည် ဖြစ်သော်လည်း ယခုမူ သူတို့အနေနှင့် မြေပြင်တွင် ပြန့်ကျဲနေသည့် ရွှမ်သတ္တုများကို လိုက်လံကောက်ယူကာ တောင်အောက်သို့ သယ်ဆောင်ပေးရုံသာ လုပ်ရသည်။ ထိုသည်က ရိုးရှင်းစွာပင် သတ္တုတွင်း၏ ရွှမ်သတ္တု ထုတ်လုပ်နိုင်စွမ်းအား ဆယ်ဆခန့် တိုးတက်သွားစေသည်။

ယဲ့မိသားစုဝင်များသည် ပြုံးပျော်နေကြပြီး ယဲ့မိသားစုမှ ခန့်အပ်ထားသည့် လုပ်သား ၃၀၀ သည်လည်း ရွှမ်သတ္တု အရိုင်းတုံးများအား တောင်အောက်သို့ တစ်သုတ်ပြီး တစ်သုတ် ပို့ဆောင်ရင်း မအားမလပ်နိုင်အောင် ရှိကြသည်။

ရုတ်တရက် သတ္တုတွင်း အတွင်းဘက် တစ်နေရာမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ခေါင်းဆောင် ... လာကြည့်ပါဦး။ ဥမင်လိုဏ်ခေါင်းတစ်ခု ဒီမှာရှိနေတယ်”

ယဲ့ချန်နှင့် ယဲ့ချိန်ရွှမ်းတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြပြီး အသံလာရာသို့ လျှောက်လာလိုက်ကြသည်။

သတ္တုတွင်း၏ တစ်ဝက်ခန့်သည် ယမ်းမှုန့်များကြောင့် ပေါက်ကွဲသွားခဲ့ရာ အပျက်အစီးပုံများကြားမှ ထိုလိုဏ်ခေါင်းကို ယဲ့မိသားစုဝင် တစ်ယောက်က မြင်လိုက်ရခြင်း ဖြစ်သည်။ လိုဏ်ခေါင်းသည် မည်သည့်အရပ်သို့ ဦးတည် ဖောက်ထွင်းထားကြောင်း မသိရသော်လည်း အတွင်းဘက်မှ လေအေးများက အရှိန်ပြင်းပြင်းနှင့် အထက်သို့ ဆန်တက်လာနေသည်။

“ဒါက သဘာဝလိုဏ်ခေါင်းလား”

ယဲ့ချန် အံ့ဩစွာဖြင့် ရေရွတ်မိသည်။ သူက လိုဏ်ခေါင်း အတွင်းဘက်သို့ သေချာကြည့်မိသည်တွင် လိုဏ်ခေါင်း၏ နံရံထက်တွင် နစ်ဝင်နေသော ငွေရောင်ကျောက်တုံးလေး တစ်တုံးကို မြင်ရသည်။ ထိုကျောက်တုံးလေးက တလက်လက် တောက်ပနေသည်။ လိုဏ်ခေါင်း အတွင်းဘက်တွင် အလားတူကျောက်တုံးများ ထပ်ရှိနေနိုင်သည်။

“အဲဒါဘာလဲ ဘိုးဘိုး”

ယဲ့ချိန်ရွမ်းသည် ယဲ့ချန် ညွှန်ပြရာသို့ ကြည့်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ဆိုလေသည်။

“ဒါက ချပ်ဝတ် ပြုလုပ်ရာမှာ သုံးတဲ့ ငွေဒြပ်စင်ပဲ။ ရွှမ်သတ္တုထက် အများကြီး ပိုအဖိုးတန်တယ်။ အဆင့်မြင့် သတ္တုအမျိုးအစားထဲမှာ ပါတယ်။ ဒီနေရာမှာ ငွေဒြပ်စင် သတ္တုတွင်းတစ်ခု ရှိနေလိမ့်မယ်လို့ တခါမှ မတွေးခဲ့ဖူးဘူး”

“ဖြစ်ရပ်တခုလုံးကို လျှို့ဝှက်ထားဖို့ ဒီနေရာမှာရှိတဲ့ လူတိုင်းကို သတိပေးလိုက်။ မြန်မြန်သွား”

ယဲ့ချိန်ရွှမ်းသည် အနီးရှိ မိသားစုဝင် တစ်ယောက်အား အမိန့်ပေးလိုက်သည်။ ဤဖြစ်ရပ်အား မိသားစုထဲရှိ အယုံကြည်ရဆုံး သူများကိုသာ အသိပေးသင့်သည်။ မဟုတ်ပါက ရင်ဆိုင်ရမည့် အကျိုးဆက်မှာ မသေးလှပေ။

“ဒီလိုဏ်ခေါင်းက တခြားနေရာ တစ်ခုခုကိုများ ဦးတည်ထားသလားလို့ တွေးမိတယ်”

ယဲ့ကျန့်ထျန်းက တွေးဆဆနှင့် ဆိုလာသည်။ သူ့စကားထဲရှိ အဓိပ္ပာယ်မှာ ထင်သလောက် မရိုးရှင်းပေ။

“မင်းပြောတာက ... ကျောက်စိမ်းမျှော်စင်ကိုလား”

ယဲ့ချိန်ရွှမ်းသည်ပင် အလွန် ထိတ်လန့်သွားဟန် ရ၏။

“ကျောက်စိမ်းမျှော်စင် ဆိုတာ ဘာကြီးလဲ”

ယဲ့ချန်က မေးသည်။ ယဲ့ကျန့်ထျန်းနှင့် ယဲ့ချိန်ရွှမ်းတို့၏ အမူအရာမှာ အလွန်လေးနက်နေရာ ယဲ့ချန်လည်း သိလိုစိတ်တို့ ဖြစ်လာရသည်။

“မိသားစုဝင်တွေ အကုန်လုံးကို အသိပေးလိုက်။ လိုဏ်ခေါင်းနဲ့ ၂၀ မီတာ ပတ်လည်ကို ဘယ်သူမှ လာခွင့်မရှိဘူး။ တကယ်လို့ တစ်ယောက်ယောက်က နားမထောင်ရင်း မိသားစုရဲ့ စည်းမျဉ်းတွေအတိုင်း အပြစ်ပေးခံရမယ်”

ယဲ့ချိန်ရွှမ်းသည် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်း မရှိဘဲ အမိန့်ပေးလိုက်သည်။ အလွန်လေးနက်စွာဖြင့် သူက ထပ်ပြောလိုက်သေးသည်။

“ဒီနေရာကို ပိတ်ဆို့ထားပြီး ဘယ်သူမှ ဒီအကြောင်းကို မသိနိုင်အောင် သေချာကာကွယ်ထား”

“ကျောက်စိမ်းမျှော်စင် ဆိုတာက ဘယ်လိုနေရာမို့လို့လဲ ဘိုးဘိုး”

ယဲ့ချန်သည် အဘိုးဖြစ်သူ၏ အပြုအမူတို့ကြောင့် သိလိုစိတ် ဖြစ်လာရပြီး နောက်တစ်ကြိမ် မေးလိုက်မိသည်။

***

All Chapters