နန်မန်မှ လာသူများ
Vol. 6 Ch. 78
“လျန်ယွင်တောင်တန်းရဲ့ အောက်ဘက်မှာ ကြီးမားတဲ့ ဝင်္ကပါတစ်ခုရှိတယ်။ ဝင်္ကပါရဲ့ သက်တမ်းက သိပ်ကိုကြာနေပြီ ဆိုတာ သိသာပေမဲ့ ဘယ်အချိန်တည်းက ရှိခဲ့တာလဲ ဆိုတာကိုတော့ ဘယ်သူမှမသိကြဘူး။ ဒါ့ကြောင့် ရှေ့မျိုးဆက်က လူတွေက အဲဒီဝင်္ကပါကို ‘နစ်မြုပ်နေသော ကျောက်စိမ်းမျှော်စင်’ လို့ အမည်ပေးခဲ့ကြတယ်။ ကျောက်စိမ်းမျှော်စင်ရဲ့ တံခါးတွေက နှစ် ၅၀ ပြည့်တိုင်း တစ်ကြိမ်ပွင့်ပြီး တစ်ခါပွင့်ရင် ၂ လပဲ ကြာတယ်။ ကန့်သတ်ချက်အနေနဲ့ ထျန်းချီအဆင့် ၉ နဲ့အထက် ကျင့်ကြံသူတွေပဲ ကျောက်စိမ်း မျှော်စင်ထဲကို ဝင်နိုင်ကြတယ်။ ပြောကြတာတော့ ကျောက်စိမ်းမျှော်စင်က သိပ်ကို အန္တရာယ်များတယ်တဲ့။ ဟိုး လွန်ခဲ့တဲ့နှစ်ပေါင်း များစွာတည်းက ထောင်ချီတဲ့ ထျန်းချီအဆင့် ၉ နဲ့အထက် ကျင့်ကြံသူတွေ ကျောက်စိမ်းမျှော်စင်ထဲကို ဝင်ခဲ့ကြပေမဲ့ တကယ်တမ်းကျ လူနည်းနည်းလေးပဲ ပြန်ထွက်လာ နိုင်ကြတယ်။ အတိအကျတော့ မသိရပေမဲ့ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တဲ့ သူတွေက ရန်အဆင့်ကို ရောက်ရင်ရောက် မရောက်ရင်လည်း အဖိုးတန် မှော်ရတနာတွေ၊ အမွေအနှစ်တွေကို ဆုလာဘ်အဖြစ် ရခဲ့ကြတယ်တဲ့လေ။ နှစ်တွေ ကြာလာတာနဲ့အမျှ ကျောက်စိမ်းမျှော်စင်နဲ့ ပတ်သက်တဲ့ သတင်းတွေက ပျံ့နှံ့သွားပြီး လူအများ အာရုံစိုက်ရာ ဖြစ်လာတော့တာပဲ။ အသက်ရှင်လျက် ပြန်ထွက်လာကြတဲ့ လူနည်းစုက မျှော်စင်ထဲမှာ ဖြစ်ပျက်ခဲ့သမျှကို ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ် နေကြတော့ ကျောက်စိမ်းမျှော်စင်က အားလုံးအတွက် ထူးခြားဆန်းကြယ်တဲ့ ပဟေဠိတစ်ခုလို ဖြစ်လာခဲ့တယ်။ သေချာတာ တစ်ခုကတော့ သိပ်ကို ကြောက်ဖို့ကောင်းတဲ့ အန္တရာယ်တွေနဲ့ ဆန်းကြယ်တဲ့ သတ္တဝါကြီးတွေ ကျောက်စိမ်းမျှော်စင်ထဲမှာ ရှိနေကြတယ် ဆိုတာပဲ”
ယဲ့ချိန်ရွှမ်း၏ အမူအရာမှာ မှုန်မှိုင်းလို့ နေသည်။ ကျောက်စိမ်းမျှော်စင်ထဲတွင် အသက်ဆုံးခဲ့ရသည့် ကျင့်ကြံသူ အရေအတွက်မှာ ရေတွက်လို့ပင် မရပေ။
“အဲဒီလိုနေရာမျိုး ရှိနေလိမ့်မယ်လို့ ထင်မထားဘူး”
ယဲ့ချန်သည် အသိအမြင်သစ် ပွင့်သွားသည့်အလား အံ့ဩသွားခဲ့သည်။
“ကျောက်စိမ်းမျှော်စင်ရဲ့ တံခါးတွေမပွင့်ခင် ၅ ရက်၊ ၆ ရက်လောက် ကြိုစောင့်ရတယ်။ ဒီဝင်ပေါက်က ကျောက်စိမ်းမျှော်စင်ဆီကို သွားနိုင်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်နိုင်တယ်။ ဒါပေမဲ့ တတ်နိုင်သလောက် ဒီဝင်ပေါက်နဲ့ ဝေးဝေးနေတာက အကောင်းဆုံး ဖြစ်လိမ့်မယ်”
ယဲ့ကျန့်ထျန်းက ဆိုသည်။
ကျောက်စိမ်းမျှော်စင်ထဲ၌ များပြားလှသည့် အကျိုးခံစားခွင့်တို့ ရှိနေသည်မှာ မှန်သော်လည်း စွန့်စွန့်စားစားဖြင့် အထဲသို့ ဝင်သွားရန်ကလည်း ဖိအားများလွန်းသည်။ ယဲ့ကျန့်ထျန်းသည် သူ့မိသားစုရှိလူများအား ထိုသို့သောနေရာသို့ သွားခွင့်ပြုမည်မဟုတ်ပေ။
ထျန်းချီအဆင့် ၉ နှင့်အထက် ကျင့်ကြံသူများ ယဲ့မိသားစုထဲတွင် များများစားစား မရှိပေ။ ရှိသည့် သူများကလည်း မိသားစုအတွက် အဓိက ထောက်တိုင်များ ဖြစ်ကြရာ သူတို့အဖို့ ကျောက်စိမ်းမျှော်စင်ထဲသို့ ဝင်ရန်မှာ စွန့်စားလွန်းရာ ကျပေသည်။
ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည် ဥမင်လိုဏ်ခေါင်း၏ ဝင်ပေါက်အား ကျောက်တုံးများဖြင့် ပိတ်ဆို့လိုက်ပြီးနောက် လုပ်သားများအား ဟန်မပျက် ဆက်ကာ အလုပ်လုပ်စေသည်။ မကြာမီတွင်ပဲ သူတို့က ငွေဒြပ်စင်များ ရှိနေသည့် နေရာတဝိုက်ကိုပါ ပိတ်ဆို့ ကာကွယ်လိုက်ကြသည်။
“လူနည်းနည်းလောက် ဒီမှာကျန်ခဲ့ပြီး စောင့်ကြပ်ထား။ ကျန်တဲ့လူတွေက ရဲတိုက်ကို ပြန်မယ်”
ယဲ့ချိန်ရွှမ်းက အမိန့်ပေးသည်။
ကျင့်ကြံဆင့်မြင့် သူတစ်စုက နာခံစွာဖြင့် ထိုနေရာ တစ်ဝိုက်တွင် စောင့်ကြပ်ရန် ကျန်ခဲ့ကြသည်။ ယဲ့ချန်သည် ဥမင်လိုဏ်ခေါင်း၏ ဝင်ပေါက်သို့ တစ်ချက် လှမ်းကြည့်ပြီးမှ ယဲ့ချိန်ရွှမ်းတို့ လူစုနောက်သို့ ပြေးလိုက်လာခဲ့သည်။
“ကျောက်စိမ်းမျှော်စင်နဲ့ ပတ်သက်ပြီး တစ်ခုခု သိထားတာရှိလား အမွှေးပွလေး”
ယဲ့ချန်သည် ပခုံးထက်ရှိ အမွှေးပွလေးအား ခပ်တိုးတိုးကပ် မေးလိုက်သည်။
အမွှေးပွလေးကား ခေါင်းတဆတ်ဆတ် ညိတ်ပြလာသည်။
“မျှော်စင်ထဲမှာ ဘာတွေရှိနေလဲ ဆိုတာ သိလား”
ယဲ့ချန်သည် ကျောက်စိမ်းမျှော်စင်ထဲတွင် မည်သည့်အရာများ ရှိနေသည်ကိုတော့ အနည်းငယ် စိတ်ဝင်စားမိသည်။
အမွှေးပွလေးသည် တစ်စုံတစ်ရာကို တွေးတောနေဟန်ဖြင့် အချိန်ခဏယူပြီးမှ ခေါင်းညိတ်ပြသည်။ ထို့နောက် ၎င်း၏ ဦးခေါင်းလေးအား လှုပ်ယမ်းလျက် လက်ချောင်း တုတ်တုတ်လေးများကို ဝှေ့ယမ်းကာ ယဲ့ချန်ခါးတွင် ချိတ်ဆွဲထားသော ကောင်းကင် ပထဝီအိတ်ထံ ညွှန်ပြပြီး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ယဲ့ချန်အား ကြည့်လာသည်။
ယဲ့ချန်သည် အမွှေးပွလေး ပြောလိုသည်ကို နားလည်သွားသည့်အခါ အံ့ဩမှုကြောင့် ခဏတာ ငြိမ်သက်သွားရသည်။ အမွှေးပွလေးနှင့် သူ့အကြားရှိ ဆက်သွယ်မှုကြောင့် ယဲ့ချန်သည် အမွှေးပွလေး ပြောလိုသည်ကို ရှင်းရှင်းလင်းလင်း နားလည်ပေသည်။ အမွှေးပွလေး ဆိုလိုသည်မှာ ကောင်းကင်ပထဝီအိတ်ထဲရှိ မှော်သားရဲကျင့်ကြံနည်း ကောင်းကင်လမ်းညွှန်၊ မဟာအဂ္ဂရိတ် ပညာနှင့် စကြဝဠာလက်ဝါး အစရှိသည့် စာအုပ်များသည် ကျောက်စိမ်းမျှော်စင်ထဲမှ ရရှိထားခဲ့ခြင်း ဖြစ်သည်ဟု။ အမွှေးပွလေး၏ ဘိုးဘေးများသည် ကျောက်စိမ်းမျှော်စင်ထဲသို့ ဝင်ရောက်ဖူးပြီး အသက်ရှင်လျက် ပြန်ထွက်လာ နိုင်သောကြောင့် ထိုပစ္စည်းတို့ကို ရခဲ့သလော မပြောတတ်ပေ။
‘ဒီတော့ လူသားတွေ တင်မကဘဲ မှော်သားရဲတွေနဲ့ ကောင်းကင်သားရဲတွေလည်း ကျောက်စိမ်းမျှော်စင်ထဲကို ဝင်နိုင်တယ်ပေါ့’
ယဲ့ချန်သည် သတ္တုတွင်းထဲရှိ ဥမင်လိုဏ်ခေါင်းသည် အမှန်တကယ်ပင် ကျောက်စိမ်းမျှော်စင်၏ ဝင်ပေါက် ဟုတ်၊ မဟုတ် စိတ်ဝင်စားမိသည်။ အခွင့်အရေးရပါက အဘိုးနှင့်အဖေတို့အား အသိမပေးဘဲ နောက်တခေါက် တိတ်တဆိတ် ပြန်လာကာ စစ်ဆေးကြည့်မည်ဟု တွေးထားလိုက်သည်။
ရဲတိုက်သို့ ပြန်ရောက်သောအခါ ယဲ့ချန်သည် ကြယ်တာရာ ဘုံကိုးလွှာနှင့် လောကအမျက်တို့ကိုသာ ဆက်လက် လေ့ကျင့်နေခဲ့သည်။ ကျောက်စိမ်းမျှော်စင်ထဲသို့ ဝင်ရန် အမှန်တကယ် ဆန္ဒရှိလျှင် သူ့အနေနှင့် ယခုထက်ပိုပြီး သန်မာဖို့လိုသည်။ သို့မှသာ ထျန်းချီအဆင့် ၁၀ သို့မဟုတ် ထို့ထက် အဆင့်မြင့်သူများနှင့် ရင်ဆိုင်ရပါက အသက်ရှင်နိုင်မည် ဖြစ်သည်။
၂ ရက်၊ ၃ ရက်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ဤရက်ပိုင်းအတွင်း သတ္တုတွင်းမှရရှိသော ရွှမ်သတ္တုများအား ယဲ့ကျန့်ထျန်း၏ အဆက်အသွယ်များမှ တစ်ဆင့် ရောင်းနိုင်ခဲ့သည်။ ငွေဒြပ်စင်များ အတွက်မူ ဒုတိယမင်းသား၏ ဈေးကွက်အပေါ် ထိန်းချုပ်နိုင်စွမ်းသည် ထိုသို့သော သတ္တုများအပေါ် မသက်ရောက်သောကြောင့် ပို၍ လွယ်လွယ်ကူကူနှင့် ရောင်းနိုင်၊ လဲလှယ်နိုင်ခဲ့သည်။ ရက်အနည်းငယ်အတွင်း ယဲ့မိသားစုသည် ချီစုဆောင်းဆေးလုံး ၂၀၀၀ ကျော် ရရှိခဲ့သည်။ ထိုသည်က ယဲ့ကျန့်ထျန်းနှင့် ကျန်လူများ ခန့်မှန်းထားသည့် ပမာဏထက်ပင် ပိုများနေ၏။ ထို့ပြင် သတ္တုတွင်းမှရသည့် ဝင်ငွေဖြင့် ဆန်နှင့် အခြားနေ့စဉ် အသုံးအဆောင် ပစ္စည်းများကိုလည်း သိုလှောင်ရုံအပြည့် ဝယ်ယူနိုင်ခဲ့သေးသည်။
ယဲ့မိသားစုဝင်များ၏ ပြောစကားအရ ယခုရက်ပိုင်းအတွင်း မျက်နှာစိမ်း ဧည့်သည်များကို တုန်းလင်ပြည်နယ် အနှံ့တွင် တွေ့နေရသည်ဟု ဆိုသည်။ ထူးခြားသည်မှာ ထိုမျက်နှာစိမ်း ဧည့်သည်များသည် အနည်းဆုံး ထျန်းချီအဆင့် ၉ တွင် ရှိနေကြခြင်းပင်။ မျက်နှာစိမ်း ဧည့်သည်များအကြား များစွာသော တိုက်ပွဲများကလည်း တုန်းလင် ပြည်နယ်အနှံ့ ဖြစ်ပွါးလျက်ရှိသည်။ မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန် ယဲ့ကျန့်ထျန်းသည် ယဲ့မိသားစုရဲတိုက်၏ တံခါးများအား တင်းတင်းကျပ်ကျပ် ပိတ်ထားစေခဲ့သည်။
တုန်းလင်ပြည်နယ် အနှံ့၌ မြင်တွေ့နေရသော မျက်နှာစိမ်း ဧည့်သည်များ အားလုံးသည် ကျောက်စိမ်းမျှော်စင်အတွက် စုဝေးလာကြခြင်း ဖြစ်ဟန်ရသည်။
လစန္ဒာအစား နေသူရိန်က ကောင်းကင်ထက်တွင် နေရာယူပြီး မနက်ခင်း နေရောင်ခြည် နွေးနွေးသည် နေ့သစ်တနေ့ စတင်ပြီဖြစ်ကြောင်း အချက်ပြနေသည်။ ပုံမှန်နေ့ရက်များကဲ့သို့ ယဲ့မိသားစု၊ လေ့ကျင့်ရေး ကွင်းပြင်၌ မနက်စောစော လေ့ကျင့်နေသူများနှင့် ပြည့်နှက်နေ၏။ ထျန်းချီအဆင့် ၇ ကျင့်ကြံသူများသည် မိုးကြိုးအင်ပါယာ ကျင့်စဉ်အား ကြိုးစားပမ်းစား လေ့ကျင့်နေကြသည်။ ထိုအချိန်တွင် ထျန်းချီအဆင့်၈နှင့် အထက်ဆင့် ကျင့်ကြံသူများကတော့ ကောင်းကင်ခွင်းမိုးကြိုး တိုက်ကွက်အား သရုပ်ဖော်ပြနေသော ယဲ့ချန်ထံ၌သာ အာရုံအလုံးစုံ နစ်မြုပ်နေကြ၏။
ယဲ့မိသားစုရဲတိုက်နှင့် သိပ်မဝေးသော တောင်တန်းတစ်ခု၏ ကျဉ်းမြောင်းသော လမ်းလေးတခုပေါ်တွင် အရပ်ရှည်ရှည်၊ ရုပ်ရည်ကြမ်းကြမ်းနှင့် လူ ၇ ယောက် အုပ်စုသည် အလျင်စလို သွားလာနေကြသည်။ အဝတ်အစားများအရ ၎င်းတို့သည် ရှီဝူအင်ပါယာ အတွင်းတွင် နေထိုင်သူများ မဟုတ်ကြောင်း ထင်ရှားနေသည်။
“လူသန်ကြီးလဲ့ ... ကျုပ်တို့ လမ်းလျှောက်နေရတာ ငါးရက်တောင်ရှိပြီ ပင်ပန်းနေပြီဗျ။ ခဏတဖြုတ်နားဖို့ နေရာတစ်ခုလောက် ရှာကြရင် မကောင်းဘူးလား”
အုပ်စုထဲမှ တစ်ယောက်က မေးသည်။ ထိုလူသည် မီးခိုးရောင် ဘောင်းဘီကို ဝတ်ဆင်ထားပြီး အပေါ်ပိုင်း ဗလာကျင်း ထားသည်။ အဝတ်မပါသော ခန္ဓာကိုယ် အပေါ်ပိုင်းသည် ကြေးနီရောင်ထနေပြီး အမာရွတ်ပေါင်း များစွာက မရေမတွက်နိုင်အောင် ရှိနေကာ ထိုသည်ကပင် အနှီလူအား ပိုမို ရက်စက် ကြမ်းကြုတ်သည့် ပုံပန်းသဏ္ဌာန်မျိုး ဖြစ်သွားစေသည်။
“ခိုညည်းသလို ညည်းနေတာ ရပ်တော့ ထို့ပါးယွီ။ မင်းတစ်ယောက်တည်း ပင်ပန်းတယ်များ မှတ်နေလား။ ကရိကထကို များတယ်”
အုပ်စုထဲမှ နောက်ထပ် တစ်ယောက်က မာန်မဲလိုက်သည်။
“တော်စမ်းပါ လန်ကုကျိုး။ ငါ့ဘာသာငါ ပင်ပန်းလို့ ပင်ပန်းတယ် ပြောတာတောင် မရဘူးလား။ မင်းအပူ ပါတာကျလို့။ ငါ့ကို မင်း သိပ်ကို ကြည့်မရ ဖြစ်နေရင် လာစမ်းပါ တစ်ယောက်ချင်း ချမယ်”
ထို့ပါးယွီက ဆိုသည်။ အုပ်စုထဲတွင် တစ်ဦးတည်းသော အရပ်ပုသူ ထို့ပါးယွီကား အမှန်ပင် လူပုစိတ်တို ဖြစ်ဟန်ရသည်။
“တိတ်ကြစမ်း”
နောက်ထပ် တစ်ယောက်က အော်လိုက်သည်။ ထိုလူသည် အားလုံးထဲတွင် အနည်းငယ်ရည်မွန်ပုံပေါ်ပြီး ဗလလည်း ပိုတောင့်သည်။
ထိုလူ၏ ခြိမ်းခြောက်ဟန်ပါသော အကြည့်တချက်ကြောင့် ထို့ပါးယွီနှင့် လန်ကုကျိုးတို့ နှစ်ဦးလုံး ပါးစပ်ပိတ် သွားကြသည်။
“လူသန်ကြီးလဲ့ ... ဟိုဘက်ကနေ လူသံတွေ ကြားရတယ်။ ကြည့်ရတာ အဲဒီနေရာမှာ ရွာတရွာရှိပုံပဲ”
ရွာဟူသော အသံကို ကြားရသည်နှင့် တစ်အုပ်စုလုံး စိတ်လှုပ်ရှား တက်ကြွ သွားကြသည်။ လွန်ခဲ့သော ရက်များအတွင်း သူတို့သည် ရိက္ခာခြောက်များကိုသာ စားခဲ့ရသဖြင့် ယခုအခါ စီးနင်းတိုက်ခိုက်ရန် ရွာတစ်ရွာ တွေ့ရသောကြောင့် ကောက်ကျစ်စဉ်းလဲစွာ ပြုံးလိုက်မိကြသည်။ သူတို့အုပ်စုသည် နန်မန်နိုင်ငံမှ စစ်သားများ ဖြစ်ကြပြီး လူအနည်းငယ်လောက်ကို သတ်ဖြတ်ရခြင်းနှင့် စီးနင်း တိုက်ခိုက်ခြင်းသည် သူတို့အဖို့ ကျင့်သားရနေသော ထမင်းစားရေသောက်မျှသာ ဖြစ်၏။
“ဒါက ရှီဝူအင်ပါယာရဲ့ ပိုင်နက်ထဲမှာ ဆိုတာကို သတိရ။ မင်းတို့တွေ ကိုယ့်အပြုအမူကို ကိုယ် ဂရုစိုက်တာ ကောင်းလိမ့်မယ်။ အကျိုးမဲ့သက်သက် ပြဿနာတက်မှာမျိုးကို ငါမလိုချင်ဘူး”
လူသန်ကြီးလဲ့က တစ်အုပ်စုလုံးကို သတိပေးပြောဆိုသည်။ သူ့အုပ်စုထဲရှိ လူများသည် မွေးဖွားလာပြီး ကတည်းက သတ်ဖြတ်ခြင်းနှင့် အသားကျနေသူများဖြစ်ရာ ၎င်းတို့ကို ကောင်းကောင်းမွန်မွန် ပြုမူရန် ပြောဆိုရသည်မှာ မည်မျှခက်ကြောင်း လူသန်ကြီးလဲ့က သိသည်။
“စိုးရိမ်လွန်းနေပါပြီ လူသန်ကြီးလဲ့။ ဒါက ရွာလေးတရွာပဲဟာ ... အဆင့််မြင့် ကျင့်ကြံသူတွေ ဘယ်လိုလုပ် ရှိမှာလဲ။ ဒီရွာတစ်ရွာလုံးကို ကျုပ်တို့က စိစိညက်ညက် ချေပစ်လိုက်ရင်တောင် ရှီဝူဧကရာဇ်က အရေးလုပ်အားမှာ မဟုတ်ဘူး။ တကယ်လို့ ရှီဝူအင်ပါယာထဲက စစ်သားတွေက ကျုပ်တို့ကို တိုက်ခိုက်လာရင်လည်း နန်မန်နိုင်ငံက ဒီအတိုင်း ကြည့်မနေပါဘူး”
ထို့ပါးယွီက စိတ်လှုပ်ရှားနေဟန်ဖြင့် နှုတ်ခမ်းအား လျှာဖြင့်သပ်ရင်း ဆိုသည်။
“ဘာပဲဖြစ်ဖြစ် ငါကတော့ ကောင်းကောင်းမွန်မွန်ပဲ ပြုမူချင်တယ်”
လူသန်ကြီးလဲ့က အော်လိုက်သည်။ နန်မန်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံ ၇ ခုအား လှည့်လည်သိမ်းပိုက်ပြီး ဖြစ်သော်လည်း ရှီဝူအင်ပါယာ တစ်ခုတည်းကိုသာ ယခုထက်ထိ မသိမ်းပိုက်နိုင်သေးခြင်း ဖြစ်သည်။ ရှီဝူအင်ပါယာသည် အင်အား တောင့်တင်းစွာနှင့် အခိုင်အမာ ရပ်တည်နေခြင်းကြောင့် နန်မန်နိုင်ငံအဖို့ ရန်စရန် မဝံ့ရဲသေးခြင်း ဖြစ်သည်။ ယခုတစ်ခေါက် သူတို့အုပ်စုသည် ကျောက်စိမ်းမျှော်စင်ထဲသို့ ဝင်နိုင်ရန် ရည်ရွယ်ချက် တစ်ခုတည်းနှင့် ရှီဝူအင်ပါယာအတွင်း ခြေချခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ အစစအရာရာကို ဂရုပြုသည်က အကောင်းဆုံးဖြစ်သည်။
ထို့ပါးယွီနှင့် ကျန်လူများသည် လူသန်ကြီးလဲ့၏ ယတိပြတ်စကားကို ကြားရသည့်အခါ မပျော်မရွှင် ဖြစ်သွားကြသည်။ စိတ်ထဲတွင်တော့ လူသန်ကြီးလဲ့အား သရဲဘောကြောင်သူဟု စွပ်စွဲနေမိကြ၏။
သစ်တောတခုကို ကျော်ဖြတ် ပြီးသည့်နောက် သူတို့အုပ်စုသည် ၇မီတာ၊ ၈မီတာခန့်မြင့်သော နံရံကြီးများဖြင့် ကာရံထားသည့် ရဲတိုက်ကြီး တစ်ခုရှေ့သို့ ရောက်လာကြသည်။ သူတို့ မျှော်လင့်ထားသကဲ့သို့ ရွာတရွာ ဟုတ်မနေပေ။ သိုင်းပညာ မိသားစုကြီးတစ်စု အခြေချ နေထိုင်သည့် ရဲတိုက်ကြီးတတိုက် ဖြစ်နေခဲ့သည်။
“ရှီဝူအင်ပါယာထဲကို ပထမဆုံး ရောက်ဖူးတာဆိုတော့ လမ်းတွေကို သေချာမသိသေးဘူး။ ဘာပြဿနာမှမဖြစ်ခင် အရင်ဆုံး အခြေအနေကို စစ်ဆေးကြတာပေါ့”
လူသန်ကြီးလဲ့က ပြောသည်။ ရဲတိုက်နံရံပေါ်ရှိ အက်ကြောင်းရာများကြောင့် ဤမိသားစုသည် အလွန်သန်မာမည် ဟုတော့ လူသန်ကြီးလဲ့က မထင်ပေ။
ထို့ပါးယွီနှင့် လန်ကုကျိုးတို့သည် လူသန်ကြီးလဲ့၏ သတိထားလွန်းနေသော အမူအရာကြောင့် မျက်မှောင်ကြုတ်မိ ကြသည်။ အလွန်သေးငယ်သော တုန်းလင်ပြည်နယ်ကဲ့သို့ နေရာလေး၌ အဆင့်မြင့် ကျင့်ကြံသူများက မည်သို့ ရှိနိုင်ပါမည်နည်း။
ထိုလူများမသိသည်မှာ ယဲ့မိသားစု ရဲတိုက်ထက်တွင် သူတို့အား တိတ်တဆိတ် စစ်ဆေးနေသော လူငယ်လေးတစ်ဦး ရှိသည် ဆိုတာကိုပင်။
ယဲ့မူသည် နံရံထက်မှ တစ်ဆင့် လူ ၇ ယောက် ပါဝင်သော အုပ်စုအား အသေအချာ အကဲခတ်နေခဲ့သည်။ ဝတ်စား ဆင်ယင်ပုံအရ ထိုလူများသည် ရှီဝူအင်ပါယာ အတွင်းမှ ဖြစ်ဟန်မရပေ။ သူသည် လွန်ခဲ့သော နှစ်များအတွင်း ယဲ့မိသားစုမှ ဖွင့်ထားသော ဆိုင်လုပ်ငန်းကို ဦးစီးခဲ့သဖြင့် အနယ်နယ် အရပ်ရပ်မှ ကုန်သည်များနှင့် တွေ့ဆုံဖူးလေရာ ထိုလူ ၇ ယောက်မှာ နန်မန်နိုင်ငံမှ ဖြစ်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ ရှီဝူအင်ပါယာနှင့် နန်မန်နိုင်ငံသည် လုံးလုံးလျားလျား ရန်သူများ မဟုတ်ကြသေးသော်လည်း နယ်စပ်ဒေသတွင် မကြာခဏ စစ်ပွဲများ ဖြစ်ပွားလေ့ရှိရာ မိတ်ဆွေဟုလည်း ပြောမရပေ။ ထိုလူများသည် အဘယ့်ကြောင့် နန်မန်နယ်နမိတ်ကို ကျူးကျော်ကာ ရှီဝူအင်ပါယာထဲသို့ ဝင်ရောက် လာကြပါသနည်း။
***