← Chapters

ရဲတိုက်ထဲသို့ အင်အားသုံးကာဝင်ရောက်ခြင်း

Vol. 6 Ch. 79

ရဲတိုက်ထဲသို့ အင်အားသုံးကာဝင်ရောက်ခြင်း

Vol. 6 Ch. 79

“ယဲ့ပင်း ငါ့အဖေကို အကြောင်းကြားလိုက်။ ရဲတိုက်အရှေ့မှာ နန်မန်က လူရိုင်းအုပ်စု ရောက်နေတယ်လို့”

ယဲ့မူသည် ယဲ့ပင်းအား သတိအပြည့်နှင့် ပြောလိုက်သည်။ ထိုလူရိုင်းအုပ်စုသည် အရပ်ရှည်ကာ ခန္ဓာကိုယ်တောင့်တင်း ကြသည်သာမက ဟန်ပန် အမူအရာတို့ကလည်း တည်ငြိမ်သည်။ တစ်ချက်ကြည့်ရုံနှင့် အဆင့်မြင့်ကျင့်ကြံသူများ ဖြစ်ကြောင်း သိသာလှသည်။

“ချက်ချင်းသွား”

ယဲ့မူ၏ စကားသံအဆုံးတွင် ယဲ့ပင်းသည် အချိန်မဆွဲဝံ့ဘဲ ရဲတိုက်နံရံထက်မှ ခုန်ဆင်းကာ မိသားစုခေါင်းဆောင် ခြံဝင်းသို့ ပြေးသွားလေသည်။

လူသန်ကြီးလဲ့၊ ထို့ပါးယွီနှင့် လန်ကုကျိုးတို့သည် ရဲတိုက် ဂိတ်တံခါး ရှေ့တည့်တည့်သို့ ရောက်နေကြပြီဖြစ်သည်။

ထို့ပါးယွီသည် ခေါင်းမော့လျက် အသံကိုမြှင့်ကာ အော်လိုက်သည်။

“ရဲတိုက်ထဲကလူတွေ နားထောင်ကြ ... ငါတို့အဖွဲ့က ဒီနားတဝိုက်ကနေ ဖြတ်သွားရင်း အရမ်းပင်ပန်း နေတဲ့အတွက် နားစရာတနေရာ လိုတယ်။ မင်းတို့တွေ ရဲတိုက်တံခါးဝကို ဖွင့်ပြီး ငါတို့အနားယူဖို့ စီစဉ်ပေးမယ်ဆိုရင် ငါတို့ကလည်း ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ငွေစတချို့ကို ချီးမြှင့်ပေးမယ်”

ထို့ပါးယွီ၏ အတွေးတွင် ဤသို့သောချောင်ကျကျ နေရာ၌ အဆင့်မြင့် ကျင့်ကြံသူများ လုံးဝ ရှိမနေလောက်ဟု ယူဆထားရာ အထက်စီးကပင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယဲ့မူသည် ထို့ပါးယွီ၏ စကားအား မယုံကြည်ပေ။ နန်မန်အုပ်စုသည် ထိုမျှလောက် မရိုးရှင်းဟု သူက ခံစားမိနေသည်။ ကောလာဟလများအရ နန်မန်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံ ၇ ခုအား သိမ်းယူပြီးဖြစ်ကာ ရှီဝူအင်ပါယာထက် သုံးဆကျယ်ဝန်းသော မြေနေရာကို ပိုင်ဆိုင်သည်။ ထို့ပြင် စရိုက်သဘာဝအားဖြင့် နန်မန် နိုင်ငံသားများသည် စစ်မက်ကို အလွန်မက်မော ခုံမင်ကြသည်။ ရှီဝူအင်ပါယာ၏ ပိုင်နက်အတွင်းသို့ ရောက်နေခြင်းကိုပင် နန်မန်သားများ၏ လေသံက အလွန်မာလှသည်။

“ယဲ့မိသားစုရဲတိုက်က တွေ့ကရာ သူစိမ်းတွေကို မကြိုဆိုဘူး။ ခင်ဗျားတို့အနားယူဖို့ တခြား တစ်နေရာသာ ရှာလိုက်ပါ”

ယဲ့မူသည် အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင် ထား၍ ပြန်ပြောလိုက်သည်။

ထို့ပါးယွီက မထီလေးစားဟန်ဖြင့် လှောင်ပြောင်သရော် လာသည်။

“တံခါးဖွင့်လို့ ပြောနေတာ မကြားဘူးလား။ မဟုတ်ရင် မင်းတို့ရဲတိုက်ရဲ့ ဂိတ်တံခါးကို ဖျက်ဆီး ပစ်ရလိမ့်မယ်”

ထို့ပါးယွီ၏ လေသံသည် အလွန်မာရေကြောရေ ရှိလှပြီး ထျန်းချီအဆင့် ၉ ကျင့်ကြံသူ တစ်ယောက်၏ အရှိန်အဝါကိုပါ တစ်ပါတည်း ထုတ်ဖော်ပြထားသည်။

လူသန်ကြီးလဲ့သည် ဘာစကားမှ မဆိုဘဲ ယဲ့မူကိုသာ တိတ်တဆိတ် လေ့လာ အကဲခတ်နေသည်။ လူငယ်လေးသည် အသက် ၂၀ စွန်းစွန်းခန့်သာ ရှိသော်လည်း ယုံကြည်ချက် မြင့််မားသော အမူအရာနှင့် ပြတ်သားသည့် ဟန်ပန်တို့ရှိပြီး ထျန်းချီအဆင့် ၇ သို့မဟုတ် အဆင့် ၈ ဟု ယူဆရသည်။ ခရီးမထွက်ခင်က တုန်းလင်ပြည်နယ်နှင့် ပတ်သက်၍ စုံစမ်းခဲ့သော သတင်းများအရ ယဲ့မိသားစုသည် လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်ဟု သမုတ်သော မဟာမိတ်မိသားစု ၁၈စုထဲမှ တစ်စုသာ ဖြစ်ပြီး အင်အားမကြီးလှ။ သို့သော် သူ စုဆောင်းခဲ့သော သတင်းများက နောက်ဆုံး​ရသတင်းများ မဟုတ်သည်ကိုတော့ လူသန်ကြီးလဲ့ မသိရှာပေ။

ထို့ပါးယွီသည် ယဲ့မူအား ရဲတိုက် ဂိတ်ဝကို ဖွင့်ပေးရန် ပြောမရသည့်အခါ စိတ်တို ဒေါသထွက်လာပြီး လူသန်ကြီးလဲ့ဘက်သို့ ပြန်လှည့်လာသည်။

“လူသန်ကြီးလဲ့ ... တံခါးဖွင့်မပေးမှတော့ ကျုပ်တို့ဘာသာ ဖောက်ဝင်ပြီး ဒီနေရာကို ဖျက်ဆီးပစ်ကြစို့”

ထို့ပါးယွီတွင် သူ့အကြံနှင့်သူ ရှိပြီးသားဖြစ်သည်။ ယဲ့မိသားစုရဲတိုက်သည် ကြီးမားလှရာ အတွင်းဘက်၌ မိန်းမလှလေးများ တယောက်၊ နှစ်ယောက်တော့ ရှိမှာမလွဲပေ။ ရဲတိုက်အား သိမ်းပိုက်ပြီးသည့်နှင့် မိန်းမလှလေးများနှင့်အတူ ပျော်စရာ ကိစ္စလေးများ လုပ်နိုင်ပေမည်။ သို့သော် လူသန်ကြီးလဲ့၏ ခွင့်ပြုချက် မပါဘဲနှင့်တော့ သူက မလှုပ်ရှားရဲပါချေ။

“ကိုယ့်ကိုယ်ကိုယ် ထိန်းစမ်း”

လူသန်ကြီးလဲ့သည် ထို့ပါးယွီအား တစ်ချက် ပိတ်အော်လိုက်ပြီးမှ ခေါင်းမော့ကာ စကားစပြောသည်။

“ကျုပ်က လျန်ယွင်အိမ်တော်ဆယ့်ရှစ်ဆောင် မဟာမိတ်အဖွဲ့ ခေါင်းဆောင်ရဲ့ မိတ်ဆွေဟောင်းပါ။ ခင်ဗျားတို့ရဲတိုက်မှာ ခဏလောက် အနားယူဖို့ပဲ ဆန္ဒရှိတာပါ။ သိပ်မကြာပါဘူး။ အဲဒါကြောင့် ဂိတ်တံခါးဖွင့်ပေးဖို့ မျှော်လင့်ပါတယ်”

လူသန်ကြီးလဲ့ စုဆောင်းထားသော သတင်းများမှာ နောက်ကျနေလေရာ ထိုသတင်းထဲတွင် ယဲ့မိသားစုက ယွင်မိသားစုအား ဖြိုခွင်းလိုက်သည့်အကြောင်း မပါရှိပေ။

ထို့ပါးယွီနှင့် လန်ကုကျိုးတို့သည် လူသန်ကြီးလဲ့အား အထင်ကြီးလေးစားစွာ ကြည့်မိကြသည်။ ခေါင်းဆောင်ကတော့ ခေါင်းဆောင်ပါပဲ။ လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်၏ ခေါင်းဆောင်အကြောင်း ထည့်ပြောလိုက်မှတော့ ယဲ့မိသားစုသည် တံခါးမဖွင့်ပေးဘဲ နေရဲတော့မည် မဟုတ်ချေ။

၎င်းတို့လူစု ထိုသို့ တွေးတောနေကြစဉ်ပဲ ရဲတိုက်နံရံထက်မှ ဒေါသတကြီး ဆဲဆိုသံများ ထွက်ပေါ်လာလေသည်။

“ငါ့ xင်ကြီးကိုပဲ မိတ်ဆွေဟောင်းနေလိုက်။ ထွက်သွားစမ်း အရှုံးသမားတွေ”

“ချီးပဲ။ ထွက်သွားကြစမ်း နန်မန်က အရိုင်းအစိုင်းကောင်တွေ”

“နန်မန်က လူရိုင်းကောင်တွေကများ ငါတို့ ရဲတိုက်မှာနေဖို့ စိတ်ကူးရဲသေးတယ်”

လူသန်ကြီးလဲ့၏ နှုတ်မှ မဟာမိတ် ခေါင်းဆောင် တစ်နည်း ယွင်ရိရန်၏ မိတ်ဆွေဟောင်းဟု ပြောလိုက်ကတည်းက ယဲ့မိသားစုသည် ထိုအုပ်စုကို လူကောင်းအဖြစ် မမြင်တော့ပေ။ ယဲ့မိသားစု၏ ယွင်မိသားစုအပေါ် နက်ရှိုင်းစွာ မုန်းတီးနေမှုအရ လူသန်ကြီးလဲ့တို့ အုပ်စုအား ရင့်ရင့်သီးသီး ဆဲရေးခြင်း မပြုလျှင်တောင် ထူးဆန်းနေဦးမှာ ဖြစ်သည်။

လူသန်ကြီးလဲ့သည် ယွင်မိသားစုအကြောင်း ပြောလိုက်သည်နှင့် ယဲ့မိသားစုက ပျာပျာသလဲဖြင့် တံခါးဖွင့် ပေးလိမ့်မည်ဟု ယူဆထားခဲ့သောကြောင့် ယခုကဲ့သို့ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုမျိုးနှင့် ကြုံတွေ့လာရသည့်အခါ နားမလည်နိုင်တော့ပေ။ ထို့ပါးယွီနှင့် လန်ကုကျိုးတို့က တိတ်တဆိတ် ခိုးရယ် နေကြသည်ကို မြင်သော် လူသန်ကြီးလဲ့ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

“လူသန်ကြီးလဲ့ ... သူတို့ကို နည်းနည်း သင်ခန်းစာ ပေးလိုက်ရမလား”

ထို့ပါးယွီက မေးသည်။

လူသန်ကြီးလဲ့သည် အသက်ပြင်းပြင်း တစ်ချက်ရှူကာ ပြန်မဖြေပေ။

ထို့ပါးယွီသည် နားလည်စွာ ပြုံးလိုက်ပြီး လန်ကုကျိုးအား မျက်ရိပ်မျက်ကဲပြကာ နံရံထက်သို့ ညာသံပေးလျက် ခုန်တက်လိုက်ကြသည်။

ယဲ့မူသည် တိုက်ပွဲအား ရှောင်လွှဲ၍ မရတော့သည်ကို နားလည်လိုက်သည်။ နံရံထက်သို့ ခုန်တက်လာကြပုံအရ ထို့ပါးယွီနှင့် လန်ကုကျိုးတို့ နှစ်ဦးလုံးသည် ထျန်းချီအဆင့် ၈ ထက် မြင့်ကြောင်း ထင်ရှားသည်။ ထို့နောက်တွင် ထို့ပါးယွီနှင့် လန်ကုကျိုးတို့သာမက ကျန်၅ယောက်ပါ နံရံထက်သို့ ခုန်တက် လာကြသည်။ ပြင်းထန်သော တိုက်ပွဲကား မလွဲမသေ ဖြစ်လာတော့မည်ပင်။ နံရံထက်ရှိ ယဲ့မိသားစုမှ အစောင့်များ အားလုံးတို့သည် ကိုယ်စီလက်နက်များကို စွဲကိုင်လျက် နန်မန်သားအုပ်စုထံ ပြေးဝင်တိုက်ခိုက် ကြတော့သည်။ လေးသမားများကလည်း နန်မန်သားများထံ ဦးတည်ကာ အဆက်မပြတ် ပစ်ခတ်ကြရာ မြှားမိုးများရွာ နေသည့်နှယ်ပင်။ နံရံထက်ရှိ မြင်ကွင်းမှာလည်း ရုတ်ခြည်း ရှုပ်ထွေး သွားတော့သည်။

“အရူးတစ်သိုက်ပဲ”

ထို့ပါးယွီသည် နှုတ်ခမ်းကိုမဲ့ကာ ရေရွတ်လိုက်ပြီး ကြီးမားလှသော လက်သီးဆုပ်ကြီးဖြင့် ယဲ့မူအား စတင် တိုက်ခိုက်၏။

ဘန်း …

နှစ်ဦးကြားရှိ ကျင့်ကြံဆင့်မှာ အဆင့်ကြီး တစ်ဆင့်တောင် ကွာခြားသဖြင့် ယဲ့မူသည် မဟန်နိုင်တော့ဘဲ နံရံထက်မှ ပြုတ်ကျ သွားတော့၏။ ထို့နောက် ထို့ပါးယွီသည် အဆက်မပြတ် ကျဆင်း လာနေသော မြားတံများအား လက်တစ်ဖက်ဖြင့် ဝှေ့ယမ်း တားဆီးလိုက်ပြီး ယဲ့မိသားစုဝင်များထံ ပြေးဝင် သွားလေသည်။

မကြာမီတွင် ယဲ့မိသားစုဝင် အစောင့်များအားလုံး တစ်ယောက်ပြီး တစ်ယောက် နံရံထက်မှ ပြုတ်ကျသွားကြသည်။ သေလား၊ ရှင်လားပင် မသိရချေ။

“ငါတို့ အခွင့်အရေး ပေးခဲ့သားပဲ။ ဒါပေမဲ့ မင်းတို့ထဲက ဘယ်သူကမှ တံခါးကို ဖွင့်မပေးချင်မှတော့ ...”

ထို့ပါးယွီသည် မြေပြင်ထက်၌ ဒဏ်ရာဒဏ်ချက်များဖြင့် လဲကျနေသော ယဲ့မိသားစုဝင် တစ်ယောက်အား ခပ်လှမ်းလှမ်းသို့ လွင့်ပျံသွားသည်အထိ ကန်ထည့်လိုက်ရင်း ဆိုသည်။

လူသန်ကြီးလဲ့သည် နံရံထက်မှနေ၍ မြေပြင်ပေါ်တွင် လဲကျနေသော ယဲ့မိသားစုဝင်များကို ကြည့်ကာ မျက်နှာက စိမ်းသွားလိုက်၊ ပြာသွားလိုက် ဖြစ်နေသည်။ ထို့နောက် အောက်ဘက်သို့ အဆောတလျင် ခုန်ဆင်းလာ၏။

“အဆင်ပြေရဲ့လား မူအာ”

ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် အခြားလူများသည် သတင်းရရချင်း ပြေးလာကြခြင်း ဖြစ်သည်။ ယဲ့ကျန့်ထျန်းသည် မြေပြင်ပေါ်တွင် လဲကျနေသော သားလတ်အားမြင်သော် စိုးရိမ်တကြီးဖြင့် အော်ခေါ်လိုက်မိသည်။

“အဆင်ပြေရဲ့လား အစ်ကိုလတ်”

ယဲ့ကျန့်ထျန်းနောက်မှ လိုက်ပါလာသော ယဲ့ချန်သည်လည်း အစ်ကိုဖြစ်သူ ဒဏ်ရာရထားသည်ကို မြင်သောအခါ မျက်နှာပျက်သွား၏။

ယဲ့ချန်သည် ဖျတ်ခနဲ ဆိုသလို အစ်ကိုဖြစ်သူ အနီးသို့ ရောက်ရှိသွားပြီး လက်ကောက်ဝတ်ကို ကိုင်ကာ စမ်းသပ်၏။ ထို့ပါးယွီ၏ လက်သီးချက်သည် ယဲ့မူ ရင်ဘတ်တည့်တည့်သို့ ထိမှန်သွားခြင်း ဖြစ်ကာ အင်အားမှာ ပြင်းထန်လွန်းလှ၍ ယဲ့မူ၏ ကိုယ်တွင်းအင်္ဂါများ အားလုံး ကမောက်ကမ ဖြစ်သွားခဲ့သည်။ ယဲ့ချန် စိုးရိမ်တကြီးဖြင့် သူ့ကိုယ်ထဲရှိ သန့်စင်လှသော ထျန်းချီများအား ယဲ့မူထံ လွှဲပြောင်း ပေးလိုက်သည်။ အနည်းငယ်သာ နောက်ကျသွားပါက ယဲ့မူ၏ တစ်ဘဝလုံး ကြီးကြီးမားမား ထိခိုက်ဆုံးရှုံး ရနိုင်ပေသည်။

‘ဘယ်လောက်တောင် အညှာအတာမဲ့တဲ့ တိုက်ကွက်လဲလို့’

ယဲ့ချန် အလွန်ဒေါသ ထွက်သွားရသည်။ သူ့အစ်ကိုလတ်သည် အေးဆေး တည်ငြိမ်သော အကျင့်စရိုက်ရှိသူဖြစ်ပြီး လူတိုင်းအပေါ်  ကြင်ကြင်နာနာ ဆက်ဆံလေ့ရှိကာ အထူးသဖြင့် ညီထွေးလေးဖြစ်သော ယဲ့ချန်ကိုဆိုလျှင် အထူးချစ်ခင် ကြင်နာသည်။ အပြန်အလှန်အားဖြင့် ယဲ့ချန်ကလည်း အစ်ကိုဖြစ်သူအား အလွန်သံယောဇဉ် ကြီးမားသည်။ ယခုမူ သတ္တိကောင်းလှသော တစ်စုံတစ်ယောက်က သူ့အစ်ကိုလတ်အား အဆင်အခြင်မဲ့ ထိခိုက်စေရဲသည်။ ယဲ့ချန်၏ မျက်လုံးအစုံသည် ဒေါသဖြင့် လောင်မြိုက်လာရပြီး လှမ်းကြည့်လိုက်လျှင် ရက်စက် ကြမ်းကြုတ်သော အသွင်အပြင်နှင့် လူ ၇ ယောက်အား မြင်လိုက်ရ၏။

“ဖုန်းအာ ... မင်းညီလတ်ကို ခေါ်သွား။ ဒဏ်ရာရနေတဲ့ မိသားစုဝင်တွေကို ခေါ်ဖို့လည်း လူလွှတ်လိုက်ဦး”

ယဲ့ကျန့်ထျန်းသည် သားကြီးယဲ့ဖုန်းအား အမိန့်ပေးလိုက်သည်။ ထို့နောက် ရဲတိုက်အတွင်း ကျူးကျော်လာဝံ့သော လူ ၇ ယောက်အုပ်စုအား မျက်နှာချင်းဆိုင်လိုက်သည်။ သားတစ်ယောက်လုံး မျက်စိရှေ့တွင် ထိခိုက်ဒဏ်ရာ ရသွားခဲ့ရာ ယဲ့ကျန့်ထျန်းလည်း ဒေါသမထွက်ဘဲမနေပေ။

နန်မန်သား ၇ ယောက်သည် ယဲ့မိသားစုခြံဝင်း အလယ်ဗဟိုသို့ လျှောက်လာကြ၏။ တစ်ဖက်တွင်မူ ယဲ့မိသားစုဝင်များသည် အတူတကွ စုရုံးကာ ရပ်နေကြပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထား ကြသည်။

လေထုအခြေအနေက တစ်စထက်တစ်စ လေးလံ လာသော်လည်း ထို့ပါးယွီသည် မပြောင်းမလဲ ဘဝင်ခေါင်ခိုက်နေသော မျက်နှာထားဖြင့်သာ ရှိနေသည်။ သူက ပြုံးကာ ဆိုသည်။

“ယဲ့မိသားစုဝင်တွေ နားထောင်ကြစမ်း။ ငါတို့ ညီအစ်ကိုတွေအတွက် အနားယူဖို့ အခန်းနဲ့ မိန်းမလှလေးတွေ ပြင်ဆင်ပေးကြ။ ငါတို့ ဒီရဲတိုက်မှာ ရက်အနည်းငယ် အနားယူမယ်။ ပြောတဲ့အတိုင်း လုပ်နော် မဟုတ်လို့ကတော့ ... မင်းတို့အားလုံးကို သတ်ပစ်ဖို့ ဝန်မလေးဘူး”

ထို့ပါးယွီသည် စကားပြောနေရင်းဖြင့် ယဲ့ချန်တို့ နောက်ဘက်တွင် မတ်တတ်ရပ်နေသော ယဲ့မိသားစုမှ မိန်းကလေးငယ်များကို မြင်သွားသောကြောင့် မျက်လုံးများ အရောင် တောက်သွားသည်။

“ဒါလည်း သိပ်တော့မဆိုးဘူး။ ငါ သူတို့ကိုယူမယ်”

ထို့ပါးယွီသည် ရှေ့သို့ ခြေလှမ်း အနည်းငယ် တိုးလာပြီး မိန်းကလေးများထဲမှ လှတပတ တစ်ယောက်ကို ဆွဲယူရန် လက်ဆန့်တန်းလိုက်သည်။

နန်မန်သားများ၏ စည်းလွတ်ဝါးလွတ် ရိုင်းစိုင်းဆိုးသွမ်းပုံကို မျက်မြင်ကြုတ်လာ ရသည့်အခါ ယဲ့ချန်သည် ဒေါသထွက်ရလွန်း၍ သွေးကြောများပင် စပ်ဖျင်းဖျင်း ဖြစ်လာသလို ခံစားလိုက်ရသည်။ ယဲ့ချန်သည် ညာဘက်လက်ဝါး၌ ထျန်းချီများကို စုစည်းကာ ထိုရိုင်းစိုင်းလှသည့် နန်မန်သားအား တစ်ချက်တည်းနှင့် အသေသတ်ပစ်ရန် ပြင်လိုက်၏။

ထိုစဉ် လူရိပ်တရိပ်က ယဲ့ချန်ထက်ဦးစွာ လှုပ်ရှားသွားသည်။ ထိုလူရိပ်ကား ယဲ့ချိန်ရွမ်းပါပင်။ မဟုတ်မခံ၊ စိတ်တိုလွယ်သော စရိုက်ရှိသူ ဖြစ်သည့်အလျောက် ယဲ့ချိန်ရွှမ်းသည် ဤမြင်ကွင်းအား ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့ချေ။

ယဲ့ချိန်ရွှမ်းသည် ဒေါသကြောင့် တုန်ယင်နေသော အသံဖြင့် ဟိန်းဟောက်လိုက်သည်။

“မင်းတို့လို အရိုင်းအစိုင်း ကောင်တွေကများ ငါ့မိသားစု ပိုင်နက်ထဲကို ဝင်လာပြီး စော်ကားမော်ကား ပြုမူရဲတယ်”

ထျန်းချီ အကာအကွယ်တခုသည် ယဲ့ချိန်ရွှမ်း၏ ကိုယ်ပေါ်၌ ဖြစ်တည် လာခဲ့ပြီးနောက် ပြန်လည် ပြုပြင်ထားသော လေအရိပ်လက်သည်း ပညာရပ်ကို အသုံးပြုကာ ထို့ပါးယွီအား ရိုက်ချ လိုက်လေသည်။

ဘန်း ...

ထို့ပါးယွီသည် ယဲ့ချိန်ရွှမ်းအား ထိပ်တိုက် ရင်ဆိုင်နိုင်လိမ့်မည်ဟု မျှော်မှန်းထားသော်လည်း တကယ်တမ်း လက်ဝါးနှစ်ဖက် ထိမှန်သွားချိန်တွင် အနောက်ဘက်သို့ ခြေလှမ်း  ၅လှမ်း၊ ၆ လှမ်းခန့် ဆုတ်လိုက်ရသည်။ ယဲ့ချိန်ရွှမ်းကမူ မူလနေရာမှ တစ်လက်မပင် မရွေ့သွားပါချေ။

“လူအိုကြီး ခင်ဗျားက သေချင်နေတာပဲ”

ထို့ပါးယွီက ယဲ့ချိန်ရွှမ်း ထိုမျှ လျင်လျင်မြန်မြန် တုံ့ပြန် လာလိမ့်မည်ဟု ထင်မှတ် မထားသောကြောင့် အလစ်အငိုက်မိသွားခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင်တော့ သူသည် ထျန်းချီ အကာအကွယ်အား ခန္ဓာကိုယ်ပေါ်တွင် ဖန်တီးလိုက်ပြီးမှ တစ်ကိုယ်လုံးရှိ ကြွက်သားကြီးများ တုန်ခါလာသည်အထိ မာန်သွင်းကာ ယဲ့ချိန်ရွှမ်းအား တန်ပြန် တိုက်ခိုက်ရန် အသင့်ပြင် လိုက်လေသည်။

***

All Chapters