တိုက်ခိုက်ကြလေပြီ
Vol. 6 Ch. 80
ယဲ့မိသားစုကဲ့သို့ မိသားစု သေးသေးလေးတွင် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် ကျင့်ကြံသူ တစ်ဦးကို တွေ့လိုက်ရခြင်းကြောင့် လူသန်ကြီးလဲ့ အံ့ဩသွားရသည်။ လူသန်ကြီးလဲ့သည် ထို့ပါးယွီအား အလျင်အမြန် ဖမ်းဆွဲထားလိုက်ပြီး ယဲ့ကျန့်ထျန်း၊ ယဲ့ကျန့်လုံနှင့် ကျန်လူများကို ကြည့်မိသည်။ သူသည် ယဲ့ကျန့်ထျန်း၏ ကျင့်ကြံဆင့်အား ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း အားနည်းမည် မဟုတ်သည်ကို မသိစိတ်က ခံစားမိနေသည်။ တုန်းလင် ပြည်နယ်ရှိ မိသားစုလေးတစုက ထိုမျှ အစွမ်းထက် ကျင့်ကြံသူများ များပြား နေခြင်းအပေါ် သူ စတင် ထိတ်လန့်လာတော့သည်။
“စိတ်မရှိပါနဲ့ အကြီးအကဲတို့။ ကျုပ်တို့ ၇ယောက်က ဒီရဲတိုက်မှာ ၁ရက်၊ ၂ ရက်လောက် တည်းခိုချင်ရုံပါ။ ကျေးဇူးပြုပြီး ခွင့်ပြုပေးနိုင်မလား”
လူသန်ကြီးလဲ့က လေးလေးစားစား ခွင့်တောင်းလိုက်သည်။ သူသည် အလွန်သတိကြီးသောသူ ဖြစ်ကာ အစောပိုင်းက ယဲ့မိသားစုဝင်များ၏ ဆဲရေးမှုကြောင့်သာ မဟုတ်ပါက ထို့ပါးယွီအား ယခုကဲ့သို့ ပြဿနာရှာခွင့် ပေးမှာမဟုတ်ပေ။ မထင်မှတ်ဘဲ ယဲ့မိသားစုကဲ့သို့ မိသားစုငယ်လေးကို ရှင်းပစ်ရခြင်းသည် မလွယ်ကူသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေခဲ့သည်။
ယဲ့ချိန်ရွှမ်း ရုတ်တရက် လှုပ်ရှား လာခြင်းကြောင့်သာ မဟုတ်ပါက ယဲ့ချန် ထိုအုပ်စုအား မဆိုင်းမတွ သတ်ဖြတ်လိုက်ပြီ ဖြစ်သည်။ ယဲ့ချန်သည် လူသန်ကြီးလဲ့၊ ထို့ပါးယွီနှင့် လန်ကုကျိုးတို့အား ဒေါသရိပ်မပြေစွာ ကြည့်သည်။ ဤကမ္ဘာသို့ ဝိညာဉ်ကူးပြောင်း လာပြီးကတည်းက သူ တစ်ခါမှ ယခုလောက်အထိ ဒေါသမထွက်ဖူးပေ။
ယဲ့ချန်သည် မျက်နှာသေနှင့်ပင် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သည်။ ယဲ့ချိန်ရွှမ်းတို့ လူစုလည်း အလိုက်တသိ လမ်းဖယ်ကာ နောက်သို့ အနည်းငယ် ဆုတ်ပေးကြသည်။
ဤသည်ကို မြင်သော် လူသန်ကြီးလဲ့ မျက်ခုံး ပင့်လိုက်မိသည်။ ထျန်းချီအဆင့် ၉ ထိပ်ဆုံး ဆင့်ကျင့်ကြံသူ အပါအဝင် လူကြီးများ အားလုံးသည် အသက် ၁၇ ၊ ၁၈ မျှသာ ရှိသည့် လူငယ်လေး တစ်ယောက်အတွက် လမ်းဖယ်ပေးကြခြင်း ... ။
‘မဟုတ်မှလွဲ ... ဒီကောင်လေးကမှ ယဲ့မိသားစုရဲ့ ခေါင်းဆောင်လား’
ယဲ့ချန်သည် ဝိညာဉ်အသိအမြင်ဖြင့် နန်မန်အုပ်စုအား စစ်ဆေးကြည့်လိုက်သည်။ ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် ၂ ယောက်၊ ထျန်းချီအဆင့် ၉ အလယ်အလတ်ဆင့် ၄ ယောက်နှင့် လူသန်ကြီးလဲ့၏ စွမ်းအားကမူ ကျန်လူများ အားလုံးထက် ပိုသန်မာသည်။
‘သူက ထျန်းချီအဆင့် ၁၀ စဦးဆင့် ကျင့်ကြံသူများလား’
“ယဲ့ပင်း ... အစောင့်တာဝန်ယူထားတဲ့ လူတွေ အခြေအနေဘယ်လိုရှိလဲ”
ယဲ့ချန်သည် လူသန်ကြီးလဲ့အား အေးစက်စွာ ကြည့်ရင်း အနောက်ဘက်ရှိ ယဲ့ပင်းအား မေးလိုက်သည်။ ယဲ့ချန်၏ အခါတိုင်းနှင့် မတူစွာ ဒေါသသံပါသော မေးခွန်းကြောင့် ယဲ့ပင်းသည် အထိတ်ထိတ် အလန့်လန့်နှင့် ပြန်ဖြေလာ၏။
“၈ ယောက်က ပြင်းပြင်းထန်ထန် ထိခိုက်ထားပြီးတော့ ... အစ်ကိုယဲ့မူက ...”
တစ်စထက်တစ်စ ပိုတင်းမာလာသော ယဲ့ချန်၏ အမူအရာကြောင့် ယဲ့ပင်းခမျာ ဆက်မပြောနိုင်တော့ဘဲ ငိုချတော့မည့်နှယ် ဖြစ်လာလေသည်။
“ခင်ဗျားတို့က ကျွန်တော့်ရဲ့ ရဲတိုက်မှာ တည်းခိုချင်တယ်လား ... သိပ်ရတာပေါ့။ ကျွန်တော်တို့ကို ကျော်ဖြတ်နိုင်မယ် ဆိုရင် ဒီရဲတိုက်မှာ ခင်ဗျားတို့ ကြိုက်သလောက် နေနိုင်တယ်။ လနဲ့ချီပြီး နေမယ် ဆိုရင်တောင် ရတယ်”
ယဲ့ချန်သည် နန်မန်သားအုပ်စုအား တည့်တည့်ကြည့်ကာ ဆို၏။
“မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ ဟမ် ... ကောင်စုတ်လေး။ ငါတို့ ညီအစ်ကိုတွေ မင်းတို့ရဲတိုက်မှာ လာတည်းတာကိုက မင်းတို့အတွက် ဂုဏ်ယူစရာ ဖြစ်နေပြီ”
ထို့ပါးယွီသည် မျက်ခုံးတစ်ဖက်အား အမြင်ကပ်ဖွယ် ပင့်တင်ရင်း ဆိုသည်။ ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် ကျင့်ကြံသူ တစ်ယောက်၏ အရှိန်အဝါများက သူ့ထံမှ ဖြာထွက်လျက် ရှိသည်။
ထို့ပါးယွီ၏ စကားကြောင့် ယဲ့မိသားစုဝင်များ ယမ်းပုံမီးကျ ဒေါသထွက်သွား ရသည်။
“ခေါင်းဆောင် ... ကျွန်တော်တို့ကို တိုက်ခွင့်ပေးပါတော့”
ထျန်းချီအဆင့် ၉ ကျင့်ကြံသူများနှင့် ရင်ဆိုင် နေရသည့်တိုင် သူတို့က ကြောက်ရွံ့ခြင်း မဖြစ်မိပေ။ အားလုံး၏ အတွေးထဲတွင် မိသားစုကို အခြားသူစိမ်းများက စော်ကားမော်ကား ပြောဆိုနေခြင်းမှ ကာကွယ်ရန်သာ ရှိသည်။
ယဲ့မိသားစုဝင်များ၏ ကိုယ့်အသက်ကိုပင် တန်ဖိုးမထားသော အပြုအမူတို့ကြောင့် လူသန်ကြီးလဲ့သည် မဲ့ပြုံးတစ်ခု ပြုံးမိကာ အမိန့်ပေးလိုက်လေသည်။
“ငါ့ရဲ့ စိတ်ရှည် သည်းခံနိုင်စွမ်းက ကုန်သွားပြီ။ ထို့ပါးယွီ၊ လန်ကုကျိုး အားလုံးကိုသတ်”
လူသန်ကြီးလဲ့သည် အခြေအနေ အရပ်ရပ်ကို တွက်ချက်ပြီးမှ ထိုသို့ အမိန့်ပေးခြင်း ဖြစ်သည်။ သူ ကြည့်ရသလောက် အားလုံးထဲတွင် ကျင့်ကြံဆင့် အမြင့်ဆုံး ယဲ့ချိန်ရွှမ်းသည်ပင် ထို့ပါးယွီထက် အနည်းငယ်သာ ပိုအစွမ်းထက်ပြီး မိသားစုခေါင်းဆောင် လူငယ်လေးကတော့ အလွန်ဆုံးမှ ထျန်းချီအဆင့် ၈ လောက်ပဲ ရှိမည်ဟု ခန့်မှန်းထားသည်။ လက်ရှိ အနေအထားအရ သူပင် ဝင်ပါရန် မလိုပေ။
ထို့ပါးယွီနှင့် လန်ကုကျိုးတို့သည် ယဲ့ချိန်ရွှမ်းအား တစ်ပြိုင်နက် တိုက်ခိုက် လိုက်ကြပြီး ကျန်လူများက ယဲ့ချန်ထံ ပြေးဝင်သွားကြသည်။
“ခေါင်းဆောင် ... သတိထား”
ယဲ့ချိန်ရွှမ်းသည် မြေးဖြစ်သူအား ကာကွယ်ပေးရန် ပြင်လိုက်သော်လည်း ယဲ့ချန်က မလိုကြောင်း ခေါင်းယမ်းပြသည်။
ယဲ့ချန် လက်တဖက်အား ဝှေ့ယမ်း လိုက်သည်တွင် အဝါရောင် အရိပ်တရိပ်နှင့် အနီရောင် အရိပ်တရိပ်တို့သည် ရဲတိုက်ထဲမှ ခုန်ထွက်လာကြကာ ကြောက်မက်ဖွယ် ဟိန်းသံကြီးများနှင့်အတူ ထို့ပါးယွီနှင့် လန်ကုကျိုးတို့ထံ ဦးတည် သွားကြလေသည်။
ကြီးမားလှသော မှော်သားရဲနှစ်ကောင်ကို ရုတ်တရက် မြင်လိုက်ရသောကြောင့် ထို့ပါးယွီနှင့် လန်ကုကျိုးတို့ ခဏတာ မှင်တက်သွားကြ၏။
“အဆင့် ၉ မှော်သားရဲတွေ”
ထို့ပါးယွီက ဦးစွာ သတိဝင်လာကာ အော်လိုက်ပြီးနောက် ယဲ့ချိန်ရွှမ်းအား တိုက်ခိုက်ရန် ပြင်နေရာမှ ကြက်သွေးရောင် ကောင်းကင်ကျားထံ ဦးတည်ချက် ပြောင်းလိုက်ရသည်။ သူသည် မှော်သားရဲများအား မကြာခဏ အမဲလိုက်လေ့ ရှိသော်လည်း အဆင့် ၉ မှော်သားရဲများကို အမဲလိုက်နိုင်သည်ကတော့ ရှားပါးသည်။ ထို့ပြင် ဤသားရဲနှစ်ကောင်သည် ပုံမှန်အဆင့် ၉ မှော်သားရဲများထက် ပိုမို အစွမ်းထက်နေ၏။
ဘန်း ... ဘန်း ... ဘန်း …
ထို့ပါးယွီသည် ကြက်သွေးရောင် ကောင်းကင်ကျားအား အစွမ်းထက်တိုက်ကွက် မျိုးစုံသုံးကာ တိုက်ခိုက်ပါသော်လည်း သားရဲကြီးက ဖြုံပင်မဖြုံပင်။ ထို့ပါးယွီ၏ ရင်ဘတ်တွင်သာ သားရဲကြီး၏ ကုတ်ရာခြစ်ရာများ ပိုပိုများလာရသည်။
တစ်ဖက်တွင်လည်း မိုးကြိုးတစ္ဆေသစ်နက်နှင့် ရင်ဆိုင်နေရသော လန်ကုကျိုးသည် အရေးနိမ့်လုလု ဖြစ်နေခဲ့သည်။
မှော်သားရဲ နှစ်ကောင်လုံးသည် တရိစ္ဆာန်များ ဖြစ်ကြသည့် အလျောက် တိုက်ပွဲကာလ ရှည်ကြာလေလေ ပိုမို ဒေါသကြီး လာကြလေလေ ဖြစ်ကာ ၎င်းတို့၏ တိုက်ခိုက်မှုများမှာ အားလျော့ မသွားသည့်အပြင် ပို၍ ပြင်းထန်လာကြသည်။
လူသန်ကြီးလဲ့၏ အမူအရာပင် ပြောင်းလဲ သွားရသည်။ ယဲ့မိသားစုတွင် အဆင့် ၉ မှော်သားရဲနှစ်ကောင် ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ စုဆောင်းထားသော သတင်းများအရ ဆိုလျှင် ယဲ့မိသားစုသည် လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်အနက် အားနည်းသော မိသားစုလေးသာ ဖြစ်သင့်သည်။ ထိုမျှ အင်အားကြီး နေစရာအကြောင်း မရှိပေ။ လူသန်ကြီးလဲ့၏ အတွေးထဲတွင် စကားတစ်ခွန်းသာ ရှိတော့သည်။
‘ရှီဝူအင်ပါယာထဲက မိသားစုတွေများ ကြောက်ဖို့ ကောင်းချက်’
သူ့တို့တအုပ်စုလုံးသည် စစ်တပ်လေ့ကျင့်ရေး စခန်းများတွင် ပင်ပန်းဆင်းရဲခြင်း မျိုးစုံကို ဖြတ်ကျော်ကာ လေ့ကျင့်ခဲ့သော စစ်သားများ ဖြစ်ကြသည်။ နန်မန်နိုင်ငံရှိ စစ်သားများ အားလုံးလည်း ထိုနည်းတူစွာ ကျော်ဖြတ်ခဲ့ရသည်။ ထို့ကြောင့်လည်း အိမ်နီးချင်းနိုင်ငံ ၇ နိုင်ငံအား အခက်အခဲမရှိ သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ရှီဝူအင်ပါယာကိုမူ ယနေ့ထိတိုင် ရန်မစရဲခဲ့ပေ။
ထို့ပါးယွီနှင့် လန်ကုကျိုးတို့ မရှူနိုင်၊ မကယ်နိုင် ဖြစ်နေကြသောကြောင့် လူသန်ကြီးလဲ့သည် မှော်သားရဲနှစ်ကောင်အား ဝင်ရောက် တိုက်ခိုက်ရန် ပြင်လိုက်သည်။ ထိုစဉ်တွင်ပဲ သေစေနိုင်လောက်အောင် ပြင်းထန်သော ဖိအားတစ်ခုက သူ့ထံ ရိုက်ခတ်လာသည်။ ထိုဖိအား၏ ခြိမ်းခြောက်နိုင်စွမ်းကြောင့် သူ့ကျောကုန်းတွင် ချွေးစတို့ပင် စို့လာရသည်။ ပြင်းထန်လှသော ဖိအား ထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်သည်တွင် သူ့အား ပြုံးလျက် ကြည့်နေသော ယဲ့ချန်ကို မြင်ရသည်။ အံ့ဩထိတ်လန့်မှုကြောင့် သူ့လက်ထဲတွင် စုစည်းထားသော ထျန်းချီများကိုပင် ဖြေလျော့လိုက်မိသည်။
လေပြင်းတချက် ဝေ့ကာ တိုက်ခတ်သွားသည်။
“ခင်ဗျားရဲ့ ပြိုင်ဘက်က ကျွန်တော်လေ”
ယဲ့ချန်သည် အလင်းသဲ့သဲ့ ဖြာနေသော ထျန်းချီ အကာအကွယ်အား ဖန်တီးရင်း ပြော၏။
လူသန်ကြီးလဲ့သည် ယဲ့ချန်ထံမှ ထွက်ပေါ်နေသော စွမ်းအားများကို အာရုံခံရင်း တစ်စထက်တစ်စ မျက်နှာပျက် လာတော့သည်။ အမှန်တော့ သူ လုံးဝကို တုန်လှုပ်ချောက်ချား သွားတာ ဖြစ်သည်။ သူ့အရှေ့ရှိ ဆယ်ကျော်သက် လူငယ်လေးသည် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့သည်။ လူငယ်လေးကား ထို့ပါးယွီနှင့် လန်ကုကျိုးတို့ထက်ပင် ပို၍ သန်မာ၏။
ဆယ်ကျော်သက်အရွယ် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် ကျင့်ကြံသူ ... ။
လူသန်ကြီးလဲ့သည် အံ့ဩထိတ်လန့်မှုကြောင့် သူ့ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်တော့ သလိုပင် ခံစားရသည်။ နန်မန်နိုင်ငံ၊ တော်ဝင်မိသားစု၌ပင် ဆယ်ကျော်သက် အရွယ်လေးနှင့် ထိုမျှ ထူးချွန်သူက မရှိသလောက် ရှားပါးလှသည်။ ရှီဝူအင်ပါယာ၌ ထိုသို့ ကြောက်မက်ဖွယ် ပါရမီရှင်မျိုး ရှိနေသည်က မယုံနိုင်စရာ ကောင်းလွန်းသည်။
ယဲ့ချန်သည် သူ့ထံသို့ ဦးတည်လာနေပြီ ဖြစ်ရာ လူသန်ကြီးလဲ့သည် များများစားစား မတွေးတော့ဘဲ ခန္ဓာကိုယ်ထဲရှိ ထျန်းချီတို့အား လှည့်ပတ်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။
ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် ကျန်လူများသည် ယဲ့ချန်အား စိုးရိမ်မိကြသော်လည်း တစ်ချိန်တည်းတွင် ယဲ့ချန်၏ တကယ့်ခွန်အားကို သိလိုနေကြသည်။ ထို့ကြောင့် ယဲ့ချန်နှင့် လူသန်ကြီးလဲ့တို့၏ တိုက်ပွဲထဲသို့ ဝင်မပါတော့ဘဲ အခြားနန်မန်သားများကိုသာ တိုက်ခိုက် လိုက်ကြသည်။
“အဲဒီ ၄ ယောက်ကို ကောင်းကောင်း ဆုံးမကြ။ ငါ သူတို့ကို အကြီးအကျယ် အထိနာစေချင်တယ်”
ယဲ့ချိန်ရွှမ်းက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ ရိုင်းစိုင်းလှသော နန်မန်သားများသည် ယဲ့မိသားစုရဲတိုက်ထဲသို့ ကျုးကျော် ဝင်ရောက်ကာ စော်ကားမော်ကား ပြောဆိုခဲ့သည် သာမက မိသားစုဝင်များကိုလည်း ထိခိုက်စေခဲ့သည်။ ၎င်းတို့အုပ်စုအား အလွတ်ပေးစရာအကြောင်း လုံးဝ ရှိမနေပေ။
ထျန်းချီအဆင့် ၉ ကျင့်ကြံသူများ ဖြစ်ကြသော ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်း၊ ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရှုံးတို့သည် ကျန်ရှိနေသော နန်မန်သား ၄ယောက်အား ညာသံပေးကာ ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။
ယဲ့ကျန့်ထျန်းနှင့် ယဲ့ကျန့်လုံတို့သည်လည်း ထျန်းချီအဆင့် ၉ များ ဖြစ်ကြောင်း သိရသည့်အခါ လူသန်ကြီးလဲ့သည် အံ့ဩသွားမိသည်နှင့်အတူ ပိုလို့ ဖိအားများ လာရတော့သည်။ ယဲ့မိသားစုတွင် ထျန်းချီအဆင့် ၉ ကျင့်ကြံသူများက ဟင်းရွက်ကန်စွန်းနှယ် အလွန်များပြားလွန်း နေသည်။ ဤလောကကြီး၌ ဘာတွေဖြစ်ပျက်နေသည်ကို သူ မသိတော့ပေ။ ယနေ့၌ သူ အမှားကြီးကြီး တစ်ခု လုပ်မိခဲ့သည်ကတော့ သေချာသည်။
ယဲ့ကျန့်ထျန်းနှင့် ယဲ့ချိန်ရွှမ်းတို့သည် ထျန်းချီအဆင့်၉ ထိပ်ဆုံးဆင့်များ ဖြစ်ကြပြီး သူတို့နှင့် တိုက်ခိုက်နေသည့် နန်မန်သား ၄ ယောက်မှာမူ ထျန်းချီအဆင့် ၉ အလယ်အလတ်ဆင့်မျှသာ ဖြစ်သည်။ ကြာလာသည်နှင့်အမျှ ယဲ့ကျန့်ထျန်းတို့ဘက်မှ အသာစီး ရလာလေသည်။
လူသန်ကြီးလဲ့သည်လည်း တဖြည်းဖြည်းနှင့် ပူပန်မှုတို့ တိုးလာရသည်။ ယဲ့မိသားစုသည် အလွန်အင်အားကောင်းလှပြီး သူသာ အချိန်မီ မလှုပ်ရှားပါက သူ့လူများအားလုံး အသက်ရှင်နိုင်တော့မည် မဟုတ်ချေ။ ယခုထက်ထိ သူနှင့် လက်ရည်တူ တိုက်ခိုက်နေနိုင်သော ယဲ့ချန်အား လူသန်ကြီးလဲ့ ကြည့်မိသည်။ ထိုလူငယ်လေးကား မည်မျှထိ ပါရမီရှိပါစေဦး၊ ဤအရွယ်လေးနှင့် ထျန်းချီအဆင့် ၁၀ သို့ ရောက်နေစရာ အကြောင်း လုံးဝမရှိပေ။ အနည်းဆုံးတော့ သူ့အတွက် အခွင့်အရေး ရှိနေသေးသည်။
လူသန်ကြီးလဲ့သည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် လင်းတတစ်ကောင် အစာသုတ်ချီသကဲ့သို့ အလွန် လျင်မြန်စွာဖြင့် ယဲ့ချန်ထံ ပြေးဝင်သွားခဲ့သည်။
ရွှေလင်းတရိုက်ချက် ... ။
***