နေရာမှားလာခြင်း
Vol. 6 Ch. 81
လူသန်ကြီးလဲ့သည် ထိတ်လန့်နေသောကြောင့် အဆင့် ၄ ပညာရပ်ကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ သူ့ခန္ဓာကိုယ်တွင် ကာရံထားသော ထျန်းချီ အကာအကွယ်က မှေးမှိန်သွားသည်။ လင်းတ တစ်ကောင်ကဲ့သို့ နတ်ဆိုးဆန်သော အမြန်နှုန်းဖြင့် လူသန်ကြီးလဲ့သည် အရှေ့သို့ ရွေ့လျားလိုက်၏။
ယဲ့ချန်က လူသန်ကြီးလဲ့အား စုန်ချည်ဆန်ချည် အကဲခတ်ရင်း နောက်ဘက်သို့ ခြေတစ်လှမ်း ဆုတ်ကာ ကြယ်တာရာဘုံ ကိုးလွှာမှ သစ်သားစွမ်းအင်နှင့် မီးစွမ်းအင်တို့ကို စတင် လှည့်လှည်သည်။ ထျန်းချီများသည် အရှိန်ငြီးငြီး တောက်လောင် လာကြပြီး အဆုံးစွန်သော စွမ်းအားတို့ ထွက်ပေါ်လာ၏။
တိမ်နီကောင်းကင်။
လူသန်ကြီးလဲ့သည် ပြင်းထန်လှသော မီးတောက်လှိုင်းကြီးနှင့် ရင်ဆိုင် ကြုံတွေ့လိုက်ရပြီး ထိုခဏမှာပင် မသေမရှင် နာကျင်မှုဟူသော အခြေအနေအား စစ်မှန်စွာ ခံစားလိုက်ရသည်။ ယဲ့ချန်အား မော့ကြည့်မိသည်တွင် လူငယ်လေးသည် ငရဲမီးပမာ တဟုန်းဟုန်း တောက်လောင်နေသော မီးများ ဝန်းရံလျက် ရှိနေ၏။ ယဲ့ချန် အသုံးပြုနေသော ပညာရပ်မှာ အနည်းဆုံး အဆင့် ၆ ပညာရပ် ဖြစ်လောက်သည်။ နှစ်ထောင်ချီသော သက်တမ်း အစဉ်အလာ မရှိပါဘဲ မိသားစုတစ်စုသည် ထိုမျှအစွမ်းထက်သော ပညာရပ်မျိုးကို လက်ဝယ် မပိုင်ဆိုင်နိုင်ပါ။ သူ့မျက်စိရှေ့ရှိ လူငယ်လေးကား အဆင့် ၆ ပညာရပ်ကို လေ့ကျင့်နိုင်သည့်အပြင် ကျွမ်းကျင်စွာပင် အသုံးပြုနိုင်နေသည်။
လူသန်ကြီးလဲ့ မျက်ရည်များပင် ဝဲလုနီးနီး ဖြစ်သွားရ၏။
‘မင်းတို့ ယဲ့မိသားစုက ဘယ်လိုသိုသိုသိပ်သိပ် နေရမလဲ ဆိုတာ တကယ်ကိုသိတာပဲ။ ဒါပေမဲ့လည်း အခုလောက်ထိ လွန်လွန်ကဲကဲ သိုသိပ်စရာ လိုလို့လားကွာ ...’
လူသန်ကြီးလဲ့အဖို့ နောင်တရရန်ပင် နောက်ကျသွားခဲ့ချေပြီ။ သူ၏ ရွှေလင်းတ ရိုက်ချက်ကား ယဲ့ချန်၏ တိမ်နီကောင်းကင်နှင့် ထိပ်တိုက် ရင်ဆိုင် တွေ့သွားပြီ ဖြစ်သည်။
ဘန်း ... ။
ကျောက်ခဲ အစအနများက နေရာအနှံ့သို့ လွင့်စဉ် ထွက်သွားပြီး တိုက်ပွဲဗဟိုချက်ရှိ မြေပြင်မှာတော့ ပြင်းထန်လှသော မီးတောက်များကြောင့် မီးကျွမ်းကာ မည်းချိတ်သွားခဲ့သည်။ ထိုစွမ်းအားကား ထျန်းချီအဆင့် ၉ ကျင့်ကြံသူ တစ်ယောက်ထက် ကျော်လွန်နေကာ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ တစ်ယောက်တွင်သာ ရှိသင့်သော စွမ်းအား ဖြစ်သည်။
နန်မန်လူရိုင်းကောင်၏ ထျန်းချီစွမ်းအင်သည် အလွန်သိပ်သည်းပြီး အနည်းဆုံး ထျန်းချီအဆင့် ၁၀ စဦးဆင့်တွင် ရှိလောက်သည်။ ထိုအဆင့်က ယဲ့ချိန်ရွှမ်းထက်ပင် များစွာ ပိုအစွမ်းထက်သည်။ ယဲ့ချန်အဖို့ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူနှင့် တစ်ခါမှ ရင်မဆိုင်ဖူးသောကြောင့် အတိအကျတော့ မခန့်မှန်းနိုင်ပေ။ ယဲ့ချန်သည် နောက်ဘက်သို့ ခြေလှမ်းငါးလှမ်းခန့် ဆုတ်လိုက်ရပြီး သူ့ထျန်းချီများသည် အတန်ငယ် ယုတ်လျော့ သွားသော်လည်း ခဏပဲဖြစ်ကာ တဖြည်းဖြည်း ပြန်ပြည့်လာသည်။
လူသန်ကြီးလဲ့၏ ရွှေလင်းတ ရိုက်ချက်သည် အစွမ်းထက်သော်လည်း အဆင့် ၄ ပညာရပ်မျှသာ ဖြစ်နေခဲ့သည်။ အကယ်၍ သူသာ အဆင့် ၆ ပညာရပ် တစ်ခုကို တတ်မြောက်ထားပါက တိုက်ပွဲရလဒ်မှာ ပိုမို ခန့်မှန်းရခက်သွားမှာ ဖြစ်သည်။
လူသန်ကြီးလဲ့သည် အနောက်ဘက် လေထဲသို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာချိန်တွင် မတ်မတ်ရပ်နိုင်ရန် မနည်းထိန်းညှိလိုက်ရသည်။ သူ့အမူအရာမှာလည်း လုံးဝ ပြောင်းလဲသွားသည်။ ယဲ့ချန်သည် နန်မန်နိုင်ငံ၊ စစ်ပွဲတစ်ရာ ပြဌာန်းချက်မှ အဆင့်မြင့် အရာရှိများသာ လေ့ကျင့်ခွင့်ရှိသော သီးသန့်ပညာရပ်များနှင့် တန်းတူ အဆင့်ရှိသည့် ပညာရပ် တစ်မျိုးမျိုးကို လေ့ကျင့်ထားပုံ ရသည်။ လေ့ကျင့်ထားရုံသာမက အလွန်ကျွမ်းကျင်စွာ အသုံးပြုနိုင်သေး၏။ ထိုလူငယ်လေးသည် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်မျှသာ ဖြစ်သည့်တိုင် တိုက်ခိုက်နိုင်စွမ်းချင်း ယှဉ်ရလျှင် ထျန်းချီအဆင့် ၁၀ စဦးဆင့် ကျင့်ကြံသူအောက် လုံးဝ နိမ့်မနေပေ။ တစ်နေ့၌ အသက် ၁၇၊ ၁၈ အရွယ် လူငယ်လေးတယောက်က သူနှင့် လက်ရည်တူ ယှဉ်နိုင်လိမ့်မည်ဟု လူသန်ကြီးလဲ့ တစ်ခါမှ တွေးမထားဖူးခဲ့ချေ။
ထိုအချိန်တွင် သားရဲကြီးနှစ်ကောင်၏ အပြင်းအထန် တိုက်ခိုက်ခြင်းအား ခုခံနေရသော ထို့ပါးယွီနှင့် လန်ကုကျိုးတို့သည် ခေါင်းဆောင်ဖြစ်သူ လာရောက် ကယ်ဆယ်မည့် အချိန်အား စောင့်ဆိုင်းနေကြသည်။ သို့သော် လူသန်ကြီးလဲ့ ရှိရာသို့ လှမ်းကြည့် လိုက်သည်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် နှစ်ယောက်လုံး မယုံကြည်နိုင် ဖြစ်သွားရသည်။ လူသန်ကြီးလဲ့သည် ယဲ့ချန်အား ခက်ခက်ခဲခဲ ယှဉ်ပြိုင်နေရပုံပေါ်သည်။ လူသန်ကြီးလဲ့၏ ခွန်အားကို ထို့ပါးယွီနှင့် လန်ကုကျိုးတို့က အသိဆုံးဖြစ်သည်။ သူတို့နှစ်ယောက် ပေါင်းကာ ရေကုန်ရေခန်း တိုက်ခိုက်လျှင်ပင် လူသန်ကြီးလဲ့၏ ပြိုင်ဘက် မဟုတ်သေးပေ။ ယခုမူ သူတို့မျက်စိရှေ့ရှိ မြင်ကွင်းကား အမြင်အာရုံများကို လှည်စားထားသော ပုံရိပ်ယောင်ကဲ့သို့ မယုံနိုင်စရာ ကောင်းလှသည်။
နန်မန်စစ်တပ်၏ စစ်သည်တော်များ အနေနှင့် ယခုတကြိမ်ကဲ့သို့ ကျဉ်းတည်းကျပ်တည်း အခြေအနေမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။ အတွေ့အကြုံ ရင့်သန်သော စစ်သည်တော် အုပ်စုသည် မထင်ရှားသော မိသားစုလေး တစ်စု၏ ဝိုင်းဝန်းသမခြင်းကို အလူးအလဲ ခံနေရသည်။
ယဲ့ချန်၏ တိုက်ပွဲဆာလောင်နေသော မျက်လုံးများသည် လူသန်ကြီးလဲ့အား တည့်တည့် ကြည့်လာသည်။ ပီရှို့ထံမှ ထျန်းချီများသည် အဆက်မပြတ် စီးဆင်း လာကြပြီးနောက် လွှမ်းမိုးနိုင်သော အရှိန်အဝါ တစ်ခုက သူ့ထံမှ ပေါက်ကွဲထွက်လာ၏။
“နောက်တစ်ကွက်လောက် စမ်းကြည့်ပါဦး”
ယဲ့ချန် မာန်တစ်ချက် သွင်းကာ ဟစ်အော်လိုက်၏။
လောကအမျက်။
ပတ်ဝန်းကျင်ရှိ ထျန်းချီစွမ်းအင်များ လှိုင်းထသွားသည်။ ပြင်းထန်သော လေပွေများ ရုတ်ခြည်း ဖြစ်ပေါ်လာ၏။ ယဲ့ချန်ပတ်လည်ရှိ ထျန်းချီများမှာ ကျောက်စိုင်ကျောက်သားကဲ့သို့ မာကျောလာကာ သူ့လက်နှစ်ဖက်သည်လည်း ဓားများသဖွယ် ပြောင်းလဲ သွားကြသည်။ ပုဆိန်တစ်လက်က သစ်ပင်ကြီး တစ်ပင်ကို ထက်ပိုင်းခြမ်းလိုက်သော လှုပ်ရှားမှုကဲ့သို့ ယဲ့ချန်သည် လက်တစ်ဖက်အား မြှောက်ကာ လူသန်ကြီးလဲ့ထံ ဦးတည်၍ ခုတ်ပိုင်း လိုက်လေသည်။
ယဲ့ချန်နှင့် လူသန်ကြီးလဲ့တို့၏ ပထမဆုံး တိုက်ခိုက်မှုတွင် တိမ်နီကောင်းကင်၏ စွမ်းအားကြောင့် လူသန်ကြီးလဲ့ ကိုယ်ထဲရှိ ထျန်းချီများမှာ လောင်ကျွမ်းပုံပျက် သွားခဲ့ကာ အပြည့်အဝ ပြန်ကောင်းမလာသေး။ ယဲ့ချန်၏ ထျန်းချီများကမူ စက္ကန့်ပိုင်းအတွင်း ပြန်ပြည့်သွားရုံသာမက ပိုလို့ပင် သိပ်သည်းသွားဟန်ရသည်။ ထို့ပြင် ဒုတိယမြောက် ယဲ့ချန် အသုံးပြုသော ပညာရပ်သည် ပထမဆုံး အသုံးပြုခဲ့သော တိမ်နီကောင်းကင်ထက် များစွာ ပို၍အင်အားကြီးသည်။
ယဲ့ချန်၏ အနီးနားရှိ ထျန်းချီများ ပိုမိုမာကျော လာသည်နှင့်အမျှ အရှိန်အဟုန်မှာလည်း ကြောက်မက်ဖွယ် တိုးပွားလာသည်။ လောကအမျက်သည် မြေကြီးသဘာဝ စွမ်းအင်ကို အဓိက အသုံးပြုရသည့် ပညာရပ်ဖြစ်သည်။ ယဲ့ချန်က လှုပ်ရှားမှု တစ်ခုသာ ပြုလုပ်ရသေးသော်လည်း ထောင်ပေါင်း များစွာသော ဓားများ သူ့အား ပိုင်းဖြတ်တော့မည့်နှယ် လူသန်ကြီးလဲ့ ခံစားလိုက်ရသည်။
လောကအမျက်၏ စွမ်းအင်ကား ပြိုင်ဘက်ကင်း လှသည်။ တောင်တန်းနှင့် ကျောက်ဆောင်များကိုပင် ဖြိုဖျက်နိုင်လုမတတ် ထင်မှတ်ရ၏။
လူသန်ကြီးလဲ့ ကျောပြင်တွင် ချွေးများ စို့လာတော့သည်။ သူတော့ စိန်မခေါ်သင့်သူအား ရန်စမိလေပြီ။
ယဲ့ချန်၏ တိုက်ခိုက်မှုသည် လျင်မြန်လွန်းလှရာ သူ့အနေနှင့် ရှောင်ချိန်မရှိတော့။ ကိုယ်တစ်ပတ် လှည့်ကာ ထျန်းချီ အကာအကွယ်ကို အားဖြည့်ပြီး စစ်လက်သီးတရာ တိုက်ကွက်ဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ဘန်း။
ပြင်းထန် ကျယ်လောင်လှပြီး ကြောက်မက်ဖွယ် ကောင်းသော ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့သည်။ လူသန်ကြီးလဲ့သည် ကြိုးပြတ်သွားသော စွန်နှယ် အနောက်ဘက် ၁၀ မီတာခန့်သို့ လွင့်ပျံသွားပြီး ရဲတိုက်နံရံနှင့် ပြင်းထန်စွာ ဆောင့်မိလေသည်။ အရှိန်မှာ ပြင်းလှ၍ လူသန်ကြီးလဲ့၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာသည်။ သူ့တစ်ကိုယ်လုံးရှိ သွေးများ၊ ထျန်းချီများ ကပြောင်းကပြန် ဖြစ်သွားကာ အတွင်းအင်္ဂါများသို့တိုင် ထိခိုက်သွားပုံ ရသည်။ ဘေးနားရှိ နံရံကို အမီပြုကာ အနိုင်နိုင် ထရပ်လိုက်ရပြီးနောက် ယဲ့ချန်အား ကြည့်မိသည်တွင် လူငယ်လေးကား မူလနေရာမှ တစ်လက်မမျှ ရွေ့မသွားသည်ကို တွေ့လိုက်ရသည်။
လောကအမျက်အား ပထမဆုံး လက်တွေ့ အသုံးချကြည့်ပြီးနောက် ယဲ့ချန် တစ်စုံတစ်ရာကို နားလည်သွားရသည်။ သူ့ခန္ဓာကိုယ်ထဲရှိ တိုက်ခိုက်လိုစိတ်များ ရုန်းကြွတောက်လောင် လာသလိုပင်။
လူသန်ကြီးလဲ့အား ကြည့်ကာ သူပြောလိုက်သည်။
“လာလေ ... ထပ်တိုက်ရအောင်”
မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်း ယဲ့ချန် ခန္ဓာကိုယ်ထဲရှိ ထျန်းချီများမှာ ပြန်ပြည့်သွားပြီဖြစ်ရာ အားအင်အပြည့် ဖြစ်နေလေသည်။
မကြာသေးခင်က တိုက်ကွက်တွင် လူသန်ကြီးလဲ့ အစွမ်းကုန် အားစိုက်ထုတ် ထားသော်လည်း ယဲ့ချန်အား အနည်းမျှပင် အခက်တွေ့စေခဲ့ဟန် မရပေ။ ပို၍ ဖိအားများ လာရသည်နှင့်အတူ လူသန်ကြီး၏ မျက်နှာမှာ အစိမ်းရောင် သန်းနေလေပြီ။ သူ့အရှေ့ရှိ လူငယ်လေးကမူ ထျန်းချီစွမ်းအင်များ ပြည့်ဖြိုးနေဟန်ဖြင့် တက်ကြွနေသေးသည်။ ထိုကောင်လေးသည် လူမှဟုတ်ပါလေစ။
ယဲ့ချိန်ရွှမ်းသည် လူသန်ကြီးလဲ့အား ယဲ့ချန် ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု တွေးထားသောကြောင့် အချိန်မရွေး ကူညီတိုက်ခိုက် ပေးနိုင်ရန် အသင့်ပြင်ထားခဲ့သည်။ သို့သော် တကယ့် ဖြစ်ရပ်မှာ သူ့အတွေးနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလေသည်။ နှစ်ကွက်သာ တိုက်ခိုက်ရသေးသည်၊ နန်မန်လူရိုင်းကောင်မှာ မတ်မတ်မရပ်နိုင်တော့ လောက်အောင် ထိခိုက်သွားသော်လည်း ယဲ့ချန်ကမူ အားသစ်လောင်း ထားသည့်နှယ် ရှိနေသည်။ မြေးဖြစ်သူ၏ အစွမ်းအစသည် သူ့ထက် ကျော်လွန်နေကာ ထျန်းချီအဆင့် ၁၀ စဦးဆင့်နှင့်ပင် မတိမ်းမယိမ်း ရှိသည်။ ယဲ့ချိန်ရွှမ်းလည်း စိတ်သက်သာရာ ရသွားကာ အာရုံအလုံးစုံအား ကျန်ရှိသော နန်မန်သား ၄ ယောက်ထံတွင်သာ စူးစိုက်လိုက်၏။
လူသန်ကြီးလဲ့၏ အဖွဲ့ဝင်များသည် ပြင်းထန်လှသော ဒဏ်ရာများဖြင့် တစ်ယောက်ပြီး တစ်ယောက် လဲကျနေကြသည်။
“လူသန်ကြီးလဲ့ ဒီငရဲလို နေရာကနေ မြန်မြန် ထွက်သွားရအောင်”
လူသန်ကြီးလဲ့ ကိုယ်တိုင်ပင် အခက်ကြုံနေရသည်ကို တွေ့တော့မှ ထို့ပါးယွီတို့ နှစ်ဦးလည်း စတင် ကြောက်လန့် လာကြသည်။ ဤနေရာ၌ ကြာကြာဆက်နေပါက သူတို့အားလုံး ချေမှုန်း ခံရပေလိမ့်မည်။ ထို့ပါးယွီနှင့် လန်ကုကျိုးတို့သည် မှော်သားရဲ နှစ်ကောင်၏ တိုက်ခိုက်နေမှုမှ အစွမ်းကုန်သုံးကာ ရုန်းထွက် လာကြပြီး လူသန်ကြီးလဲ့အား တစ်ယောက်စ်တဖက်ဆီ ထူကာ ထွက်ပြေးရန် ကြံလေသည်။
“ထွက်ပြေးချင်တာလား ...”
ယဲ့ချန်သည် နှုတ်ခမ်းတွန့်ရုံ ပြုံးကာ ထျန်းချီတို့အား စုစည်း၍ ဒုတိယတစ်ကြိမ် လောကအမျက်ကို ထုတ်ဖော်ပြီး ထိုလူသုံးယောက်ထံ တိုက်ခိုက်၏။
၎င်းတို့အား လွတ်မြောက်ခွင့် မပေးနိုင်သူမှာ ယဲ့ချန်တဦးတည်းတော့ မဟုတ်။ လူသန်ကြီးလဲ့တို့ သုံးဦးလုံးသည် ထျန်းချီအဆင့် ၉ နှင့်အထက် ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုသူများသာ လွတ်မြောက်သွားပါက တစ်ချိန်ချိန်၌ ယဲ့မိသားစုအား ပြန်လည် ဒုက္ခပေးလာနိုင်၏။
ထို့ပါးယွီသည် ရဲတိုက်နံရံအား ခုန်ကျော်ရန် ပြင်နေရာမှ ယဲ့ချန်၏ တိုက်ခိုက်မှုကို လှည့်ကာ ရင်ဆိုင်လိုက်သည်။
ဘန်း။
နောက်ထပ် အသံကျယ်ကြီး တစ်ခုနှင့်အတူ ထို့ပါးယွီ လွင့်ထွက်သွား၏။ သူသည် လူသန်ကြီးလဲ့ထက်ပင် ပို၍အားနည်းရာ ယဲ့ချန်၏ တိုက်ခိုက်မှုအား ခုခံနိုင်ရန်မှာ မဖြစ်နိုင်ပါချေ။
ထို့ပါးယွီသည် လူသန်ကြီးလဲ့နှင့် လန်ကုကျိုးတို့ ရှိရာဘက်သို့ လွင့်ထွက်သွားခြင်း ဖြစ်ရာ အချင်းချင်း တိုက်မိကုန်ကြပြီး သုံးယောက်လုံး မျက်နှာနှင့်မြေပြင် မိတ်ဆက် သွားကြ၏။
ယဲ့ချန် လူသန်ကြီးလဲ့နှင့် လန်ကုကျိုးတို့အား ဖမ်းဆီးရန် ပြင်လိုက်စဉ်တွင် လူသန်ကြီးလဲ့၏ ညာဘက်လက်က ရုတ်တရက် လှုပ်ရှားလာသည်။ သူကား ဆေးလုံး တစ်မျိုးကို လျင်မြန်စွာ သောက်သုံးလိုက်ခြင်း ဖြစ်ကာ စက္ကန့်ပိုင်းအတွင်း ခုန်ထလာပြီး ယဲ့ချန်အား တိုက်ခိုက်လေသည်။
အားကောင်းသော ထျန်းချီစွမ်းအင်ကို အာရုံခံမိလိုက်သောကြောင့် ယဲ့ချန်၏ အမူအရာမှာ ပြောင်းလဲသွားပြီး ထျန်းချီ အကာအကွယ် ဖန်တီးကာ တန်ပြန် တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း လူသန်ကြီးလဲ့၏ လှုပ်ရှားမှုမှာ လျင်မြန်လွန်းသောကြောင့် ယဲ့ချန် ခြေတစ်လှမ်း နောက်ကျ သွားရသည်။
ဘန်း …
သက်ရောက်မှုမှာ ပြင်းထန်လှသောကြောင့် ယဲ့ချန် အနောက်ဘက်သို့ လွင့်စဉ်သွားပြီး သစ်ပင်ကြီး တစ်ပင်နှင့် အရှိန်ပြင်းပြင်း ဆောင့်မိကာ သစ်ပင်ကြီး ထက်ပိုင်းကျိုး သွားလေသည်။
သူ့တကိုယ်လုံးရှိ ထျန်းချီများ ကမောက်ကမ ဖြစ်သွားသောကြောင့် လူငယ်လေးသည် မနည်းပင်အားယူကာ မတ်တတ် ရပ်လိုက်ရသည်။ သူ့ပါးစပ်ထဲ၌ ငံညိညိ သွေးအရသာပင် ခံစားမိနေသည်။ အချိန်တစ်ခဏအတွင်း ထိုမျှစွမ်းအင် တိုးပွားသွားရန် မည်သို့သော ဆေးလုံးမျိုးကို လူသန်ကြီးလဲ့ သောက်သုံးခဲ့သည် မသိပေ။
ယဲ့ချန်အား အလစ်အငိုက် တိုက်ခိုက်ပြီးနောက် လူသန်ကြီးလဲ့ အနည်းငယ်မျှပင် အချိန်မဆွဲတော့ဘဲ လန်ကုကျိုးနှင့်အတူ ရဲတိုက်နံရံအား ခုန်ကျော်ပျံသန်းကာ ထွက်ပြေး သွားတော့သည်။
ယဲ့ချိန်ရွှမ်းတို့ လူစုလည်း ၎င်းတို့နှစ်ယောက်အား ဖမ်းဆီးရန် နောက်မှ လိုက်သွား၏။ ထိုနှစ်ယောက်က ပြေးတမ်းလိုက်တမ်း ကစားလိုနေမှတော့ သူတို့ကလည်း မမိမိအောင် လိုက်ဖမ်းဦးမှာ ဖြစ်သည်။
လန်ကုကျိုးသည် လက်ရှိ အခြေအနေကြောင့် အလွန်ထိတ်လန့်လျက် ရှိကာ လူသန်ကြီးလဲ့၏ လက်မောင်းအား မလွှတ်တမ်း ဆွဲထားပြီး တောင်းပန်နေသည်။
“ကျုပ်ကိုပါ ခေါ်သွားပေးပါ လူသန်ကြီးလဲ့။ ကျုပ်လည်း လွတ်မြောက်ချင်တယ်”
လူသန်ကြီးလဲ့သည် လန်ကုကျိုးအား အေးစက်စွာ ကြည့်လျက် သူ့အား ဆွဲထားသောလက်ကို ပုတ်ထုတ်ကာ ဒေါသတကြီး ပြောသည်။
“ထွက်သွားစမ်း”
သူ မကြာသေးမီက သောက်သုံးခဲ့သော ဆေး၏ အာနိသင်မှာ တစ်နာရီသာ ခံသည်။ သူ့ကိုယ်သူ မသေအောင် ဂရုစိုက်ရမည်ကပင် အလွန်ခက်ခဲနေပြီး ဖြစ်ရာ လန်ကုကျိုးကိုပါ ခေါ်သွားပါက နှစ်ဦးလုံး အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
***