ခွေးနှစ်ကောင် ကိုက်ကြပါစေ
Vol. 6 Ch. 82
ယဲ့ချိန်ရွှမ်းသည် လန်ကုကျိုးအား လိုက်မီသွားပြီး လက်ဝါးချက် တစ်ချက်နှင့် တားဆီးသည်။
“ရပ်စမ်း”
လန်ကုကျိုးကလည်း အနောက်ဘက်မှ အားကောင်းသော တိုက်ခိုက်မှု တစ်ခုကို အာရုံခံမိသောကြောင့် ဘေးသို့ ရှောင်တိမ်းကာ ယဲ့ချိန်ရွှမ်းအား လက်သီးဖြင့် ပြန်လည် တိုက်ခိုက်သည်။ သို့သော် ခွန်အား မမျှတမှုကြောင့် လန်ကုကျိုးသာ ပြင်းပြင်းထန်ထန် ထိခိုက်မိသွားပြီး မြေပြင်ပေါ် အရုပ်ကြိုးပြတ် လဲကျသွား၏။
ထိုအချိန်တွင် ယဲ့ကျန့်ထျန်းသည် လူသန်ကြီးလဲ့အား ဖမ်းဆီးရန် ပြင်သော်လည်း လူသန်ကြီးလဲ့သည် အလွန်မြန်ဆန်လှသော အဟုန်ဖြင့် ဖျတ်ခနဲ ပျောက်သွားလိုက်၊ အဝေးတစ်နေရာတွင် ပြန်ပေါ်လာလိုက်ဖြင့် ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ထျန်းချီအဆင့် ၁၀၊ စဦးဆင့်။
လူသန်ကြီးလဲ့၏ ကျင့်ကြံဆင့်အား ယခုမှ သိလိုက်ရသောကြောင့် ယဲ့ကျန့်ထျန်း မျက်လုံးပြူး သွားသည်။ ထျန်းချီအဆင့် ၁၀၊ စဦးဆင့်များသာ လူသန်ကြီးလဲ့ကဲ့သို့ မယုံနိုင်စရာ အမြန်နှုန်းဖြင့် လှုပ်ရှားနိုင်ကြသည်။
“ချန်အာ ... ဘယ်လိုနေသေးလဲ”
ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည် လန်ကုကျိုးနှင့် ထို့ပါးယွီအား ဖမ်းဆီးပြီးနောက် အလျင်အမြန် ပြန်လာကြကာ ယဲ့ချန်အား စိုးရိမ်တကြီးနှင့် မေးကြသည်။
“ကျွန်တော် အဆင်ပြေတယ်”
ယဲ့ချန် ခေါင်းယမ်းရင်း ဖြေသည်။ အစောပိုင်းတည်းက သူ့ဒဏ်ရာများကို ထျန်းချီနှင့် ပြန်လည်ကုစားပြီး ဖြစ်သည်။ လူသန်ကြီးလဲ့သည် အထူးဆေးလုံးကို သောက်လိုက်ပြီးနောက် အစွမ်းအစမှာ ၂ ဆခန့် တိုးမြင့်သွားကာ ထျန်းချီအဆင့် ၁၀ စဦးဆင့် ကျင့်ကြံသူ၏ တကယ့် အစစ်အမှန် စွမ်းအားများကို ထုတ်သုံးနိုင်လာသည်။ ထျန်းချီအဆင့် ၁၀ စဦးဆင့်နှင့် ယဲ့ချန်ကြားတွင် စွမ်းအင် ကွာခြားမှုကတော့ ရှိနေဆဲပင်။ ယဲ့ချန် ဝိညာဉ်အသိအမြင်အား သုံးကာ ပတ်ဝန်းကျင် တစ်ဝိုက်၌ ရှာဖွေ ကြည့်သော်လည်း လူသန်ကြီးလဲ့၏ အရိပ်အယောင်ကိုပင် မမြင်ရတော့ချေ။ ဝေးဝေးလံလံသို့ ထွက်ပြေးလွတ်မြောက် သွားပုံရသည်။ မည်သို့ပင်ဆိုစေ လူသန်ကြီးလဲ့ လွတ်မြောက်သွားမှုက ယဲ့ချန်အား စိတ်မအေးဖြစ်စေသည်။
ထိုအချိန်တွင် ယဲ့ကျန့်လုံနှင့် ကျန်လူများလည်း အပြေးအလွှား ရောက်လာကြပြီး ယဲ့ချန်အား တွဲထူပေးကြသည်။
“ဘိုးဘိုး ... ဘယ်လိုဆေးလုံးကများ လူတယောက်ကို အချိန်ခဏ လေးအတွင်း အဆမတန် အစွမ်းထက်သွားအောင် လုပ်နိုင်တာလဲ”
ယဲ့ချန်သည် ယဲ့ချိန်ရွှမ်းအားကြည့်ကာ မေး၏။
“လူသန်ကြီးလဲ့က ထွက်မပြေးခင် ဆေးတစ်မျိုးမျိုးကို သောက်ခဲ့တာလား။ အဲဒါက နန်မန်နိုင်ငံရဲ့ အထူးဆေးလုံး ဖြစ်နိုင်တယ်”
ယဲ့ချိန်ရွှမ်းက ရေရွတ်သည်။
“အထူးဆေးလုံးတဲ့လား”
“အထူးဆေးလုံး ဆိုတာက အဆင့် ၆ ဆေးလုံးတမျိုးပဲ။ နန်မန်နိုင်ငံရဲ့ အဆင့်မြင့် ထိပ်တန်း အရာရှိတိုင်းမှာ အထူးဆေးလုံး တစ်လုံးစီ ရှိကြတယ်လို့ ကြားဖူးတယ်။ သေရေးရှင်ရေး ကြုံလာတဲ့အခါ အဲဒီဆေးလုံးကို သောက်လိုက်ရင် စွမ်းအားက အရမ်းကို တိုးသွားပေမဲ့ ဆေးအာနိသင်က အချိန်ခဏပဲ ခံတယ်။ ဆေးအာနိသင် ပြယ်သွားတဲ့အခါ အသုံးပြုသူရဲ့ ခန္ဓာကိုယ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေလို့ ကျင့်ကြံဆင့် နိမ့်ကျသွားတာတောင် ဖြစ်နိုင်တယ်”
“နားလည်ပြီ ... ဒီတော့ အဲဒီလို ဆေးလုံးမျိုးပေါ့”
ယဲ့ချန် ခေါင်းညိတ်ကာ ပြောသည်။ အထူးဆေးလုံးကို အသုံးပြုပြီးနောက် လူသန်ကြီးလဲ့၏ ကျင့်ကြံဆင့် နိမ့်ကျသွားတာမျိုးလည်း ဖြစ်နိုင်လေရာ ယဲ့ချန်အဖို့ အနည်းငယ်တော့ စိတ်သက်သာ သွားရသည်။
ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် ကျန်လူများကမူ ယဲ့ချန်အား တအံ့တဩ ကြည့်နေကြသည်။ ချန်အာသည် အထူးဆေးလုံး သောက်သုံးထားသော လူသန်ကြီးလဲ့ထံမှ တိုက်ခိုက်ခြင်း ခံခဲ့ရသည့်တိုင် ပကတိအတိုင်း မထိမခိုက် ရှိနေနိုင်သည်။ ဤရက်ပိုင်းအတွင်း ချန်အာ၏ အစွမ်းအစသည် အရှိန်အဟုန်နှင့် တိုးတက်လာနေရာ မကြာခင် အချိန်အတွင်း သူတို့အား နောက်တွင် ချန်ထားကာ ကျော်တက် သွားလောက်ပေသည်။
“ချန်အာ ... ဒီလူတွေကို ဘယ်လိုလုပ်ကြမလဲ”
ယဲ့ချိန်ရွှမ်းက မေးသည်။ စကားဝိုင်းက ထိုအကြောင်းအရာသို့ ပြန်ရောက် လာချိန်တွင် အားလုံး ခေါင်းများပင် ကိုက်သွားကြသည်။ နန်မန်လူရိုင်းကောင် အုပ်စုသည် နန်မန်နိုင်ငံ၏ စစ်သည်တော်များ ဝတ်လေ့ရှိသည့် ပုံစံမျိုး ဝတ်ဆင်ထားကြသည်။ နန်မန်နိုင်ငံမှ သူလျှိုဖြစ်စေ၊ တခြား တစ်ယောက်ယောက်ကသာ ထိုလူများ ယဲ့မိသားစုရဲတိုက် အနီးနား၌ သေဆုံးနေသည်ကို တွေ့သွားပါက ယဲ့မိသားစုအတွက် ပြဿနာ အကြီးကြီးက အလိုအလျောက် ရောက်လာပေလိမ့်မည်။
အားလုံးသည် ယဲ့ချန်အား ကြည့်နေကြကာ တစ်စုံတစ်ရာ အကြံဉာဏ်ရရှိရန် စောင့်ဆိုင်းနေကြသည်။ ဘယ်အချိန်တည်းက စတင် သွားမှန်း မသိသော်ငြား အားလုံး၏ စိတ်ထဲတွင် ယဲ့ချန်အား ယုံကြည်ကိုးစားနေမိ ကြလေပြီ။ ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့သည်ပင် ကိစ္စတစ်ခုအား ဆုံးဖြတ်ချက်မချမီ ယဲ့ချန်၏ အမြင်ကို ဦးစွာမေးကြသည်။
ယဲ့မိသားစုဝင်များသည် ထို့ပါးယွီနှင့် လန်ကုကျိုးတို့အား အထပ်ထပ် တုတ်နှောင်ကာ ခေါ်ထုတ်လာကြသည်။ နန်မန်အုပ်စုထဲမှ ကျန်လေးယောက်အနက် သုံးယောက်မှာ သေဆုံးသွားပြီး အသက်ရှင် နေသေးသော တစ်ယောက်မှာလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားသည်။ ထိုလူနှင့် ထို့ပါးယွီတို့၏ ဒဏ်ရာများမှာ ပြင်းထန်လွန်း၍ ဘယ်သူမှ ဘာမှ မလုပ်လျှင်တောင် သေကြတော့မည့်ဆဲဆဲ ဖြစ်သည်။
“သတ်ချင်ရင် ချက်ချင်း သတ်လိုက်။ ငါ့တစ်ကိုယ်လုံးကို အပိုင်းပိုင်းအစစ ဖြစ်အောင် ခုတ်ထစ်ပစ်မယ် ဆိုရင်တောင် မင်းတို့ကိုတော့ ဒူးမထောက်နိုင်ဘူး”
လန်ကုကျိုးသည် ယဲ့မိသားစုဝင်များ ချုပ်ထားသည့်ကြားမှ ရုန်းထွက်ကာ မတ်တတ် ရပ်လိုက်ပြီး ဆိုသည်။ သူ့မျက်လုံးများက မီးဝင်းဝင်းတောက် နေသည်။
ယဲ့မိသားစုဝင်များသည် သူ့အား အင်အားသုံးကာ ပြန်ဖိချရန် ပြင်သော်လည်း ယဲ့ချန်က ဟန့်တားလိုက်သည်။
“ခင်ဗျား နာမည်က ဘာလဲ”
ယဲ့ချန်က လန်ကုကျိုးအား မေးသည်။
“လန်ကုကျိုး”
လန်ကုကျိုးသည် မျက်နှာကိုမဲ့ရင်း ဆိုသည်။
“မင်းစိတ်ကြိုက် လုပ်လိုက်စမ်းပါ။ ကြောက်မနေဘူး”
“ဘိုးဘိုး ... သူတို့အုပ်စုထဲက လူတိုင်းနီးပါး သေသွားကြပြီပဲ။ သူ့ကိုတော့ လွှတ်ပေးလိုက်ပါ”
ယဲ့ချန်သည် ခဏမျှ တွေးတောနေပြီးမှ ယဲ့ချိန်ရွှမ်းဘက်သို့ လှည့်ကာ လန်ကုကျိုးအား ညွှန်ပြလျက် ပြောသည်။
ယဲ့မိသားစုဝင်များ အားလုံး နဝေတိမ်တောင် ဖြစ်သွားကြသည်။ လန်ကုကျိုးပင်လျှင် အံ့ဩသွားရပြီး စိတ်ရှုပ်ထွေးမှုက ပိုတိုးလာသည်။ ယဲ့ချန်သည် မည်သည့် အကြောင်းကြောင့် သူ့အား လွှတ်ပေးလိုသည်နည်း။ သူ လက်စား ပြန်လာချေမှာကို မကြောက်တော့ဘူးလား။
ယဲ့ချန်သည် လန်ကုကျိုးအား ပြန်ကြည့်ကာ ဆိုသည်။
“ခင်ဗျားတို့အုပ်စုက ကျွန်တော်တို့ ရဲတိုက်ထဲကို ကျူးကျော်ဝင်လာပြီး မိသားစုဝင်တွေကို ထိခိုက်စေခဲ့တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်မိတာ မထူးဆန်းပါဘူး။ ခင်ဗျားတို့ အုပ်စုထဲက တော်တော်များများလည်း သေသွားကြပြီ။ ဒါပေမဲ့ ခင်ဗျားမှာ ခိုင်မာပြီး အညံ့မခံတတ်တဲ့ စိတ်ဓာတ်မျိုးရှိတာ တွေ့လိုက်ရတော့ ခင်ဗျားကို လွှတ်ပေးလိုက်မယ်။ သွားတော့ ... တကယ်လို့ အနာဂတ်မှာ ခင်ဗျားအနေနဲ့ လက်စားပြန်ချေချင်တယ် ဆိုလည်း ကျွန်တော်တို့ရဲတိုက်က အမြဲကြိုဆို နေပါတယ်”
ထို့နောက် ယဲ့ချန်သည် အတည်အတံ့ အမူအရာဖြင့် မိသားစုဝင်များအား အမိန့်ပေး၏။
“ကြိုးတွေဖြေပေးလိုက်”
ယဲ့မိသားစုဝင်များသည် လန်ကုကျိုးအား အလွတ်ပေးလိုစိတ် လုံးဝမရှိသော်ငြား ယဲ့ချန်၏ စိတ်ဆုံးဖြတ်ပြီးသော ဟန်ပန်ကြောင့် မတတ်သာဘဲ ကြိုးဖြေပေးလိုက်ရသည်။ လန်ကုကျိုးသည် ယဲ့ချန်အား အတန်ကြာ စိုက်ကြည့်နေပြီးမှ လက်သီး တင်းတင်းဆုပ်ကာ ထွက်ခွာ သွားလေသည်။
“ချန်အာ ... ဘာလို့ သူ့ကို လွှတ်ပေးလိုက်တာလဲ”
ယဲ့ကျန့်ထျန်းသည် လန်ကုကျိုး၏ ပျောက်ကွယ်သွားသော နောက်ကျောအား ကြည့်ရင်း နားမလည်နိုင်စွာဖြင့် ယဲ့ချန်အား မေးသည်။ စိတ်ဓာတ်ခိုင်မာပြီး အညံ့မခံတတ်တဲ့ ပုံစံကြောင့် လွှတ်ပေးလိုက်သည် ဟူသော ယဲ့ချန်၏ ဆင်ခြေမှာ အလွန် ယုတ္တိမတန်လှပေ။
ယဲ့ချန်ကား သဘောတကျ ပြုံးကာ ပြန်ဖြေ၏။
“အဖေ ... ကျွန်တော် ဒါကို ဂရုတစိုက် စဉ်းစားပြီးမှ ဆုံးဖြတ်လိုက်တာပါ။ ဒီနန်မန် အုပ်စုကြားမှာ ရဲဘော်ရဲဘက်စိတ် လုံးဝမရှိဘူး။ လူသန်ကြီးလဲ့က လန်ကုကျိုးကို အလွယ်တကူ စွန့်ပစ်ခဲ့တာကိုပဲ ကြည့်လေ။ အခုချိန်မှာ လန်ကုကျိုး အမုန်းဆုံးသူက ဘယ်သူဖြစ်မယ် ထင်လဲ”
ယဲ့ချိန်ရွှမ်း၏ မျက်လုံးများ အရောင်တောက်သွားပြီး အားပါးတရ ဆို၏။
“သိပ်တော်တယ် ချန်အာ”
အခြားသူများသည်လည်း တဖြည်းဖြည်းနှင့် ဆက်စပ်နားလည် သွားကြသည်။ ခေါင်းဆောင်တစ်ယောက် အနေနှင့် သူ့လူများ ယဲ့မိသားစုထဲသို့ မဆင်မခြင် ဝင်ရောက် ကျူးကျော်ခြင်းအား မတားဆီးခဲ့သော လူသန်ကြီးလဲ့သည် သူ့သေတွင်းသူ တူးခြင်းသာ ဖြစ်သည်။ ဘယ်သူ့ကိုမှ အပြစ်ပုံချရန် မရှိပေ။ ထို့ပြင် လန်ကုကျိုး၏ ယဲ့မိသားစုအပေါ် မုန်းတီးမှုသည် အန္တရာယ် အများဆုံး အချိန်၌ သူ့အား ပစ်သွားခဲ့သော လူသန်ကြီးလဲ့ကို မုန်းတီးခြင်းလောက် မနက်ရှိုင်းသေး။ လန်ကုကျိုးအား လွှတ်ပေးလိုက်ခြင်းသည် တစ်နည်းအားဖြင့် လူသန်ကြီးလဲ့နှင့် လန်ကုကျိုးကို ထိပ်တိုက် တွေ့စေခြင်း ဖြစ်ကာ ယဲ့မိသားအဖို့ ခွေးနှစ်ကောင် အချင်းချင်း ကိုက်ကြရန် လွှတ်ထားပေးလိုက်ရုံသာ။
ယဲ့ကျန့်ထျန်းလည်း ခေါင်းတညိတ်ညိတ် လုပ်ရင်း တွေးမိသည်။ ချန်အာကား အမှန်ပင် စဉ်းစားတတ်သော ကောင်ငယ်လေး ဟူ၍။
ယဲ့ချန်သည် အဝေးတစ်နေရာသို့ ငေးရင်း သက်ပြင်းချမိသည်။ ဤလောကကြီးကား နိုင်လိုမင်းထက် ဆန်လွန်းသည်။ လုံလောက်သော အင်အား မရှိပါက တစ်စုံတစ်ယောက်သည် ကိုယ့်ကိုယ်ကိုယ်ပင် ကာကွယ်နိုင်လိမ့်မည် မဟုတ်။ မတိုင်မီက ယဲ့မိသားစု၏ အင်အား တိုးတက်ခဲ့၍သာ မဟုတ်ပါက ဒုတိယမင်းသားနှင့် ရင်မဆိုင်ရသေးခင် နန်မန်အုပ်စု၏ လက်ချက်ဖြင့် မိသားစုတစ်ခုလုံး ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်သည်။ နန်မန်အုပ်စု၏ သေဆုံးမှုအား နန်မန်နိုင်ငံမှ အရေးတယူ မလုပ်လာလျှင်တော့ တော်သည်။ အကယ်၍ ထိုအုပ်စု၏ သေဆုံးမှုအား အကျယ်တဝင့် လုပ်ကာ စစ်ဆေးလာပါက ပြဿနာပေါင်းစုံမှာ ယဲ့မိသားစုဆီသို့ မဖိတ်ခေါ်ပါဘဲ ရောက်လာပေဦးမည်။ ယဲ့မိသားစုက မည်မျှသန်မာပါစေဦး၊ မိသားစုလေး တစ်စုသာ ဖြစ်ရာ နိုင်ငံတနိုင်ငံအား တွန်းလှန်ရန် လုံးဝ မဖြစ်နိုင်ပေ။ ထိုအကြောင်းတို့အား တွေးလေလေ ယခုထက် ပိုမိုအင်အားကြီးလို စိတ်တို့က ယဲ့ချန်အတွေးထဲ ပိုများလာရလေလေပင်။
အရင်တခေါက် ကျင့်ကြံဆင့် တက်ပြီးတည်းက ဆက်လက် တိုးတက်ရန် ပိုခက်လာခဲ့သည်။ ပြီးခဲ့သောရက်များအတွင်း အသေအချာ တွေးကြည့်ပြီးနောက် ယဲ့ချန် ကျောက်စိမ်းမျှော်စင်ထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ ကျောက်စိမ်းမျှော်စင်ထဲ၌ သူ့ခွန်အားကို တိုးမြှင့်နိုင်မည့် နည်းလမ်းတို့ ရှာတွေ့ကောင်း တွေ့နိုင်သည်။ အကယ်၍ သူသာ ထျန်းချီအဆင့် ၁၀ သို့ ရောက်ရှိနိုင်ပါက ကြုံလာနိုင်ဖွယ် ရှိသည့် ပြဿနာတို့ကို မိသားစုရှေ့မှ မားမားမတ်မတ် ရပ်ကာ ဖြေရှင်းပေးနိုင်ပေလိမ့်မည်။
ကိစ္စများအားလုံး ဖြေရှင်းပြီးနောက် ယဲ့မိသားစုရဲတိုက်မှာ တစ်ဖန် ပြန်လည် ငြိမ်သက် အေးချမ်းသွားသည်။ သို့သော် အစောင့်များမှာတော့ သတိမပြတ်ရဲကြပေ။ ကျောက်စိမ်းမျှော်စင် ပွင့်တော့မည့် သတင်းက ပျံ့နေလေရာ မရေမတွက်နိုင်သော မျက်နှာစိမ်းတို့ တုန်းလင်ပြည်နယ်အနှံ့ ခြေရှုပ်နေကြသည်။ အများစုမှာ ရှီဝူအင်ပါယာ အနှံ့မှ လာကြခြင်းဖြစ်ပြီး အခြားနိုင်ငံများမှ လာရောက်ကြသူများလည်း ရှိသည်။ ၎င်းတို့က အနည်းဆုံး ၁၀ ယောက်ခန့်စီ အုပ်စုဖွဲ့ကာ သွားလာနေကြသည်။
ထိုလူများသည် လျန်ယွင်တောင်တန်း အတွင်းဘက်ပိုင်းသို့ ဝင်ရောက်ကာ ကျောက်စိမ်းမျှော်စင်၏ ဝင်ပေါက်ကို ရှာဖွေနေကြသည်။ ပြောကြသည်မှာ ကျောက်စိမ်းမျှော်စင်သည် တံခါးတစ်ခါပွင့်တိုင်း နေရာတစ်ခါ ပြောင်းသည်ဟု ဆိုသည်။
***