မြေအောက်သို့ ဦးတည်ကာ ...
Vol. 6 Ch. 83
ယဲ့မိသားစုရဲတိုက် ပင်မခန်းမထဲ၌ ... ။
“ချန်အာ တကယ်ပဲ သွားချင်တာလား။ ဘယ်အချိန် ပြန်လာမှာလဲ”
ယဲ့ချိန်ရွှမ်းက မေးသည်။ ယဲ့ချန်သည် ယဲ့မိသားစုရဲတိုက်မှ ခေတ္တထွက်ခွာကာ မင်ယွမ်၏ ဆရာသခင်ထံသို့ အလည်အပတ် သွားလိုသည်ဟု ရုတ်တရက်ကြီး ဆိုလာသောကြောင့် ယဲ့ချိန်ရွှမ်းက သေချာမေးနေရခြင်း ဖြစ်သည်။
“အပြင်ဘက်မှာ အခြေအနေတွေက ရှုပ်ထွေးနေတယ်။ ဒီရက်ပိုင်း လျန်ယွင် တောင်တန်းဘက်မှာလည်း မငြိမ်းချမ်းဘူး။ ခဏလောက် စောင့်ပြီးမှ သွားပါလား ချန်အာ”
ယဲ့ကျန့်ထျန်းက အကြံပေးသည်။ ယခုအခြေအနေ၌ ယဲ့ချန် အပြင်ထွက်လျှင် လုံခြုံမှု မရှိမှာကို စိုးရိမ်ရသည်။
“အဖေ ... ဘိုးဘိုး မစိုးရိမ်ကြပါနဲ့။ တကယ်လို့ အန္တရာယ်များတဲ့ ရန်သူနဲ့ ကြုံရပြီး ပြန်မတိုက်နိုင်ရင်တောင် အနည်းဆုံးတော့ ကျွန်တော် ထွက်ပြေးနိုင်ပါတယ်”
ယဲ့ချန်က ရယ်ကာ လူကြီးများ နားဝင်အောင် ပြောပြသည်။
“ပြီးတော့ ကျွန်တော့မှာ အမွှေးပွလေးလည်း ရှိပါသေးတယ်”
သူသာ ကျောက်စိမ်းမျှော်စင်သို့ သွားမည်ဖြစ်ကြောင်း အမှန်အတိုင်း ပြောလိုက်ပါက မိသားစုထဲရှိ လူကြီးများသည် အစိုးရိမ်ကြီး စိုးရိမ်ကာ မရရအောင် တားကြမှာ သေချာသည်။ ထို့ကြောင့် ယဲ့ချန်လည်း ရွေးချယ်စရာမရှိဘဲ ဆင်ခြေဆင်လက်များ သုံးရခြင်း ဖြစ်သည်။
ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့လည်း အကျိုးအကြောင်းကို သေချာတွေးကြည့်ပြီးမှ အနည်းငယ် စိတ်အေး သွားကြသည်။ ချန်အာသည် သူတို့ထက်ပင် အတန်ငယ် ပိုအစွမ်းထက်နေပြီ ဖြစ်ကာ ထျန်းချီအဆင့် ၁၀ စဦးဆင့် တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်တောင် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိသည်။ ထို့ပြင် အဆင့် ၁၀ ကောင်းကင်သားရဲဖြစ်သော အမွှေးပွလေးလည်း အဖော်ရှိသည်။ အမွှေးပွလေး၏ ပုံရိပ်ယောင် ဖန်တီးတိုက်ခိုက်ခြင်း အစွမ်းအား ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့ထံ လက်တွေ့ပြခဲ့စဉ်က သူတို့နှစ်ဦးလုံး ထိတ်လန့် အံ့ဩခဲ့ရဖူးသည်။ အမွှေးပွလေး၏ အကူအညီနှင့်ဆိုပါက တော်တန်ရုံ လူများသည် ယဲ့ချန်အား ထိခိုက်စေနိုင်လိမ့်မည် မဟုတ်။ ထိုသို့အတွေးဖြင့် နောက်ဆုံးတွင် ယဲ့ချန်၏ ခွင့်တောင်းမှုအား သူတို့ လိုက်လျောလိုက် ရတော့သည်။
“ချန်အာ အားဖန် ၁ နဲ့ အားဖန် ၂ ကိုပါ ခေါ်သွားပါလား”
ယဲ့ချိန်ရွှမ်းက ပြောသည်။
ယဲ့ချန်ကား ခေါင်းယမ်းသည်။
“ဒီရက်ပိုင်း လျန်ယွင်တောင်တန်း တစ်ဝိုက်မှာ ကသောင်းကနင်း ဖြစ်နေတာ ... အားဖန် ၁ နဲ့ အားဖန် ၂ က ရဲတိုက်ကို ကာကွယ်ဖို့ လိုတယ်”
ထို့နောက် သူက ရယ်ကာ ဆက်ပြော၏။
“ဘိုးဘိုးတို့ မေ့နေတာထင်တယ်။ လမ်းခရီးမှာ အဆင့် ၉ မှော်သားရဲ တစ်ကောင်ကောင် ထပ်တွေ့ခဲ့ရင် ကျွန်တော်က ယဉ်ပါးအောင် လုပ်နိုင်သေးတယ်။ အဲဒီအချိန်ကျရင် ယဲ့မိသားစုမှာ အားဖန်၁နဲ့ အားဖန် ၂ တင် မကဘူး။ အားဖန် ၃ ပါ ထပ်ရှိလာဦးမှာ”
ယဲ့ချန်၏ ဟာသနှောသော စကားကြောင့် လူကြီးများလည်း သဘောတကျ ရယ်မိကြသည်။ အဆင့် ၉ မှော်သားရဲများသည် လွယ်လွယ်ကူကူ မပိုင်ဆိုင်နိုင်သည့် အဆင့်မြင့်သားရဲများ ဖြစ်ကြသော်လည်း ယဲ့ချန်အတွက် ဆိုပါက ထိုကန့်သတ်ချက်များ ရှိမနေကြောင်း သူတို့က ယုံကြည်နေမိကြသည်။
လိုအပ်သည့် အထုပ်အပိုးတို့ ပြင်ဆင်ပြီးနောက် ယဲ့ချန်သည် အားဖန် ၁ နှင့် အားဖန် ၂ တို့အား ဝိညာဉ်ဆေးလုံး တစ်လုံးစီကျွေးကာ ရဲတိုက်မှ ထွက်ခွာရန် ပြင်လေသည်။
ယဲ့ချန် ခရီးထွက်မည့်အကြောင်း သိရသောအခါ ယဲ့မုန့်နှင့် ကျန်လူငယ်လေးများသည် နှုတ်ဆက်ရန် အပြေးအလွှား ရောက်လာကြသည်။
“အကိုချန် လော့အာကိုပါ ခေါ်သွားပါနော်”
ယဲ့လော့၏ မျက်နှာထက်တွင် စိုးရိမ်မှုတို့ဖြင့် ပြည့်နှက်နေပြီး သူမသည် မသိစိတ်အရ ယဲ့ချန်ကား မင်ယွမ့်သခင်ထံ အလည်အပတ်သွားခြင်း မဟုတ်ဟု ခံစားမိနေသည်။
ယဲ့ချန်သည် သူမလေး၏ နှာခေါင်းထိပ်လေးအား ဆွဲဖျစ်လိုက်ရင်း ပြုံးသည်။
“ရဲတိုက်မှာပဲ ကျန်ခဲ့ပြီး လိမ်လိမ်မာမာ နေစမ်းပါ။ အလွန်ဆုံးမှ တစ်လနှစ်လပါပဲ ... ပြန်လာခဲ့မယ်”
ကျောက်စိမ်းမျှော်စင်ထဲ၌ များစွာသော အမည်မသိ အန္တရာယ်တို့ စီးကြိုနေလေရာ သူ့အနေနှင့် ယဲ့လော့အား မည်သို့ ခေါ်သွားနိုင်ပါမည်နည်း။
ယဲ့ချန်၏ မပြောင်းလဲသော သဘောထားကြောင့် ယဲ့လော့သည် ဘာမှမတတ်နိုင်သည့်တိုင် ဝမ်းနည်းသွားရသည်။ ယဲ့ချန်က ပြောပြီးသား စကားကို ပြင်မည့်သူ မဟုတ်မှန်းလည်း သူမ သိသည်။
ယဲ့လော့၏ အကြည့်တို့သည် အမွှေးပွလေးထံသို့ ရောက်ရှိသွားပြီး သွယ်လျသော လက်လေးများဖြင့် အမွှေးပွလေး၏ ခေါင်းအား ပွတ်သပ်ပေးကာ ဆို၏။
“အမွှေးပွလေး ... အစ်ကိုချန့်ကို ငါ့အစား ကောင်းကောင်း စောင့်ရှောက်ပေးနော်”
ယဲ့လော့၏ စိတ်မချမ်းမြေ့နေသည့် မျက်နှာလေးသည် ယဲ့ချန်အား တစ်နည်းနည်းဖြင့် နာကျင်စေသောကြောင့် သူ အကြည့်လွှဲလိုက်ရသည်။ အခုနေသာ မသွားပါက ထွက်သွားဖို့ရန် တုံ့ဆိုင်း သွားမိတော့ပေမည်။
ယဲ့ချန်သည် အကြီးအကဲများနှင့် ယဲ့မုန့်တို့ လူငယ်တစ်စုအား နှုတ်ဆက်လိုက်ကာ လျန်ယွင် တောင်တန်းဘက်သို့ ဦးတည် ထွက်ခွာခဲ့တော့သည်။
သူသည် လျန်ယွင်တောင်တန်းထဲတွင် အယောင်ပြ လှည့်လည်သွားလာရင်း ဘယ်သူမှ နောက်ယောင်ခံ လိုက်မလာကြောင်း ဝိညာဉ်အသိအမြင်ဖြင့် သေချာစစ်ဆေးပြီးမှ ယဲ့မိသားစုရဲတိုက် အနောက်ဘက် တောင်တန်းရှိ သတ္တုတွင်းသို့ လမ်းကြောင်း ပြောင်းလိုက်သည်။ အမွှေးပွလေးသည် ဥမင်လိုဏ်ခေါင်းဆီသို့ ယဲ့ချန် အလွယ်တကူ သွားနိုင်ရန် သတ္တုတွင်း လုပ်သားများအား အန္တရာယ်မရှိသော ပုံရိပ်ယောင်ထောင်ချောက် တစ်ခုနှင့် အာရုံလွှဲထားပေးသည်။ သို့နှင့် ယဲ့ချန်သည် ဥမင်လိုဏ်ခေါင်းထဲသို့ တိတ်တဆိတ် ဝင်ရောက်နိုင်ခဲ့သည်။
မှောင်မည်းနေသော ဥမင်လိုဏ်ခေါင်းသည် မျက်စိတဆုံး ရှည်လျားလှပြီး အဆုံးမရှိသည့်နှယ် ထင်မှတ်ရသည်။ တစ်စုံတစ်ယောက်သည် ဥမင်လိုဏ်ခေါင်းထဲသို့ ခြေချလိုက်ပါက အတွင်းဘက်မှ အရှိန်အဟုန်နှင့် တိုက်ခတ်နေသော အေးစက်စက် ထျန်းချီစွမ်းအင်များကို ခံစားမိနိုင်သည်။
ယဲ့ချန် ဥမင်လိုဏ်ခေါင်း အတွင်းဘက်သို့ စတင် ဝင်ရောက် လာခဲ့သည်။ တနာရီခန့် လမ်းလျှောက် ပြီးသည့်နောက် မြေအောက်သို့ ရောက်လုနီးနီး ရှိလာသည်။ ထိုအခါမှ ယဲ့ချန်သည် ဥမင်လိုဏ်ခေါင်း၏ အတွင်းပိုင်း ဖွဲ့စည်းပုံမှာ အရပ်မျက်နှာအနှံ့သို့ ခွဲဖြာသွားသည့် လမ်းခွဲများစွာ ရှိနေပြီး လူသားတစ်ယောက်၏ သွေးကြောများနှင့် အလားသဏ္ဌာန် တူကြောင်း နားလည်သွားရသည်။
“ဒီနေရာက ဝင်္ကပါ တစ်ခုလိုပဲ။ လမ်းအမှန်ကို ဘယ်လိုရှာရပါ့မလဲ”
ယဲ့ချန် ရေရွတ်မိသည်။
ထိုစဉ် သူ့ပခုံးထက်ရှိ အမွှေးပွလေးသည် တကွိကွိ အသံပြုရင်း ပခုံးပေါ်မှ ခုန်ဆင်းကာ လမ်းခွဲတခုသို့ ဦးတည် ပြေးသွားလေသည်။
“အမွှေးပွလေးက ဒီလမ်းတွေကို သိနေတာလား”
ယဲ့ချန်လည်း မရေမရာ ရေရွတ်ရင်း အမွှေးပွလေးနောက်မှ ကပျာကယာ ပြေးလိုက်သွားရသည်။
အမွှေးပွလေးနှင့် ယဲ့ချန်တို့သည် အမှောင်ထဲ၌ ရှေ့ဆင့်နောက်ဆင့် လျင်မြန်စွာ ပြေးလွှားနေကြသည်။ ဝိညာဉ် အသိအမြင်ကြောင့် ယဲ့ချန်သည် အမှောင်ထဲတွင် ကောင်းစွာ မြင်နိုင်သည်။ အချိန်အတော်ကြာ ပြေးလာခဲ့ရင်းမှ အပေါ်ဘက်မြေပြင်နှင့် အလွန်ဝေးကွာ လာခဲ့ပြီကို ယဲ့ချန် ခံစားရသည်။ ခန့်မှန်းရသလောက် သူ ယခုရောက်နေသည်မှာ လျန်ယွင်တောင်တန်း ဒေသ၏ အောက်ဘက်၌ ဖြစ်နိုင်သည်။
ကျယ်လောင်သော အသံတသံက အရှေ့ဘက် အမှောင်ထဲမှ ထွက်ပေါ်လာပြီး အလင်းရောင် ရေးရေးကိုလည်း လှမ်းမြင်ရသည်။
ယဲ့ချန်သည် အမွှေးပွလေးအား ဝိညာဉ်အသိအမြင်ဖြင့် အလျင်အမြန် ဆက်သွယ်ကာ အရှိန်လျော့ဖို့ လှမ်းပြောရသည်။
“ဒီပျင်းစရာ လိုဏ်ခေါင်းကြီးထဲမှာ လျှောက်သွားနေရတာ ၃ နာရီလောက် ရှိပြီ။ ဘာလို့ ဒီနေရာက ငါတို့ စထွက်လာတဲ့ နေရာနဲ့ တူနေရတာလဲ”
အသံတစ်သံက ပြောသည်။
“ဒီနေရာကို ငါတို့ ရောက်ဖူးတာ ငါမှတ်မိတယ်။ ဒီတစ်ခါတော့ ဟိုဘက်လမ်းခွဲကနေ သွားရအောင်”
နောက်ထပ် အသံတစ်သံက ပြော၏။
ပြတ်သား ရှင်းလင်းခြင်း မရှိသော အသံတချို့လည်း ထပ်မံ ထွက်ပေါ်လာသည်။
ယဲ့ချန်နှင့် အမွှေးပွလေးသည် အရှိန်လျော့ကာ ထိုလူများနောက်မှ တိတ်တဆိတ် လိုက်လာခဲ့ကြသည်။
“အမွှေးပွလေး ဒီလမ်းခွဲက လမ်းမှန်လား”
လမ်းဆုံတချို့ကို ဖြတ်ကျော် လာပြီးနောက် ယဲ့ချန်က အမွှေးပွလေးအား မေးကြည့်မိသည်။
အမွှေးပွလေးက စိတ်ပျက်နေဟန်ဖြင့် မသိကြောင်း ခေါင်းယမ်းပြသည်။ အမှန်တော့ အမွှေးပွလေးသည် လူသားများ၏ အငွေ့အသက်ကို အာရုံခံမိသောကြောင့် ယဲ့ချန် ပခုံးထက်မှ ခုန်ဆင်းကာ ထိုလူများရှိရာသို့ ပြေးဆင်းလာခဲ့ခြင်း ဖြစ်သည်။ ထိုလူများသည် လမ်းမှန်အား သိလောက်မည်ဟု အမွှေးပွလေးက ထင်ခဲ့သော်လည်း မထင်မှတ်ဘဲ ထိုလူများ ကိုယ်တိုင်ပင် ဦးတည်ရာမဲ့ ရောက်ရာပေါက်ရာ လျှောက်သွားနေသူများ ဖြစ်နေခဲ့သည်။
“ဒီနေရာက တကယ်ကို လူသားတစ်ယောက်ရဲ့ သွေးကြောတွေနဲ့ တူတယ်”
ယဲ့ချန်သည် အနီးတစ်ဝိုက်အား အကဲခတ်ရင်း အခိုင်အမာဆို၏။ ထိုသည်မှာ သူ တင်စား ပြောလိုက်ခြင်း မဟုတ်ဘဲ ဤလိုဏ်ခေါင်းထဲရှိ လမ်းခွဲအဖြာဖြာသည် လူသားတစ်ယောက်၏ ခန္ဓာကိုယ်ထဲရှိ သွေးကြောများနှင့် အဟုတ်ကို တထပ်တည်းတူနေတာ ဖြစ်သည်။ ဘယ်လိုလူကများ ကြီးမားလှသည့် လိုဏ်ခေါင်းထဲရှိ လမ်းများအား လူ့ခန္ဓာကိုယ်ထဲရှိ သွေးကြောများနှင့် အလွန်တူအောင် ဖန်တီးခဲ့သည်ကို ယဲ့ချန် စိတ်ဝင်စားမိသည်။
‘မဟုတ်မှလွဲ ... လူ့ခန္ဓာကိုယ်ထဲက သွေးကြောတွေကို နမူနာယူပြီး ဒီလိုဏ်ခေါင်းကို ဖန်တီးထားတာများလား။ နေဦး ... လူ့ခန္ဓာကိုယ်ထဲက သွေးကြောတွေ ...’
ရုတ်တရက် ယဲ့ချန်သည် ယွင်မိသားစုထံမှ အမွှေးပွလေး ခိုးယူခဲ့သော ပစ္စည်းများထဲမှ ပေလိပ်ကို သတိရသွားသည်။ ထိုပေလိပ်သည် အလွန်အိုဟောင်းနေပြီ ဖြစ်ကာ ၎င်းအပေါ်တွင် လူ့ခန္ဓာကိုယ်ထဲရှိ သွေးကြောများနှင့် ဆင်တူသည့် မျဉ်းကြောင်းများ ရေးခြစ်ထားသည်ကို ယဲ့ချန် မှတ်မိသေးသည်။ ကျောက်စိမ်းမျှော်စင်၏ မြေပုံ ဟုတ်မဟုတ်တော့ မသေချာလှပေ။
ယဲ့ချန်သည် ကောင်းကင်ပထဝီအိတ်ထဲရှိ ပေလိပ်အား ထုတ်ယူကာ သေချာ စစ်ဆေးကြည့်သည်။ ထို့နောက် ဥမင်လိုဏ်ခေါင်းထဲသို့ စဝင်လာ ကတည်းက တွေ့ခဲ့ရသည့် လမ်းကြောင်းများကို ပြန်မြင်ယောင်ကြည့်သည်။ အတန်ကြာပြီးနောက် ယဲ့ချန် အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရသည်။ ဤပေလိပ်ကား အမှန်ပင် ကျောက်စိမ်းမျှော်စင်၏ မြေပုံ ဖြစ်နေခဲ့သည်။ မြေပုံပေါ်တွင် သူ ယခုရောက်နေသော နေရာကို ယဲ့ချန် မြင်လိုက်ရသည်။ ဥမင်လိုဏ်ခေါင်း၏ ရှုပ်ထွေးလှသော လမ်းခွဲများကြောင့် သာမန်လူများသာ ဆိုလျှင် လက်ထဲ၌ မြေပုံရှိနေလျှင်ပင် မိမိရောက်နေသော နေရာကို သိနိုင်လိမ့်မည် မဟုတ်။ ယဲ့ချန်ကတော့ ကွဲပြားသည်။ သူ့တွင် ကျောက်တုံးကျောက်ခဲများ၊ နံရံအတားအဆီးများကို ဖောက်ထွင်းမြင်နိုင်သော ဝိညာဉ်အသိအမြင် ရှိနေလေရာ အခြေအနေ အရပ်ရပ်က ပိုမိုလွယ်ကူ သွားတော့သည်။
မကြာသေးခင်က စကားပြောနေသောလူစု ရွေးချယ်ခဲ့သော လမ်းခွဲမှာ တကယ့်လမ်းမှန် ဖြစ်သည်။ ထို့ကြောင့် ယဲ့ချန်လည်း ထိုလူများ နောက်သို့ ဆက်လိုက်လာခဲ့သည်။ မြေပုံအရ အရှေ့ဘက်တွင် အတော်လေးကျယ်သော မြေကွက်လပ်တစ်ခု ရှိပေလိမ့်မည်။
ထိုစဉ် ကျယ်လောင်သော အူသံများက ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်ဆက်တည်း၌ ဥမင်လိုဏ်ခေါင်းအတွင်းရှိ ထျန်းချီများ မငြိမ်မသက် ဖြစ်သွားလေသည်။
“နတ်ဆိုးဝံပုလွေတွေပဲ။ ဂရုစိုက်ကြ”
ယဲ့ချန်တို့ရှေ့ရှိ အဖွဲ့ထဲမှ တစ်ယောက်က သတိပေးသည်။
အရှေ့ဘက်ရှိ မြေကွက်လပ်၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်နေဟန်ရသည်။ အခြေအနေ မည်သို့ရှိသည်ကိုတော့ ဘယ်သူမှ မသိရပေ။
ယဲ့ချန် တွေးမိသည်။ နတ်ဆိုးဝံပုလွေ အကောင် အနည်းငယ်လောက်ကို ထိုမျှ ကြောက်ရွံ့နေစရာ လိုလို့လားဟူ၍။ ယဲ့ချန်သည် ဝိညာဉ်အသိအမြင်၏ အသုံးဝင်ပုံအား သိပြီးကတည်းက မှော်သားရဲများကို ကြောက်ရွံ့ခြင်း သိပ်မရှိတော့ပေ။
အရှေ့သို့ ဆက်လျှောက် သွားလိုက်လျှင် အခြေအနေ တစ်ရပ်လုံးအား ပို၍ ရှင်းရှင်းလင်းလင်း မြင်လာရသည်။ နေရာအနှံ့ သွေးစသွေးနတို့ ပျံ့ကြဲနေသော မြင်ကွင်းက ယဲ့ချန်အား မျက်မှောင်ကြုတ်မိ စေသည်။ မြေကွက်လပ်အတွင်း လူ ၂၀ ထက်မက ရှိနေကြပြီး အားလုံးက ထျန်းချီအဆင့် ၉ နှင့် အထက် ကျင့်ကြံဆင့်များ ရှိကြသည်။ ယဲ့ချန်က ဆက်လက် လေ့လာလိုက်လျှင် အဆင့် ၉ နတ်ဆိုးဝံပုလွေ အကောင် ၃၀ ခန့်နှင့် အဆင့် ၈ နတ်ဆိုးဝံပုလွေများ ရှိနေကြောင်း သိရသည်။ အားလုံးက လူသားများအား ပတ်ပတ်လည်မှ ဝိုင်းလျက် တိုက်ခိုက်နေကြသည်။
ဝိုင်းဝန်းတိုက်ခိုက်ခံနေရသည့် လူ ၂၀ သည် တစ်ဖွဲ့တည်း ဟုတ်ကြဟန် မရပေ။ လူ ၅ ယောက်၊ သို့မဟုတ် ၆ ယောက်လျှင် တဖွဲ့ဖွဲ့လျက် နတ်ဆိုးဝံပုလွေများအား ကိုယ့်အဖွဲ့နှင့်ကိုယ် ခုခံနေကြသည်။
***