← Chapters

လေဆင့်ခေါ်ခြင်း

Vol. 39 Ch. 534

လေဆင့်ခေါ်ခြင်း

Vol. 39 Ch. 534

“အစ်ကိုကြီးမို … ကျုပ်တို့တွေ ဘယ်ကိုသွားနေတယ် ဆိုတာ  ကျုပ်တော့ မသိတော့ဘူး။ ဒီလမ်းကြောင်းက မှန်ရဲ့လား” ချန်းဟန်က  သူလုပ်နိုင်သည့် အရာများ မရှိတော့၍ မိုဝူကျီနောက်မှ အသာ လိုက်လာလေ၏။ သူက မြို့ပျက်အလယ် မည်သည့်နေရာ ဦးတည်နေမှန်း မသိသောကြောင့် မေးမြန်းလိုက်ခြင်း ဖြစ်၏။

“ဒီနေရာက ထွက်သွားနိုင်မယ်လို့ ကျုပ်ဆီမှာ ယုံကြည်ချက်ရှိတယ် ... ကျုပ်နောက်သာ လိုက်ခဲ့ပါ” မိုဝူကျီက ပြတ်ပြတ်သားသား ပြောလိုက်သည်။

မြူများက တခြားကျင့်ကြံ သူများအတွက် အတားအဆီး ဖြစ်နေနိုင်သော်လည်း မိုဝူကျီ၏ စိတ်ဝိညာဉ် မျက်လုံးအောက်တွင်မူ  အသုံးမဝင်တော့ပေ။

ပုံမှန်အားဖြင့်  ကျင့်ကြံသူများ၏  အော်သံများကို ဆက်တိုက် ကြားနေရပြီး  ထိုအော်သံများမှာ ခဏသာ ကြာမြင့်လေသည်။

လေးနာရီအကြာတွင် မိုဝူကျီက ရပ်တန့် လိုက်သည်။ မိုဝူကျီ နောက်လိုက် နေသူမှာ  ၁၂ယောက်သာ ကျန်ရှိတော့ပြီး သူရပ်တန့် လိုက်သည့်အခါ ၁၂ယောက်လုံးလည်း ရပ်လိုက်ကြသည်။ အားလုံးက မိုဝူကျီ လမ်းပျောက် သွားတဲ့အကြောင်း ပြောလာမည်ကို စိုးရိမ်နေကြသည်။

မိုဝူကျီက လမ်းပျောက်နေခြင်း မဟုတ်ဘဲ  ခြေလှမ်းနည်းနည်း ဆက်လျှောက် လှမ်းလိုက်သည်နှင့်  သူတို့အနေဖြင့် ဤမြို့ပျက်မှ ထွက်လာနိုင်တော့မည် ဖြစ်ကြောင်း ကောင်းကောင်းသိ၏။ သူတွေဝေ နေမိသည်မှာ  မြေပြင်ပေါ် လဲကျနေသော ကျောက်ရုပ်တုကို တွေးမိသွားသောကြောင့် ဖြစ်သည်။ မိုဝူကျီက ကူညီပေးရုံသာမက  လက်မောင်းကိုလည်း ပြန်ရှာပေးခဲ့သလို  ကာကွယ်ရေး အစီအရင်လည်း ထားပေးခဲ့သေး၏။

လက်ရှိ၌   ရုပ်တုကို တင်ပေးခဲ့သည့်  စင်မြင့်မှာ ရှိနေသေးသော်လည်း ရုပ်တုက ပျောက်ဆုံး သွား၍ ဖြစ်သည်။

မိုဝူကျီက တစ်ယောက်ယောက် လာယူသွားကြောင်း မယုံကြည်ပေ။ ထိုရုပ်တုမှာ သာမာန် ရုပ်တု ဖြစ်နေရုံသာမက  သူထားပေးခဲ့သော ကာကွယ်ရေး အစီအရင်မှာ ပုံမပျက် ရှိနေသေးသောကြောင့် ဖြစ်သည်။ ရုပ်တု၏ စင်မြင့် နေရာ၌လည်း  ခြေရာလက်ရာ မရှိနေပေ။

မိုဝူကျီက  ထိုစင်မြင့်ဆီ လျှောက်သွားလိုက်ပြီး ထိကြည့်လိုက်သည့်အခါ ထိုအရာမှာ သာမာန်ကျောက်တုံးဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိလိုက်သည်။

ထိုနေရာ၌ ခဏတာ ရပ်နေပြီးနောက် မိုဝူကျီက  သတိဝင်သွားသည်။

သူတို့အားလုံး ဘေးကင်းကင်း ကျန်ရှိနေခြင်းမှာ ရုပ်တုနှင့် ဆက်နွယ် နေလောက်သည်။ သူ့အား သတိပေးခဲ့သော အသံပိုင်ရှင်မှာလည်း ထိုရုပ်တုသာ ဖြစ်လိမ့်မည်။

အကယ်၍ ရုပ်တုက သူ့အား စကားပြောပြီး အန္တရာယ်အကြောင်း သတိပေးခဲ့သည်မှာ ရုပ်တုက ရုပ်တုအစစ် မဟုတ်ဘဲ ရုပ်တုနှင့် တူသော လူသားတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

လူသားခန္ဓာကိုယ်မှာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်နေကာ  စင်မြင့်ပေါ်၌  ထားပေးပြီးနောက် ထိုစင်မြင့်မှာ သူ့ခန္ဓာကိုယ်အတွက် ကမ္ဘာဦး စိတ်ဝိညာဉ် ပြန်လည် ကောင်းမွန် လာစေသည့် သော့ချက်သာ ဖြစ်ရမည်။

အသံပိုင်ရှင်က မိုဝူကျီသည် သူ့ကိုတစ်ခါ ကူညီပေးဖူးကြောင်း ပြောခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။ အကယ်၍ သူ့မှန်းဆချက်က မှန်ကန်သည်ဆိုလျှင် မိုဝူကျီက  ထိုရုပ်တုကို အမှန်တကယ် ကူညီပေးခဲ့၏။

ယခင် မိုဝူကျီက ထိုရုပ်တုကို ကူညီလိုက်ခြင်းမှာ ထိုရုပ်တု၌ အစိုင်အခဲ နှလုံးသားကြောင့်သာ မဟုတ်လျှင် ခံစားချက် ရှိနေလိမ့်မည်ဟု ခံစားမိ၍ ဖြစ်သည်။ အခြားသူများကို ကူညီစဉ် သူကိုယ်တိုင်လည်း အကူအညီ ရရှိလိုက်၏။

“အစ်ကိုကြီးမို  ကျုပ်တို့တွေ လမ်းပျောက် သွားပြီလား” ကျိုးယီရှန်းက သူတို့ ရပ်လိုက်သည့် အကြောင်းအရင်းကို မရေရာသောကြောင့် မေးလိုက်သည်။

မိုဝူကျီက ဖြည်းဖြည်းချင်း ထရပ်ကာ   “သွားကြစို့ အခု ထွက်သွားကြမယ် …”

ထိုသို့ ပြောပြီးနောက် မိုဝူကျီက ခြေလှမ်းတချို့ လှမ်းလိုက်ပြီးနောက် မြို့ပျက်မှ ထွက်လာလိုက်သည်။ ကျန်လူများလည်း မိုဝူကျီနောက်မှ လိုက်ကာ မြူထူထူ မြို့ပျက်မှ ထွက်လာ လိုက်ကြသည်။

အားလုံးက မြို့ပျက်ကနေ ထွက်လာနိုင်သည်နှင့် အားလုံးက သက်ပြင်းရှည်ကြီး ချလိုက်ကြသည်။ ဤမြူများနှင့် ဆက်တိုက် သေဆုံးနေကြသော ကျင့်ကြံသူများကို ထည့်တွက် လိုက်လျှင် သူတို့အနေဖြင့် ထိုနေရာမှ ထွက်လာနိုင်ဖို့ရာ မယုံကြည်နိုင်ကြပေ။ သူတို့က ထိခိုက်ဒဏ်ရာ မရရှိဘဲ ထွက်လာနိုင်သည့် အတွက် အံ့ဩနေကြသည်။

အားလုံးက မိုဝူကျီကို ကျေးဇူးတင်ဖို့ ရောက်လာကြသည့်အခါ မိုဝူကျီက  လက်ကာပြလိုက်ရင်း …

“အခုကစပြီး အားလုံး ကိုယ့်လမ်းကို သွားကြတာပေါ့။ ဒီမြို့ပျက်က ထူးဆန်တယ်  ဒါပေမဲ့ ကျုပ်တို့ ကျင့်ကြံဆင့်တွေက အဆင့်နိမ့်သေးတာ ဆိုတော့  ပြန်မဝင်ဖို့ အကြံပေးချင်တယ်”

ထိုမြို့ပျက်မှ လွဲ၍ ကျိုးပျက်ကမ္ဘာထဲ၌  ပစ္စည်းကောင်းများစွာ ရှိနေသေးပေသည်။ မည်သူကမျှ ထိုမြို့ပျက်ထဲ ထပ်မံ မဝင်ကြလိုပေ။

၁၂ယောက်လုံးက မိုဝူကျီ ထိုသို့ ပြောလိုက်ခြင်းမှာ သူ့ဘာသာ သွားစရာ ရှိ၍ ဖြစ်ကြောင်း သိလိုက်ကြပြီး အားလုံးက နှုတ်ဆက်လိုက်ကြသည်။

အားလုံး ထွက်သွားပြီးနောက်မှ မုရုန်ရှန်းယွီက မိုဝူကျီရှေ့ ရောက်လာကာ ဦးညွှတ်လိုက်ရင်း …

“ဝူကျီ ... အရင်ကိစ္စ အတွက် …  အဲအချိန်က ကျွန်မ အသက်ကို ကယ်ပေးတာ ကျေးဇူးပါ။ အခု ကျွန်မလည်း သွားတော့မှာမလို့ ဂရုစိုက်ပါနော် ... ပြီးတော့ ဒီလက်စွပ်လေးကို ကျေးဇူးတင်တဲ့ အနေနဲ့ ပေးတာမလို့ လက်ခံပေးပါ”

မုရုန်ရှန်းယွီက  မိုဝူကျီအနေဖြင့် သူမ ပစ္စည်းကို လက်မခံမှန်း ခန့်မှန်းမိသောကြောင့် လက်စွပ်ကို ကျောက်တုံးပေါ် တင်ကာ ထွက်သွားလေ၏။

“ခဏနေဦး မင်းပစ္စည်းတွေ ပြန်ယူသွား ... ကျုပ်ဆီမှာ လုံလုံလောက်လောက် ရှိပြီးသား။ ပေးနေစရာ မလိုဘူး” မိုဝူကျီက မုရုန်ရှန်းယွီကို လှမ်းခေါ်လိုက်သည်။

မုရုန်ရှန်းယွီက ရပ်လိုက်သော်လည်း လက်စွပ်ကို ပြန်လှည့်မယူပေ။ သူမ လုပ်သည့်အရာမှာ ခေါင်းတစ်ချက် စောင်းငဲ့၍  …

“ဝူကျီ ... အဲဒီကျီယွဲ့က ရှင့်အပေါ် အစစ်အမှန် မဟုတ်ဘူး။ ဒီအတိုင်း အသုံးချနေတာ … ကျွန်မက ထိပ်သီး တာအိုဂိုဏ်း ကျင့်စဉ်နဲ့ မသင့်တော်ဘူးလို့ ရှင်ပြောခဲ့တယ်လေ။ အဲဒါကို ကျွန်မ အချိန်အကြာကြီး စဉ်းစားမိနေတာ  ရှင်ပြောတာ မှန်မယ် ထင်တယ်”

သူမ စကားအဆုံးတွင် မြန်မြန် ထွက်သွားကာ မကြာခင် ပျောက်ကွယ် သွားတော့သည်။

မိုဝူကျီက ခေါင်းခါ လိုက်မိသည်။

မုရုန်ရှန်းယွီ အနေဖြင့် သူ့ကို ကျီယွဲ့၏ အသုံးချမှုကို ခံနေရကြောင်း အဘယ်ကြောင့် သတိပေးဖို့ လိုနေတာလဲ …

မိုဝူကျီက သိုလှောင်လက်စွပ်ကို ယူပြီး  စိတ်စွမ်းအား ပို့လွှတ်လိုက်သည်။ သိုလှောင်လက်စွပ်ထဲ၌ နှမ်းအရောင် သာမာန် စာရွက်နှစ်ရွက်သာ တွေ့လိုက်ရပြီး ကျန်တာ မရှိပေ။

မိုဝူကျီက လက်ကို ဆန့်ထုတ် လိုက်သည်နှင့် ထိုစာရွက်နှစ်ရွက်မှာ သူ့လက်အတွင်း ရောက်ရှိလာသည်။ သာမာန် စာရွက် နှစ်ရွက် ဖြစ်သော်လည်း သူ့လက်ပေါ် ရောက်လာသည်နှင့် များပြားစွာသော စွမ်းအားများက   မိုဝူကျီ၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် စိတ်အတွင်း ထိုးဖောက် ဝင်ရောက်လာသည်။

လော့ကျွန်မ်း စာရွက်လား …

လော့ကျွန်မ်းစာရွက် နှစ်ရွက် အမှန်ပင် ဖြစ်နေသည်။ မုရုန်ရှန်းယွီက ထိုမျှ ရက်ရောလိမ့်မည်ဟု ထင်မထားပေ။ ထိုအမျိုးသမီးက  ကျေးဇူးတရားကို မည်သို့ပြန်ဆပ်ရမှန်း သိသည့်အချက်မှာ မိုဝူကျီကို မယုံနိုင်လောက်ဖွယ် ဖြစ်သွားစေလေ၏။

လူအများအပြားက ထိုစာရွက်များကို လိုချင်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ထိုစာရွက်နှစ်ရွက်ကို မကြည့်ရသေးခင် ကိုင်ထားရုံလေးဖြင့်  ကြီးကျယ် ခမ်းနားသော တာအိုအသိဉာဏ်များကို ခံစားမိနေသည်။

မိုဝူကျီက မုရုန်ရှန်းယွီသည် ထိုလော့ကျွန်မ်း စာရွက်များကို လက်လျော့မည့်အစား သေဖို့သာ ရွေးချယ်ကြောင်း နားလည်သွားပေ၏။ သူဆိုလျှင်လည်း ထိုသို့မျိုး ရတနာ ရလာသည့်အခါ လက်လျော့ပေးနိုင်မည် မဟုတ်ပေ။

ကျင့်ကြံသူ ရာကျော်က ထိုလော့ကျွန်မ်း စာရွက်အတွက် မတိုက်ခိုက်ကြခြင်းမှာ သူတို့က စာရွက်၏ တန်ဖိုး အစစ်အမှန်ကို မသိသေး၍ ဖြစ်ပေလိမ့်မည်။ အားလုံး လော့ကျွန်မ်း စာရွက်မှာ ဒဏ္ဍာရီလာ ဝိညာဉ်ရတနာ တစ်ခု ဖြစ်ကြောင်းသာ ကြားဖူးကြသော်လည်း မျက်မြင်ကိုယ်တွေ့ မကြုံတွေ့ဖူးကြသေးပေ။

အကယ်၍ လော့ကျွန်မ်းစာရွက်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ပါက  သူ့အနေဖြင့် လက်ရှိအင်အားထက် နှစ်ဆပိုမို အားကောင်းနေလျှင်ပင် ထိုကျင့်ကြံသူများကို တားဆီးနိုင်မည် မဟုတ်ပေ။

မိုဝူကျီက မုရုန်ရှန်းယွီ ထွက်သွားသည့်နေရာကို ကြည့်လိုက်ရင်း သက်ပြင်းချ လိုက်သည်။ မုရုန်ရှန်းယွီမှာ မီးနှင့် ကစားနေခြင်းသာ ဖြစ်ပေသည်။ ထိုလော့ကျွန်မ်း စာရွက်ကို သူ့အား ပေးသွားသေး၏။ အကယ်၍ တခြားသူ ဖြစ်နေပြီး တန်ဖိုး အစစ်အမှန်ကို သိသွားကြလျှင်   သူတို့က  သူမနောက် လိုက်ကြလိမ့်မည်။

မိုဝူကျီက လော့ကျွန်မ်းစာရွက် တစ်ရွက်ကို ကြည့်လိုက်သည်။

“လော့ကျွန်မ်းစာရွက်ရဲ့ ဒြပ်သဘာဝ ငါးမျိုး ... မိုးနှင့်မြေအထိ အပြောင်းအလဲ အမျိုးမျိုးကို ဖြတ်ကျော်ပြီး အလွန်နည်းပါးတဲ့ …”

မိုဝူကျီက ထိုစာလုံးလေး အချို့ကို ကြည့်လိုက်ရုံဖြင့် သူ့ဝိညာဉ် အနက်ရှိုင်းဆုံး အပိုင်းထိ ခေါင်းလောင်းများ မြည်နေသလို ခံစားနေရစေသည်။ ကျယ်ပြောကာ အဆုံးအစ မဲ့လှသည့် တာအိုစွမ်းအားများက သူ့ဆီ ရောက်ရှိလာကာ တစ်ကိုယ်လုံး တုန်ယင် သွားစေသည်။ စက္ကန့်ပိုင်းလေး အတွင်း မိုဝူကျီက သူ့လေလွတ်မြောက်ရေး နည်းစနစ်မှာ အကြမ်းထည်မျှသာ ရှိနေကြောင်း သတိပြုမိလိုက်သည်။

မိုဝူကျီက လော့ကျွန်မ်းစာရွက်ကို ထာဝရ ကမ္ဘာထဲ သိမ်းထားလိုက်သည်။

ထိုစဉ် မိုဝူကျီက အလွန်အမင်း စိတ်လှုပ်ရှား နေမိသည်။ အကြောင်းမှာ ဤလော့ကျွန်မ်း စာရွက်မှာ မည်မျှ အံ့ဩဖို့ ကောင်းကြောင်း မျှောနေမိသည်။ သူ့ကိုယ်ပိုင် ကျင့်စဉ်နှင့်အတူ လော့ကျွန်မ်း စာရွက်နှစ်ရွက်ဖြင့်  ထည့်တွက် လိုက်လျှင် သူ့အင်အားမှာ သေချာပေါက် တိုးမြင့် လာလိမ့်မည်။

မိုဝူကျီက မုရုန်ရှန်းယွီ ကိုယ်တိုင်လည်း လော့ကျွန်မ်းစာရွက်၏ အရေးပါမှုကို နားမလည်သေးကြောင်း သေချာ သိသွားသည်။ သူမသာ ထိုတန်ဖိုးကို ကောင်းကောင်း သိနေလျှင် သူ့အား စာရွက်နှစ်ရွက် ပေးပါ့မလားဟု တွေးတော နေမိသည်။

မိုဝူကျီက တည်နေရာတစ်ခု ရွေးချယ်၍  မြန်မြန် ထွက်ခွာလိုက်သည်။ သူက အင်မော်တယ် ဆေးပင်များပင် မစုဆောင်း နေတော့ပေ။ သူက ဆေးလုံးဧကရာဇ်အဖြစ် မတက်လှမ်း နိုင်သေးကြောင်း သိထား၏။  နေရာတစ်ခုရှာ၍ ဤစာရွက်အကြောင်း လေ့လာကြည့်ဖို့ရာက  သူ့ဦးစားပေး ကိစ္စ ဖြစ်ပေသည်။

***

ရက်များစွာ ကြာမြင့်ပြီးနောက် မိုဝူကျီက  သဘာဝ ရေကန်တစ်ခု တွေ့လိုက်ရသည်။ ရေကန်ဘေး တစ်ဖက်တွင် တောင်စောင်းရှိနေပြီး အဆင့်နိမ့် အင်မော်တယ် ဆေးပင်များက မညီမညာ ပေါက်ရောက်နေသည်။

မိုဝူကျီက ဆေးပင်များကို မြန်မြန် ခူးဆွတ်ကာ  တောင်စောင်း၌  နေရာတစ်ခု ပြုလုပ်လိုက်သည်။ ဖုံးကွယ်ရေး အစီအရင်နှင့် ကာကွယ်ရေး အစီအရင်များ ခင်းကျင်းပြီးနောက်  သူ့ထာဝရ ကမ္ဘာထဲ ဝင်လိုက်သည်။

မိုဝူကျီ  ထာဝရကမ္ဘာထဲ ရှိနေစဉ် လော့ကျွန်မ်းစာရွက် နှစ်ရွက်မှ တစ်ရွက်ကို ထုတ်ယူလိုက်သည်။

ခမ်းနား ကြီးကျယ်လှသည့် စွမ်းအားများက မိုဝူကျီ၏ စိတ်နှင့် ခန္ဓာဆီ နောက်တစ်ဖန် ထိုးဖောက် ဝင်ရောက်လာပြီး စာရွက်ပေါ်ရှိ စာလုံးတိုင်းတွင် အဆုံးမဲ့သော တာအိုစွမ်းအားများ ထည့်သွင်း ထားသည့်အလား ဖြစ်ကာ မိုဝူကျီအား  အရသာ တွေ့သွားစေသည်။

အချိန်ကုန်ဆုံးသွားသည်နှင့် မိုဝူကျီ၏ လေလွတ်မြောက်ရေး နည်းစနစ်မှာ နောက်တစ်ကြိမ် ထပ်မံ ပြောင်းလဲသွား၏။

ယခင် သူ့လေလွတ်မြောက်ရေး နည်းစနစ်မှာ အဆင့်၉ ရောက်ရှိသည်နှင့် အသွင်ပြောင်း သွားသည်မှန်း သိခဲ့သော်လည်း မည်သို့ပြောင်းလဲမှု ဖြစ်မည်မှန်း မသိခဲ့ပေ။

သူက ထိုစာရွက်နှစ်ရွက်ကို ထုတ်လိုက်ပြီးနောက် သူ့လေလွတ်မြောက်ရေး နည်းစနစ်မှာ  လမ်းရှင်း သွားသကဲ့သို့ ပေါ်လာသည်။

လေလွတ်မြောက်ရေး နည်းစနစ်  အဆင့်၉ကို ကျော်လွန်သွားသည်နှင့် နယ်ပယ်ငါးခုဆီ ရောက်ရှိလိမ့်မည်။ ပထမနယ်ပယ်မှာ တိကျလေဖြစ်ပြီး ထိုအဆင့် ရောက်သည်နှင့် သူ့တစ်ကိုယ်လုံးမှာ လေအသွင် ပြောင်းလဲ၍ လေနှင့်အတူ သဟဇာတ ဖြစ်သွားလိမ့်မည်။

ထိုစဉ် သူ့တွင် ခန္ဓာကိုယ် ရှိနေသေးသော်လည်း သူ့စွမ်းအားများမှာ လေနှင့် တစ်သားတည်း ဖြစ်နေသောကြောင့် ထိုနယ်ပယ်အဆင့် မရောက်သည့် အနေဖြင့် သူ့အား သတိပြုမိမည် မဟုတ်ပေ။

တိကျလေ နယ်ပယ်နောက်တွင်  သဏ္ဌာန်မဲ့ လေနယ်ပယ် ဖြစ်ပေသည်။ ထိုနယ်ပယ် အဆင့်၌  ပတ်ဝန်းကျင်၌ လေမရှိတော့လျှင်ပင် သူ့အနားဝန်းကျင်၌  လေသဘာဝ ရှိနေသည်နှင့် လေသဘာဝအတွင်း ပျောက်ကွယ်ကာ တိတ်တဆိတ် ထွက်ပြေး နိုင်လိမ့်မည်။  ထိုအရာမှာ သူ့ကိုယ်သူ  လှုံ့ဆော်ရသည်ထက် ပိုမို လွယ်ကူပေသည်။ ထွက်ပြေးမည့် အမြန်နှုန်းမှာ ကျင့်ကြံဆင့်နှင့် သဘာဝတရား အပေါ်၌ မူတည်နေသည်။

တတိယနယ်ပယ်မှာ လေရွေ့ပြောင်းခြင်း ဖြစ်ရာ နေရာနှစ်ခု၌ လေရှိနေသရွေ့ သူ့အနေဖြင့် တစ်နေရာမှ တစ်နေရာ ရွေ့ပြောင်း စွမ်းရည်အလား သွားလာနိုင်လိမ့်မည်။

အာကာသ ရွေ့ပြောင်း စွမ်းရည်နှင့် ခြားနားသည်မှာ ဤအရာကား လေကို အခြေခံထား၍ ဖြစ်သည်။ အာကာသ ရွေ့ပြောင်းစွမ်းရည်နှင့် ယှဉ်လျှင် ပတ်ဝန်းကျင်၌ အပြောင်းအလဲ မဖြစ်သွားသလို  စွမ်းအားအနည်းငယ်သာ လိုအပ်ပေလိမ့်မည်။

လေးခုမြောက် နယ်ပယ်မှာ လေအဟုန် လမ်းညွှန် ဖြစ်၏။ ထိုအရာမှာ လေလွတ် မြောက်ရေး နည်းစနစ်ကို အကူနည်းစနစ် အနေနှင့် မဟုတ်ဘဲ တိုက်ခိုက်ရေးအဖြစ် ပြောင်းလဲထားခြင်း ဖြစ်ပေ၏။ တစ်ဖက်လူကို တိုက်ခိုက်ရာ၌ သို့မဟုတ် ပစ္စည်းများကို အသုံးပြု၍ တိုက်ခိုက်ခိုင်းလို့  ရပေသည်။

ငါးခုမြောက် နယ်ပယ်မှာ လေဆင့်ခေါ်ခြင်း ဖြစ်၏။ မိုဝူကျီက ထိုနယ်ပယ် အကြောင်း ကြားသည့်အခါ ကမ္ဘာမြေတွင် ရှိစဉ်က နတ်ဘုရားများသာ  မိုးလေ ဆင့်ခေါ်နိုင်ကြောင်း သတိရသွားသည်။  နတ်ဘုရားများမှာ ဒဏ္ဍာရီလာ ဖြစ်ပြီး သူတို့ကို မသေမျိုးအဖြစ် ဖော်ပြလေ့ရှိကြသည်။ မိုဝူကျီက သူကိုယ်တိုင်မှာ မသေမျိုး မဟုတ်ဘဲ  ကျင့်ကြံနိုင်သည့် တစ်ဦးတည်းသော သေမျိုး ဖြစ်နေကြောင်း သိထားသည်။

သူသာ လေဆင့်ခေါ်နိုင်သည်နှင့် လျှို့ဝှက်ပညာရပ် ဖြစ်မသွားပေဘူးလား … အတော်လေး အားကောင်းတဲ့ လျှို့ဝှက်ပညာရပ်သာ ဖြစ်ရမယ် …

လေလွတ်မြောက်ရေး နည်းစနစ်ကို လေ့လာဆန်းစစ် ပြီးသည့်နောက် သူ့လေလွတ်မြောက်ရေး နည်းစနစ်မှာ  နည်းစနစ် တစ်ခုအဖြစ်သာ မဟုတ်ဘဲ  အစစ်အမှန် သဘာဝ လျှို့ဝှက်ပညာရပ်အဖြစ် ယူဆ၍ ရကြောင်း ကောင်းကောင်း သိသွားသည်။

မိုဝူကျီက မိုးလေ ဆင့်ခေါ်နိုင်သည့် နည်းစနစ်ကို သေချာပေါက် သင်ယူရန် အခွင့်အရေး ရှာရမည်။ ထိုလျှို့ဝှက်ပညာရပ်များက သူ့အတွက် များစွာ အသုံး မဝင်နိုင်သော်လည်း နတ်သမီးပုံပြင်များ  ဖတ်လာသူ တစ်ဦးအနေဖြင့် အိပ်မက်တို့ မှန်ကန်လာသည်ဟု ဆိုလို့ ရပေသည်။

***

All Chapters