← Chapters

ပရမ်းပတာ အခြေအနေ

Vol. 7 Ch. 85

ပရမ်းပတာ အခြေအနေ

Vol. 7 Ch. 85

ယဲ့ချန်၏ အမူအရာကို ကြည့်၍ ရင်းမုန့်ထျန်း အနည်းငယ် နောင်တ ရသွားရသည်။ အညွန့်တလူလူ တက်နေသည့် လူငယ်လေး တစ်ယောက်အား ပြည်နယ်အတွက် တာဝန် ထမ်းဆောင်ပေးရန် တိုက်တွန်းမိသည်မှာ လက်တွေ့မဆန်လှပေ။

ယဲ့ချန်သည် တုန်းလင် ပြည်နယ်ထဲမှ တခါမျှ မထွက်ခွါဖူးရာ အပြင်လောကတွင် မည်သို့ရှိမှန်း မသိခဲ့ပေ။ အများဆုံးမှ မိသားစုဝင်များ ပြောဆိုနေသည့် သတင်းတို့ကို ကြားဖူးရုံသာ ရှိသည်။ ရင်းမုန့်ထျန်းသည် ပြည်နယ်တစ်ခုကို အပိုင်စားရထားသော မင်းသားတစ်ပါးဖြစ်ရာ နယ်နိမိတ် သတ်မှတ်ချက် အဆင့်အတန်းများနှင့် အကျွမ်းတဝင် ရှိလောက်၍တစ်ပါး ယဲ့ချန်က မေးကြည့်လိုက်သည်။

"အပြင်လောကမှာ အရမ်းကို ဖရိုဖရဲ ဖြစ်နေတယ်လို့ ကျွန်တော် ကြားမိတယ်။ သောင်းကျန်းသူ စစ်တပ်တွေအပြင် ကျွန်တွေကလည်း နေရာအနှံ့မှာ ဧကရာဇ်ကို ပုန်ကန်နေကြတယ်တဲ့"

သောင်းကျန်းသူများနှင့် ကျွန်များအကြောင်း ကြားရသည်နှင့် ရင်းမုန့်ထျန်း၏ မျက်ခုံးနှစ်ဖက်မှာ စိတ်မချမ်းသာစွာ တွန့်ကွေး သွားရသည်။ သူက မသက်မသာ သက်ပြင်းရှိုက်လျက် ဆိုသည်။

"အပြင်လောကက အခြေအနေတွေက တကယ်ကို မကောင်းတော့ဘူး။ အစားအသောက်နဲ့ အဝတ်အထည်တွေ အတွက်တောင် လူအချင်းချင်း ပြဿနာတွေ ဖြစ်နေရပြီ။ စစ်တပ်ထဲက တပ်မှူးတွေ အုံကြွလာကြတာက နားလည်ပေးလို့ရပါသေးတယ်။ ဧကရာဇ်ကို ပုန်ကန်ချင်နေတဲ့ သောင်းကျန်းသူတွေနဲ့ ကျွန်တွေကတော့... သူတို့အားလုံး သေသင့်တယ်"

ရင်းမုန့်ထျန်း၏ မှတ်ချက်ကြောင့် ယဲ့ချန် အနည်းငယ် ထူးဆန်းသလို ခံစားရသည်။ ရှေးရိုးစွဲ ဆန်လှသော မင်းသားရင်းသည် ဧကရာဇ်မင်ဝူအား ထောက်ခံသူ မဟုတ်ပေဘူးလား။ သို့ဆို့လျှင် အဘယ့်ကြောင့် သောင်းကျန်းသူတွေနဲ့ ကျွန်တွေကတော့ သေသင့်ပြီး တပ်မှူးတွေကိုကျ နားလည် ပေးနိုင်ရသည်လဲ။

ယဲ့ချန်၏ ရှုပ်ထွေးနေသော အမူအရာကို သတိထားမိသောကြောင့် ရင်းမုန့်ထျန်းက ပြုံးလျက် ရှင်းပြလာသည်။

"မိတ်ဆွေလေးကတော့ သိမှာမဟုတ်ပေမဲ့ အခုဆို ရှီဝူအင်ပါယာက အတွင်းရော အပြင်မှာပါ သိပ်ကို ရှုပ်ထွေးနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အရေးအကြီးဆုံးက အတွင်းက ပြဿနာတွေ မဟုတ်ဘဲ အပြင်က အန္တရာယ်ပဲ။ နန်မန်နိုင်ငံက အိမ်နီးချင်းနိုင်ငံ ၁၂ကို သိမ်းပိုက်ပြီး ကတည်းက ရှီဝူအင်ပါယာရဲ့ အရင်းအမြစ်တွေကို မျက်စိကျနေခဲ့တယ်"

"ကျွန်တော် နားမလည်ဘူး။ ဒီနှစ်တွေမှာ နန်မန်နိုင်ငံက ရှီဝူအင်ပါယာကို လုံးဝ မတိုက်ခိုက် ခဲ့ဘူးလေ။ ရှီဝူအင်ပါယာမှာက လူဦးရေလည်း ထူထပ်တယ်။ တကယ်လို့ အတွင်းပိုင်း သဘောထား ကွဲလွဲမှုတွေသာ မရှိရင် နန်မန်နိုင်ငံက ဘယ်လိုလုပ်ပြီး တိုက်ခိုက် လာနိုင်တော့မှာလဲ"

ယဲ့ချန်က သိလိုစွာ မေးသည်။ ယခုတကြိမ်သည် သူ့အဖို့ နိုင်ငံရေးကိစ္စများ အကြောင်း သိရှိခွင့်ရသည်မှာ ပထမဆုံးဖြစ်ရာ သူက ပို၍ အတွင်းကျကျ သိလိုလှသည်။

"ရှီဝူအင်ပါယာက ကြီးမြတ်သော အရှေ့ဘက် တိုက်ကြီးထဲမှာ တည်ရှိတဲ့ နိုင်ငံပေါင်း ၃၀၀ကျော်ထဲက တနိုင်ငံပေါ့။ စစ်တပ်ထဲမှာရှိတဲ့ ကျင့်ကြံသူတွေက အရမ်းအစွမ်းထက် လာကြတော့ ရန်သူ့နိုင်ငံမှာရှိတဲ့ တော်ဝင် မိသားစုဝင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှာ စိုးတဲ့အတွက် နိုင်ငံတွေအားလုံး အငြင်းပွားပြီးတဲ့ နောက်မှာ စည်းမျဉ်းတစ်ခုကို ချမှတ်နိုင်ခဲ့တယ်။ အဲဒီ စည်းမျဉ်းအရ နိုင်ငံအသီးသီးက စစ်သည်တော်တွေဟာ မြောက်ဘက် ပင်လယ်ထဲမှာ သီးခြားရှိနေတဲ့ လွတ်လပ်သော ကျွန်းမှာပဲ တိုက်ခိုက်ခွင့်ရှိကြတယ်။ နန်မန်နိုင်ငံနဲ့ ရှီဝူအင်ပါယာက နှစ်နှစ်ပြည့်တိုင်း ထျန်းချီ အဆင့်၁၀နဲ့အထက် ကျင့်ကြံသူ အယောက်၂၀စီ လွတ်လပ်သော ကျွန်းကို စေလွှတ်ပြီး နိုင်ငံကိုယ်စားပြု တိုက်ခိုက်စေတယ်။ တိုက်ပွဲမှာ အသက်ရှင်ကျန်ခဲ့တဲ့ စစ်သည်တော်က ကိုယ့်နိုင်ငံကို ပြန်လာခွင့်ရှိပေမဲ့ သေဆုံးသွားတဲ့ သူတွေရဲ့ အလောင်းတွေကတော့ လွတ်လပ်သော ကျွန်းပေါ်မှာပဲ ထာဝရ မြှုပ်နှံခံရရှာတယ်။ နှစ်နှစ်ပြည့်လို့မှ ထျန်းချီ အဆင့်၁၀နဲ့အထက် ကျင့်ကြံသူ အယောက်၂၀ကို မစေလွှတ်နိုင်တဲ့ နိုင်ငံကို တဖက်နိုင်ငံက တရားဝင် စစ်ကြေညာခွင့်ရှိတယ်။ ဒီနည်းနဲ့ပဲ နန်မန်နိုင်ငံနဲ့ ရှီဝူအင်ပါယာကြားက စစ်ပွဲကို ထိန်းသိမ်းထားနိုင်ခဲ့တာ နှစ်ပေါင်း ၃၀၀ ကျော်ခဲ့ပြီ"

ရင်းမုန့်ထျန်းက ရှင်းပြသည်။

ရင်းမုန့်ထျန်း၏ စကားတို့ကို နားထောင်ပြီးနောက် ယဲ့ချန်စိတ်ထဲတွင် ရှုပ်ထွေးနေသည်များ ကျေလည်သွားသည်။ နိုင်ငံများကြားရှိ အငြင်းပွါးမှုများကို နှစ်ပေါင်းများစွာ ဤနည်းဖြင့် ထိန်းသိမ်း ထားခဲ့ဟန် ရသည်။ ရှီဝူအင်ပါယာအတွင်း ထျန်းချီအဆင့်၁၀ ကျင့်ကြံသူများ နည်းပါးနေသည်မှာ မထူးဆန်းတော့။ သူတို့ထဲမှ အများစုမှာ လွတ်လပ်သောကျွန်း၌ သေဆုံးသွားခဲ့ခြင်း ဖြစ်နိုင်သည်။

 “နိုင်ငံထဲက အစွမ်းထက် ကျင့်ကြံသူတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀အတွင်း အများကြီး ပင်ပန်းနေခဲ့ပြီ။ ဧကရာဇ်ရဲ့ လွှမ်းမိုးနိုင်စွမ်းကလည်း တဖြည်းဖြည်း လျော့ကျလာတယ်။ ရိုင်းစိုင်းတဲ့ ကျွန်တွေက နေရာမြင့်မြင့် မှန်းလာကြပြီး အခွန်ဆောင်ဖို့ ရှောင်လာကြတဲ့အပြင် ဥပဒေနဲ့ မလွတ်ကင်းတာတွေလည်း အများကြီး လုပ်လာကြတယ်။ စစ်တပ်ထဲက တပ်မှူးတွေကလည်း အုပ်စုအသီးသီးဖွဲ့ပြီး ပုန်ကန်ဖို့ ကြံလာကြတော့တာပဲ။ ရှီဝူအင်ပါယာနဲ့ နန်မန်နိုင်ငံက စစ်ပွဲဖြစ်ဖို့ တာဆူနေကြတော့ သူတို့ကို ဖိနှိပ်ဖို့ မအားလပ်ဘူးဆိုတာ ကျွန်တွေက သိထားကြတယ်။ ဒါကြောင့်လည်း အခွင့်အရေးယူဖို့ ကြိုးစားနေကြတာ။ ကောက်ကျစ် ရိုင်းစိုင်းတဲ့ ဝံပုလွေလိုလူတွေ”

ရင်းမုန့်ထျန်းက ပြောသည်။ သူသည် စစ်တပ်မှတပ်မှူးများမှာ ရွေးချယ်စရာမရှိသောကြောင့် ပုန်ကန်ရခြင်းဖြစ်သည့်တိုင် ကျွန်များကမူ ကျိန်းသေ အသတ်ခံရသင့်ကြောင်း ရှင်းပြနေတာ ဖြစ်သည်။

 “ဧကရာဇ်မင်ဝူက လျင်လျင်မြန်မြန်နဲ့ အင်အားအကြီးဆုံး ကျွန်သောင်းကျန်းသူအဖွဲ့ သုံးဖွဲ့ကို အနိုင်တိုက်နိုင် ခဲ့တာကြောင့်သာ မဟုတ်ရင် ခုချိန်လောက်ဆို ရှီဝူအင်ပါယာကြီး ပျက်သုဉ်းနေမှာတောင် ကြောက်မိတယ်”

ယဲ့ချန် တိတ်တဆိတ် သက်ပြင်း ရှိုက်မိသည်။ ဤသို့သော အခြေအနေမျိုးသည် အုပ်ချုပ်သူ ဘုရင်တိုင်းအတွက် ကိုင်တွယ်ရန် ခက်ခဲလှသည်။ ကြားရသလောက် ဧကရာဇ်မင်ဝူသည်လည်း တချို့သော အရည်အချင်းတို့တော့ ရှိပုံရသည်။

 “နန်မန်နိုင်ငံက လူတွေက သိပ်ကို ရက်စက် ကြမ်းကြုတ်ကြတယ်။ သူတို့အတွက် လူသတ်တယ်ဆိုတာ ပုရွက်ဆိတ်တွေကို သတ်ရသလောက်ပဲရှိတာ။ နိုင်ငံတစ်ခုကို သိမ်းပိုက်ပြီးတဲ့ အခါတိုင်း အဲ့နိုင်ငံက လူတွေကို ကျွန်ပြုပစ်တဲ့ အပြင် သူတို့စိတ်ရှိသလို အကြောင်းမဲ့ သက်သက် သတ်ပစ်ကြသေးတယ်။ ရှီဝူအင်ပါယာသာ နန်မန်နိုင်ငံရဲ့ လက်အောက်ခံ ဖြစ်သွားခဲ့ရင် အင်ပါယာထဲက ပြည်သူတွေရဲ့ ဘဝကတော့ မတွေးရဲစရာပဲ”

ရင်းမုန့်ထျန်းသည် ယဲ့ချန်အား ကြည့်သည်။ သူက ယဲ့ချန်အား ထိုမျှများများစားစား ပြောပြနေခြင်းမှာ အကြောင်းရှိပေသည်။ ယဲ့ချန်သည် အမူအကျင့် ကောင်းမွန်သော လူငယ်လေး ဖြစ်ကြောင်း သူက ခံစားရသည်။

 “ငါ့ရဲ့ ကျင့်ကြံဆင့်က နိမ့်နေသေးတာ နှမြောစရာပဲ။ ဒီတစ်ခေါက်လည်း ထျန်းချီ အဆင့်၁၀ကို ရောက်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ကျောက်စိမ်း မျှော်စင်ထဲကို ဝင်လာခဲ့တာ။ တကယ်သာ အဆင့်တက်နိုင်ခဲ့မယ်ဆိုရင် အချိန်ကျလာတဲ့အခါ လွတ်လပ်သောကျွန်းကို သွားပြီး နိုင်ငံအတွက် အကျိုးပြုပေးနိုင်ပြီ။ နန်မန်သားတွေရဲ့ အန္တရာယ်ကိုသာ တားဆီးနိုင်မယ်ဆိုရင် ဒီအိုမင်းနေတဲ့ ခန္ဓာကိုယ်ထဲက အရိုးတွေအကုန် ကျိုးကြေသွားရရင်တောင် ဘာအရေးလဲ”

ရင်းမုန့်ထျန်းက စိတ်အား ထက်သန်စွာ ဆိုသည်။

 “မင်းသား”

ကျန့်ဟူနှင့် အခြား အစောင့်အရှောက်များသည် မျက်ရည်တို့ ပြည့်လျှမ်းနေသော မျက်လုံးများဖြင့် ရင်းမုန့်ထျန်းအား ကြည့်လာကြသည်။

ယဲ့ချန်လည်း ရင်းမုန့်ထျန်းအား ကြည့်မိသည်။ ဝိညာဉ်အသိအမြင်ဖြင့် ရင်းမုန့်ထျန်း၏ အတက်အကျ ပြောင်းလဲနေသော စိတ်ခံစားချက်တို့ကို အာရုံခံ၍ ရသည်။ သူ့စကားများထဲတွင် အပိုပြောနေတာ တစ်ခုမှမပါပေ။ ရင်းမုန့်ထျန်းသည် ဧကရာဇ်အပေါ် မျက်ကန်းတစ်ယောက်လို စွတ်မှိတ် သစ္စာရှိနေခြင်း ဖြစ်သည့်တိုင် ရှီဝူအင်ပါယာသားများ အပေါ် ထားသည့် သူ၏ သဘောထားနှင့် ကာကွယ်လိုမှုက ယဲ့ချန်ကိုပင် အနည်းငယ် စိတ်လှုပ်ရှား သွားစေသည်။ ရင်းမုန့်ထျန်း၏ ရှီဝူအင်ပါယာအပေါ် သစ္စာရှိမှုက ရူးနှမ်းနေပါစေ၊ လေးစားထိုက်ပေသည်။

 “လူတွေရဲ့ ကိုယ်ကျင့်သိက္ခာတွေကလည်း တနေ့တခြား ပျက်ပြား လာကြတယ်။ ကျွန်တွေအပြင် အဓိကဂိုဏ်းကြီး သုံးခုကလည်း မနှစ်မြို့စရာပဲ။ အင်ပါယာက အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရောက်နေတဲ့အချိန် သစ္စာရှိတဲ့ လူတိုင်းက သူတို့တတ်နိုင်တဲ့ ဘက်က အကောင်းဆုံး ကူညီဖို့ ကြိုးစားနေကြပေမဲ့ အဓိကဂိုဏ်းကြီး သုံးခုကတော့ တုတ်တုတ်တောင် မလှုပ်ဘူး။ သူတို့ဆီမှာ ထျန်းချီအဆင့်၁၀ ကျင့်ကြံသူတွေ ဒီလောက်အများကြီး ရှိနေတာ.. အင်ပါယာကို မကူညီတဲ့အပြင် တော်ဝင်မိသားကိုတောင် ဖိနှိပ်ဖို့ ကြိုးစားနေသေးတယ်။ နိုင်ငံအနှံ့က ငယ်ငယ်ရွယ်ရွယ်နဲ့ ပါရမီရှိတဲ့ လူငယ်လေးတွေကို သူတို့ဂိုဏ်းထဲ မရောက်ရောက်အောင် သိမ်းသွင်းပြီး အင်ပါယာကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားနေကြတယ်။ သူတို့ကမှ အရိုင်းအစိုင်း ကျွန်တွေ ထက်ကို ပိုဆိုးသေးတယ်”

ယဲ့ချန်ကဲ့သို့ ပါရမီရှင်လူငယ်လေး အဓိကဂိုဏ်းကြီး သုံးခုထဲသို့ ဝင်ရောက်သွားမည်ကို စိုးလှ၍ အနှီဂိုဏ်းကြီးသုံးခု၏ ဆိုးယုတ်သော လုပ်ရပ်များအကြောင်း ပြောရာတွင် ရင်းမုန့်ထျန်း၏ လေသံမှာ ယခင်ကထက် ပိုအားပါနေသည်။

ရင်းမုန့်ထျန်း၏ ပါးစပ်ထဲတွင် သာမန်လူ အများအပြား ဝင်ရောက်ရန် ဆန္ဒရှိကြသည့် အဓိကဂိုဏ်းကြီး သုံးခုမှာ မသတီစရာ စက်ဆုပ်ဖွယ်နေရာကြီး ဖြစ်နေတော့သည်။ နန်းတွင်းနှင့် အဓိကဂိုဏ်းကြီး သုံးခုကြားတွင် မကျေလည်မှုများ ရှိနေလေရာ ရင်းမုန့်ထျန်းသည် နန်းတွင်း ဘက်တော်သား တစ်ယောက် အနေနှင့် အဓိကဂိုဏ်းကြီး သုံးခုအကြောင်း အကောင်းမပြောသည်မှာ မထူးဆန်းပေ။ ယဲ့ချန်ကလည်း ရင်းမုန့်ထျန်းပြောသမျှကို မျက်စိမှိတ်ယုံမှာတော့ မဟုတ်။ သို့သော်လည်း ရှီဝူအင်ပါယာနှင့် နန်မန်နိုင်ငံအကြားရှိ နှစ်ပေါင်း ၃၀၀ကျော် အင်အားပြိုင်ပွဲကြီး အတွင်း ထျန်းချီအဆင့် ၁၀နှင့်အထက် ကျင့်ကြံသူများ စတေးခဲ့ရသည်ကိုတော့ နှမြောမိသည်။ ရှီဝူအင်ပါယာထဲရှိ ထျန်းချီ အဆင့်၁၀နှင့်အထက် ကျင့်ကြံသူ အရေအတွက်မှာ တဖြည်းဖြည်း လျော့ပါး လွင့်ပျောက် လာသည်။ မည်မျှကြီးမားသည့် အင်ပါယာကြီး ဖြစ်နေပါစေ၊ နှစ်နှစ်တကြိမ် ထျန်းချီအဆင့်၁၀နှင့်အထက် ကျင့်ကြံသူ အယောက်၂၀ခန့် ဆုံးရှုံးနေရခြင်းကို တတ်နိုင်လိမ့်မည် မဟုတ်ပေ။

ရင်းမုန့်ထျန်းနှင့် အတန်ကြာ စကားဆက်ပြောပြီးနောက် ယဲ့ချန်သည် ရှီဝူအင်ပါယာနှင့် ပတ်သက်ပြီး အတော်အသင့် နားလည်သွားခဲ့သည်။ ရှီဝူအင်ပါယာသည် ကီလိုမီတာ သန်းပေါင်းများစွာ ကျယ်ဝန်းလှသော မြေနေရာကို ပိုင်ဆိုင်ပြီး အင်ပါယာထဲတွင် ပြည်နယ် အရေအတွက် ၇၀ကျော် ရှိသည်။ တုန်းလင်ပြည်နယ်ကား ထိုပြည်နယ်များထဲမှ သေးငယ်သော ပြည်နယ်လေး တစ်ခုမျှသာ ဖြစ်သည်။ လောလောဆယ်တွင် ရှီဝူအင်ပါယာသည် ကျွန်သောင်းကျန်သူ စစ်တပ် ၂၀ခန့်အပြင် အဓိကဂိုဏ်းကြီးသုံးခု၏ အန္တရာယ်နှင့်လည်း ရင်ဆိုင်နေရသည်။ ရှီဝူအင်ပါယာ၏ မြေနေရာပိုင်နက်က ကျယ်ဝန်းလှသည် ဆိုသော်လည်း ၃၀ ရာခိုင်နှုန်းမျှကိုသာ လူသားများက သိမ်းပိုက်ထားခြင်းဖြစ်ကာ ကျန်၇၀ ရာခိုင်နှုန်းသော မြေနေရာတွင် မှော်သားရဲများ ကျက်စား နေထိုင်ကြသည်။

နန်မန်နိုင်ငံ၏ မြေနေရာ ပိုင်နက်သည်ကား ရှီဝူအင်ပါယာထက်ပင် သုံးဆခန့် ပိုကျယ်ဝန်း သေးသည်။ သို့သော် ကြီးမြတ်သော အရှေ့ဘက် တိုက်ကြီးထဲတွင် နိုင်ငံပေါင်း ၃၀၀ကျော် ရှိလေရာ နန်မန်နိုင်ငံသည် အကျယ်ဝန်းဆုံးနိုင်ငံ မဟုတ်သေးပေ။

ထိုအကြောင်းတို့ကို တွေးကြည့်လေလေ ယဲ့ချန် အံ့အားသင့်ရလေလေ ဖြစ်သည်။

 “ထျန်းချီအဆင့်၁၀ရဲ့အထက်မှာ ဘာရှိသေးလဲ။ ဧကရာဇ်မင်ဝူရဲ့ လက်ရှိကျင့်ကြံဆင့် ကရော..”

ယဲ့ချန်က မေးသည်။ 

 “ထျန်းချီအဆင့်၁၀ရဲ့ အထက်မှာ ရန်အဆင့်ဆိုတာ ရှိတယ်။ အဲဒီရန်အဆင့်မှာမှ ငါးဆင့် ထပ်ခွဲထားသေးတယ်.. ကမ္ဘာမြေရန်အဆင့်၊ ကောင်းကင်ရန်အဆင့်၊ တန်ခိုးရှင်ရန်အဆင့်၊ နတ်ဘုရားရန် အဆင့်နဲ့ ပြိုင်ဘက်ကင်းရန်အဆင့် ဆိုပြီးတော့ပေါ့။ ငါတို့ရဲ့ ဧကရာဇ်မင်ဝူက မိုးနတ်မင်းရဲ့ မျက်နှာသာပေးခံရလို့ ကောင်းကင်ရန်အဆင့် ထိပ်ဆုံးကို ရောက်နေခဲ့ပြီလေ”

ရင်းမုန့်ထျန်းက ဂုဏ်ယူစွာ ပြောသည်။

 “ပြည်ပကရန်ကို ကာကွယ်ဖို့ဆိုရင် ပြည်တွင်းမှာ အရင်ညီညွတ်အောင် လုပ်ရမှာ မဟုတ်ဘူးလား။ ဧကရာဇ်မင်ဝူက ဒီလောက် အစွမ်းထက်နေမှတော့ ဘာလို့ တိုင်းပြည်ကို စည်းလုံးအောင် မစွမ်းဆောင် နိုင်ရတာလဲ”

ယဲ့ချန်က မေးသည်။ ကောင်းကင်ရန် အဆင့်သည် အစွမ်းထက်သည်မှာ မှန်သော်လည်း နတ်သူငယ်အဆင့် သားရဲအရှင်သခင်နှင့်တော့ မယှဉ်သာ လောက်သေးပေ။ သားရဲတို့၏ ကျင့်ကြံဆင့် အခေါ်အဝေါ်အရ နတ်သူငယ်အဆင့်သည် နတ်ဘုရားရန်အဆင့် ကျင့်ကြံသူများနှင့် တန်းတူညီနိုင်သည်။ 

 “ပြည်ပရန်ကို ကာကွယ်ဖို့ ပြည်တွင်းမှာ အရင်ညီညွတ်အောင် လုပ်ရမယ်တဲ့လား”

ရင်းမုန့်ထျန်းသည် ထိုစာသားတို့ကို ရေရွတ်ရင်း ယဲ့ချန်ထံ အံ့အားသင့်စွာ ကြည့်သည်။ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်ထံမှ ထိုသို့ အနှစ်သာရပြည့်ဝသော စကားတို့ ထွက်လာသည်မှာ မယုံနိုင်စရာပင်။ ဤလူငယ်လေးကား စစ်တပ်ရေးရာ ကိစ္စရပ်များနှင့် အကျွမ်းတဝင် ရှိဟန်ရသည်။

သူသည် ယဲ့ချန်အား ကြည့်ရင်း အလေးအနက် ပြောပြမိသည်။

 “အဲ့လောက်မလွယ်ဘူး။ အဓိကဂိုဏ်းကြီး သုံးခုမှာလည်း ကောင်းကင်ရန်အဆင့် ကျင့်ကြံသူ တစ်ယောက် ရှိတယ်။ သူ့လက်အောက်မှာ သန်းနဲ့ချီတဲ့တပည့်တွေ ရှိသေးတယ်။ သူတို့က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုလိုမျိုး တသီးတခြား ရပ်တည်နေကြတာ။ ဒါ့အပြင် ကျွန်သောင်းကျန်းသူ တပ်မှာ အဆင့်မြင့်ကျင့်ကြံသူ မရှိပေမဲ့ လူအင်အားက အရမ်းကိုများတယ်။ တကယ်တမ်း ပြည်တွင်းစစ်သာ ဖြစ်ခဲ့မယ်ဆိုရင် နန်းတွင်းစစ်တပ်ဘက်က ရှုံးလောက်တယ်”

ဤသို့သော အခြေအနေအောက်တွင် ဧကရာဇ်မင်ဝူသည် အဓိကဂိုဏ်းကြီး သုံးခုကိုသာမက ကျွန်သောင်းကျန်းသူ တပ်ကိုလည်း မတိုက်ခိုက်ဝံ့ပေ။ ထိုအင်အားစု နှစ်ခုထဲမှ တစ်ခုကို တိုက်ခိုက်နေချိန်တွင် ကျန်တစ်ခုက ကြားထဲမှဝင်ကာ အခွင့်အရေး ယူသွားနိုင်သည်။

 “နန်မန်နိုင်ငံရဲ့ ဘုရင်၊ ထို့ပါးဟုန်ယဲ့က တန်ခိုးရှင်ရန်အဆင့်ကို ရောက်နေပြီ။ သူ့လက်အောက်မှာ ကောင်းကင်ရန် အဆင့်နဲ့ ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူတွေ အများကြီး ရှိသေးတော့ လွတ်လပ်သောကျွန်းကို သွားဖို့တာဝန်ကျတဲ့ ရှီဝူအင်ပါယာက စစ်သည်တော်တွေ တစ်ယောက်မှ အသက်ရှင်လျက် ပြန်မလာနိုင်ကြဘူး။ နန်းတွင်းကလည်း ထျန်းချီအဆင့်၁၀ ကျင့်ကြံသူတွေ ထပ်မစုဆောင်း နိုင်တော့ဘူး။ တကယ်လို့ နောက်နှစ်ရောက်လို့မှ ရှီဝူအင်ပါယာက ထျန်းချီ အဆင့်၁၀နဲ့အထက် ကျင့်ကြံသူအယောက် ၂၀ ရအောင်မစုနိုင်ရင် နန်မန်နိုင်ငံက ငါတို့ကို အတိအလင်း စစ်ကြေညာ လာလိမ့််မယ်။ ရှီဝူအင်ပါယာရဲ့ လက်ရှိစစ်တပ်အင်အားအရ နန်မန် စစ်တပ်ကို နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ရင်းမုန့်ထျန်းသည် ခံပြင်းစွာ ဆိုလေသည်။

***

All Chapters