← Chapters

သဘာဝလိုဏ်ခေါင်းများ

Vol. 7 Ch. 86

သဘာဝလိုဏ်ခေါင်းများ

Vol. 7 Ch. 86

ရှီဝူအင်ပါယာသည် မလူးသာမလွန့်သာ အန္တရာယ်ရှိသော အခြေအနေ၌ ကျရောက် နေသည်မှာ ထင်ရှားသော်လည်း ထိုအန္တရာယ်က အနာဂတ်တွင်သာ ရှိသေးရာ လောလောဆယ်တွင် ဧကရာဇ်မင်ဝူ၏ ဆုံးဖြတ်ချက်က မည်သို့ရှိမည် မသိရသေးပေ။ အင်ပါယာ တစ်ခုလုံးအား ကယ်တင်ရန် လူတစ်ဦး တစ်ယောက်တည်း၏ အစွမ်းအစနှင့် မရနိုင်ပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်၌ ရှီဝူအင်ပါယာ ပျက်သုဉ်းသွားခဲ့ပါက ယဲ့ချန်သည် ယဲ့မိသားစုကို ကာကွယ်နိုင်ရန် လုံလောက်သည် အထိ အင်အားကြီးအောင် ကြိုးစားထားရပေမည်။

ရင်းမုန့်ထျန်း၏ အဆင့်အတန်းအရ ကျောက်စိမ်း မျှော်စင်ထဲသို့ ဝင်ကာ ဒုက္ခခံစရာ မလိုသော်လည်း သူသည် နိုင်ငံအတွက် အရင်းခံသောစိတ်ဖြင့် ဝင်ရောက်လာခဲ့သည်။

"မင်းသားရင်းက ကျောက်စိမ်းမျှော်စင်ထဲကိုဝင်ဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ ကျွန်တော် မင်းသားကို လိုက်ပါပို့ဆောင် ပေးပါ့မယ်"

ယဲ့ချန် ပြုံးကာ ပြောလိုက်သည်။

ကျန့်ဟူနှင့် အခြား အစောင့်အရှောက်များသည် ယဲ့ချန်၏ စကားအပေါ် အတန်ငယ် မကျေမနပ် ဖြစ်သွားကြသည်။ ယဲ့ချန်က ဘယ်လောက်ပဲ သန်မာနေပါစေဦး၊ မင်းသားရင်းတွင် ထျန်းချီအဆင့်၉ ထိပ်ဆုံးဆင့် အစောင့်အရှောက် ငါးယောက်တောင် ရှိနေသေးသည်။ ယဲ့ချန်၏ စကားက သူတို့အစောင့်အရှောက် ငါးယောက်ကို ထည့်မတွက်သလို ဖြစ်နေသည်။

"မိတ်ဆွေလေး.. မင်းက ကျောက်စိမ်း မျှော်စင်ထဲကို ဘယ်လိုဝင်ရမလဲဆိုတာ သိတယ်လား"

ရင်းမုန့်ထျန်း တစ်ယောက်သာ ယဲ့ချန်၏ ဆိုလိုရင်းကို အပြည့်အဝ နားလည် လိုက်သောကြောင့် အံ့ဩသွားရသည်။

"ကျွန်တော် နည်းနည်းသိတယ်.. ဒါပေမဲ့ ကျောက်စိမ်းမျှော်စင်ကို ရောက်တဲ့အထိပဲ ပို့ပေးမှာ။ အထဲကို ရောက်သွားပြီးတဲ့အခါ ဘယ်လို အန္တရာယ်မျိုးကိုပဲ ရင်ဆိုင်လာရပါစေ၊ ကျွန်တော် ဝင်စွက်ဖက် ပေးတော့မှာ မဟုတ်ဘူး"

ယဲ့ချန်က ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ မည်သို့ပင်ဆိုစေ၊ မင်းသားရင်းနှင့် သူသည် မထင်မှတ်ဘဲ ကြုံဆုံမိခြင်းသာဖြစ်ပြီး ကျောက်စိမ်းမျှော်စင်ထဲ၌ ခန့်မှန်း၍မရသော အန္တရာယ်များစွာ ရှိနေသည်။ သူ့ကိုယ်သူ ကာကွယ်ရင်းပင် အတော်လေး အလုပ်ရှုပ်နေမည် ဖြစ်ရာ အခြားသူများ အတွက် ကာကွယ်ပေးဖို့ အချိန်မရှိပေ။

"ဒီလိုဆိုရင် ကျောက်စိမ်း မျှော်စင်ထဲကို ခေါ်သွားပေးဖို့ မိတ်ဆွေလေးကိုပဲ ဒုက္ခ ပေးရတော့မယ်။ ကျေးဇူးပါ မိတ်ဆွေလေး"

ရင်းမုန့်ထျန်းသည် စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ဆုပ်လျက် ဆိုသည်။ မည်သို့ပင်ဆိုစေ ယဲ့ချန်အပေါ်  သူ အကြွေးတစ်ခု တင်သွားခဲ့ပြီ ဖြစ်သည်။

"သွားရအောင်"

ယဲ့ချန်က လောဆော်လိုက်ရင်း အရှေ့သို့ ဆက်လျှောက် သွားသည်။ 

ကျန့်ဟူနှင့် အခြားသူများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ခါးသက်စွာ ပြုံးမိကြသည်။ သူတို့ရှေ့တွင် နတ်ဆိုးဝံပုလွေများ အလွန်များပြားစွာ ရှိနေလေရာ သူတို့အဖို့ ဖောက်ထွက်ရန် မလွယ်ကူလှ။ ထိုကောင်လေးကတော့ မည်သို့ ရှေ့ဆက်သွားမည် မသိပေ။

"လောကအမျက်"

ယဲ့ချန်သည် ခပ်တိုးတိုး အော်လျက် လက်ဝါးစောင်းဖြင့် ပိုင်းဖြတ်လိုက်လျှင် အားကောင်းလှသော ထျန်းချီစွမ်းအင်များကြောင့် လေထုတစ်ခုလုံး တုန်ခါသွားပြီး ဆယ်ကောင် ကျော်သော အဆင့်၈ နတ်ဆိုးဝံပုလွေများ လွင့်စဉ်ထွက်သွားကြသည်။

ကျန့်ဟူနှင့် အခြားလူများ ဆွံ့အသွားကြ၏။ ယဲ့ချန် ပထမတခေါက် အသုံးပြုခဲ့သော တိမ်နီ ကောင်းကင်ကပင် အလွန်စွမ်းအားကြီးနေပြီ ဖြစ်သော်လည်း မထင်မှတ်ဘဲ လောက အမျက်က ပို၍ အစွမ်းထက် နေလေသည်။ တိမ်နီကောင်းနီသည် အဆင့်၆ ပညာရပ် ဖြစ်နိုင်ပြီး လောက အမျက်ကတော့ အဆင့်၇ ပညာရပ် ဖြစ်နိုင်ပေသည်။ ပါရမီရှင် တစ်ယောက်အတွက်ပင် အဆင့်၆ ပညာရပ်တစ်ခုကို အသုံးပြုနိုင်ရန် ၅နှစ်၊ ၆နှစ်ခန့် လေ့ကျင့်ရနိုင်သည်။ ဤကောင်လေးသည် အဆင့်၇ ပညာရပ်ကိုပင် အလွန်ပြောင်မြောက်စွာ အသုံးပြုနိုင်နေလေရာ မိခင်ဝမ်းဗိုက်ထဲတွင် ရှိခဲ့စဉ်ကတည်းက ကျင့်ကြံခဲ့သည်လော မတွေးတတ်အောင် ရှိသည်။

တော်ဝင် အစောင့်အရှောက်များအနေနှင့် ကျန့်ဟူတို့သည် သူတို့ကိုယ်ကို အနည်းနှင့် အများတော့ အထင်ကြီးစိတ် ရှိကြသည်။ သို့ရာတွင် ယဲ့ချန်ကြောင့် ဤလောကကြီးထဲ၌ တောင်တစ်တောင်ထက် ပိုမြင့်သောတောင်ကား အမြဲရှိနေတတ်သည် ဟူသော သဘောတရားကို ကိုယ်တွေ့ နားလည်လိုက်ရသည်။

နတ်ဆိုးဝံပုလွေ အရေအတွက်ကား မရေမတွက်နိုင်အောင် များပြားလှသောကြောင့် တအုပ်​သေသွားသည်နှင့် နောက်တအုပ်သည် မာန်ဖီလျက် ချက်ချင်း ရောက်လာကြသည်။ ယဲ့ချန်ကလည်း ဝိညာဉ် စစ်သည်တော်ကို လူအများရှေ့၌ အသုံးပြုလိုစိတ် မရှိပေ။ ထို့ကြောင့် သူ ခဏမျှ စဉ်းစားပြီးနောက် အမွေးပွလေးအား အမိန့်ပေးလိုက်၏။

"အမွေးပွလေး ပုံရိပ်ယောင်တစ်ခု ဖန်တီးလိုက်"

အမွေးပွလေး၏ မျက်လုံးထဲ၌ ထူးဆန်းသည့် အလင်းတချက် လက်သွားသည်နှင့်အတူ နတ်ဆိုး ဝံပုလွေများ၏ မျက်လုံးများသည် ဦးတည်ရာ မဲ့သွားသည့်နှယ် ဗလာဖြစ်သွားကြကာ ဒယီးဒယိုင်ဖြင့် ပြိုလဲကုန်ကြသည်။ အမွေးပွလေးသည် အဆင့်၁၀သို့ ရောက်ရှိပြီးနောက် စိတ်ဝိညာဉ် ဖြန့်ကြက်ကာ ပုံရိပ်ယောင် ဖန်တီးနိုင်ပြီဖြစ်ရာ နတ်ဆိုးဝံပုလွေများက အမွေးပွလေး၏ မျက်လုံးထဲသို့ မကြည့်မိလျှင်ပင် ပုံရိပ်ယောင်ထောင်ချောက်အတွင်း ကျရောက်သွားမှာ ဖြစ်သည်။

သတိလွတ်နေသော နတ်ဆိုးဝံပုလွေများအား ကျန့်ဟူတို့အုပ်စုက အောင်အောင်မြင်မြင် သတ်လိုက်နိုင်သည်။

"ဘာတွေ ဖြစ်ကုန်တာလဲ"

ကျန့်ဟူ ဇဝေဝဇဝါဖြင့် ရေရွတ်မိသည်။

မကြာသေးခင်က အထိ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေကြသော နတ်ဆိုး ဝံပုလွေများသည် ရုတ်ခြည်း အရက်မူးနေကြသည့်နှယ် ယိမ်းယိုင် သွားကြသည်။ သူတို့အဖို့ အဆင့်၉ နတ်ဆိုးဝံပုလွေ တစ်ကောင်ကိုပင် အားအင်စိုက်ထုတ်မှု မရှိဘဲ သတ်လိုက်နိုင်သည်။

မင်းသားရင်းတို့ အုပ်စုတင် မကဘဲ အခြားအုပ်စုများသည်လည်း မိန်းမောနေသော နတ်ဆိုး ဝံပုလွေများစွာကို သတ်လိုက်နိုင်ရာ တိုက်ပွဲ ဧရိယာတစ်ဝိုက်တွင် ရှင်းလင်းသွားတော့သည်။

"နတ်ဆိုး ဝံပုလွေတွေ ဘာဖြစ်သွားကြတာလဲ။ ရုတ်တရက်ကြီး တိုက်ခိုက်ရ လွယ်သွားသလိုပဲ"

လူတိုင်းလိုလို မရေရာသော အမူအရာတို့ဖြင့် အချင်းချင်း မေးမိကြသည်။ သေဘေးမှ လွတ်မြောက်လာသည့် အတွက်လည်း အလွန် ပျော်ရွှင်နေကြ၏။

ရင်းမုန့်ထျန်းတစ်ယောက်သာ မယုံကြည်နိုင်သော မျက်လုံးတို့ဖြင့် အမွေးပွလေးအား ကြည့်နေမိသည်။ သူသည် ယဲ့ချန်ပခုံးထက်ရှိ ထိုလှပသော အကောင်ငယ်လေးအား အဆင့်၂ ၊ အဆင့်၃ ခန့်သာရှိမည့် သာမန် အလှမွေး မှော်သားရဲ တစ်ကောင်ဟု ထင်ခဲ့သော်လည်း မှားယွင်းခဲ့ဟန် ရသည်။ ဤလှပသော အကောင်ငယ်လေးကား အဆင့်နိမ့်မှော်သားရဲ ဟုတ်မနေသည့် အပြင် အလွန်အစွမ်းထက်သော ကောင်းကင်သားရဲ တစ်ကောင် ဖြစ်နေလေသည်။

ယဲ့ချန်ဟူသော လူငယ်လေးတွင် နောက်ထပ်လျှို့ဝှက်ချက်များ ရှိနေဦးမည်မှာ သေချာသော်လည်း ရင်းမုန့်ထျန်းသည် ထပ်မံ၍ မတူးဆွရဲတော့ပေ။ များများသိလေလေ ယဲ့ချန်နှင့် မိတ်ဆွေဖြစ်ရန် အခွင့်အလမ်း နည်းပါးသွားနိုင်လေလေ ဖြစ်ရာ သူက တုံးအချင်ယောင် ဆောင်နေဖို့သာ တွေးလိုက်သည်။ ယဲ့ချန်နှင့် မိတ်ဆွေ ဖြစ်မလာနိုင်လျှင်တောင် ရန်သူတော့ လုံးဝ မဖြစ်စေရဟု ရင်းမုန့်ထျန်း တိတ်တိတ်လေး တွေးမိသည်။ အနာဂတ်တွင် သူ့အနေနှင့် တုန်းလင် ပြည်နယ်ရှိ ယဲ့မိသားစုအား ပိုမိုအလေးပေးဖို့ လိုနေလေပြီ။

မျက်စိရှေ့ရှိ အန္တရာယ်ကြီးကို ကျော်လွန်ပြီးသည့်နောက် လူအများသည် အိတ်ထဲမှ ဓားမြှောင်များကို ထုတ်ကာ နတ်ဆိုး ဝံပုလွေ အသေကောင်များထံမှ စွမ်းအင်လုံးများကို သဲကြီးမဲကြီး ထုတ်ယူ ကြတော့သည်။ ကျန့်ဟူတို့ အုပ်စုသည်ပင် အဆင့်၉ နတ်ဆိုးဝံပုလွေများထံမှ စွမ်းအင်လုံးများကို ထုတ်ယူနေကြ၏။

တချို့အုပ်စုများဆိုလျှင် အဆင့်၉ နတ်ဆိုးဝံပုလွေများ၏ စွမ်းအင်လုံးတို့ကို လုယက်ရင်း စကားများကုန်ကြ၏။ သို့သော် သူတို့အားလုံးသည် ယဲ့ချန်၏ အစွမ်းအစအား မျက်မြင် ကြုံထားဖူးကြရာ ရင်းမုန့်ထျန်း၏ အဖွဲ့ကိုတော့ လာမရှုပ်ရဲကြပေ။

"ဒါက လူ့သဘာဝပါပဲ။ အခက်အခဲ ကြုံနေချိန်မှာ အတူတကွ ဖြေရှင်းခဲ့ကြဖူးပေမဲ့ အကျိုးအမြတ် ရလာတဲ့ အချိန်လည်း ရောက်ရော ရဲဘော်ရဲဘက် အချင်းချင်း ဓားဦးနဲ့ ရွယ်ကုန်ကြတော့တယ်"

ရင်းမုန့်ထျန်းက သက်ပြင်းချလျက် ဆိုသည်။

ယဲ့ချန်ကလည်း အရေးမစိုက်ဟန်ဖြင့် ပခုံးသာတွန့်လိုက်သည်။ 

ဤကား ဖြစ်လေ့ဖြစ်ထရှိသော သဘာဝပါပင်။ လောကကြီး၌ သဘောကောင်း မနောဖြူသော သူတော်စင်က ဘယ်လောက်များများ ရှိနိုင်ပါမည်နည်း။ အကယ်၍ လူတိုင်းက ရင်းမုန့်ထျန်းကဲ့သို့ သစ္စာတရား လက်ကိုင်ထားကာ မျိုးချစ်စိတ်ဓာတ် ထက်သန်နေပါက သဘောထား ကွဲလွဲမှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများပင် ရှိနေမည်မဟုတ်ချေ။

ကျန့်ဟူတို့အုပ်စုသည် အဆင့်၉ နတ်ဆိုး ဝံပုလွေစွမ်းအင်လုံး ၁၃ခုနှင့် အဆင့်၈ နတ်ဆိုးဝံပုလွေ စွမ်းအင်လုံး အခု၃၀ကျော် စုဆောင်းမိခဲ့သည်။ သူတို့က စွမ်းအင်လုံးများကို အဝတ်စတစ်ခုအတွင်း ထုပ်ပိုးလိုက်ပြီးလျှင် ရင်းမုန့်ထျန်းထံ ကမ်းပေးလာသည်။

“မင်းသား.. ဒါက ကျုပ်တို့စုဆောင်းမိသမျှ စွမ်းအင်လုံးတွေပါ”

ယဲ့ချန်သည် ဝိညာဉ်အသိအမြင်ဖြင့် တိတ်တဆိတ် အကဲခတ်ကြည့်လျှင် ကျန့်ဟူတို့ အုပ်စုသည် ၎င်းတို့အတွက် စွမ်းအင်လုံး တစ်လုံးမျှပင် ထိန်ချန်မထားဘဲ ရင်းမုန့်ထျန်းကိုသာ အားလုံး အပ်နှံကြောင်း သိလိုက်ရသည်။ သူတို့ကား ရင်းမုန့်ထျန်းအပေါ် အလွန်သစ္စာရှိကြပေသည်။ ရင်းမုန့်ထျန်းသည်လည်း သူ့စစ်တပ်အား သေဝပ်မှုရှိအောင် အသေအချာ အုပ်ချုပ်ခဲ့ပုံပေါ်သည်။

"ဒီမိတ်ဆွေလေးကြောင့်သာ မဟုတ်ရင် ငါတို့လည်း ဒီအန္တရာယ်ကနေ လွယ်လွယ်ကူကူ လွတ်မြောက် နိုင်လိမ့်မှာ မဟုတ်ဘူး။ အသက်ကယ်ပေးထားတဲ့ ကျေးဇူးကို လုံလုံလောက်လောက် ပြန်မပေးဆပ်နိုင်သေးပေမဲ့ ဒီစွမ်းအင်လုံးတွေကိုတော့ ပေးပါရစေ။ မိတ်ဆွေလေးက ကျေးဇူးပြုပြီး လက်ခံပေးပါ”

ရင်းမုန့်ထျန်းသည် စွမ်းအင်လုံးများထည့်ထားသည့် အဝတ်ထုပ်ကို ယဲ့ချန်ထံပေးလျက် ပြောလာသည်။

ရင်းမုန့်ထျန်း၏ စိတ်ရင်းစေတနာကို မငြင်းလို၍ ခဏမျှ စဉ်းစားပြီးနောက် ယဲ့ချန် ပြောလိုက်သည်။

“အဆင့်၉ စွမ်းအင်လုံး နည်းနည်းတော့ ကျွန်တော်ယူမယ်။ ကျန်တာတွေကိုတော့ ထားလိုက်ပါ”

ယဲ့ချန်သည် အဝတ်ထုပ်အား ဖွင့်ကာ အဆင့်၉ စွမ်းအင်လုံး ၆ခုကိုသာ ယူ၍ ပြောလိုက်သည်။

“ကျန်တာတွေက ကျွန်တော့်အတွက် မလိုဘူး”

ရင်းမုန့်ထျန်းသည် စွမ်းအင်လုံးအားလုံးကို ပေးလိုသော်လည်း ယဲ့ချန်က ယတိပြတ် ငြင်းဆန်နေ၍ ထိုကိစ္စအား ဆက်မပြောတော့ပေ။

ယဲ့ချန်က စွမ်းအင်လုံးအားလုံးကို ယူလိုက်လျှင်ပင် ကျန်လူများက ဘာမှဆိုမည် မဟုတ်ပေ။ သို့သော် ယဲ့ချန်က စွမ်းအင်လုံး ၆ခုကိုသာ ယူလိုက်သည့်အခါ ကျန့်ဟူတို့အုပ်စု၏ နှလုံးထားထဲရှိ ယဲ့ချန်ပုံရိပ်မှာ ပိုလို့မြင့်မား သွားတော့သည်။ ယဲ့ချန်ကား ငယ်ငယ်ရွယ်ရွယ်နှင့် ပြဿနာတို့ကို တည်တည်ငြိမ်ငြိမ် ကိုင်တွယ်နိုင်သည့် အပြင် ကိုယ်နှုတ် အမူအရာအားဖြင့်လည်း ရည်မွန်ပေသည်။

မြေကွက်လပ်ပေါ်တွင် နတ်ဆိုး ဝံပုလွေ အလောင်းကောင်များ ပြန့်ကျဲနေပြီး စွမ်းအင်လုံးများ ကမူ တစ်ခုမကျန် ထုတ်ယူခြင်း ခံထားရသည်။ အားလုံးသည် ကိုယ်စီအုပ်စုများနှင့် တဖွဲ့ပြီးတပြီး ထွက်ခွာသွားကြ၏။

ယဲ့ချန်သည် ရင်းမုန့်ထျန်းတို့ အုပ်စုအား ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော့်နောက်ကလိုက်ခဲ့”

မြေပုံတွင် ညွှန်ပြထားသည့် အတိုင်း လိုဏ်ခေါင်း အတွင်းဘက်သို့ ယဲ့ချန် လျှောက်လာခဲ့သည်။

လမ်းတစ်လျှောက်၌ လိုဏ်ခေါင်း၏ လမ်းကြောင်းသည် ကျဉ်းသထက် ကျဉ်းမြောင်းလာရာ လူတစ်ကိုယ်စာမျှ ဝင်နိုင်သည် အထိသာ ရှိတော့သည်။

“ကျောက်စိမ်းမျှော်စင်ကို ဘယ်လိုမျိုး တည်ဆောက်ထားလဲဆိုတာ အံ့ဩမိတယ်။ ဒီလောက် ရှုပ်ထွေးပြီး ကြီးမားတဲ့ လိုဏ်ခေါင်းတွေ ဖြစ်လာဖို့ ဘယ်လိုလုပ်ခဲ့တယ် မသိဘူး”

ယဲ့ချန်သည် သတိမပြတ် လမ်းလျှောက်နေရင်းမှ ရေရွတ်မိသည်။

“ကျောက်စိမ်းမျှော်စင်ရဲ့ ဇာစ်မြစ်ကို မိတ်ဆွေလေး မသိဘူးလား”

ရင်းမုန့်ထျန်းက ခဏမျှ တုံ့ဆိုင်းပြီးမှ မေးလာသည်။

“မသိဘူး။ ကျောက်စိမ်းမျှော်စင်က ဘယ်လို ဖြစ်လာတာများလဲ”

“ဒီလိုဏ်ခေါင်းတွေ အားလုံးက သဘာဝအတိုင်း ရှိနေတာလေ”

“ဒီလိုဏ်ခေါင်းတွေ အားလုံးက သဘာဝအတိုင်း ရှိနေတာတဲ့လား။ ဒါ.. ဘယ်လိုလုပ် ဖြစ်ရတာလဲ”

ယဲ့ချန် နားမလည်နိုင်ပေ။ သဘာဝအတိုင်း တည်ရှိနေသော လိုဏ်ခေါင်းများက အဘယ့်ကြောင့် လူခန္ဓာကိုယ်ရှိ သွေးကြောများနှင့် အလွန်တူနေရပါသနည်း။ မကြာသေးခင်က နတ်ဆိုး ဝံပုလွေများနှင့် တိုက်ခိုက်ခဲ့သော မြေကွက်လပ်ဆိုလျှင် လေပြွန်ကြောများ စုဆုံရာ ဖုန်းချီ အမှတ် ဖြစ်ပေသည်။

***

All Chapters