နတ်သူငယ်အဆင့် အရှင်သခင်
Vol. 7 Ch. 87
ကျောက်စိမ်း မျှော်စင်တည်ရှိရာ လိုဏ်ခေါင်းများသည် လျန်ယွင် တောင်တန်းနှင့် ဆက်စပ်နေသော သဘာဝလိုဏ်များ ဖြစ်သည်။ ကောလာဟလများအရ ကျောက်စိမ်းမျှော်စင်သည် မြေအောက် ပေအနက် တစ်သန်းကျော်၌ လျန်ယွင်တောင်တန်းမှ ဖြစ်ပေါ်လာသည့် မြေလွှာ အဆီအနှစ်များကြားတွင် နစ်မြုပ်နေသည်ဟု ဆိုကြသည်။ လွန်ခဲ့သော နှစ်သန်းပေါင်း များစွာက မြေလွှာ အဆီအနှစ်များသည် လူသားသန္ဓေသား တစ်ယောက်နှင့် ဆင်တူသော ပုံသဏ္ဌာန်အဖြစ် တဖြည်းဖြည်း အနည်ထိုင် လာကြပြီးနောက် အချိန်ကြာလာသည်နှင့် အမျှ လူ့ခန္ဓာကိုယ်ထဲရှိ သွေးကြောများ သဖွယ် ဖြစ်လာသည်ဟုလည်း ဆိုကြသည်။ ကနဦးတွင်တော့ ကျောက်စိမ်း မျှော်စင်ကို လူသားများက ရှာတွေ့ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်း၌ သားရဲတစ်အုပ် ကျောက်စိမ်း မျှော်စင်ထဲသို့ ရောက်သွားရာမှတဆင့် ကျောက်စိမ်းမျှော်စင်သည် လူသားများ အတွက်သာမက သားရဲများ အတွက်ပါ အကျိုးရှိကြောင်း သိလာကြသည်။
“လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀သန်းလောက်က ကျောက်စိမ်းမျှော်စင်က အန္တရာယ် များလွန်းတယ်လို့ ယူဆတဲ့အတွက် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်က မြေအောက် နေရာတစ်ခုလုံးကို စည်းချပြီး ကျောက်စိမ်းမျှော်စင်ကို ပိတ်လှောင်ခဲ့တယ်။ အခုဆို ကျောက်စိမ်းမျှော်စင်ရဲ့ တံခါးတွေက နှစ် ၅၀မှာ တစ်ခါပဲ ပွင့်ပြီး၂လကြာတာနဲ့ တံခါးက ပြန်ပိတ် သွားတော့တာပဲ။ ဒါပေမဲ့ နောက်ပိုင်းမျိုးဆက်က လူတွေအတွက်တော့ ကျောက်စိမ်းမျှော်စင်က သူတို့ရဲ့အစွမ်းအစတွေကို တိုးမြှင့်နိုင်မဲ့ စစ်မြေပြင် ဖြစ်နေပါပြီလေ”
ရင်းမုန့်ထျန်းက ဆက်ပြောသည်။
“ကျောက်စိမ်းမျှော်စင်ကို ရှာတွေ့ခဲ့တာက ရှီဝူအင်ပါယာရဲ့ ဘိုးဘေးတွေလေ။ ဒါ့ကြောင့် ကျောက်စိမ်းမျှော်စင်ဟာ ရှီဝူအင်ပါယာရဲ့ ပိုင်ဆိုင်မှုလို့ ပြောလို့ရတယ်”
လောကကြီးမှာ နတ်ဘုရားလို အစွမ်းထက်တဲ့ တည်ရှိမှုမျိုး တကယ်ကို ရှိနေတာပဲလား။ ကျောက်စိမ်းမျှော်စင်ကို ချိပ်ပိတ်ပစ်နိုင်လောက်အောင် အဲဒီဘိုးဘေးက ဘယ်လောက်ထိ အစွမ်းထက် နေတာပါလိမ့်။
ယဲ့ချန် သူ့ကိုယ်သူ လောကကြီးနှင့် အဆက်အသွယ် ပြတ်နေသည့်နှယ် ခံစားလာရသည်။ အပြင်လောကတွင် သူမသိရသေးသော သင်ယူစရာများကား များပြားလှသည်။
"ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲမှာ ကျောက်စိမ်းမျှော်စင်ထဲကို ဝင်ပြီး ပြန်မထွက်နိုင်ခဲ့တဲ့ လူတွေမှ အများကြီးပဲ။ သူတို့နဲ့အတူ ပါသွားတဲ့ မှော်ရတနာတွေ၊ အဖိုးတန် သိုင်းကျမ်းတွေကလည်း ကျောက်စိမ်း မျှော်စင်ထဲမှာ ကျန်ရစ်ခဲ့ရတယ်။ အဲဒီတော့ ကျောက်စိမ်းမျှော်စင်ထဲမှာ အရမ်းကို အဖိုးတန်တဲ့ တောင်တန်းတွေရဲ့ မြေလွှာအဆီအနှစ်အပြင် တခြားမှော်ရတနာတွေအများကြီး ရှိနေတယ်လို့ ပြောလို့ရတယ်။ တကယ်လို့ တစ်ယောက်ယောက်က တောင်တန်းတွေရဲ့ မြေလွှာ အဆီအနှစ်ကို ရှာတွေ့နိုင်လောက်အောင် ကံမကောင်းဘူး ဆိုရင်တောင် အရင့်အရင်လူတွေ ချန်ရစ်ခဲ့တဲ့ မှော်ရတနာတွေကတင် သူတို့အဖို့ ကျောက်စိမ်း မျှော်စင်ထဲကို ဝင်လာရကျိုးနပ်နေပြီ”
ရင်းမုန့်ထျန်း ပြောပြသည်တို့ကို နားထောင်ပြီးနောက် များစွာသော လူတို့က ကျောက်စိမ်း မျှော်စင်ထဲသို့ အလုအယက် ဝင်လိုနေကြခြင်း အကြောင်းကို ယဲ့ချန် ပိုနားလည်သွားရသည်။ ထိုနေရာကား အဆိုးအကောင်း ဒွန်တွဲနေသည့်တိုင် လူတိုင်းမငြင်းနိုင်သည့် မက်လုံးတို့ဖြင့် ဆွဲဆောင်အား ကောင်းလှသည်။
ယဲ့ချန်တို့ အုပ်စုသည် အဆာပြေမုန့်များ စားသောက်ရန် ခေတ္တ ရပ်နားသည်ကလွဲ၍ မှောင်မိုက် ကျဉ်းမြောင်းသော လမ်းတလျှောက် တနေ့လုံးနီးပါး လျှောက်လာခဲ့ကြသည်။ သူတို့ အားလုံးသည် ထျန်းချီအဆင့်၉ ကျင့်ကြံသူများ ဖြစ်ရာ သက်လုံကောင်းပြီး အမောခံနိုင်ကြသည်။
"နောက်ထပ် ၃နာရီလောက် ဆက်လျှောက်ပြီးရင် ကျွန်တော်တို့ ကျောက်စိမ်းမျှော်စင်ရဲ့ တံခါးဝကို ရောက်ပြီ”
ယဲ့ချန်သည် မြေပုံအား ဝိညာဉ်အသိအမြင်ဖြင့် တစ်ချက် ဝေ့ကြည့်ကာ ဆိုသည်။
ရင်းမုန့်ထျန်းတို့လူစု ခေါင်းခြောက် သွားရသည်။ တစ်ချိန်လုံးတွင် ယဲ့ချန်သည် မြေပုံအား ပေါ်ပေါ်ထင်ထင် ထုတ်မကြည့်လေရာ သူတို့ကလည်း လုံးဝ သတိမထားမိပေ။ မြေအောက် လိုဏ်ခေါင်း တစ်ခုလုံးအား အတွင်းအပြင် နှံ့နှံ့စပ်စပ် သိနေဟန်နှင့် ယဲ့ချန်ဆိုလာသောအခါ သူတို့လူစု တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ ကျောက်စိမ်းမျှော်စင်၏ တံခါးများ နောက်ဆုံးပွင့်ခဲ့သည်မှာ လွန်ခဲ့သောနှစ် ၅၀က ဖြစ်သည်။ ထိုစဉ်က ယဲ့ချန် မွေးပင် မမွေးလောက်သေးပေ။
“ရှေ့နားမှာ ခပ်ကျယ်ကျယ် မြေကွက်လပ် တစ်ခုရှိတယ်။ အဲ့မှာ ခဏနားကြတာပေါ့”
ယဲ့ချန်က အကြံပြုလိုက်သည်။
သူတို့အုပ်စုသည် နောက်ထပ် ၁၀မိနစ်ခန့် ဆက်လျှောက် ခဲ့ပြီးနောက် အမှန်ပင် ကျယ်ဝန်းသော မြေကွက်လပ် တစ်ခုကို မြင်လိုက် ရလေသည်။ မြေကွက်လပ်သည် အနည်းဆုံး မီတာ ထောင်ဂဏန်းခန့် ကျယ်ဝန်းပြီး အတွင်းဘက်တွင် အနက်ရောင် အပင်တချို့နှင့် စမ်းချောင်းငယ်လေးများ စီးဆင်းနေကြသည်။ လိုဏ်ခေါင်း မျက်နှာကြက်တွင်တော့ အလင်းရောင် မလုံလောက်သောကြောင့် ပိန်းပိန်းမှောင်နေကာ သန်းခေါင်ယံည၏ မြင်ကွင်းနှင်ပင် ဆင်တူ၏။ ဆန်းသစ်သော မြေအောက် လောကတစ်ခုထဲသို့ ခြေချမိသကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
ဤမြေကွက်လပ်သည် ကျောက်စိမ်းမျှော်စိမ်းသို့ ရောက်ရှိနိုင်ရန် ကျိန်းသေ ဖြတ်သွားရမည့်လမ်း ဖြစ်သည်။ ယဲ့ချန်သည် ဝိညာဉ် အသိအမြင်ဖြင့် စစ်ဆေးကြည့်လိုက်သော် ဤနေရာမှ ဖြတ်သန်း သွားကြသူများထဲတွင် ထျန်းချီအဆင့် ၉၊ အဆင့်၁၀ ထက်မြင့်သော ကျင့်ကြံသူများ အပြင် အဆင့် ၉၊ အဆင့်၁၀ အစရှိသည့် သားရဲများလည်း ပါဝင်ကြောင်း သိရသည်။
“ဒီနေရာက အန္တရာယ်များတယ်။ အားလုံးပဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ”
ယဲ့ချန်သည် ပတ်ဝန်းကျင်အား အကဲခတ်ရင်း သတိပေးလိုက်၏။
ဖျတ်... ဖျတ်... ဖျတ်...
ရုတ်တရက် အခြားသော စိတ်ဝိညာဉ်များသည် ယဲ့ချန်၏ ဝိညာဉ် အသိအမြင်အား တုံ့ပြန် လာကြ၏။ ၎င်းစိတ်ဝိညာဉ်များသည် မင်ယွမ်၏ စိတ်ဝိညာဉ်ထက် နှစ်ဆ၊ သုံးဆခန့် ပိုအစွမ်းထက်သည်။
ယဲ့ချန် မျက်မှောင်ကြုတ် မိသည်။ ကြည့်ရသည်မှာ ဤနေရာ၌ ကောင်းကင်သားရဲအချို့ ရှိနေပုံရသည်။ ယဲ့ချန်သည် ဝိညာဉ်စစ်သည်တော်အား ထုတ်လွှတ်လိုက်သည်တွင် ခန့်ညားသော အရှိန်အဝါ အပြည့်နှင့် ကြီးမားသော စစ်သည်တော် တစ်ဦး၏ ပုံရိပ်က သူ့ဦးခေါင်းထက်တွင် ထွက်ပေါ်လာသည်။ မကြာသေးခင်က ယဲ့ချန်အား တုံ့ပြန်လာခဲ့သော စိတ်ဝိညာဉ်များသည် အလင်း၏ အလျင်နှုန်းဖြင့် အလွန်လျင်မြန်စွာ ပျောက်ကွယ် သွားကြသည်မှာ အစအနပင် မမြင်ရတော့ပေ။
လူငယ်လေးသည် ပျောက်ကွယ်သွားသော စိတ်ဝိညာဉ်များအား ကြည့်ကာ ပြုံးမိသည်။ လောလောဆယ်ထိတော့ သူ၏ ဝိညာဉ်စစ်သည်တော်သည် အခြားသော စိတ်ဝိညာဉ်များ အပေါ် ဖိနှိပ်နိုင်နေသေးပုံ ပေါ်သည်။
ဝိညာဉ်စစ်သည်တော်အား ယဲ့ချန် ပြန်သိမ်းတော့မည့် အချိန်တွင်ပဲ အူသံတစ်ခုနှင့်အတူ စောစောက စိတ်ဝိညာဉ်များထက် ပိုမိုသန်မာသော စိတ်ဝိညာဉ် အုပ်စုတစု ထွက်ပေါ်လာလေသည်။
အမွေးပွလေးသည် တစ်စုံတစ်ရာကို နားလည်သွားပုံဖြင့် ယဲ့ချန်ပခုံးထက်မှ တစ်ဆင့် လက်မောင်းများ ထဲသို့ ခုန်ဆင်းလာကာ ကြောက်လွန်း၍ တုန်နေတော့သည်။
ယဲ့ချန်လည်း လန့်ဖျပ်သွားရသည်။ သူ၏ဝိညာဉ် စစ်သည်တော်အား စူးစမ်း အကဲခတ်နေသော တစ်ဖက်မှ စိတ်ဝိညာဉ်သည် တဖြည်းဖြည်းနှင့် ကြီးမားသော ဝံပုလွေတစ်ကောင် အဖြစ် ရုပ်လုံးပေါ်လာသည်။
၎င်းဝံပုလွေကြီးက နီရဲနေသော မျက်လုံးများဖြင့် ယဲ့ချန်အားကြည့်ကာ ဒေါသသံစွက်လျက် မေး၏။
“မင်းက ဘယ်ကလာတဲ့ သူလဲ။ ဝံပုလွေနိုင်ငံတော်က တပည့်တွေကို ခြိမ်းခြောက် ရဲတယ်လား”
ဝိညာဉ်ပုံဖော်ခြင်း..။
ဒီဝံပုလွေက နတ်သူငယ်အဆင့် အရှင်သခင်ပဲ။
အယောင် ဆောင်ထားသော ကောင်းကင်သားရဲ အရှင်သခင်ကား အစစ်အမှန် နတ်သူငယ် အဆင့်အရှင်သခင်နှင့် ထိပ်တိုက်တွေ့ရလေပြီ။ သားရဲအခေါ်အဝေါ်အရ နတ်သူငယ် အဆင့်သည် လူသား အခေါ်အဝေါ်အရ ထျန်းချီအဆင့် ၁၀ထက်ပင် အဆင့်ကြီး ၄ဆင့် ပိုမြင့်သည်။ ဧကရာဇ်မင်ဝူပင်လျှင် နတ်သူငယ်အဆင့် အရှင်သခင်၏ ပြိုင်ဘက်မဟုတ်ပေ။ တကယ်တမ်းသာ တိုက်ခိုက်ကြပါက ယဲ့ချန်၏ အလိမ်အညာများ တန်းပေါ်သွားပေလိမ့်မည်။ သူ၏ ဝိညာဉ် စစ်သည်တော်သည် အမြင်တွင် ဟိတ်ကြီးဟန်ကြီး နိုင်လှသော်လည်း မှော်သားရဲများကို ကျွန်ပြုသည်က လွဲ၍ အခြားနေရာများတွင် အသုံးမဝင်သည့် အပြင် တိုက်ခိုက်နိုင်စွမ်းလည်း မရှိပေ။
အမွေးပွလေးသည် စိတ်ဝိညာဉ်မှတဆင့် ယဲ့ချန်အား ဆက်သွယ်စကားပြောလာသည်။ သူတို့နှစ်ယောက်ကြားရှိ ဆက်နွှယ်မှုကြောင့် စိတ်ဝိညာဉ်ချင်း ဆက်သွယ်ကာ စကားပြောခြင်းကို အခြားသူများ ကြားနိုင်မည်မဟုတ်။
“မင်းတို့ဝံပုလွေတွေ ဘယ်နေရာကပဲလာလာ ဂရုမစိုက်ဘူး။ ဒီအရှင်သခင်ရဲ့ လမ်းမှာ လာရှုပ်နေရင်တော့ ခြွင်းချက်မရှိ အားလုံးသေရမယ်”
ယဲ့ချန်၏ ဝိညာဉ် စစ်သည်တော်သည် ဆရာ့ဆရာကြီး တစ်ယောက်၏ ဟန်ပန်ဖြင့် နက်ရှိုင်းသော လေသံဖြစ်အောင် တမင်ဖန်တီးယူကာ ပြောလိုက်သည်။ အတွင်းစိတ်ထဲတွင်မူ စိုးရိမ် ပူပန်စိတ်ကြောင့် ကမ္ဘာပျက်နေလေပြီ။ အမွေးပွလေးက ထိုသို့ဟန်ဆောင်ရန် အကြံ ပေးလာခြင်းကြောင့် သူ စမ်းကြည့်လိုက်ခြင်း ဖြစ်သည်။ အလုပ်ဖြစ်၊ မဖြစ် မသေချာလှပေ။
ဝံပုလွေကြီးသည် မျက်မှောင်ကြုတ်လျက် ယဲ့ချန်၏ ဝိညာဉ် စစ်သည်တော်အား စူးစိုက် ကြည့်လာသည်။ ရုတ်ခြည်းဆိုသလို ယဲ့ချန်သည် အားကောင်းလှသော ဖိအားတစ်ခု သူ့အပေါ် ကျရောက် လာသည်ကို ခံစားလိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားပြီး စိတ်ဝိညာဉ်က နာကျင်လာသည်။
အားကောင်းလှသော ဖိအားသည် ဆက်လက် ဖိနှိပ်လာသော်လည်း သူ၏ အားနည်းချက်ကို လုံးဝထုတ်ပြ၍ မရကြောင်း နားလည်ထားသောကြောင့် ယဲ့ချန်သည် ဂရုမထားဘဲ မောက်မာသော ဟန်ပန်ဖြင့်သာ ဝံပုလွေကြီးအား ဆက်ကြည့်နေရသည်။ တဖြည်းဖြည်းနှင့် သူခံနိုင်သော အကန့်အသတ်သို့ ရောက်လုနီးနီး ဖြစ်လာကာ ခေါင်းတစ်ခုလုံး လေးလံလာပြီး မျက်လုံးများလည်း ပြာဝေလာတော့သည်။
ထိုစဉ်တွင်ပဲ ဝံပုလွေကြီး၏ စိတ်ဝိညာဉ်သည် မည်သည့်အစအနမျှ မကျန်ခဲ့ဘဲ ဘယ်တုန်းကမှ ရောက်မလာခဲ့သည့် အလား ပျောက်ကွယ် သွားလေသည်။
ယဲ့ချန် ခံစားနေရသော ဖိအားသည်လည်း လွင့်ပါး ပျောက်ကွယ် သွား၏။ ဝိညာဉ် စစ်သည်တော်အား ပြန်သိမ်းလိုက်ပြီးနောက် သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့သွားကာ ချွေးအေးများက နဖူးပြင်တစ်လျှောက် စီးကျလာတော့သည်။ ဝံပုလွေကြီးသာ နောက်ထပ်စက္ကန့် အနည်းငယ် ထပ်စစ်ဆေးနေပါက အလိမ်မှန်သမျှ ပေါ်သွားလောက်ချေပြီ။
နတ်သူငယ်အဆင့် အရှင်သခင် တစ်ယောက်ရဲ့ စွမ်းအားက အဲ့လောက်ကြီးတယ်တဲ့လား..။
ယဲ့ချန် အလွန်အမင်း စိတ်ပျက် သွားရသည်။ သူ့လက်ရှိစွမ်းအားဖြင့် နတ်သူငယ်အဆင့် အရှင်သခင်ကို ယှဉ်နိုင်ရန်ဆိုသည်မှာ ရှင်းရှင်းလင်းလင်းကို မဖြစ်နိုင်လှပေ။ သူ၏ ဝိညာဉ် စစ်သည်တော်သည် အတော်လေး အစွမ်းထက်နေ၍သာ နတ်သူငယ်အဆင့် အရှင်သခင်ရှေ့၌ နာရီဝက်ခန့် တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်မှစ၍ နတ်သူငယ်အဆင့် အရှင်သခင်များနှင့် ရင်မဆိုင်ရစေရန် အတတ်နိုင်ဆုံး ရှောင်ရှားသည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
***