← Chapters

အဆင့် ၁၀ ကြောင်နက်

Vol. 7 Ch. 88

အဆင့် ၁၀ ကြောင်နက်

Vol. 7 Ch. 88

"အဆင်ပြေရဲ့လား မိတ်ဆွေလေး"

ရင်းမုန့်ထျန်းသည် စိတ်ပူစွာ မေး၏။ ယဲ့ချန်မျက်နှာမှာ ဖြူဖျော့နေပြီး စွမ်းအင် အမြောက်အမြား ဆုံးရှုံးလိုက်ရသကဲ့သို့ လေကို အသက်လုကာ ရှူနေရသည်ကို သူ သတိပြုမိသည်။

ယဲ့ချန် ခေါင်းယမ်းပြရင်း အတင်းပြုံးယူ လိုက်ရသည်။

"မင်းသားရင်း.. ရှေ့ဆက်ရမဲ့ခရီးမှာ စောင့်ကြိုနေမဲ့ အန္တရာယ်တွေက မင်းသား တွေးထားတာထက်ကို ပိုပြီးဆိုးတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်စကားကို အလေးအနက်ထား စဉ်းစားပေးပါ။ မင်းသားရဲ့အသက်ကို တန်ဖိုး ထားသေးတယ်ဆိုရင် ဒီနေရာကနေ လှည့်ပြန်တာက အကောင်းဆုံးဖြစ်လိမ့်မယ်"

ရင်းမုန့်ထျန်းနှင့် ကျန်လူများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ ဘာတွေ ဖြစ်ပျက်သွားသည်ကို သူတို့ မတွေးတတ်တော့အောင် ရှိသည်။

"ဒီလောက်အဝေးကြီးထိ လာခဲ့ပြီးမှတော့ ပြန်မလှည့်နိုင်တော့ဘူး။ မိတ်ဆွေလေးရဲ့စကားကို အလေးအနက်မထားတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ယောကျ်ား တစ်ယောက်အနေနဲ့ ဆုံးဖြတ် ထားပြီးသား ကိစ္စတစ်ခုကို ဖြစ်မြောက်အောင် လုပ်ဖို့ လိုတယ်လေ။ အရှေ့မှာ စောင့်ကြိုနေတဲ့ အန္တရာယ်တွေက ငါ့အသက်ကို ခြိမ်းခြောက်နိုင်တယ် ဆိုရင်တောင် စွန့်စားကြည့်ချင်သေးတယ်"

ရင်းမုန့်ထျန်းသည် ယဲ့ချန်အား ကြည့်နေရင်း မတွေးဘဲ မနေနိုင်တော့ပေ။

'ဒီလူငယ်လေးက ရှေ့ဖြစ်ဟောနိုင်တဲ့ နတ်ဆရာ ဂိုဏ်းကများလား။ အရှေ့မှာ စောင့်ကြိုနေတဲ့ အန္တရာယ်တွေကို အာရုံခံပြီး နိမိတ်ဖတ်ဖို့ ကြိုးစားရင်း စွမ်းအင် ကုန်ခန်းသွားခဲ့တာလား'

ရင်းမုန့်ထျန်း၏ အတွေးတို့အား ယဲ့ချန်သာ ကြားနိုင်ပါက စိတ်ကူးစိတ်သန်း ကောင်းလှသောကြောင့် ဝတ္ထုရေးဆရာ လုပ်ပါလားဟုပင် တိုက်တွန်းမိပေလိမ့်မည်။ 

မင်းသားရင်းတို့လူစုသည် နောက်ကြောင်းသို့ လှည့်ပြန်ရန် လုံးဝစိတ်ကူး မရှိကြောင်း သေချာပုံပေါ်၍ ယဲ့ချန်လည်း ထပ်မပြောတော့ပေ။ အရှေ့သို့ မျှော်ကြည့်ကာသာ သူ တွေးတောမိသည်။ နတ်သူငယ်အဆင့် အရှင်သခင်များကဲ့သို့ အဆင့်အတန်းမြင့် ပုဂ္ဂိုလ်များပင် ကျောက်စိမ်းမျှော်စင်သို့ လာရောက်ကြသည်။ ဤခရီးလမ်းကို ရှေ့ဆက်ခြင်းက ဉာဏ်ရှိသော လုပ်ရပ်တစ်ခု ဟုတ်၊ မဟုတ်ကိုပင် သူ မဝေခွဲတတ်တော့ပေ။

"အမွေးပွလေး ဝံပုလွေကြီးက ဘာလို့ ရုတ်တရက်ကြီး ထွက်သွားတာလဲ သိလား"

ယဲ့ချန် အမွေးပွလေးအား တီးတိုးမေးလိုက်သည်။

အမွေးပွလေးသည် စိတ်ဝိညာဉ်မှ တစ်ဆင့် ပြန်ဖြေလာ၏။

"မင်းပြောသလိုဆို ငါ့ရဲ့ ဝိညာဉ်စစ်သည်တော်က သူတို့ရဲ့ စိတ်ဝိညာဉ်တွေနဲ့ မတူဘဲ ထူးခြားတယ်ပေါ့။ အဲ့တာကြောင့် ဝံပုလွေကြီးက ကြောက်ပြီး ထွက်ပြေးသွားတာလား၊ အဲ့လိုလား။ ဒါမှမဟုတ် ဝံပုလွေကြီးရဲ့ ခန္ဓာကိုယ်က ဒုက္ခတစ်ခုခု ကြုံနေလို့ ဝံပုလွေကြီးက သူ့ခန္ဓာကိုယ်ဆီ ကတိုက်ကရိုက် ပြန်သွားတယ်လို့ ပြောချင်တာလား"

ယဲ့ချန်သည် ကိစ္စတို့အား စေ့စေ့စပ်စပ် တွေးကြည့်ဖြစ်သည်။

"ငါလည်း ငါ့ရဲ့ဝိညာဉ် စစ်သည်တော်က ထူးခြားတယ်ဆိုတာ သတိထားမိပါတယ်။ လူသားတွေထဲမှာ ငါကလွဲလို့ စိတ်ဝိညာဉ်ကို ကျင့်ကြံနိုင်တဲ့သူ ထပ်မရှိနိုင်လောက်ဘူး ဆိုတော့ နတ်သူငယ်အဆင့် အရှင်သခင်တွေကို အရူးလုပ်ဖို့ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး"

ထို့ကြောင့်လည်း ယဲ့ချန်က သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ဝိညာဉ် အသိအမြင်ဟု ခေါ်တွင်ကာ စိတ်ဝိညာဉ်မှ ရုပ်လုံးပေါ်လာသော အရာကို ဝိညာဉ်စစ်သည်တော်ဟု ခေါ်ဆို သမုတ်ခဲ့ခြင်း ဖြစ်သည်။ ဝိညာဉ်စစ်သည်တော်သည် လူသားစင်စစ်တစ်ယောက်၏ ဇဝနဉာဏ်မှ ရုပ်လုံးပေါ်လာခြင်း ဖြစ်ရာ ကောင်းကင်သားရဲများ၏ စိတ်ဝိညာဉ်နှင့် ကျိန်းသေပေါက် ကွာခြားပေသည်။

မည်သို့ပင်ဆိုစေ ဝံပုလွေကြီး ဆုတ်ခွာသွားသည်က ကောင်းသောအရာ ဖြစ်သည်။ မဟုတ်လျှင် နတ်သူငယ်အဆင့် အရှင်သခင်တစ်ယောက်နှင့် တိုက်ခိုက်ရသည့် ကြောက်မက်ဖွယ် အတွေ့အကြုံမျိုးကို သူ မြည်းစမ်းကြည့်နေရဦးမည်။ ထျန်းချီအဆင့် ၁၀ သို့ တက်လှမ်းပြီးလျှင်ပင် နတ်သူငယ်အဆင့် အရှင်သခင်၏ လက်ထဲ၌ မည်သို့မည်ပုံ သေဆုံးသွားမှန်း မသိလိုက်ရအောင် ဆိုးရွားစွာ သေဆုံးရနိုင်ဖွယ် ရှိသည်။

"မင်းသား .. နောက်ကြောင်း ပြန်လှည့်သင့်ပါတယ်။ တကယ်လို့ မင်းသားသာ တစ်ခုခု ဖြစ်သွားရင် ရင်းပေ့ပြည်နယ်က ပြည်သူတွေ ဘယ်လိုလုပ်ကြပါ့မလဲ"

ကျန့်ဟူသည် ရိုသေလေးစားမှုအပြည့်နှင့် ရင်းမုန့်ထျန်းအား မေးသည်။

"ဟုတ်ပါတယ် မင်းသားက ရင်းပေ့ပြည်နယ် အတွက် မရှိလို့မဖြစ်တဲ့သူပါ။ ကျောက်စိမ်း မျှော်စင်ထဲကို ဝင်ပြီး နိုင်ငံအကျိုးဆောင်ဖို့ကို ကျုပ်တို့တာဝန်ထားပါ။ မင်းသား ပြန်လိုက်ပါဗျာ"

အခြားသော အစောင့်အရှောက်များကပါ ဝင်ရောက် ဖျောင်းဖျလာကြသည်။

ရင်းမုန့်ထျန်းသည် ခိုင်မာစွာ ဆုံးဖြတ်ထားပြီးဟန်နှင့် ခေါင်းသာခါလေသည်။ 

"ငါ ကျိန်းသေသွားမှဖြစ်မှာ။ ကျန့်ဟူ မင်းက မင်းမိသားစုမှာ အကြီးဆုံးသားပဲ။ မင်းကိုစောင့်နေတဲ့ မိဘတွေရှိတယ်၊ ဇနီးရှိတယ်၊ သားသမီးတွေလည်းရှိတယ်။ တကယ် ပြန်သင့်တာက မင်းပါ။ ငါ့အစား ရင်းပေ့ပြည်နယ်က ပြည်သူတွေကို စောင့်ရှောက်ထားပေး"

"မင်းသား.. အရှင်တောင်မပြန်မှတော့ ကျုပ်လည်း မပြန်နိုင်ပါဘူး"

ကျန့်ဟူ၏ အသံမှာ အတန်ငယ် အက်ကွဲလို့နေသည်။

ရင်းမုန့်ထျန်းကား အတော်ပင် ခေါင်းမာသောလူ ဖြစ်သည်။ ယဲ့ချန်သည် သူ့အရှေ့ရှိ မြင်ကွင်းကို အကြည့်လွှဲရင်း မကြာခင်က ကြုံခဲ့ရသော ဝံပုလွေနိုင်ငံတော်မှ ဝံပုလွေကြီးအကြောင်း တွေးနေမိသည်။ မင်ယွမ်ခစားသော မီးခြင်္သေ့ဘုရင်လည်း ကျောက်စိမ်း မျှော်စင်သို့ ရောက်နေကောင်း ရောက်နေလောက်သည်။ ဤနေရာတွင် နတ်သူငယ်အဆင့် အရှင်သခင် ဘယ်လောက်များများ ရှိနေမည်ကို မခန့်မှန်းနိုင်ပေ။ ကျောက်စိမ်း မျှော်စင်သို့ ဆက်သွားကာ စွန့်စားသင့်၊ မစွန့်စားသင့်ကို ယဲ့ချန် အလေးထား တွေးနေခြင်း ဖြစ်သည်။

ရင်းမုန့်ထျန်းသည် ယဲ့ချန်အား လှမ်းကြည့်လာသည်။ လူငယ်လေး၏ မျက်ခုံးနှစ်ဖက်သည် ထိစပ်လုမတတ် စုကြုတ်နေပြီး အမူအရာမှာလည်း တစ်စုံတစ်ရာကို အလေးအနက် တွေးနေပုံရသည်။ 

"အရင်အခေါက်တွေတုန်းက ကျောက်စိမ်း မျှော်စင်ထဲကို ဝင်သွားကြတဲ့ သူတွေထဲမှာ ဘယ်နှစ်ယောက်လောက် အသက်ရှင်လျက် ပြန်ထွက်လာနိုင်လဲ"

ရုတ်တရက် ယဲ့ချန်က ရင်းမုန့်ထျန်းဘက်သို့ လှည့်ကာ မေးသည်။

"ထျန်းချီအဆင့် ၉ တွေဆိုရင် ထောင်ဂဏန်းလောက် အသက်ရှင်လျက် ပြန်ထွက် လာနိုင်တယ်။ ဒါပေမဲ့ ထျန်းချီအဆင့် ၁၀ တွေဆိုရင်တော့ ၁၀ယောက်မှာ တစ်ယောက်လောက်ပဲ ပြန်ထွက်လာနိုင်ကြတယ်"

ရင်းမုန့်ထျန်းသည် ယဲ့ချန်၏ ရုတ်တရက်မေးခွန်းကို နားမလည်စွာဖြင့် ပြန်ဖြေသည်။ 

'နည်းနည်းလေးမှ အဓိပ္ပာယ် ရှိမနေဘူး'

ယဲ့ချန် စိတ်ထဲမှ ရေရွတ်မိသည်။ နတ်သူငယ်အဆင့် အရှင်သခင်တစ်ယောက် လက်တချက် ဝှေ့ယမ်းရုံနှင့်တင် ထျန်းချီအဆင့် ၁၀များစွာကို အသေသတ်ရန် လုံလောက်နေလေပြီ။ သို့ဆိုလျှင် ထိုအသက်ရှင်လျက် ပြန်ထွက်လာနိုင်သူများက နတ်သူငယ်အဆင့် အရှင်သခင်များနှင့် မကြုံဆုံခဲ့ရသည်လော။

နောက်ဆုံးတွင်မှ ယဲ့ချန် အဖြေကို နားလည်သွားပြီး တက်တက်ကြွကြွ ပြန်ဖြစ်သွားရသည်။ ကျောက်စိမ်း မျှော်စင်တွင် အလွှာအထပ်ပေါင်းများစွာ ရှိပြီး အောက်ပိုင်း အလွှာများသည် အပေါ်ယံ အလွှာများထက် အန္တရာယ် ပိုများလေသည်။ နတ်သူငယ်အဆင့် အရှင်သခင်များကဲ့သို့ အဆင့်မြင့် ပုဂ္ဂိုလ်များကတော့ သေချာပေါက် အောက်ဆုံးအလွှာများသို့ တိုက်ရိုက်သွားကြမည်သာ။ ဝိညာဉ် အသိအမြင်ကို သုံးကာ လမ်းကြောင်းအား ကြိုတင်တွက်ချက်ပြီး အောက်ပိုင်း အလွှာများသို့ မသွားသ၍ နတ်သူငယ်အဆင့် အရှင်သခင်များသည် သူတို့ကဲ့သို့ အဆင့်နိမ့်သူများကို အလုပ်ရှုပ်ခံကာ လာသတ်လိမ့်မည် မဟုတ်ပေ။

မကြာသေးခင်က ဝံပုလွေကြီး သူ့ထံသို့ ဆိုက်ဆိုင်မြိုက်မြိုက် ရောက်လာရခြင်းမှာ သူက ဝိညာဉ် အသိအမြင်အား ပတ်ဝန်းကျင်တဝိုက်သို့ ဖြန့်ကြက်လိုက်မိ၍ ဖြစ်သည်။ သူသာ ဝိညာဉ် အသိအမြင်အား သေးငယ်သော အချင်းဝက် အကွာအဝေးအတွင်း သတိနှင့် အသုံးပြုပါက သူတို့တစ်ဖွဲ့လုံး လုံခြုံပေသည်။

ထိုစဉ် လူရိပ်အချို့သည် ယဲ့ချန်တို့အုပ်စုအနီးမှ အလွန်လျင်မြန်စွာ ဖြတ်ကျော်သွားပြီး အမှောင်ထုအတွင်း တိုးဝင်ပျောက်ကွယ် သွားသည်။

လေတိုးသံများသာ ကျန်ရစ်ခဲ့လေသည်။

 “ဒီလူတွေက လေထဲမှာ ဒီလောက်မြန်မြန် လှုပ်ရှားနိုင်ပုံထောက်ရင် အနည်းဆုံး ကောင်းကင်ရန် အဆင့်တွေပဲ ဖြစ်ရမယ်”

ရင်းမုန့်ထျန်း၏ အမူအရာမှာ ပြောင်းလဲ သွားရသည်။ ရှီဝူအင်ပါယာတွင် ကောင်းကင်ရန် အဆင့်ဟူ၍ ဧကရာဇ်မင်ဝူသာ ရှိသော်လည်း ဤနေရာတွင်တော့ ကောင်းကင်ရန် အဆင့်များ တစ်ယောက်မက ရှိနေသည်။

 “တခြားနိုင်ငံတွေက လာတာ ဖြစ်နိုင်တယ်။ နန်မန်နိုင်ငံက လူတချို့ကို ကျုပ်မြင်လိုက်တယ်”

ကျန့်ဟူက ပြောသည်။

 ‘ကျောက်စိမ်းမျှော်စင်က အင်အားကြီးနိုင်ငံတွေက လူတွေကိုတောင် ဆွဲဆောင်နိုင်ပုံပဲ’

ယဲ့ချန် တိတ်တဆိတ် တွေးမိ၏။

"ကျောက်စိမ်းမျှော်စင်မှာ အလွှာ ၉လွှာရှိတယ်။ ကျွန်တော်တို့ လက်ရှိအဆင့်နဲ့ ပထမ ၂လွှာလောက်ကိုပဲ ဝင်သင့်တယ်။ အောက်ပိုင်းအလွှာတွေကို ဆက်သွားဖို့က အန္တရာယ်မကင်းဘူး”

ယဲချန်က အကြံပြုသည်။

 “ဒီလိုဆိုမှတော့ မိတ်ဆွေလေး အကြံပြုတဲ့ အတိုင်း ပထမ ၂လွှာကိုပဲ ဝင်ကြတာပေါ့”

ရင်းမုန့်ထျန်းက သဘောတူလိုက်သည်။ သူတို့အဖွဲ့၏ လက်ရှိခွန်အားနှင့် အောက်ပိုင်း အလွှာများသို့ အတင်းသွားပါက ကိုယ့်သေတွင်းကိုယ် တူးသည်နှင့် မခြားသည်ကို သူလည်းသိပါ၏။ သို့တိုင် ပထမ ၂လွှာသည် လွန်ခဲ့သော အခေါက်တို့က ဘိုးဘေးများ၏ လက်ချက်ဖြင့် မည်သည့် ရတနာပစ္စည်းမှ ကျန်မနေတော့မည်ကို စိုးရိမ်မိသည်။

 “သွားကြရအောင်”

ယဲ့ချန်က ပြောသည်။

ရင်းမုန့်ထျန်းနှင့် ကျန်လူများသည် ယဲ့ချန်ကို ခေါင်းဆောင်အဖြစ် မှတ်ယူထားကြဟန်ဖြင့် အနောက်မှ လိုက်လာကြသည်။

သည်တကြိမ်တွင်တော့ ယဲ့ချန်သည် ဝိညာဉ် အသိအမြင်အား လက်လွတ်စပယ် အသုံးမပြုရဲတော့ပေ။ လမ်းတလျှောက်တွင် ပိတ်ဆို့နေသော စိတ်ဝိညာဉ် တစ်ခုခုကို အာရုံခံမိလျှင် ယဲ့ချန်သည် ခပ်လှမ်းလှမ်းမှ မသိမသာ ခြိမ်းခြောက်ရုံသာ လုပ်ပြီး မသိချင်ယောင်ဆောင်ကာ ခပ်သုတ်သုတ် ထွက်လာခဲ့သည်။

ကြီးကြီးမားမား အန္တရာယ်မျိုးကိုတော့ ထပ်မတွေ့ရတော့ပေ။ သားရဲတချို့နှင့် လမ်းတွင် တွေ့သော်လည်း သူတို့အုပ်စုသည် စွမ်းအင်ချွေတာသည့်အနေနှင့် ရှောင်ကွင်းကာသာ လာခဲ့သည်။

ရုတ်တရက် ဘေးဘက်ရှိ ကျောက်တုံး အစုအပုံများကြားမှ စူးရှသော အသံတစ်ခုနှင့်အတူ ထူးဆန်းသည့် အသွင်အပြင်ဖြင့် ကြောင်တစ်ကောင် ထွက်ပေါ်လာလေသည်။ ၎င်းကြောင်၏ အမွေးတို့သည် ညသန်းခေါင်ယံ ကောင်းကင်ကဲ့သို့ နက်မှောင်နေသည်။ စွမ်းအင်အဆင့်ကမူ ကြက်သွေးရောင်ကောင်းကင်ကျားနှင့် တန်းတူခန့်ရှိမည်ဟု ခန့်မှန်းရသည်။ ၎င်းသည် ချွန်ထက်သော လက်သည်းများ တပြင်ပြင်နှင့် ရွှေရောင်လက်နေသော မျက်လုံးများက ယဲ့ချန်တို့ အုပ်စုကိုကြည့်ကာ မာန်ဖီနေလေသည်။

 “မင်သား သတိထားပါ”

ကျန့်ဟူသည် ရင်းမုန့်ထျန်းအား သတိပေးပြီးသည်နှင့် တပြိုင်နက် ဓားဆွဲထုတ်ကာ ထူးဆန်းသည့် ကြောင်နက်ထံ ပြေးဝင်သွား၏။

ထန်.. 

ကြောင်နက်၏ လက်သည်းများနှင့် ရင်ဆိုင်မိသော် ဓားမှာ ထက်ပိုင်းကျိုး သွားရပြီး ကျန့်ဟူလည်း အနောက်ဘက်သို့ လွင့်ထွက်သွားရသည်။

ရင်းမုန့်ထျန်း၏ အစောင့်အရှောက်များ ထိတ်လန့်သွားကြသည်။ 

ဒီကြောင်နက်က အဆင့်၁၀ သားရဲကြီးဟ..။

 “အားလုံးပဲဂရုစိုက်ကြ.. ဒီကြောင်နက်က အဆင့်၁၀ သားရဲပဲ”

ရင်းမုန့်ထျန်းသည် အနောက်ဘက်သို့ ချက်ချင်းဆုတ်လိုက်ပြီး တော်ဝင် အစောင့်အရှောက် များသည်လည်း တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။

တစ်ဖက်လူတို့၏ ချိန်ရွယ်ထားကြသော ဓားများကြောင့် ကြောင်နက်သည်လည်း ခြိမ်းခြောက် ခံလိုက်ရသည့်နှယ် အနောက်ဘက်သို့ အနည်းငယ် ပြန်ဆုတ်သွားသည်။

အားလုံးနှင့်မတူညီစွာ ကြောင်နက် စတင်ထွက်ပေါ် လာတည်းက ယဲ့ချန်တစ်ယောက် အပျော်ကြီး ပျော်နေခြင်း ဖြစ်သည်။ အဆင့် ၁၀ သားရဲများကို ထိပ်တိုက် ကြုံဆုံတွေ့ရန် ခဲယဉ်းလှသည်။ လျန်ယွင်တောင်တန်း၏ အနက်ရှိုင်းဆုံး နေရာများ၌သာ ရှာတွေ့နိုင်သည်။ ကျောက်စိမ်း မျှော်စင်သို့ လာရာလမ်း တစ်လျှောက်တွင်ပင် အမြင့်ဆုံးမှ အဆင့် ၉ သားရဲများကိုသာ တွေ့ခဲ့ရသေးသည်။ ယဲ့ချန်သည် ဝိညာဉ်စွမ်းအင်ကိုသုံးကာ အဆင့် ၁၀ သားရဲတစ်ကောင်အား ယဉ်ပါးစေနိုင်ဖို့ ကြံရွယ်နေသည်မှာ ကြာလေပြီ။ ယခု ကြောင်နက်၏ ထွက်ပေါ်လာမှုက သူ့အဖို့ စမ်းသပ်ရန် အခွင့်အရေးတစ်ခု ရရှိလာသကဲ့သို့ ရှိသည်။

ထို့ပြင် ကြောင်နက်သည် အဆင့် ၁၀ စဦးဆင့်ပင် မဟုတ်ဘဲ အဆင့် ၁၀ အလယ်အလတ်ဆင့် သားရဲ ဖြစ်သည်။ ယဲ့ချန်သည် စိတ်လှုပ်ရှား ပျော်ရွှင်နေရသည့်တိုင် သတိမပြတ်ဝံ့ပေ။ အကယ်၍ သူ့ဝိညာဉ် စွမ်းအင်သာ အလုပ်မလုပ်ပါက ကြောင်နက်နှင့် တိုက်ပွဲမှာ ခက်ခဲသော တိုက်ပွဲတစ်ခု ဖြစ်လာနိုင်သည်။

***

All Chapters