သားရဲထိန်းချုပ်သူ
Vol. 7 Ch. 89
ယဲ့ချန်သည် ရှေ့သို့ ခြေလှမ်း အနည်းငယ်သာ တိုးရသေးသည်၊ ကြောင်နက်သည် သူ့လမ်းရှေ့၌ ပိတ်ကာ သတိအပြည့်နှင့် အကဲခတ်နေလေသည်။ ယဲ့ချန်ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုကို သတိထားမိ၍ထင့် ကြောင်နက်ထံမှ မသဲမကွဲ မြည်တမ်းသံလေး ထွက်ပေါ်လာသည်။
"ဂါး"
ကြောင်နက်သည် သွားစွယ်များကို ဖြဲလျက် တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် မာန်ဖီ လိုက်သည်။
ယဲ့ချန်သည် ရှေ့သို့ထွက်လာခဲ့တည်းက ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ထားပြီးဖြစ်ကာ ကြောင်နက်၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်ရန် အခွင့်အခါကောင်းအား စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
"သတိထား မိတ်ဆွေလေး။ ဒီကြောင်နက်က အဆင့် ၁၀ သားရဲ"
ရင်းမုန့်ထျန်းက အော်ကာ သတိပေးသည်။ သူသည် ယဲ့ချန် ထိခိုက်မိသွားမည်ကို စိုးရိမ် နေမိသော်လည်း နောက်ပိုင်း ဖြစ်ပျက်လာသည်တို့က သူ့အား ဆွံ့အ သွားစေသည်။
ကြောင်နက်သည် ယဲ့ချန်ရှေ့တွင် လေးဖက်ထောက်လျက် ပြားပြားဝပ်နေပြီး ၎င်း၏ ခေါင်းလောင်းသဏ္ဌာန် ရွှေရောင်မျက်လုံးတို့မှာ အကြောက်တရားဖြင့် ပြည့်နှက်နေသည်။
'အဆင့် ၁၀သားရဲ တစ်ကောင်က ယဲ့ချန်ရှေ့မှာ ဦးညွတ်နေတယ်လား'
ရင်းမုန့်ထျန်းတို့သည် မျက်စိရှေ့တွင် ဖြစ်ပျက်နေသည်တို့အား လက်သင့် မခံနိုင်တော့ သလိုပင် ခံစားလာရသည်။
ကြောင်နက်၏ စိတ်ဝိညာဉ်သည် ကြက်သွေးရောင် ကောင်းကင်ကျားနှင့် မိုးကြိုး တစ္ဆေသစ်နက်တို့၏ စိတ်ဝိညာဉ်ထက် များစွာ ပိုသန်မာသော်လည်း ဤအတောအတွင်း ယဲ့ချန်၏ ဝိညာဉ်စွမ်းအင် တိုးတက်ခဲ့မှုကလည်း မေးခွန်းထုတ်စရာ မဟုတ်ပေ။
ကြောင်နက်သည် လက်သည်းများ ဖွက်ကာ မြေပြင်တွင် ပြားပြားဝပ်နေရင်းမှ အမြီးလေး တထောင်ထောင်ဖြင့် ယဲ့ချန် စိတ်ကျေနပ်မှုရစေရန် ကြိုးပမ်းနေသည့်နှယ် ရှိသည်။
ရင်းမုန့်ထျန်းတို့ အုပ်စုကမူ ထိုမြင်ကွင်းအား ပြောစရာ စကားမဲ့စွာသာ ကြည့်နေမိကြသည်။ လွန်ခဲ့သော မိနစ်ပိုင်းကအထိ ရိုင်းစိုင်းကြမ်းကြုတ်ဟန်ဖြင့် ရှိနေခဲ့သော သားရဲကောင်သည် ခဏချင်းအတွင်း ဤမျှ ယဉ်ပါးသွားသည်မှာ ယုံကြည်ရန်ခက်ခဲလှသည်။ ထိုသို့သော ဖြစ်ရပ်မျိုးကို သူတို့တစ်သက် တခါမျှ မကြားဖူးချေ။
အစောင့်အရှောက်များထဲမှ တစ်ယောက်က ဒဏ်ရာရထားသော ကျန့်ဟူကို ကူတွဲပေးထားသည်။ ကြောင်နက်ထံမှ လောလောလတ်လတ် အရိုက်ခံထားရသော ကျန့်ဟူ၏ အမူအရာသည်လည်း ကျန်လူများကဲ့သို့ ထပ်တူညီသည်။ ပြောရလျှင် သူသည် ကြောင်နက်နှင့် ထိပ်တိုက်ရင်ဆိုင်ဖူးရာ ကြောင်နက် မည်မျှ အစွမ်းထက်ကြောင်း အခြားသူများထက် ပိုသိသည်။ အဆင့် ၁၀သားရဲတစ်ကောင်က လူသား တစ်ယောက်ထံ ဦးညွှတ်နေသည်မှာ အဓိပ္ပာယ် မရှိလှပေ။ ယဲ့ချန်က ရန်အဆင့် တစ်ယောက်ဆိုလည်း ထားတော့၊ ယခုကား ယဲ့ချန်သည် ရန်အဆင့် ဟုတ်မနေသည့် အပြင် ကြောင်နက်လောက်ပင် အစွမ်းမထက်သေးပေ။
ဝိညာဉ်အသိအမြင်ကား အမှန်ပင် မှော်ဆန်လှသည်။ ကြောင်နက်၏ စိတ်ဝိညာဉ်သည် လက်သီးနှစ်ဆုပ်စာ အရွယ်အစားခန့်သာ ရှိရာ ယဲ့ချန်က ဝိညာဉ် အသိအမြင်၏ ဝိညာဉ်စွမ်းအင် အနည်းငယ်ကို သုံး၍ လွယ်လွယ်ကူကူပဲ ဖိနှိပ်လိုက်နိုင်သည်။ သူ့ရှေ့တွင် အမြှီးနှံ့ကာ ကျိုးကျိုးနွံနွံ ရှိနေသော ကြောင်နက်အား ကြည့်၍ ယဲ့ချန် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
အဆင့် ၁၀ သားရဲတစ်ကောင်၏ စွမ်းပကားသည် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ တစ်ယောက်နှင့် ညီမျှသည်။
ကျောက်စိမ်း မျှော်စင်ထဲမှ ပြန်ထွက် လာနိုင်ခဲ့လျှင် ယဲ့မိသားစုသည် အဆင့် ၁၀ သားရဲ တစ်ကောင်၏ အထောက်အပံ့ဖြင့် တုန်းလင်ပြည်နယ်အနှံ့ လွှမ်းမိုး နိုင်ပေတော့မည်။
ထိုသို့အတွေးနှင့် ယဲ့ချန် ပိုလို့ စိတ်ကြည်ရွှင် သွားရပြီး ကြောင်နက်ထံသို့ သွားကာ ဦးခေါင်းအား ပွတ်သပ် ပေးလိုက်သည်။
"မင်းက အဆင့် ၁၀သားရဲဆိုတော့ ပိုပြီးအစွမ်ထက်မှာပေမဲ့ ကိစ္စတွေကို အခုတည်းက ရှင်းရှင်းလင်းလင်း ပြောထားရဦးမယ်။ မင်းအရှေ့မှာ အားဖန် ၁ နဲ့ အားဖန် ၂ ဆိုတဲ့ စီနီယာ နှစ်ယောက် ရှိသေးတယ်။ ဒါကြောင့် မင်းက အခုကစပြီး အားဖန် ၃ပဲ.. ဟုတ်ပြီလား"
ကြောင်နက်သည် ယဲ့ချန်ပြောသမျှကို အကြွင်းမဲ့ လက်ခံဟန်ဖြင့် ခေါင်းသာ ညိတ်နေတော့သည်။
ယဲ့ချန်လည်း ကြောင်နက်၏ တုံ့ပြန်မှုကို စိတ်ကျေနပ်သွားပြီး အဆင့်မြင့် ဝိညာဉ်ဆေးလုံး တစ်လုံး ထုတ်ကျွေးလိုက်သည်။ ထိုဝိညာဉ် ဆေးလုံးများသည် မင်ယွမ့်သခင်ထံမှ လက်ဆောင်အဖြစ် ရရှိခဲ့သော ဆေးလုံးများဖြစ်ရာ နှယ်နှယ်ရရ မဟုတ်ကြပေ။ အဆင့်မြင့် ဆေးလုံးများ ဖြစ်သည်။ အဆင့် ၁၀ သားရဲတစ်ကောင်၏ အသိဉာဏ်သည် အသက် ၇နှစ်၊ ၈နှစ်အရွယ် လူသားကလေး တစ်ယောက်နှင့် ညီမျှသည်။ ၎င်း၏ တဘဝလုံးတွင် တခါမျှ မမြည်းစမ်းဖူးသော အဆင့်မြင့် ဝိညာဉ်ဆေးလုံး တစ်လုံးကို ယဲ့ချန်က ပေးလာသောအခါ ယဲ့ချန်အပေါ် ထားရှိသည့် သဘောထားမှာလည်း ပိုမိုကောင်းမွန်သွားကာ အကြွင်းမဲ့ သစ္စာရှိသွားတော့သည်။
ယဲ့ချန်နှင့် ကြောင်နက်တို့၏ အပေးအယူမျှနေပုံကို ကြည့်ကာ ကြောက်တောက်တောက် ဖြစ်နေကြဆဲ ရင်းမုန့်ထျန်းတို့ အုပ်စု နောက်တကြိမ် ဆွံ့အသွားကြရသည်။ ယဲ့ချန်ဟူသော လူငယ်လေးသည် သားရဲ ဘာသာစကားကို တတ်ကျွမ်းထားသူ၊ သို့မဟုတ် သားရဲများကို ယဉ်ပါးစေနိုင်သည့် အထူးပညာရပ် တစ်ခုခုကို တတ်ကျွမ်းထားသူဟုပင် စတင်တွေးတော မိလာကြသည်။ ထိုသို့သောလူမျိုးကို သူတို့ဘဝတွင် ကြုံတွေ့ရခြင်းကပင် အလွန်အံ့ဩဖွယ်ရာ ဖြစ်နေလေပြီ။
ရုတ်တရက် ရင်းမုန့်ထျန်းသည် ရှီဝူအင်ပါယာနှင့် အလွန်ဝေးကွာသည့် ဗဟိုအင်ပါယာ ဆိုသည့် နေရာတွင် နေထိုင်ကြသော သားရဲထိန်းချုပ်သူများ၏ ဒဏ္ဍာရီကို အမှတ်ရသွားသည်။ ထိုဗဟိုအင်ပါယာ၏ အင်အားသည် ရှီဝူအင်ပါယာရှိ အဓိကဂိုဏ်းကြီးသုံးခု၏ စုပေါင်း အင်အားထက်ပင် ပိုကြီးမားသည်ဟု သူ ကြားဖူးသည်။ သားရဲ ထိန်းချုပ်သူများသည် သားရဲများကို အလွယ်တကူ ထိန်းချုပ်ကာ ယဉ်ပါးစေပြီး သူတို့အတွက် တိုက်ခိုက်ပေးရန် စေခိုင်းနိုင်ကြသည်။ လူငယ်လေး ယဲ့ချန်သည်လည်း သားရဲ ထိန်းချုပ်သူများထဲမှ တစ်ယောက်ပေလော။
မည်သို့ပင်ဆိုစေ ထိုအကြောင်းအရာတို့သည် ရင်းမုန့်ထျန်း၏ မှန်းဆမှု သက်သက်သာ ဖြစ်ပြီး တစ်ပါးသူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မေးမြန်းရန်လည်း မသင့်လေရာ ရင်းမုန့်ထျန်းသည် ယဲ့ချန်အား ဘာမှ မမေးဖြစ်တော့ပေ။
"မင်းသားရင်း ခရီးဆက်ကြစို့"
ယဲ့ချန်သည် ပြုံးလျက် ဆိုလာသည်။ အဆင့် ၁၀သားရဲတစ်ကောင်ကို ယဉ်ပါး စေနိုင်လိုက်သည့် အတွက် သူ့စိတ်အခြေအနေမှာ မူလကထက် ပိုမိုကောင်းမွန်လာသည်။
ယဲ့ချန်အမိန့်ပေးလိုက်သည်နှင့် ကြောင်နက်သည် ရင်ကော့ ခေါင်းမော့လျက် လူအုပ်ထဲတွင် ဝင်တန်းစီ လေသည်။ ကြောင်နက်၏ ကြီးမားလှသော ခန္ဓာကိုယ်သည် ကီလိုဂရမ် ၅၀၀၊ ၆၀၀ ခန့် လေးမည့်ပုံပေါ်ပြီး ကြည့်လိုက်ရုံနှင့်တင် ကြက်သီးထစေသည်။
မင်းသားရင်းနှင့် သူ့လူများသည် ကြောင်နက်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောလိုကြသော်လည်း အဆုံးတွင်တော့ ဘာမှမပြောဖြစ်ကြတော့။ သူတို့က ကြောင်နက်အား ကြောက်ရွံ့နေကြဆဲ ဖြစ်ကာ သတိမထားမိသော တချိန်ချိန်၌ အနှီကြောင်နက်က အလစ်အငိုက် တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြသည့် အတွက် အကွာအဝေးတစ်ခုခြားပြီး လျှောက်လာကြသည်။
လမ်းခရီးတွင် သားရဲအများစုသည် ကြောင်နက်၏ အငွေ့အသက်ကို ရသည်နှင့် ရှောင်ရှား သွားကြသောကြောင့် သူတို့အုပ်စုမှာ အနှောင့်အယှက် ကင်းကင်းဖြင့် သွားလာနိုင်ကြသည်။
"တကယ်လို့ ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင် ကျောက်စိမ်းမျှော်စင်ရဲ့ တံခါးတွေက ဒီနေ့ပဲ ပွင့်လိမ့်မယ်"
ရင်းမုန့်ထျန်းသည် သူ့လက်ထဲတွင် ကိုင်ထားသော နာရီကဲ့သို့ မှန်ပြားတစ်ချပ်ကို ကြည့်ကာ ဆိုသည်။
"ရှေ့နားမှာ မြေကွက်လပ် အကြီးကြီး ရှိတယ်။ လူတွေအများကြီးက ကျောက်စိမ်း မျှော်စင်ထဲကိုဝင်ဖို့ အလုအယက် ကြိုးစားကြမှာ သေချာသလောက်ပဲ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ နည်းနည်းလောက် နောက်ကျပြီးမှ သွားတာက ပိုအဆင်ပြေလိမ့်မယ်"
ယဲ့ချန်က အကြံပြုသည်။ နတ်သူငယ်အဆင့် အရှင်သခင်များ အပါအဝင် ရန်အဆင့် ကျင့်ကြံသူများသည် ကျောက်စိမ်းမျှော်စင်၏ တံခါးများ စဖွင့်သည့် အချိန်တွင်ပဲ အောက်ဆုံး အလွှာများသို့ အလုအယက် တိုက်ရိုက်ဝင်ကြမှာ သေချာပေသည်။ ထိုအချိန်ကား တိုက်ပွဲဖြစ်ရန် သွေးအဆူဆုံး အချိန် ဖြစ်သည်။ သူတို့လို ကျင့်ကြံ ဆင့်နိမ့်သူများအတွက် အဆင့်မြင့်ပုဂ္ဂိုလ်များ၏ တိုက်ပွဲထဲတွင် ပါဝင်ခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေသည်နှင့် မခြားပေ။
ဘုန်း.. ဘုန်း..
ကျယ်လောင်သော ပေါက်ကွဲမှုတစ်ခု၏ နောက်ဆက်တွဲ တုန်ခါသံများသည် အရှေ့ ခပ်လှမ်းလှမ်းနေရာဘက်မှ ထွက်ပေါ်လာသည်။ ဥမင်လိုဏ်ခေါင်း၏ လမ်းကြောင်းတစ်ခုလုံး တုန်ခါသွားကာ ကျောက်တုံးများပင် မျက်နှာကျက်မှ ပြုတ်ကျလာသည်။
"ဘာတွေဖြစ်နေတာလဲ"
ရင်းမုန့်ထျန်းသည် ယိုင်သွားသော ခန္ဓာကိုယ်ကို ထိန်းရင်း ရေရွတ်လိုက်သည်။ သူ့မျက်နှာ အမူအရာမှာ ပျက်ယွင်းနေလေသည်။
"ငလျင်လား"
ကျန့်ဟူသည်လည်း ထိတ်လန့်စွာဖြင့် ဆို၏။
သူတို့ရောက်နေသည်ကား ပေပေါင်းများစွာနက်သော မြေအောက်ဥမင်ထဲတွင် ဖြစ်သည်။ ငလျင်သာ တကယ်လှုပ်ခဲ့ပါက သူတို့အားလုံး မြေအောက်တွင် အရှင်လတ်လတ် မြှုပ်နှံခံရဖို့သာ ရှိသည်။ လွတ်လမ်းမရှိပေ။
"ငလျင်မဟုတ်ဘူး။ ရှေ့နားမှာ တိုက်ပွဲဖြစ်နေတာ"
ယဲ့ချန်သည် အတည်အတံ့ ဆိုလိုက်၏။ သူ့မျက်လုံးများက အရှေ့ဘက်သို့သာ စူးစိုက် ကြည့်နေသည်။ ကျင့်ကြံဆင့်မြင့် သူများ၏ တိုက်ပွဲကား အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းသည်။
ရင်းမုန့်ထျန်းတို့သည် ကြားလိုက်ရသည်ကိုပင် မယုံနိုင်ကြ။ ဘယ်အဆင့်က ပုဂ္ဂိုလ်တွေရဲ့ တိုက်ပွဲကများ ဒီလောက်ထိ ကြောက်ဖို့ကောင်းရသည်လဲ။
ယဲ့ချန်သည် အရှေ့တွင်ဖြစ်နေသော တိုက်ပွဲ၏ အခြေအနေကို ဝိညာဉ် အသိအမြင်ဖြင့် ထောက်လှမ်း လိုသော်ငြား နတ်သူငယ်အဆင့် အရှင်သခင်များ၏ အာရုံကို ဆွဲဆောင်မိသလို ဖြစ်သွားမှာကိုလည်း စိုးရသည်။
သူတို့အုပ်စုသည် ထိုနေရာ၌ သုံးနာရီခန့် ကြာအောင် ရပ်နေခဲ့ကြသည်။ တိုက်ပွဲ ဖြစ်ရာနေရာမှ ပေါက်ကွဲသံများမှာ တဖြည်းဖြည်း တိုးသွားပြီး သူတို့နေရာနှင့် ဝေးသွားကြသည်။
မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန် ယဲ့ချန်သည် ကြောင်နက်ကို ရှေ့သို့စေလွှတ်ပြီး စစ်ဆေးခိုင်းပြီးမှ ပြောသည်။
"အဆင့်မြင့်ပုဂ္ဂိုလ်တွေအားလုံး ကျောက်စိမ်းမျှော်စင်ထဲကို ဝင်သွားကြပြီ။ ကျွန်တော်တို့ သွားကြစို့"
ယဲ့ချန်တို့အုပ်စုသည် အမြန်ဆုံးအရှိန်ဖြင့် ရှေ့သို့ ပြေးသွားလိုက်ကြသည်။ နှစ်မီတာ၊ သုံးမီတာခန့် ပြေးသွားပြီးချိန်တွင် တွေ့လိုက်ရသောမြင်ကွင်းကား သူတို့ စိတ်ကူးထားသည်ထက် ကျော်လွန်နေ၏။ မရေမတွက်နိုင်သော အလောင်းများသည် မြေပြင်ထက်တွင် ပြန့်ကျဲလျက်ရှိနေပြီး လူသား အလောင်းများသာမက သားရဲ အလောင်းကောင်များလည်း ပါဝင်သည်။ ရဲရဲနီသော သွေးတို့သည် စမ်းချောင်းငယ်လေး သဖွယ် စုပြုံစီးဆင်းနေပြီး လေထုထဲတွင် ပြင်းထန်လှသော သွေးနံ့က မွှန်လို့နေကာ အဆိပ်သင့်နေသည့် လေထုနှယ် ထင်မှတ်ရသည်။ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ထားသော အရိပ်အမြွက်အနေနှင့် မြေပြင်တွင် ကြီးမားသည့် တွင်းပေါက်ကြီးများ ရှိနေ၏။
တကယ်ကိုပဲ ဘယ်လိုအနှိုင်းမဲ့တဲ့ စွမ်းအားမျိုးကများ ဒီလောက်ကြီးတဲ့ တွင်းပေါက်ကြီးတွေ ဖြစ်ရလောက်အောင် ကြီးမားရတာလဲလေ။
***