ထျန်းယွမ်
Vol. 7 Ch. 90
တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ဖူးသူများ ဖြစ်သည့်တိုင် ထိုမြင်ကွင်းကြောင့် ရင်းမုန့်ထျန်း၊ ကျန့်ဟူနှင့် အခြား အစောင့်အရှောက်များမှာ ကြောက်လန့် မိကြသည်။ သေဆုံး နေကြသူများထဲတွင် ထျန်းချီအဆင့် ၉ ကျင့်ကြံသူများသာမက အဆင့် ၁၀များပါ ပါဝင်သည်။
ကျောက်စိမ်း မျှော်စင်ထဲသို့ပင် မဝင်ရသေးခင် လူအများအပြားမှာ သေဆုံးကြရလေပြီ။
အလောင်းကောင်များကို ကျော်လွန်၍ ဆက်သွားလျှင် ဧရာမလိုဏ်ဂူကြီးတစ်ခုကို တွေ့ရမည် ဖြစ်သည်။ လိုဏ်ဂူ၏အဝသည် ၅ မီတာမြင့်ပြီး ၁၀ မီတာထက်မနည်း ကျယ်ပေသည်။ လိုဏ်ဂူထက်တွင် ကြီးမားသော စာလုံးကြီးလေးလုံးကို ရှေးဟောင်း ဘာသာစကားဖြင့် ထွင်းထု ထားသည်။
“နစ်မြုပ်နေသော ကျောက်စိမ်းမျှော်စင်” (ချန်းမော့ယွီထာ)
“မင်းသား ကျုပ်တို့ အပြင်ဘက်မှာ စွမ်းအင်လုံး အရင်စုမလား။ ဒါမှမဟုတ် ကျောက်စိမ်း မျှော်စင်ထဲကိုပဲ တန်းဝင်ကြမလား”
ကျန့်ဟူသည် ရင်းမုန့်ထျန်းအား မေးလာ၏။
“မိတ်ဆွေလေးရော ဘယ်လိုလုပ်ချင်လဲ”
ရင်းမုန့်ထျန်းက ယဲ့ချန်အား တစ်ဆင့်ပြန်မေးသည်။
“စွမ်းအင်လုံးတွေကို အရင်စုလိုက်ပါ”
ယဲ့ချန်သည် လိုဏ်ဂူဝထက်တွင် ရေးထွင်းထားသော စာလုံးလေးလုံးကိုသာ မမှိတ်မသုန် စိုက်ကြည့်ရင်း ပြောလိုက်သည်။ ‘ချန်းမော့ယွီထာ’ ဟူသော စာလုံးလေးလုံးတွင် ရှေးကျသော စွမ်းအင်တို့ ပါဝင်နေသည်။ ထိုစာလုံးတို့ကို ကြည့်နေရင်း ယဲ့ချန်ကိုယ်ထဲရှိ ကြယ်တာရာဘုံ ကိုးလွှာ၏ စွမ်းအင်များ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။
ထိုစာလုံးလေးလုံးတွင် ရှေးကျသော စကြဝဠာ၏ ဥပဒေသများ ကိန်းဝပ်နေသယောင် ခံစားရသည်။ ကြည့်နေရင်းနှင့်မှ ယဲ့ချန်၏အမြင်တို့ ဝေဝါးလာကာ လူကလည်း ထုံထိုင်းလာ၏။ သူသည် လိုဏ်ဂူဝရှေ့တွင် မတ်တတ် ရပ်နေသည့် အချိန်တွင်ပဲ ထူးခြား ဆန်းကြယ်သည့် အခြားနယ်ပယ် တစ်ခုထဲသို့ ရွှေ့ပြောင်းခံလိုက်ရသလို ခံစားရသည်။
နေရာ၌ မလှုပ်မယှက်ရပ်ကာ တနေရာသို့ ကြည့်နေသော ယဲ့ချန်ကြောင့် ရင်းမုန့်ထျန်း သည်လည်း ယဲ့ချန်ကြည့်နေရာသို့ လိုက်ကြည့်မိလျှင် လိုဏ်ဂူဝတွင် ရေးထွင်းထားသော စာလုံးလေးလုံးကို မြင်လိုက်ရသည်။ သို့သော် ထိုစာလုံးလေးလုံးထံမှ မနှစ်မြို့ဖွယ် တစ်မျိုးတမည် ထူးသော ခံစားချက်ကြီးကိုရ၍ ဆက်မကြည့်ဖြစ်တော့ပေ။
အလွန်ဈာန်ဝင် နေဟန်ဖြင့် ထိုစာလုံးလေးလုံးအား မမှိတ်မသုန် ကြည့်နေသော ယဲ့ချန်ကို ကြည့်ကာ ရင်းမုန့်ထျန်း မနေနိုင်ဘဲ တွေးမိပြန်သည်။
‘ဒီလူငယ်လေးက လက်ရေးလှ ပညာရှင်လည်း လုပ်သေးတာလား’
ကျင့်ကြံခြင်းမှာလည်း ထူးချွန်တဲ့အပြင် စာပေကိုလည်း လိုက်စားတယ်။ တကယ်ကို ရှားမှရှားတဲ့ ပါရမီရှင်လေးပဲ။
ရင်းမုန့်ထျန်းသည် သူ့အတွေးနှင့်သူ ဟုတ်နေပြီး ယဲ့ချန်အပေါ် ယခင်ကထက် ပို၍ လေးစားစွာ ကြည့်နေလေသည်။
ထိုအချိန်တွင် မင်းသားရင်းအိမ်တော်မှ တော်ဝင် အစောင့်အရှောက်များ ကမူ သားရဲ အလောင်းကောင်များ၏ စွမ်းအင်လုံးတို့ကို ထုတ်ယူရင်း အလုပ်ရှုပ်နေကြသည်။
ယဲ့ချန်သည် စာလုံးလေးလုံးကိုသာ ဆက်လက် စူးစိုက်ကြည့်နေပြီး သူ၏ ဝိညာဉ်က အချိန်နှင့် အာကာသကို ဖြတ်သန်းကာ တနေရာသို့ ကျော်ဖြတ် သွားလာနေသလို ခံစားနေရသည်။ တချိန်တည်းတွင်ပဲ သူ၏ဝိညာဉ် စစ်သည်တော်သည် ပိုမိုသန်မာလာပြီး ဝိညာဉ် အသိအမြင်၏ စွမ်းအင်များသည်လည်း တိုးတက်လာနေသည်။
“စိတ်ဝင်စားစရာ ကောင်းတဲ့ ကောင်လေးပဲ။ စာလုံးလေးလုံးရဲ့ နောက်ကွယ်က ဖုံးကွယ်ထားတဲ့ အဓိပ္ပာယ်ကို မြင်နိုင်တယ်”
ဘယ်ကမှန်း မသိရသော အက်ကွဲကွဲ ယောကျ်ားသံတသံက ယဲ့ချန်နားထဲသို့ ရောက်ရှိ လာသည်။
ယဲ့ချန် ဘေးပတ်လည်သို့ မော့ကြည့်မိလျှင် ရွှေရောင် ချပ်ဝတ်တန်ဆာများ ဆင်ယင် ထားသည့် သက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး လေထဲတွင် ရပ်နေသည်ကို မြင်ရသည်။ အမျိုးသား၏ မျက်နှာသွင်ပြင်သည် ခန့်ခန့်ညားညားဖြင့် သန်မာပုံပေါ်ပြီး ခြုံပြောရလျှင် ဩဇာတိက္ကမနှင့် ပြည့်စုံသည့် စစ်သူကြီးတစ်ဦး၏ အရှိန်အဝါတို့ ဖြာထွက်နေသည်။
ယဲ့ချန်သည် အံ့ဩသွားရပြီး လေးစားမှု အပြည့်နှင့် မေးကြည့်မိသည်။
“ဒီကဆရာကြီးက ကျောက်စိမ်းမျှော်စင်ကို ချိပ်ပိတ်ခဲ့တဲ့ ဒဏ္ဍာရီထဲက ရှေးကျင့်ကြံ သူများလား”
“ဒဏ္ဍာရီထဲက ရှေးကျင့်ကြံသူတဲ့လား”
အမျိုးသားသည် ယဲ့ချန်အမေးကြောင့် ခပ်တိုးတိုး ရယ်လေသည်။
“လူအိုကြီး တစ်ယောက်ဆိုရင် ပိုမှန်ပါလိမ့်မယ်”
“ကျွန်တော် ဆရာကြီးအကြောင်း ကြားဖူးတယ်”
ယဲ့ချန် အလွန်လှိုက်လှဲစွာဖြင့် ပြောမိသည်။ သူ တကယ်ကို စိတ်လှုပ်ရှားနေမိတာ ဖြစ်သည်။ ကျောက်စိမ်းမျှော်စင်ကို ချိပ်ပိတ်နိုင်ခဲ့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့ ရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
“မင်းရဲ့ အသိစိတ် ပင်လယ်ထဲကဓားကမှ တကယ်ကို ရှေးကျပြီး အဖိုးတန်တဲ့ ရတနာပါ။ အဲဒါနဲ့ယှဉ်ရင် ကျောက်စိမ်း မျှော်စင်ဆိုတာ ဘာမှမဟုတ်ပါဘူး။ အဲဒီဓားကို ဘယ်မြင့်မြတ်လှတဲ့ ဘိုးဘေးက ချန်ထားရစ်ခဲ့လဲ မသိပေမဲ့ ငါ့မှာသာ အဲဒီဓားရဲ့ အစွမ်းအစ ဆယ်ပုံတစ်ပုံလောက်ရှိရင် မင်းပြောသလိုမျိုး ဒဏ္ဍာရီလာ ရှေးကျင့်ကြံသူလို့ သတ်မှတ်ကောင်း သတ်မှတ်နိုင်မှာပါ။ အဲဒီဓားက မင်းအသက်နဲ့ ပေါင်းစည်း ချည်နှောင်ထားပြီး မင်းရဲ့ အသိစိတ်ပင်လယ်ထဲမှာ ကုပ်တွယ်ထားတာပဲ။ ဘယ်လောက်တောင် ဆန်းကြယ်လိုက်သလဲလို့လေ”
အမျိုးသား၏ စကားကြောင့် ယဲ့ချန် ခဏမျှ မှင်တက် သွားရသည်။ ပီရှို့ (အသိစိတ်ထဲရှိဓား) ၏ မူလပိုင်ရှင်သည် အလွန်အစွမ်းထက် လောက်ပေသည်။ ကျောက်စိမ်းမျှော်စင်ကို ချပ်ပိတ်ခဲ့သော ဆရာကြီးကပင် မယှဉ်သာဟု ဆိုသည်။ ယဲ့ချန်သည်လည်း ပီရှို့ထံမှ ထျန်းချီများ၏ ထူးခြားမှုနှင့် ကြယ်တာရာဘုံကိုးလွှာ၏ ပြိုင်ဘက်ကင်း အရည်အသွေးတို့ကြောင့် ပီရှို့၏ မူလပိုင်ရှင်အကြောင်း သိလိုစိတ် ဖြစ်မိသည်။
ယဲ့ချန်၏အတွေးတို့ကို ဖတ်နိုင်သည့်အလား အမျိုးသားက ဆက်ပြောလာသည်။
“မင်းအခုမြင်နေရတာက ငါ ချန်ထားရစ်ခဲ့တဲ့ အသိစိတ်အပိုင်းအစတစ်ခုပဲ။ မင်းက ငါ့ရဲ့ ပဟေဠိကို ဖြည်နိုင်တယ် ဆိုမှတော့ ဒါက ငါတို့ကြားက ရေစက်ပဲလို့ ယူဆပြီး မင်းကို လက်ဆောင်တစ်ခု ပေးမယ်။ လက်ဆောင်ရပြီးရင် မင်းအနေနဲ့ ကျောက်စိမ်း မျှော်စင်ထဲကို ဆန္ဒရှိသလို ဝင်ထွက်နိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ကျင့်ကြံဆင့်က လုံလောက်အောင် သန်မာလာတဲ့ တစ်နေ့ကျရင် ကျောက်စိမ်းမျှော်စင်ကို ချိပ်ပိတ်ထားတဲ့ စည်းတံဆိပ်ကို ပြန်ပြုပြင်ပေးရမယ်။ ဘယ်လိုသဘောရလဲ”
ဆိုလိုတာက ကျောက်စိမ်း မျှော်စင်ကလည်း သူ့အပိုင်ဖြစ်လာမယ်လို့လား..။
ယဲ့ချန် မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့် အမျိုးသားအား ပြန်ကြည့်နေမိသည်။ ကျောက်စိမ်း မျှော်စင်အား ပိုင်ဆိုင်ရမည့်အပြင် ဆန္ဒရှိသလို ဝင်ထွက်သွားလာနိုင်ပြီး မည်သည့် စည်းမျဉ်းစည်းကမ်း တို့ကမှ သူ့အပေါ် သက်ရောက်လိမ့်မည် မဟုတ်။ ဤကမ်းလှမ်းချက်ကား အလွန် ဆွဲဆောင်အား ပြင်းလှသည်။
“ကျောက်စိမ်းမျှော်စင်က တောင်တန်းတွေရဲ့ မြေလွှာအဆီအနှစ်တွေ ကနေ ဖြစ်ပေါ် လာတယ်။ မျှော်စင်မှာ အလွှာကိုးလွှာ ရှိပြီး အလွှာတလွှာက မီတာရာနဲ့ချီပြီး ကျယ်ဝန်းတယ်။ အလွှာတစ်ခုချင်းစီရဲ့ နယ်မြေတွေက ကွဲပြားပြီး လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးနိုင်တဲ့ ပစ္စည်းတွေအများကြီး ရှိနေတယ်။ အထဲမှာ ငါကိုယ်တိုင်တောင် မရနိုင်ခဲ့တဲ့ ရတနာ ပစ္စည်းတွေလည်း ရှိသေးတယ်။ ဒါက ပြောရရင် မင်းရဲ့အသိစိတ် ပင်လယ်ထဲက ဓားနဲ့တော့ မယှဉ်နိုင်ပေမဲ့ ရှားပါးတဲ့ ရတနာပါပဲ”
“ကျေးဇူးပါ ဆရာကြီး”
ယဲ့ချန်သည် လက်နှစ်ဖက်ကို ဆုပ်ကာ တလေးတစား ပြောလိုက်သည်။
“နေပါဦး.. စိတ်လှုပ်ရှားတာ မစောပါနဲ့ဦး။ တကယ်တော့ ကျောက်စိမ်းမျှော်စင်ရဲ့ စည်းတံဆိပ်ကို ပြုပြင်နိုင်ဖို့က လွယ်တာတော့ မဟုတ်ဘူး။ မင်းရဲ့ ကံကောင်းမှုနဲ့လည်း သက်ဆိုင်သေးတယ်လို့ ငါထင်တယ်”
အမျိုးသားက ခပ်တည်တည် အမူအရာနှင့် ဆိုသည်။
“ကြီးမားတဲ့ အန္တရာယ်တွေနဲ့ ပိုပြီးကြီးမားတဲ့ လျှို့ဝှက်ချက်တွေ ကျောက်စိမ်း မျှော်စင်ထဲမှာ ရှိနေတယ်။ အပေါ်ယံ အလွှာတွေ အပြင် အဲဒီမှာ လမ်းကြောင်း အသေးလေးတွေ ၇,၃၈၁ ခုတောင် ရှိနေသေးတယ်။ လမ်းကြောင်း တစ်ခုချင်းစီတိုင်းမှာ မရေမတွက်နိုင်တဲ့ ကြောက်မက်ဖွယ် သားရဲကြီးတွေ စောင့်ကြပ်နေကြတယ်။ တကယ်လို့ မင်းရဲ့စွမ်းအားက လုံလုံလောက်လောက် မသန်မာသေးရင် အဲဒီအရာတွေနဲ့ ဝေးဝေးနေဖို့ သတိပေးချင်တယ်။ မဟုတ်ရင် မင်းရဲ့ အားထုတ်မှုတွေ အားလုံး အချည်းနှီးဖြစ်ရမှာ စိုးလို့ပါ”
"ကျွန်တော် မှတ်သားထားပါ့မယ်”
ယဲ့ချန်သည် အမျိုးသား၏ စကားတို့ကြောင့် အလွန်အံ့အားသင့် ရပေသည်။ ထို့ပြင် ကျောက်စိမ်း မျှော်စင်၏ ဇစ်မြစ်နှင့် အထဲတွင် ရှိနေမည့် အရာများအကြောင်း ပို၍ သိချင်လာရသည်။
“ဟားဟား.. ဟုတ်ပါပြီ။ ကံတရားက မင်းကို မျက်နှာသာပေးပါစေကွာ”
အမျိုးသားသည် ခြောက်ကပ်ကပ် ရယ်မော လိုက်ပြီးနောက် အသံမှာ ယဲ့ချန်နားထဲမှာ ဝေ၍ဝေးကာ သွားတော့သည်။
“ကျေးဇူးပြုပြီး ဆရာကြီးရဲ့နာမည်ကို ပြောခဲ့ပါဦး”
“နာမည်တွေက တကယ်တော့ စာလုံးတွေ သက်သက်ပါပဲ။ ငါ့ရဲ့နာမည်အစစ်ကိုတောင် မေ့နေခဲ့တာ ကြာပါပြီ။ လူတွေကတော့ ငါ့ကို ထျန်းယွမ်လို့ ခေါ်ကြတယ်”
နောက်ဆုံးစကား တစ်ခွန်းနှင့်အတူ ထျန်းယွမ်ဟူသော အမျိုးသားသည် လေထဲတွင် ရပ်နေရာမှ လုံးလုံးလျားလျား ပျောက်ကွယ် သွားတော့သည်။
ထိုအခါမှ ယဲ့ချန်၏ စိတ်အစဉ်သည်လည်း လက်တွေ့ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာသည်။ သူ့ခေါင်းသည် အတန်ငယ် မူးဝေနေပြီး မတ်မတ်ဆက်ရပ်နိုင်ရန် အတော်လေး ထိန်းထား လိုက်ရသည်။
“အဆင်ပြေရဲ့လား မိတ်ဆွေလေး”
ဘေးနားတွင်ရှိနေသော ရင်းမုန့်ထျန်းက မေးသည်။ ယဲ့ချန်၏ မူမမှန်မှုကို သူ အစတည်းက သတိထားမိသော်လည်း အလိုက်တသိဖြင့် တိတ်တဆိတ် နေပေးခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော် အဆင်ပြေပါတယ်”
ယဲ့ချန်သည် အပြုံးတစ်ခုနှင့် အတူ ခေါင်းယမ်းရင်း ဆိုသည်။ သူ့ခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်လျှင် ထျန်းချီကျင့်ကြံမှု အဆင့်သည် အတန်ငယ် တိုးတက် လာသည်ကို တွေ့ရသည်။ သူသည် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်သို့ ရောက်ရှိရန် ခြေတလှမ်းစာမျှ ပိုနီးကပ်လာခဲ့သည်။ ထျန်းယွမ်နှင့် ကြုံတွေ့ရပြီးနောက် ယဲ့ချန်၏ နားလည် သဘောပေါက်မှု များသည် ကောင်းမွန်စွာ တိုးတက်ခဲ့သည်ဟု ပြောရမည်။ ကျောက်စိမ်း မျှော်စင်သည် မှော်ရတနာပစ္စည်း တစ်ခု ဖြစ်နေလိမ့်မည်ဟု ယဲ့ချန် တခါမှ မတွေးဖူးခဲ့ပေ။ ထျန်းယွမ်၏ ပြောပြချက်များ အရ ကျောက်စိမ်းမျှော်စင်က အလွန်အံ့ဩဖွယ် ကောင်းသည်ကို သိခဲ့ရသည်။ သို့သော် ကျောက်စိမ်းမျှော်စင်၏ စည်းတံဆိပ်အား ပြုပြင်သန့်စင်နိုင်ရန် မည်သည့်ကျင့်ကြံဆင့်အထိ ရောက်အောင် စောင့်ရမည်ကိုတော့ မသေချာလှပေ။ နတ်သူငယ်အဆင့် အရှင်သခင်များနှင့် တန်းတူညီသော အဆင့်တစ်ခုရောက်မှ ပြုပြင်သန့်စင် နိုင်တာလည်း ဖြစ်နိုင်သည်။ သူ၏ လက်ရှိကျင့်ကြံဆင့် အရ ထိုအဆင့်ထိ ရောက်အောင် ကျင့်ကြံရမည်မှာ စိန်ခေါ်မှုကြီးတရပ်ပါပင်။ တနေ့နေ့၌ ကျောက်စိမ်း မျှော်စင်အား ပြုပြင်သန့်စင်နိုင်ရန် အဓိက လိုအပ်ချက်အနေနှင့် သူ ကောင်းကောင်း အသက်ဆက်ရှင် ရပေမည်။
ထျန်းယွမ်၏စကားအရ ပီရှို့၏ တစ်ချိန်က ပိုင်ရှင်သည် ထျန်းယွမ်ထက်ပင် ပိုအစွမ်းထက်သည်ဟု သိရသည်။ သို့ဆိုလျှင် ပီရှို့၌ သူ သိထားသည်ထက် ပိုသော အခြား အထူးစွမ်းရည်များ ရှိနေဦးမလားမသိပေ။
ပီရှို့နှင့် ပတ်သက်၍ ယဲ့ချန်သိသမျှမှာ သန့်စင်သော ထျန်းချီများကို ထုတ်ပေးနိုင်ခြင်းအပြင် ကြယ်တာရာဘုံကိုးလွှာ ကျင့်စဉ်သာ ရှိသည်။
တဖက်၌ ကျန့်ဟူတို့သည် စွမ်းအင်လုံးများ စုဆောင်းနေကြစဉ် ရုတ်တရက် လူရိပ် ၇ခု ထွက်ပေါ် လာလေသည်။ ၎င်းတို့အနက် အရှေ့တွင်ရပ်နေသော နှစ်ယောက်သည် ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့်နှင့် အလယ်အလတ်ဆင့်တို့ ဖြစ်ကြပြီး နောက်၌ရပ်နေသူမှာ ထျန်းချီအဆင့် ၁၀ စဦးဆင့်ဖြစ်ကာ ကျန်လူများကတော့ ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်များ ဖြစ်ကြသည်။
ရှေ့ဘက်တွင် ရပ်နေသူ နှစ်ယောက်ထဲမှ ထည်ဝါသော ဝတ်ရုံရှည်ကို ဆင်မြန်းထားသည့် အသက်ကြီးကြီး လူကြီးသည် နတ်ဆိုးဆန်ဆန် အပြုံးတစ်ခုနှင့်အတူ ယဲ့ချန်နှင့် မင်းသားရင်းတို့ ရှိရာသို့ လျှောက်လာလေသည်။
***