ဝန်ကြီးချုပ် ချိုးယင်း
Vol. 7 Ch. 91
"မတွေ့တာကြာပြီနော် မင်းသားရင်း"
ထိုလူကြီးသည် နှုတ်ဆက်စကားဆိုရင်း ခပ်တိုးတိုး ရယ်လိုက်လျှင် သူ၏ မုတ်ဆိတ်ကြီး များသည် ယိမ်းထိုး လှုပ်ယမ်းသွား၏။ သူ့တွင် နူးညံ့သိမ်မွေ့သော အသွင်အပြင်နှင့် အမြော်အမြင် ကြီးသော ပညာရှိဟန်ပန် ရှိသော်လည်း မျက်လုံးများထဲ၌ တသီးတခြား ဆန်သော အရိပ်အငွေ့တို့က အထင်းသား ရှိနေသည်။
"ဝန်ကြီးချုပ်ချိုးလည်း ကျောက်စိမ်းမျှော်စင်ကို စိတ်ဝင်စားလိမ့်မယ်လို့ ထင်မထားမိဘူး"
ရင်းမုန့်ထျန်းသည် တည်ငြိမ်သော အမူအရာနှင့် ပြန်ပြောလိုက်သော်လည်း သူ့အသံကမူ ခပ်ရင့်ရင့် လေသံမျိုး ဖြစ်နေသည်။
ရင်းမုန့်ထျန်းတို့အုပ်စုနှင့် အတူတကွ ရှိနေခဲ့သည့် အချိန်အတွင်း ယဲ့ချန်သိခဲ့ရသလောက် ရင်းမုန့်ထျန်းသည် ဟန်မဆောင်တတ်သော လူရိုးတစ်ယောက်ဖြစ်သည်။ တစ်ဖက်လူကို မြင်လိုက်ရုံနှင့် ရင်းမုန့်ထျန်း၏ အမူအရာ ပြောင်းသွားပုံအရ သူတို့နှစ်ဦးကြားတွင် ရန်ငြိုးရန်စများ ရှိနေပုံရသည်။
“ငါ့မိသားစုရဲ့ဘိုးဘေးတွေက ရုပ်ပစ္စည်း ပိုင်ဆိုင်မှုကို ဂုဏ်ယူကြတယ်လေ။ ဒါ့ကြောင့် ငါလည်း ရတနာပစ္စည်းတွေ အများကြီးရှိနေတဲ့ ဒီနေရာကိုလာဖို့ ထည့်သွင်း စဉ်းစား ရတော့တာပေါ့”
ဝန်ကြီးချုပ် ‘ချိုးယင်း’ က ပြုံးကာ ပြောသည်။
“လျိုခန်း မင်းလည်းပါလာတာပဲ”
ရင်းမုန့်ထျန်းသည် ဝန်ကြီးချုပ်ချိုး၏ အနောက်ဘက်တွင် ရပ်နေသူကို ကြည့်ကာ လှောင်ပြောင် လိုက်သည်။
“ဒါပေါ့။ အင်း.. ကြည့်ရတာ မင်းတော့ အချီကြီး မိထားပုံပဲ”
လျိုခန်းဆိုသူက ပျင်းရိပျင်းတွဲဟန်ဖြင့် မျက်လုံးများကို မှေးစင်း ရင်းဆိုသည်။ သူသည် အလောင်းကောင်များဖြင့် ပြည့်နှက်နေသော မြေပြင်ကို တစ်ချက်ဝေ့ကြည့်ပြီး အဆင့် ၁၀ သားရဲများ၏ အလောင်းတို့သို့ အရောက် အမူအရာ အနည်းငယ် ပြောင်းသွားသည်။ သူ့လို အဆင့်အတန်း မြင့်သူအတွက်ပင် အဆင့် ၁၀ သားရဲများ၏ စွမ်းအင်လုံးသည် ရရှိရန် ခဲယဉ်းသည်။ လျိုခန်း၏ အကြည့်တို့က ယဲ့ချန်နံဘေးရှိ ကြောင်နက်ထံတွင် ရပ်တန့်သွားသည်။ ရင်းမုန့်ထျန်းသည် အဆင့် ၁၀ သားရဲတစ်ကောင်ကို ပိုင်ဆိုင်နိုင်လောက်အောင် ကံကောင်းနေသည်ကို သူ အံ့ဩမိသည်။ ပိုပြီး အံ့ဩဖို့ကောင်းသည်မှာ ကြောင်နက်သည် တော်တော်လေးကို နာနာခံခံရှိမည့်ပုံ ပေါ်နေခြင်းပင်။ သူ့တွင် ထျန်းချီအဆင့် ၁၀ နောက်လိုက် အယောက် ၃၀ခန့် ရှိသည့်တိုင် အဆင့် ၁၀ သားရဲတစ်ကောင်ကို ပိုင်ဆိုင်ထားသည့် တစ်စုံတစ်ယောက်ကို မြင်နေရခြင်းက အတန်ငယ် အားကျစရာ ကောင်းသည်။
အစောင့်အရှောက်များကြားမှ တီးတိုး စကားသံတို့ကို မသိမသာ နားထောင်ကြည့်ပြီးနောက် ဝန်ကြီး ချုပ်ချိုးယင်းနှင့် လျိုခန်းတို့သည် ဂုဏ်သတင်းကြီးသော ထိပ်တန်း မိသားစုများမှ ဆင်းသက်လာသူများ ဖြစ်ကြောင်း ယဲ့ချန် သိလိုက်ရသည်။ သူသည် ဝိညာဉ် အသိအမြင်ဖြင့် စစ်ဆေးကြည့် လိုက်လျှင် ချိုးယင်း၏ ကျင့်ကြံဆင့်သည် ကြောင်နက်ထက် အနည်းငယ်ပိုမြင့်ပြီး လျိုခန်းကတော့ ကြောင်နက်နှင့် တန်းတူခန့်ရှိသည်။ ထို့ကြောင့် ချိုးယင်းသည် ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့်ဖြစ်နိုင်ပြီး လျိုခန်းသည် ထျန်းချီအဆင့် ၁၀ အလယ်အလတ်ဆင့် ဖြစ်လောက်သည်။ ၎င်းတို့ အုပ်စုထဲတွင် ထျန်းချီအဆင့် ၁၀ စဦးဆင့် တစ်ယောက် ထပ်ရှိသေးပြီး ကျန်လူများကတော့ ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်များ ဖြစ်ကြသည်။
ယဲ့ချန်၏အကြည့်က ချိုးယင်းနှင့်လျိုခန်းတို့ အနောက်ဘက်သို့ ရောက်သွားသည်တွင် ရင်းနှီးနေသော လူတစ်ယောက်အား မြင်လိုက်ရသည်။ ထိုလူကား တုန်းလင်၊ ဒုတိယမင်းသား အိမ်တော်မှ သခင်ငယ်လေးနှင့် အတူ ယဲ့မိသားစုရဲတိုက်အား ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်သွားခဲ့သော ဆရာချင်ဆိုသူ ဖြစ်သည်။
ဆရာချင်သည်လည်း ဤနေရာတွင် ယဲ့ချန်အား တွေ့လိုက်ရ၍ အံ့ဩသွားပုံရကာ သူ့ဘေးနားရှိ ထျန်းချီအဆင့် ၁၀ စဦးအဆင့်၊ သက်လတ်ပိုင်းအရွယ် လူကြီးထံ တစ်စုံတစ်ရာကို တီးတိုး ကပ်ပြောလိုက်သည်။ သက်လတ်ပိုင်း လူကြီး၏ မျက်လုံးများသည် ရုတ်ခြည်း အေးစက်သွားပြီး ယဲ့ချန်ကို လှမ်းကြည့်လာသည်။ ဝိညာဉ်အသိအမြင်ဖြင့် ထိုလူကြီးသည် ထျန်းချီအဆင့် ၁၀ စဦးဆင့်သို့ ရောက်နေသည့်တိုင် ကျင့်ကြံဆင့် အခြေမခိုင်ကြောင်း ယဲ့ချန် မြင်နေရသည်။
ထို့ပြင် ဝိညာဉ် အသိအမြင်အား ဖြန့်ကျက်ထားသောကြောင့် ဆရာချင်နှင့် ထိုလူကြီးတို့ အကြား တီးတိုး ပြောနေသည်တို့ကို ယဲ့ချန် ကြားလိုက်ရ၍ မျက်လုံးများ ကျဉ်းမြောင်း သွားရသည်။ ထိုလူကြီးကား အခြားမဟုတ်၊ တုန်းလင်ပြည်နယ်၏ ဒုတိယမင်းသား လျိုရွှင်း ဖြစ်နေချေသည်။
ယဲ့ချန် လက်သီးတင်းတင်း ဆုပ်လိုက်မိသည်။ လျိုရွှင်းသည် ကွမ်းရှီဆေးလုံး အတွက်နှင့် သူ့ဖခင်အား ကျွင်းဝမ်နန်းတော် အတွင်းမှ မောင်းထုတ်ကာ အရှက်ခွဲခဲ့ဖူးသည်။ ထိုရန်ကြွေးအား ကျိန်းသေ ပြန်ဆပ်ရပေမည်။ သို့သော် အခုတော့မဟုတ်။ ၎င်းတို့ဘက်၌ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ သုံးယောက် ရှိနေသည့်အပြင် တစ်ယောက်က ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့် ဖြစ်သည်။ ယဲ့ချန်၏ လက်ရှိ အစွမ်းအစဖြင့် ထိုသူများကို ရင်ဆိုင်နိုင်စွမ်း မရှိသေးရာ အခွင့်အခါ သင့်မည့်အချိန်ကို စောင့်ဆိုင်းရန်သာ တတ်နိုင်သည်။
ထိုအချိန်တွင် စွမ်းအင်လုံးများ အလုံအလောက် စုဆောင်းပြီးသွား၍ ပြန်လာကြသော ကျန့်ဟူတို့လူစုသည် တင်းမာလုနီးနီး အခြေအနေကို မြင်သော် ရင်းမုန့်ထျန်း ဘေးနားသို့ အပြေးအလွှား ရောက်လာကြ၏။
“မင်းတို့အဖွဲ့က ဒီကိုရောက်နေတာ ငါတို့ထက်စောတယ် မဟုတ်လား ရင်းမုန့်ထျန်း။ မင်းတို့ လက်ထဲမှာ အဖိုးတန်ပစ္စည်းတွေ စုဆောင်းမိနေပြီဆိုတာ ငါလောင်းရဲတယ်ကွာ။ ဒီတော့ လုပ်ဖော်ကိုင်ဖက် အချင်းချင်း မျက်နှသာပေးတဲ့အနေနဲ့ ငါ့ကို နည်းနည်းလောက် ခွဲဝေပေးရင်ရော ဘယ်လိုလဲ”
လျိုခန်းသည် ပြောင်ချော်ချော် အမူအရာနှင့် ထိုစကားတို့ကို ဆိုနေစဉ်တွင်ပဲ ပျင်းရိပျင်းတွဲ မျက်လုံးများဖြင့် ကျန့်ဟူတို့ကို အကဲခတ် လိုက်သေးသည်။ မင်းသားရင်း၏ အစောင့်အရှောက် များသည် အလွန်ဆုံးမှ ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့်တွင်သာ ရှိကြသည်ကို သေချာအတည်ပြုပြီးမှ သူက ပြုံးသည်။
“မင်းတို့က ဘာကောင်တွေမလို့လဲ။ ဓားပြတွေလား။ လူရမ်းကားတွေလား”
ရင်းမုန့်ထျန်းသည် လျိုခန်းအား လုံးဝမျက်နှာသာ မပေးပေ။ လျိုခန်းက သူတို့ ပိုင်ဆိုင်ထားသော စွမ်းအင်လုံးများကို လုယက်လိုနေသည်မှာ ထင်ရှားသည်။
"စိတ်လျော့စမ်းပါ ရင်းမုန့်ထျန်းရဲ့။ ဒေါသထွက်လွယ်တာက ကျန်းမာရေး အတွက် မကောင်းဘူးကွ။ ပြီးတော့လည်း မင်းမှာ စွမ်းအင်လုံးတွေ ဒီလောက် အများကြီး ရှိနေတာကို.. မင်းတစ်ယောက်တည်း အကုန်ဝါးစား ပစ်တော့မလို့လား”
လျိုခန်းသည် ရင်းမုန့်ထျန်းအား စကားပြောနေရင်းနှင့်ပင် ချိုးယင်းနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ရင်းမုန့်ထျန်းသည် ဟိုးအရင်တည်းက အလွန်ရှေးရိုး စွဲသည့် လူဖြောင့်ကြီး ဖြစ်ပြီး နန်းတွင်း ညီလာခံ၌လည်း သူတို့နှင့် မကြာခဏ အချင်းပွါးရလေ့ရှိသည်။ ရင်းမုန့်ထျန်းအား ဤနေရာမျိုး၌ တွေ့ရလိမ့်မည်ဟု သူတို့က ထင်မှတ်မထားပေ။ ကျောက်စိမ်း မျှော်စင်တွင် လူသေသည် ဆိုသည်က မထူးဆန်းသော ဖြစ်နေကျပုံမှန် ဖြစ်သည်။ ထို့ကြောင့် ဤနေရာ၌ ရင်းမုန့်ထျန်းအား အပြတ်ရှင်းလိုက်ပါက ဘယ်သူမှ မမြင်နိုင်သလို သူတို့လည်း ပြစ်ဒဏ် သင့်လိမ့်မည် မဟုတ်ပေ။
"စကားပြောတာ ကြည့်ပြော.. ရင်းမုန့်ထျန်း။ ဘယ်သူက မင်းရဲ့ မဖြစ်စလောက် စွမ်းအင်လုံးတွေကို လိုချင်နေလို့လဲ”
ချိုးယင်းသည် သူ၏ အဖြူစွတ်စွတ် မုတ်ဆိတ်များကို ပွတ်သပ်ရင်း နှုတ်ခမ်းမဲ့ကာ ဆိုသည်။
တစုံတစ်ခုကတော့ လွဲမှားနေပြီကို ယဲ့ချန် သတိထားမိလိုက်သည်။ အခုနေသာ တစ်ဖက်အုပ်စုမှ တိုက်ခိုက်လာပါက သူအပါအဝင် ရင်းမုန့်ထျန်းတို့ တစ်ဖွဲ့လုံး ဒုက္ခ ရောက်ပေလိမ့်မည်။ အမွေးပွလေးနှင့် ကြောင်နက်တို့၏ အကူအညီဖြင့် သူက အဆင်ပြေ နိုင်သော်လည်း ရင်းမုန့်ထျန်းတို့ အဖွဲ့အတွက်မူ အန္တရာယ် များလွန်းသည်။
ချိုးယင်းတို့လူစု မူမမှန်သည်ကို ရင်းမုန့်ထျန်းလည်း သတိထားမိပေသည်။
“မိတ်ဆွေလေး မင်းကို ဒီကိစ္စတွေထဲ ဆွဲထည့်မိလို့ အားနာပါတယ်ကွာ။ တစ်ခုခု ဖြစ်လာခဲ့ရင် ငါနဲ့ ကျန့်ဟူတို့က မင်းကို ကာပေးထားမယ်။ မင်းကိုယ်မင်း မထိခိုက်စေနဲ့.. ထွက်သာပြေး”
ရင်းမုန့်ထျန်းသည် ယဲ့ချန်အား တီးတိုး ကပ်ပြောပြီးသည်နှင့် တစ်ချိန်တည်းတွင်ပဲ လက်ဖဝါး နှစ်ဖက်၌ ထျန်းချီစွမ်းအင်တို့ကို စတင်စုစည်းလိုက်သည်။
ချိုးယင်း၊ လျိုခန်းနှင့် လျိုရွှင်းတို့အား ယဲ့ချန် ကြည့်မိသည်။ အဖြေတစ်ခုကို သူ အလျင်မြန်ဆုံး စဉ်းစားရန် လိုနေလေပြီ။ အကယ်၍ သူသာ ကိုယ်လွတ်ရုန်းကာ ထွက်ပြေးပါက ရင်းမုန့်ထျန်းတို့ တစ်ဖွဲ့လုံး ကျိန်းသေပေါက် သေပေလိမ့်မည်။ သူ မပြေးဘဲ နေပြန်လျှင်လည်း ရလဒ်က သိပ်တော့ ပြောင်းလဲသွားမှာ မဟုတ်။ သို့တိုင် ရင်းမုန့်ထျန်းတို့ အဖွဲ့အား သူ တကယ်ကို လွတ်မြောက် စေလိုလှသည်။ စိတ်သဘောထားရိုးဖြောင့်ပြီး နိုင်ငံအပေါ် သစ္စာရှိသည့် ထိုအဘိုးကြီးကို ဤနေရာ၌ သေခွင့်ပြုလိုက်ဖို့ ယဲ့ချန်၏ မသိစိတ်က လက်သင့်မခံနိုင်ပေ။
ချိုးယင်းသည် မူလရပ်နေရာ၌ပင် ဆက်ရပ်နေဆဲ ဖြစ်သော်လည်း လျိုခန်း၊ လျိုရွှင်းနှင့် အခြားလူများက ယဲ့ချန်တို့အနီးသို့ တဖြည်းဖြည်း တိုးကပ်လာကြသည်။
ယဲ့ချန်အား ကြည့်ကာ လျိုရွှင်း၏ နှုတ်ခမ်းထက်တွင် နတ်ဆိုးဆန်ဆန် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ လူငယ်လေးသည် အလွန်ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်နေလေရာ အနာဂတ်၌ ကျွင်းဝမ်နန်းတော် အတွက် ဆူးငြှောင့်တစ်ခု ကျိန်းသေ ဖြစ်လာနိုင်သည်။ အပြင်ဘက်တွင် ရှိနေစဉ်က ယဲ့မိသားစု၏ နောက်ကွယ်တွင်ရှိနေသည့် ပုဂ္ဂိုလ်ကြောင့် သူ အလျင်စလို မလှုပ်ရှားရဲခဲ့သော်လည်း ယခုမူ ကျောက်စိမ်းမျှော်စင်ထဲသို့ ရောက်နေသည့် အပြင် သူ့ဘက်တွင် ဝန်ကြီးချုပ်နှင့် လျိုခန်းတို့ပါ ရှိနေရာ ယဲ့ချန်အား အသက်ရှင်လျက် လွှတ်မပေးနိုင်တော့ပေ။
“ဝန်ကြီးချုပ် ကြောင်နက်ရဲ့နောက်မှာ ရပ်နေတဲ့ ကောင်လေးက ဆရာရွှမ်းယီရဲ့ တပည့်အဖြစ် ဆရာလီကိုယ်တိုင် ရွေးချယ်ထားတဲ့ သူပဲ။ ဒီအရွယ်လေးနဲ့ ထျန်းချီအဆင့် ၉ ကို ရောက်နေတဲ့အပြင် တော်တော်လေးလည်း အစွမ်းထက်တယ်။ သူ့ကိုသာ လွှတ်ပေးလိုက်ရင် ကျွန်တော်တို့ကို လက်စားပြန်ချေမှာ ကျိန်းသေတယ်”
လျိုရွှင်းက ဝန်ကြီးချုပ်အား သတိပေးသည်။ သူသည် ယဲ့ချန်အနားသို့ တဖြည်းဖြည်းနှင့် တိုးကပ်သွားပြီး တစ်ချက်တည်းနှင့် အသေသတ်ရန် ကြံစည်ထားသည်။
“ဪ.. အဲဒီလိုလား”
အနည်းငယ် အံ့အားသင့်သွားမှုတို့ ချိုးယင်း၏ မျက်နှာထက်တွင် ထင်ပေါ်နေပြီး ယဲ့ချန်အား ဂရုတစိုက် လှမ်းကြည့် လာသည်။ ချိုးယင်းသည်လည်း ယဲ့ချန်အား အသက်ရှင်လျက် လွှတ်မပေးတော့ရန် ဆုံးဖြတ်လိုက်ပုံ ရသည်။
ယဲ့ချန်၏ မျက်လုံးများ ကျဉ်းမြောင်း သွားသည်။
ကြောင်နက်သည် ကျယ်လောင်စွာ မာန်ဖီလိုက်ကာ လျိုခန်းထံသို့ ခုန်ဝင် သွားလေသည်။
“သိပ်ကောင်းတယ် မင်းကိုယ်တိုင်လာပြီး အသေခံချင်နေတော့လည်း..”
လျိုခန်းသည် ကြက်သီးထဖွယ် ပြုံးလိုက်ကာ ကြောင်နက်နှင့် ရင်ဆိုင် တိုက်ခိုက်တော့သည်။
ဘန်း..
ထျန်းချီအဆင့် ၁၀ အလယ်အလတ်ဆင့် ကျင့်ကြံသူနှင့် အဆင့် ၁၀ အလယ်အလတ်ဆင့် သားရဲ၏ ပြင်းထန်သော တိုက်ပွဲကြောင့် ထျန်းချီအဆင့် ၉ များ နောက်ဘက်သို့ ဆုတ်လိုက် ကြရသည်။
“သေစမ်း”
အခွင့်အရေးကို ချောင်းနေသော လျိုရွှင်းသည် ထျန်းချီစွမ်းအင်များ အပြည့် ထည့်ထားသော ညာခြေဖြင့် အလင်းအလျင်နှုန်းသဖွယ် လျင်မြန်စွာ ယဲ့ချန်အား ပြေးကန်၏။
ခြေကန်ချက်၏ အရှိန်အဟုန်သည် ပြင်းထန် လှသောကြောင့် လေတိုးသံများပင် ထွက်ပေါ်လာပြီး အေးစက်စက် ထျန်းချီ အငွေ့အသက်က တိုက်ပွဲဧရိယာ တစ်ဝိုက်တွင် ဖုံးလွှမ်းသွားသည်။
လျိုရွှင်းသည် အဆင့် ၄ ပညာရပ်တစ်ခုမှ ခြေကန်ချက်ကို သုံးကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူ၏ လှုပ်ရှားမှုများသည် လေအဟုန်နှင့် တစ်သားတည်းကျလျက် ရေခဲ အငွေ့အသက်များလည်း ကိန်းဝပ်နေ၏။ မြင်ကွင်းမှာ အထင်ကြီးဖွယ် ကောင်းလှသည်။
“လျိုရွှင်းက ဒီကောင်လေးနဲ့ ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပုံပဲ။ ဒီကောင်လေးက ထူးချွန်မှုတော့ ရှိပါရဲ့.. ဒါပေမဲ့ မကြာခင်မှာ ထျန်းချီအဆင့် ၁၀ ကို ချိုးဖျက် ဝင်ရောက်နိုင်သွားရင် လွတ်လပ်သော ကျွန်းကို အတင်းအကျပ် စေလွှတ်ခံရမှာပဲ။ ဒီနေ့မဟုတ်တောင် အနာဂတ်မှာ သေကြေ ပျက်စီးမဲ့ဆဲဆဲပါပဲ”
ချိုးယင်းသည် စိတ်မသက်မသာ ဖြစ်ဟန်နှင့် ပြုံးရင်း ပြောသည်။ လျိုရွှင်း၏ ကျွမ်းကျင်မှု အရ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်နှင့် ရင်ဆိုင်ရာတွင် အကူအညီ မလိုလောက်ပေ။ ထို့ကြောင့် ချိုးယင်းသည် ဘေးမှသာ ရပ်ကြည့်နေပြီး တိုက်ပွဲအတွင်းမှ ထွက်ပြေးရန် ကြိုးစားသူကို ဖမ်းဆီး သတ်ဖြတ်ရန် စောင့်နေလိုက်သည်။
လျိုရွှင်း၏ ခြေကန်ချက်ကို သတိပြုမိသည်တွင် ယဲ့ချန်၏ ကြည်လင်စူးရှသော မျက်လုံး အစုံသည် အကြင်နာမံ့စွာ အေးစက် သွားသည်။ သူသည် အသက်ပြင်းပြင်း ရှုပြီးနောက် အော်ပြောလိုက်၏။
“မင်းသားရင်း ပြေးတော့”
ယဲ့ချန် ခန္ဓာကိုယ်အား ဝန်းရံထားသော ထျန်းချီ စွမ်းအင်များသည် ရုတ်ခြည်း ပူပြင်းတောက်လောင် လာကာ အနီရောင်အလင်းတို့ ဖြာထွက် လာလေသည်။
‘တိမ်နီကောင်းကင်’
ငရဲမှ မီးတောက်မီးလျှံများ ပေါက်ကွဲ ထွက်လာသည့်နှယ် ပတ်ဝန်းကျင် တစ်ခုလုံး၏ အပူချိန်မှာ ကျဆင်းသွားသည်။
လျိုရွှင်းသည်လည်း အံ့ဩသွားရပြီး ခန္ဓာကိုယ်အား ထျန်းချီ အကာအကွယ်ဖြင့် ကာရံကာ လေထဲတွင် တစ်ပတ်ခုန်လျက် ယဲ့ချန်၏ တိုက်ခိုက်မှုအား ရှောင်ရှားရန် ကြိုးစားလိုက်သော်လည်း ယဲ့ချန်ကား အလျှော့မပေးဘဲ နောက်မှ လိုက်လာ၏။
ဖျစ်.. ဖျစ်.. ဖျစ်..
ရေခဲစွမ်းအင်ထျန်းချီနှင့် မီးစွမ်းအင်ထျန်းချီတို့ ထိပ်တိုက်ဆုံတွေ့ကာ အကာအရံ ကျိုးပျက် သွားသကဲ့သို့ အသံများ ထွက်ပေါ်လာသည်။
ယဲ့ချန်သည် ထျန်းချီအဆင့် ၁၀သို့ မရောက်သေးသည့်တိုင် သူ့ခန္ဓာကိုယ်ထဲရှိ ထျန်းချီများမှာ အလွန်သိပ်သည်းသည်။ တိမ်နီကောင်းကင်၏ စွမ်းအင် တစ်ခုတည်းကပင် လျိုရွှင်းအား အကျပ်ရိုက်စေဖို့ လုံလောက်နေပြီ ဖြစ်သည်။
သို့သော် ယဲ့ချန်က ထိုမျှနှင့်မကျေနပ်နိုင်ပေ။ ချိုးယင်း ဝင်ပါမလာခင် လျိုရွှင်းအား အသေ သတ်ပစ်ရန် ကြံရွယ်ထား၏။
‘လောကအမျက်’
***