သတ်ဖြတ်လိုသော စိတ်ဆန္ဒ
Vol. 7 Ch. 92
ယဲ့ချန် အေးစက်စွာ လှောင်ပြောင်လိုက်ရင်း ပီရှို့အား နှိုးဆွလိုက်လျှင် သူ့ခန္ဓာကိုယ်ထဲမှ မဆုံးနိုင်သော ထျန်းချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ သူ၏ ဘက်ဘယ် လက်ဝါးထဲ၌ သတ္တု စွမ်းအင် ထျန်းချီများမှတဆင့် ဓားတချောင်း ဖြစ်တည်လာပြီး အားပြင်းစွာ ခုတ်ချလိုက်သည်တွင် လျိုရွှင်း၏ ထျန်းချီ အကာအကွယ်မှာ တစ်စစီပြိုကွဲ သွားရတော့သည်။
ထိုမြင်ကွင်းကြောင့် ချိုးယင်းပင် ထိတ်လန့် သွားရသည်။ သူသည် ယဲ့ချန်အား ထျန်းချီအဆင့် ၉ မဟုတ်ဘဲ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူဟုပင် ယုံကြည်သွားမိသည်။ ထို့ပြင် ယဲ့ချန်၌ အလွန် အဆင့်မြင့်သော ပညာရပ်နှစ်ခုလည်း ရှိနေသေးသည်။ လျိုရွှင်းပင် ထိုလူငယ်လေးအား မယှဉ်နိုင်ပေ။ ထိုလူငယ်လေးကား ဧကရာဇ်မင်ဝူ ငယ်စဉ်ကကဲ့သို့ မယုံကြည်နိုင်ဖွယ် စွမ်းဆောင် နိုင်လွန်းသည်။
“ဘယ်လောက်တောင် ကြောက်စရာ ကောင်းတဲ့ ကောင်လေးလဲ”
ချိုးယင်းသည် ဆက်လက်၍ လက်ပိုက် ကြည့်မနေနိုင်တော့ပေ။ လေထဲသို့ ခုန်တက်ကာ ယဲ့ချန်အား သိမ်းငှက်လက်သည်း တိုက်ကွက်ဖြင့် တိုက်ခိုက်လိုက်သည်။
ချိုးယင်း၏ ကျင့်ကြံဆင့်သည့် ယဲ့ချန်ထက် အဆင့်ကြီး တစ်ဆင့်မက ပိုမြင့်သည့် အပြင် အတွေ့အကြုံ ပိုင်းတွင်လည်း အပြတ်အသတ်သာသည်။ ယဲ့ချန်သာ လျိုရွှင်းနောက်သို့ ဆက်လိုက်နေပါက ချိုးယင်း၏ လက်သည်းများကြားတွင် သေသွားနိုင်သည်။
“ဟမ့် ငါမင်းကို လျော့တွက်မိတာပဲ”
ချိုးယင်း၏ အသံလှိုင်းသည် တူတလက်ကဲ့သို့ ယဲ့ချန်ရင်ဘတ်အား လာရောက် ရိုတ်ခတ်ကာ ခန္ဓာကိုယ်ထဲရှိ ထျန်းချီများကို မငြိမ်မသက် ဖြစ်သွားစေသည်။
မကျေမနပ် နှာမှုတ်သံ တစ်ချက်ကပင် ထိုမျှ ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ ချိုးယင်းကား ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့် ကျင့်ကြံသူ ပီသလှသည်။ ယဲ့ချန်၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ချိုးယင်း၏ အသံလှိုင်းကြောင့် ဖရိုဖရဲဖြစ်သွားသော ထျန်းချီများကို ကြိုးစား ထိန်းချုပ်နေရဆဲ ဖြစ်သည်။ သို့သော် သူသာ အစွမ်းကုန်သုံးကာ လျိုရွှင်းကို ထိခိုက်စေခြင်းဖြင့် ချိုးယင်းအား တိုက်ပွဲထဲသို့ ဆွဲမထည့်ပါက ရင်းမုန့်ထျန်းတို့လူစု ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဘယ်နည်းနှင့်မဆို လျိုရွှင်းနှင့် ချိုးယင်းအား သူတစ်ယောက်တည်း၌ အာရုံ ရောက်နေစေရန် ဆွဲထားဖို့ လိုပေသည်။
ထိုစဉ် ယဲ့ချန်ပခုံးထက်ရှိ အမွေးပွလေးသည် အသံတချို့ပြုလိုက်ကာ ၎င်း၏ မျက်လုံးလေးများထဲ၌ ထူးဆန်းသော အလင်းတချက် လက်သွား၏။
ချိုးယင်း၏ ခန္ဓာကိုယ်မှာ တစ်ချက်ယိုင်သွားပြီး သူ့စိတ်ဝိညာဉ်က ပုံရိပ်ယောင် ထောင်ချောက် အတွင်း ကျရောက် သွားဟန်ရသည်။
အချိန်ကိုက်ဆိုသလို ယဲ့ချန်ကလည်း လျင်မြန်လှသော လက်ဝါးချက်ဖြင့် လျိုရွှင်းအား ရိုက်ချလိုက်သည်။
လျိုရွှင်းသည် အထိတ်တလန့်ဖြင် ပြန်လည် ခုခံပါသော်လည်း ယဲ့ချန်၏ လက်ဝါးချက်သည် အင်အားကြီးလွန်းလှပြီး သူ့အား အနောက်ဘက်သို့ လွင့်စဉ် သွားစေသည်။ လျိုရွှင်း သွေးတပွက် အန်လိုက်ရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်။
ချိုးယင်း၏ မျက်လုံးများမှာ ခဏတာ နက်မှောင်သွားပြီး အမွေးပွလေး၏ ပုံရိပ်ယောင် ထောက်ချောက်ထဲမှ အင်အားသုံးကာ ရုန်းထွက် လာခဲ့သည်။ ယဲ့ချန်တွင် အဆင့်မြင့် ကောင်းကင် သားရဲတစ်ကောင် ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ အဆင့် ၁၀ ကြောင်နက်သည် ယဲ့ချန်အပေါ် နာခံနေသည်မှာ မထူးဆန်းတော့။ ထိုကောင်းကင် သားရဲသည် အတော်လေး အစွမ်းထက်ပုံ ရကာ ပုံရိပ်ယောင်များပင် ဖန်တီးနိုင်စွမ်းရှိသည်။ ကံကောင်းထောက်မစွာ သူကလည်း ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့် ဖြစ်နေ၍ အချိန်သိပ်မကြာလိုက်ဘဲ ရုန်းထွက် နိုင်ခဲ့သည်။ သို့သော် လျိုရွှင်းကား ယဲ့ချန်လက်ချက်ဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရနှင့် နေလေပြီ။ ထိုကောင်လေးသည် ရန်သူများအပေါ် ရက်စက်ပြတ်သားသော စိတ်မျိုး ရှိသည့်အပြင် ပါရမီကလည်း အလွန်တရာမှ ကောင်းနေသေးသည်။ အသက်ရှင်လျက် လွှတ်ပေးလိုက်လို့ လုံးဝ မဖြစ်ပေ။
ဘန်း..
ယဲ့ချန် လျင်မြန်စွာ ရှောင်တိမ်း လိုက်သော်လည်း ချိုးယင်း၏ တိုက်ခိုက်မှုသည် သူ့ဘယ်ဘက်ပခုံးသို့ ထိမှန်သွားပြီး ထျန်းချီ အကာအကွယ် တစ်ခုလုံး လှုပ်ခါသွားသည်။
“မိတ်ဆွေလေး သတိထား”
ရင်းမုန့်ထျန်းသည် ထျန်းချီအဆင့် ၉ ကျင့်ကြံသူတစု၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခုခံနေရင်းမှ ယဲ့ချန် ဒဏ်ရာရသွားသည်ကို မြင်သော် ယဲ့ချန်ထံသို့ ပြေးလာလိုစိတ်ဖြင့် အတင်း ဖောက်ထွက် တော့သည်။
“ပြေးတော့လို့”
ယဲ့ချန် အော်လိုက်မိတော့သည်။
ယဲ့ချန်၏ စိတ်ဆုံးဖြတ်ပြီးဟန်နှင့် စူးရဲသောမျက်လုံးတို့ကို မြင်သောအခါ ရင်းမုန့်ထျန်း အံ့ဩထိတ်လန့် သွားရသည်။ သူသည် ဘာတွေပဲဖြစ်လာပါစေ ယဲ့ချန်အား အစွမ်းကုန် ကာကွယ် ပေးမည်ဟု တွေးထားခဲ့သော်လည်း တကယ်တမ်းတွင် ယဲ့ချန်ကသာ လျိုရွှင်းအား ပြင်းပြင်းထန်ထန် ဒဏ်ရာရစေပြီး ချိုးယင်းနှင့် ထိပ်တိုက်ရင်ဆိုင်ကာ သူတို့ကို ကာကွယ် ပေးခဲ့သည်။ ထိုလူငယ်လေးကား တစ်ကြိမ် တစ်ခါမျှသာ ဆုံဖူးသည့် သူတို့အား အစွမ်းကုန်သုံးကာ ကာကွယ်ပေးရန် ကြိုးစားနေလေသည်။
“သွားကြစို့”
ရင်းမုန့်ထျန်း၏ မျက်လုံးများမှာ နီရဲလို့နေပြီး ဝိရောဓိ ဖြစ်နေသည့် အရိပ်အယောင် တို့လည်း ရှိနေသည်။
ရင်းမုန့်ထျန်း၊ ကျန့်ဟူနှင့် အခြား အစောင့်အရှောက်များသည် ထျန်းချီအဆင့် ၉များကြားမှ ဖောက်ထွက် လိုက်ကြပြီး ထွက်ပြေး သွားကြတော့သည်။ ရင်းမုန့်ထျန်း၏ ဒေါသအပြည့် ပါဝင်နေသော အသံနက်ကြီးသာ ပျံ့လွင့်လျက် ကျန်ရစ်ခဲ့သည်။
“ချိုးယင်း ဒီနေ့ကိစ္စက ဒီမှာတင် မပြီးသွားဘူး။ မင်းစောင့်နေ”
ရင်းမုန့်ထျန်း၏ စရိုက်အရ သူသည် အခြားလူများအပေါ် အကြွေးတင်ခဲ့သော်လည်း ယနေ့တွင်တော့ ယဲ့ချန်အပေါ် ကြီးမားသော အကြွေးတစ်ခု တင်သွားခဲ့လေပြီ။ သူကတော့ ထွက်ပြေးလာချိန်၌ ယဲ့ချန်သည် အန္တရာယ်တောထဲတွင် ကျန်ရစ်ခဲ့သည်ကို တွေးမိလျှင် နှလုံးသားအား ဓားချွန်ဖြင့် ထိုးစိုက်လိုက်သလို ခံစားရသည်။ ကောင်းကင်ဘုံက ယဲ့ချန်အား ပစ်မထားဖို့သာ ဆုတောင်း နိုင်တော့သည်။
ထျန်းချီအဆင့် ၉ ကျင့်ကြံသူတချို့က ရင်းမုန့်ထျန်းတို့အား ဖမ်းဆီးရန် လိုက်သွားကြသည်။ လျိုရွှင်းသည်လည်း ဒဏ်ရာအား ဖိနှိပ်ကာ လိုက်ပါသွားသည်။
လျိုခန်းကမူ ကြောင်နက်နှင့် အပြင်းအထန် တိုက်ခိုက်နေဆဲ ဖြစ်ကာ အနိုင်အရှုံး မကွဲပြားသေးရာ ရင်းမုန့်ထျန်းနှင့် ကျန်လူများ ထွက်ပြေးသွားကြသည်ကို ဘာမှမတတ်နိုင်ဘဲ ကြည့်သာ ကြည့်နေနိုင်တော့သည်။
ဘန်း.. ဘန်း.. ဘန်း..
အမွေးပွလေး၏ ပုံရိပ်ယောင် ထောက်ချောက်များ အကူအညီဖြင့် ယဲ့ချန် ချိုးယင်းနှင့် အသက် ဆယ်ရှိုက်စာ အချိန်ခန့် တိုက်ခိုက်နိုင်ခဲ့သည်။ သူ့တွင် ပီရှို့ထံမှ မဆုံးနိုင်သော ထျန်းချီ အထောက်အပံ့ ရှိနေသည့်တိုင် ကျင့်ကြံဆင့် ကွာခြားမှုကြောင့် အလွန် အားကုန် နေရလေပြီ။
“မင်ဝူနဲ့ နန်မန်ဘုရင် ထို့ပါးဟုန်ယဲ့ကလွဲရင် ဒီလောက် အသက်ငယ်တဲ့ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူကို တွေ့ဖူးတာ.. မင်းက ပထမဆုံးပဲ။ ဒါပေမဲ့ ဒီနေ့ပဲ ငါ့လက်ထဲမှာ အဆုံးသတ် ရတော့မှာကတော့ နှမြောစရာပေါ့လေ”
သို့သော်လည်း ချိုးယင်းစိတ်ထဲတွင် အနည်းငယ်တော့ နောင်တရမိသလို ရှိသည်။ ယဲ့ချန်ကဲ့သို့ ငယ်ရွယ်ထူးချွန်သော ပါရမီရှင်ကား အလွန်ရှားလှသည်။ ယဲ့ချန်သာ သူနှင့် ရန်သူများ မဟုတ်ပါက သူ ယဲ့ချန်အား အလွန် အလေးပေးချီးမြှောက်မိမှာ သေချာသည်။
“လူအိုကြီး.. ခင်ဗျားရဲ့ အရည်အချင်းလောက်နဲ့ ကျွန်တော့်ကို သတ်ချင်တယ်လား။ အိမ်မက်သာ မက်နေလိုက်”
ရင်းမုန့်ထျန်းတို့လူစု လွတ်မြောက် သွားကြောင်း သေချာသွားသောအခါ ယဲ့ချန်သည် ချိုးယင်းနှင့် ဆက်တိုက် မနေတော့ဘဲ ထွက်ပြေးတော့သည်။
“မင်းက တော်တော်လေကြီးတာပဲ”
ချိုးယင်းသည် နှာခေါင်းရှုံ့လိုက်ပြီး ယဲ့ချန်အား လိုက်ဖမ်း၏။ ကျင့်ကြံဆင့် ကွာခြားမှုကြောင့် ယဲ့ချန်၏ အမြန်နှုန်းသည် ချိုးယင်းနှင့် လုံးဝ မယှဉ်သာပေ။ အမွေးပွလေး၏ အကူအညီသာ မရှိပါက ယဲ့ချန် ချိုးယင်းလက်ထဲ၌ သေနေသည်မှာ ကြာလေပြီ။
ချိုးယင်းသည် ယဲ့ချန်အား လိုက်မီလာပြီး ပြင်းထန်သော လက်ဝါးချက်ဖြင့် ရိုက်လိုက်ချိန်တွင် ယဲ့ချန် အမွေးပွလေးအား အချက်ပြလိုက်၏။
အမွေးပွလေးသည် ပုံရိပ်ယောင် ထောင်ချောက်များ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖန်တီးလိုက်ကာ ပါးစပ်ထဲမှ စအဖြူရောင် မြူခိုးငွေ့များကိုလည်း တပြိုင်နက် မှုတ်ထုတ် လိုက်လေသည်။ အမွေးပွလေးမှာ အလွန် ခြေကုန်လက်ပန်း ကျနေသော်လည်း သေရေးရှင်ရေး အခိုက်အတန့်ဖြစ်ရာ နည်းနည်းလေးမှ မပေါ့ဆဝံ့ပေ။
ဧရိယာတဝိုက်လုံး အဖြူရောင် မြူခိုးငွေ့တို့ဖြင့် အုပ်ဆိုင်းသွားသည်။
ယဲ့ချန်သည် ချိုးယင်း၏ တိုက်ခိုက်မှုအား လွယ်လင့်တကူပဲ ရှောင်တိမ်းလိုက်ကာ ထွက်ပြေး သွားတော့သည်။
ချိုးယင်း၏ အမြင်အာရုံသည် အဖြူရောင် မြူခိုးငွေ့များဖြင့် ပိတ်ဆို့ခံထားရသည်။ ထိုသည်တို့က ယဲ့ချန်၏ လှည့်ကွက်များ ဖြစ်ကြောင်း ရိပ်စားမိသောကြောင့် မျက်လုံးမှိတ်ကာ ဘက်ပေါင်းစုံမှ တိုက်ခိုက်လာမှုတို့ကို ကာကွယ်ရန် အသင့်ပြင် ထားသော်လည်း ယဲ့ချန်ဟူသော ကောင်စုတ်လေးကား ထွက်ပြေးဖို့သာ ရည်ရွယ်ထားပုံရသည်။ လုံးဝ တိုက်ခိုက်မလာပေ။
အဖြူရောင်မြူခိုးငွေ့များ ပျောက်ကွယ်သွားချိန်တွင် ယဲ့ချန်၏ ထျန်းချီစွမ်းအင် အငွေ့အသက်ကို အနီးနား၌ အာရုံခံလို့ မရတော့ပေ။ ဝေးရာသို့ ရောက်သွားနှင့်လေပြီ။ ချိုးယင်းမျက်နှာမှာ ပုပ်သိုးသွားပြီး ယဲ့ချန်နောက်မှအလျင်အမြန် လိုက်လာခဲ့တော့သည်။
လမ်းတလျှောက်၌ အမွေးပွလေးသည် လှုပ်ရှားမှုအား နှေးကွေးစေသော ဆီးနှင်းဖြူများကို မှုတ်ထုတ်ထားခဲ့သည်။ ယဲ့ချန်သည် ကျောက်စိမ်းမျှော်စင်၏ ဝင်ပေါက် လိုဏ်ဂူဝသို့ ဦးတည်ကာ ပြေးနေခြင်း ဖြစ်သည်။
နောက်မှလိုက်လာသော ချိုးယင်းသည် ယဲ့ချန် ကျောက်စိမ်း မျှော်စင်ထဲသို့ ဝင်သွားသည်ကို မြင်သောအခါ ဒေါသကြောင့် ရူးမတတ် ဖြစ်သွားရသည်။
ကျောက်စိမ်း မျှော်စင်သည် မမြင်ရသော အန္တရာယ်များစွာဖြင့် ပြည့်နှက်နေသော နေရာဖြစ်ပြီး ဘယ်သူမှ လက်လွတ် စပယ် မဝင်ရဲကြပေ။ လျိုရွှင်း၊ လျိုခန်းနှင့် ကျန်လူများ ပြန်ရောက်မလာကြသေးရာ ချိုးယင်းပင်လျှင် တစ်ဦးတည်း မဝင်ဝံ့ပေ။
ယဲ့ချန်ကား ဒဏ်ရာ ရထားလျက်ကပင် ကျောက်စိမ်းမျှော်စင်ထဲသို့ မကြောက်မရွံ့ ဝင်ရဲသေးသည်။ ချိုးယင်း၏ နှုတ်ခမ်းအစုံမှာ အေးစက်စွာ တွန့်ကွေး သွားရသည်။ ကျောက်စိမ်း မျှော်စင်သည် ရှီဝူအင်ပါယာ၏ အန္တရာယ်အများဆုံး နေရာတစ်ခုဆိုလည်း မမှားပေ။ ထိုကောင်လေးကား အထဲ၌ ဘယ်လို သေသွားရမှန်းတောင် သူ့ကိုယ်သူ သိလိုက်မည်မဟုတ်။
မကြာမီတွင် လျိုရွှင်း၊ လျိုခန်းနှင့် ကျန်လူများ ပြန်ရောက်လာကြသည်။
“အဆင့် ၁၀ကြောင်နက် ဘယ်လိုဖြစ်သွားလဲ”
ချိုးယင်းက လျိုခန်းအား မေးသည်။
လျိုခန်း၏မျက်နှာမှာ ဖျတ်ခနဲ ရဲသွားပြီး ပြော၏။
“ကြောင်နက်က ဒဏ်ရာရပြီး ထွက်ပြေးသွားတယ်။ ရင်းမုန့်ထျန်းရဲ့ အစောင့်အရှောက်တွေ ထဲက သုံးယောက်သေသွားပေမဲ့ ကျန်တဲ့လူတွေတော့ လွတ်သွားတယ်”
အကယ်၍ လျိုရွှင်းသာ ယဲ့ချန်ကြောင့် ဒဏ်ရာမရခဲ့ပါက ရင်းမုန့်ထျန်းလည်း လွတ်သွားစရာ အကြောင်း မရှိပေ။
ချိုးယင်းသည် စိတ်ပျက်သွားမိသော်လည်း ထုတ်တော့မပြောပေ။ ရင်းမုန့်ထျန်းသည် မင်းသားဘွဲ့ရထားသည့်တိုင် ထျန်းချီအဆင့် ၉ ကျင့်ကြံသူမျှသာ ဖြစ်သည်။ ရင်းမုန့်ထျန်း ထျန်းချီ အဆင့် ၁၀သို့ မရောက်သေးသ၍ စိုးရိမ်စရာ မရှိပေ။
“ဟိုကောင်လေးက ဒဏ်ရာတွေရထားတဲ့အပြင် ကျောက်စိမ်းမျှော်စင်ထဲကို ဝင်သွားတယ်။ ကျောက်စိမ်းမျှော်စင်ထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့က လွယ်တာမှ မဟုတ်တာ။ သူ့အတွက် လွတ်လမ်းမရှိဘူး”
ချိုးယင်းသည် အေးစက်စွာ ပြုံးလိုက်ရင်း ယဲ့ချန်၏ သွေးရနံ့ကို အသေအချာ မှတ်သားထားလိုက်သည်။ ဤနည်းဖြင့် အနာဂတ်တွင် ယဲ့ချန်သာ အသက်ရှင်နေပါက ယဲ့ချန်၏ တည်နေရာကို လွယ်ကူစွာ ရှာဖွေနိုင်ပေမည်။
သူတို့သည် ကျောက်စိမ်းမျှော်စင်၏ ဝင်ပေါက်၌ရပ်ကာ တုံ့ဆိုင်း နေကြသည်။ ကျောက်စိမ်း မျှော်စင်ကား သတင်းဆိုးဖြင့် ကျော်ကြားသည်။ ဝင်သွားပြီးပါက အသက်ရှင်လျက် ပြန်ထွက် လာနိုင်ပါ့မလား မသေချာပေ။ သူတို့အားလုံးသည် ရာထူးမြင့်မြင့်များ ပိုင်ဆိုင်ထားကြပြီး စည်းစိမ် ဥစ္စာများ၌ ပျော်မွေ့နေကြပြီး ဖြစ်ရာ စွန့်စားမှုကြီးတစ်ခု ပြုလုပ်ဖို့ရာ တွန့်ဆုတ်နေကြသည်။
အတန်ကြာ တိတ်ဆိတ် နေပြီးနောက် ချိုးယင်းသည် ဆုံးဖြတ်ချက်ချပြီးပုံရကာ ကျောက်စိမ်းမျှော်စင်ထဲသို့ ဦးစွာ ဝင်ချသွားသည်။ လျိုခန်း၊ လျိုရွှင်းနှင့် ကျန်လူများလည်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နောက်မှ လိုက်ဝင်သွားကြ၏။
***