← Chapters

စိတ်လှုပ်ရှားစေခြင်း

Vol. 39 Ch. 535

စိတ်လှုပ်ရှားစေခြင်း

Vol. 39 Ch. 535

လေလွတ်မြောက်ရေး နည်းစနစ် တစ်ခုဖြင့် လေဆင့်ခေါ်နိုင်သည့် လျှို့ဝှက် ပညာရပ်အဖြစ် အဆင့်ကဲ ဖြစ်ပေါ်လာစေနိုင်ရာ လော့ကျွန်မ်း စာအုပ်မှာ မည်မျှ အံ့ဩဖို့ ကောင်းနေကြောင်း သိသာနိုင်သည်။ ထို့အပြင် မိုဝူကျီက လော့ကျွန်မ်းစာအုပ်မှာ ကျင့်စဉ်များနှင့် သဘာဝ ဒြပ်ငါးမျိုး လျှို့ဝှက် ပညာရပ်ကို ဆင့်ကဲပြောင်းလဲ လာစေနိုင်ကြောင်း ရှာဖွေတွေ့ရှိသွား၏။  သဘာဝဒြပ်ငါးမျိုး၏ ကျင့်စဉ်ဖြစ်ဖြစ် ဒါမှမဟုတ် ထူးခြားသော သဘာဝဒြပ် အမျိုးအစား ဖြစ်သည့်  (လျှပ်စီး၊ လေနှင့် ရေခဲ) စသည့်အရာ ဖြစ်ဖြစ် လော့ကျွန်မ်းစာအုပ်ကို ပိုင်ဆိုင်ခြင်းမှာ ကျားကို တောင်ပံတပ် ပေးလိုက်သလို ဖြစ်နေသည်။

မိုဝူကျီက  မုရုန်ရှန်းယွီသည် သူမကျင့်စဉ်ကို အစားထိုး လိုမည်ဆိုလျှင် သူမ၏ လော့ကျွန်မ်းစာရွက် ငါးရွက်က သေချာပေါက် ကူညီပေးနိုင်လိမ့်မည် ထို့အပြင် သူမက သာမာန်ကျင့်စဉ်တစ်ခု မဟုတ်ဘဲ  ထိပ်တန်းအဆင့် ကျင့်စဉ်တစ်ခုသာ ဖြစ်ကြောင်း သေချာ သိနေသည်။ ပြောင်းလဲ ကျင့်ကြံလိမ့်မည်။

မိုဝူကျီက သူ့ကို ပေးလိုက်သည့် စာရွက်နှစ်ရွက်အကြောင်း လုံးဝ မမေ့ပေ။

မိုဝူကျီက လော့ကျွန်မ်းစာအုပ်၏ အံ့အားသင့်စရာ ကောင်းမှုကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ သူက တချို့တစ်ဝက်သာ ဖတ်ရှုရသေးသော်လည်း လေသဘာဝ မဟာ လျှို့ဝှက်ပညာရပ် တစ်ခုကို နားလည် သဘောပေါက်သွား၏။ သူက အောင်အောင်မြင်မြင် မကျင့်ကြံ ရသေးသော်လည်း  ယာယီ ပြဿနာမျှသာ ဖြစ်ပေသည်။ သူက စာရွက်တစ်ရွက်လုံးကို ဖတ်ရှုလိုက်လျှင် အကျိုးကျေးဇူး မည်မျှ ထူးလာမည်နည်း။

စာအုပ်တစ်အုပ်လုံး ရရှိလိုက်လျှင်  ကောင်းကင်ဘုံကိုပင် သွေဖွယ် နိုင်လောက်လေပြီ။

ယခင် သူက လော့ကျွန်မ်းစာရွက်မှာ  ကံကြမ္မာ ကြာနီနှင့် ယှဉ်၍ မရကြောင်း တွေးတောဖူးသော်လည်း ယခုအခါ လုံးဝ မှားယွင်း နေကြောင်း သိရှိသွား၏။

ထို့အပြင် မိုဝူကျီက လော့ကျွန်မ်း စာအုပ်မှာ တိုက်ခိုက်ရေး အမျိုးအစား ရတနာ ဖြစ်ကြောင်း ကြားဖူးသေး၏။ သူသာ မွမ်းမံသန့်စင်နိုင်လျှင် ပြိုင်ဖက်ကင်း တိုက်ခိုက်ရေး နည်းစနစ် ရလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း မိုဝူကျီက လော့ကျွန်မ်းစာအုပ်ကို အရင်မသန့်စင်‌သေးပေ။ ဦးဆုံး စာရွက်နှစ်ရွက်မှာ အလွန်နည်းလေသည်။ တခြားနည်းဖြင့် ဆိုရလျှင် ထိုစာရွက်နှစ်ရွက်မှာ စာအုပ်တစ်အုပ်လုံး၏ အစိတ်အပိုင်းမျှသာ ဖြစ်ပေ၏။ ဒုတိယအားဖြင့်  သူက လော့ကျွန်မ်းစာရွက်၏ ရှေ့ပိုင်းလေးပင် ဖတ်ရှုရသေးပြီး လေသဘာဝ လျှို့ဝှက် ပညာရပ်တစ်ခု အသိဉာဏ် ပွင့်လာခဲ့သော်လည်း  ထိုအရာကြောင့် တစ်နှစ်နီးပါး အချိန် ကုန်ဆုံးသွားပြီ ဖြစ်၏။ ရှန်းထျန်း ရတနာမျိုးကို မွမ်းမံသန့်စင်ပြီး အသိဉာဏ် အားလုံးပွင့်နေမည်ဆိုလျှင် ဆယ်စုနှစ် ဒါမှမဟုတ် ရာစုနှစ်တစ်ခုအထိ ကျော်လွန် သွားနိုင်သည်။

ထိုအတွေးဖြင့် သူကျိုးပျက်ကမ္ဘာထဲ ရောက်လာသည်မှာ တစ်နှစ်ကျော်သွားပြီ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ ယခု တစ်နှစ်ကျော် လွန်သွားပြီ ဖြစ်ရာ ဤကျိုးပျက်ကမ္ဘာ တတိယအလွှာသို့ အားလုံး ဝင်ရောက် လာကြလိမ့်မည်။  အင်မော်တယ် ဆေးပင်များကို ရှာဖွေခြင်းပင် ယခင်လောက် လွယ်ကူတော့မည် မဟုတ်ပေ။ ယခု ထွက်သွားခြင်းက ပို၍ သင့်တော်ပေ၏။ စူးခရာ အင်မော်တယ် မြို့ဟောင်း၌  သူ့ဆေးဆိုင်လေး ရှိနေသေးသည် မဟုတ်ပါလော။

မိုဝူကျီက သူ့ထာဝရ ကမ္ဘာမှ ထွက်သွားတော့မည့် ဆဲဆဲတွင် သူ့ပြသရေး အစီအရင်ကား အပြင်းအထန် တုန်လှုပ်သွားလေ၏။

တည်နေရာ တုန်ခါမှုကြောင့်လား …

မမျှော်မှန်းနိုင်သည့် အခြေအနေအားလုံးမှ ကာကွယ်နိုင်ရန် မိုဝူကျီက သူ့ထာဝရ ကမ္ဘာ အပြင်ဘက်တွင် စောင့်ကြည့်ရေး အစီအရင် တပ်ဆင် ထားလေသည်။ ထိုစောင့်ကြည့်ရေး အစီအရင်က မူမမှန်သည့် တည်နေရာ ဂယက်ထမှုကို အာရုံခံမိသည်နှင့်  ထာဝရ ကမ္ဘာလောက အတွင်းရှိ ပြသရေး ပိတ်ကားချပ်မှာ စတင် တုန်ခါလာခြင်း ဖြစ်ပေသည်။

ပြင်းထန်သည့် ဂယက်ထမှုများကို ကြည့်ရင်း မိုဝူကျီက ထိုအရာမှာ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာမှန်း သိလိုက်သည်။ မိုဝူကျီက ယခု ထွက်သွားတော့မည့် အတွေးကို ချက်ချင်း ပယ်ဖျက် လိုက်တော့သည်။ သူက စိတ်စွမ်းအားကိုပင် ပြန်လည် ရုတ်သိမ်းလိုက်ပြီး  သူ့ပိတ်ကား ချပ်၌သာ စိုက်ကြည့်လိုက်သည်။

ဂယက်ထမှုမှာ အချိန်အနည်းသာ ကြာမြင့်လေ၏။ ထို့နောက် လူသုံးယောက်က သူ့ပိတ်ကားချပ်၌ ပေါ်လာကြသည်။ အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့က လူလတ် ကျင့်ကြံသူတစ်ဦးကို တိုက်ခိုက်နေခြင်း ဖြစ်၏။  မိုဝူကျီက တစ်ချက်ကြည့်ရုံဖြင့် ထိုလူများ၏ တိုက်ကွက်များနှင့် အရည်အချင်းမှာ သူ့ထက် အားကောင်းနေကြောင်း သေချာ သိလိုက်သည်။

ထိုသုံးယောက်လုံးမှာ မဟာယီရှန်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

လူလတ်အမျိုးသား၏ အင်အားမှာ သူနှင့် ရင်ဆိုင်နေသည့် အမျိုးသားနှင့် အမျိုးသမီးတို့၏ တစ်ဦးချင်းစီနှင့် လက်ရည်တူ ဖြစ်ပေသည်။ သို့သော် ထိုသူတို့ နှစ်ယောက်က သူ့အား ဝိုင်းတိုက်နေသောကြောင့် သူ့ဘက်မှ အရေးမသာ ဖြစ်နေရသည်။

မိုဝူကျီက ထိုလူလတ်အမျိုးသား အသတ်ခံရတော့မည်ဟု ထင်လိုက်သည့်အချိန် လူလတ် အမျိုးသား၏ လက်မှ ငွေချိတ်ကောက်မှာ အမျိုးသမီးဆီ ရောက်သွားကာ သွေးများ ထွက်လာ စေသည်။ ထိုအမျိုးသမီးက မျက်နှာဖြူဖျော့ သွားပြီး နောက်ဆုတ် လိုက်ရသည်။ မိုဝူကျီက ထိုအခါမှ အမျိုးသမီး မျက်နှာကို ကြည့်မိလေ၏။  သူမက  မုရုန်ရှန်းယွီနှင့် ယှဉ်လျှင်ပင် နောက်ကောက် မကျွန်မည့် မိန်းမလှလေး တစ်ဦး ဖြစ်၏။

စွဲထင်ကျန်ရစ်စေသည်မှာ ထိုအမျိုးသမီး၌ ဖြူစင်ရိုးသားသော မိန်းကလေး သွင်ပြင် ရှိနေခြင်း ဖြစ်၏။ သူမကို မြင်လိုက်သည်နှင့်  သူမကို နူးနူးညံ့ညံ့ မဆက်ဆံမိဘဲ မနေနိုင်တော့သည့်အထိ ဖြစ်နေသည်။

အမျိုးသားက သူ့တွဲဖက် ဒဏ်ရာ ရာသွားသည်ကို မြင်၍  သူ့လှံဖြင့် အဆုံးမဲ့ လှံအရိပ်များစွာ ဖန်တီးကာ လူလတ်အမျိုးသားကို ပိတ်လှောင် ထားလိုက်သည်။ လူလတ်အမျိုးသားက သူ့လှံချက်များမှ မလွတ်မြောက်ခင် ဓားမြှောင်တစ်ချောင်းက လူလတ်အမျိုးသား၏ နဖူးမှ ဖောက်ထွင်း သွားတော့သည်။

“မိန်မိန်  အဆင်ပြေရဲ့လား” အမျိုးသားက လူလတ်အမျိုးသားကို သတ်လိုက်ပြီးနောက်  သူက အမျိုးသမီး ဘေးနားသွားကာ ထူပေးလိုက်သည်။

အမျိုးသမီးမျက်နှာမှာ အတော်လေး ဖျော့တော့နေကာ လက်ကာပြရင်း  “အစ်ကိုထျန်း .. ညီမ အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့။ အဲဒီလူရဲ့ ချိတ်ကောက်က  အဆိပ်ပါနေလို့ အဆိပ်မိသွားရုံပါ ”

“ဒီလူက တော်တော် ကောက်ကျစ်တာပဲ။ သူ့ဆီမှာ ဖြေဆေးရှိလား မြန်မြန် ရှာကြည့်လိုက်မယ်” အမျိုးသားက လူလတ် အမျိုးသားဆီ မြန်မြန် သွားကာ ရှာဖွေလိုက်သည်။

မိုဝူကျီ စိတ်ထဲ၌ တွေးတောနေမိသည်  “ မထူးဆန်းတော့ပါဘူး။ အဲဒီအမျိုးသမီးက ချိတ်ကောက် တစ်ချက်စာပဲ မိတာကို ဒီလောက် ဖြူဖျော့သွားစရာ အကြောင်းတော့ မရှိဘူး။ လတ်စသတ်တော့ အဆိပ်မိသွားလို့ကိုး …”

နောက်အခိုက်အတန့်၌ မိုဝူကျီက တုန်လှုပ်သွားမိသည်။ အစ်ကိုထျန်းဟု ခေါ်သော အမျိုးသား အနောက်ဖက်တွင်  ရှိနေသည့်   အမျိုးသမီးက ဓားကိုထုတ်ကာ ထိုးချလိုက်ပြီး  အမျိုသား၏ စိတ်နန်းတော်ကို ဖျက်စီး ပစ်လိုက်သည်။

အမျိုးသားက မယုံကြည်နိုင်ဟန် လှည့်ကြည့်လိုက်ရင်း  “မိန်မိန် ဘာလို့လဲ ...”

အမျိုးသမီးက  ဖြေဖို့ရာပင် စိတ်ထဲမရှိဘဲ ဓားကို နှုတ်လိုက်သည်။ အမျိုးသားက မြေပြင်ပေါ် လဲကျသွားပြီးနောက် မကြာခင် သူ့အသက်ရှုနှုန်းလည်း ပျောက်ကွယ် သွားတော့သည်။

မိုဝူကျီက လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ကာ တစ်ကိုယ်လုံးလည်း တုန်ယင်နေသည်။ သူက ရှားရိုယင်ကို ထိုအမျိုးသမီးဆီ၌ မြင်လိုက်မိကာ  အတိတ်မှ သူသည် ထိုအမျိုးသား ဖြစ်နေလေ၏။  လွန်ခဲ့သည့်နှစ်တုန်းက  ရှားရိုယင်ဆီမှ အသတ်ခံလိုက် သကဲ့သို့ ဖြစ်နေသည်။

အချိန်တချို့အကြာတွင် မိုဝူကျီက  သူ့ကိုယ်သူ ပြန်ထိန်း နိုင်သွားသည်။ သူ့အင်အားမှာ အလွန်အားနည်း နေခြင်းက ကံဆိုးလှပေသည်။ အကယ်၍ သူသာ အားကောင်းနေပါက ထိုရက်စက်သည့် အမျိုးသမီးကို သေချာပေါက် သတ်ပစ်မည် ဖြစ်သည်။

အမျိုးသမီးက သူမရဲ့ တွဲဖက်ကို သတ်ပစ်ပြီးသည်နှင့် အလောင်း နှစ်လောင်းဆီမှ လက်စွပ်များကို ချွတ်ယူလိုက်သည်။ ထို့နောက် နှစ်ယောက်လုံးကို ပြာအဖြစ် ပြောင်းပစ်လိုက်သည်။ ထိုအရာများ လုပ်ဆောင်ပြီးမှ သူမက မြင်ကွင်းမှ ထွက်သွားလေ၏။

စက်ဆုပ်ဖို့  ကောင်းလိုက်တာ …

သူမရဲ့  ချစ်သူကို သတ်ပစ်ပြီးတော့ သဂြိုဟ်ပေးဖို့ရာပင် စိတ်ထဲ မရှိဘဲ မီးရှို့ပစ်လိုက်လေ၏။

ထိုအမျိုးသမီး ထွက်သွားပြီးနောက် မိုဝူကျီလည်း သူ့ထာဝရ ကမ္ဘာမှ မြန်မြန် ထွက်လာလိုက်သည်။ သူက မြန်မြန်သွားဖို့ရာ လိုအပ်နေသည်။ ဤနေရာ၌ လုံခြုံစိတ်ချမှုကို စိုးစဉ်းမျှ မခံစားမိပေ။

တစ်လအကြာတွင် မိုဝူကျီက  ကျိုးပျက် ကမ္ဘာ  စဝင်ခဲ့သည့် နေရာသို့ ရောက်ရှိလာသည်။  သူရောက်ရှိလာသည်နှင့် ထိုနေရာမှာ  လေဟာပြင်ဈေး တစ်ခုကဲ့သို့ ဖြစ်နေလေပြီ။ ဤနေရာ၌ အင်မော်တယ်ဆေးပင် အမျိုးမျိုးနှင့်  အသီးအမျိုးမျိုး ရောင်းချနေကြသလို  ဆေးလုံးများနှင့် အဆောင်စာရွက် အမျိုးမျိုးလည်း ရောင်းချ နေကြသည်။

မိုဝူကျီ ပေါ်လာသည်နှင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်က သူ့ဆီ ပြေးဝင် လာကြသည်။ သူတို့မျက်လုံးများ၌  လောဘ အရိပ်အယောင်များ ကြီးစိုးနေပေ၏။

ကျိုးပျက်ကမ္ဘာ တတိယအလွှာမှ ထွက်လာသော လူတစ်ယောက်အနေနှင့် မည်မျှ ချမ်းသာကြွယ်ဝမည်ကို စိတ်ကူးကြည့်မိကာ ထိုအသက်ရှင် ကျန်ရစ်သူများကို အခြေခံအားဖြင့် လမ်းလျှောက်နေသည့်  အင်မော်တယ်ဆေးပင် သိုလှောင်ခန်းကြီး အလား အဖြစ် မြင်နေကြ၏။

“တာအိုရောင်းရင်းကို ဘယ်လိုများ ခေါ်ရမလဲ … ဘယ်ဂိုဏ်းကများလဲ”

မျက်နှာရှည်ရှည် အမျိုသားက မိုဝူကျီ လမ်းကိုပိတ်ကာ မေးလိုက်သည်။ သူက တာအိုရောင်းရင်းဟု ခေါ်ဆိုနေသော်လည်း သူ့အပြုအမူများမှာ ယဉ်ကျေးသည့် အရာနှင့် လုံးလုံးမျှ မအပ်စက်ပေ။

သူ့အမြင်အရ မိုဝူကျီ၏ ဝိညာဉ်စွမ်းအားများမှာ မသိမသာ ဖြစ်နေသောကြောင့် ဂိုဏ်းကြီးမှ ဂိုဏ်းသား ဖြစ်မည် မဟုတ်ပေ။ ဂိုဏ်းသေးတစ်ခု၏ တပည့်သား တစ်ယောက် အတွက် သူက အနည်းငယ် အော်ဟစ် ပြောလိုက်ရုံဖြင့်  ထိုသူ၏ အင်မော်တယ် ဆေးပင်များမှာ ဈေးသက်သက်သာသာဖြင့်  သူ့ဆီ ရောက်ရှိ လာလိမ့်မည်။

“ထွက်သွားစမ်း” မိုဝူကျီက ယဉ်ကျေးမနေဘဲ အော်ပြောလိုက်သည်။

သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ခွဲ၏ အကြီးအကဲ တစ်ယောက် ဖြစ်ကာ  ဤသို့မျိုးနေရာမျိုး၌  အကြီးအကဲ တစ်ယောက်၏ ဟန်ပန်ကို စောင့်ထိန်းရမည် ဖြစ်၏။  သူက အင်မော်တယ် ကမ္ဘာသို့ ရောက်လာသည် ဖြစ်ရာ ဤကမ္ဘာလောက၌ အားကြီးသူ ကြီးစိုးပြီး အားနည်းသူ အနိုင်ကျင့်ခံရခြင်းမှာ   ပုံမှန် ကိစ္စရပ်သာ ဖြစ်ပေသည်။  အကယ်၍ တစ်ယောက်ယောက်က အားကောင်းနေလျှင်  သူ့ထက် ပိုအားကောင်းရမည်။ တစ်ယောက်ယောက်က ရက်စက်နေလျှင် ကိုယ်က သူ့ထက်ပို၍ ရက်စက်လိုက်ရုံ ဖြစ်၏။  ကောင်းကောင်းပြောပြီး ဖြောင်းဖြဖို့ရာ တွေးတောနေလျှင်  သွားသေ လိုက်သည်က ပို၍ ကောင်းလိမ့်မည်။

မိုဝူကျီဆီမှ အော်ပြောခံလိုက် ရပြီးနောက် ထိုလူမှာ ကြောင်အမ်း သွားမိသည်။ ဂိုဏ်းသေးတစ်ခု၏ တပည့်သားက ထိုသို့မျိုးအရာမျိုး မလုပ်ရဲကြပေ။ ကြယ်အဆင့် ပါရမီရှင်များသာ ထိုသို့ ပြောဆိုရဲကြသည်။

“ခင်ဗျားက  ဘယ်သူလဲ  … ကျုပ်က အင်မော်တယ် ကံအသွယ်သွယ် ကုန်သွယ်မှု အဖွဲ့အစည်းကပါ” မျက်နှာရှည်ရှည် အမျိုသားက မိုဝူကျီကို  ဆက်လက် ခြိမ်းခြောက်ဖို့ ကြိုးစားနေဆဲ ဖြစ်သော်လည်း သူ့လေသံမှာ ယခင်ကလောက် မာရည်ကြောရည် မဟုတ်တော့ဘဲ ပျော့ပျောင်း လာလေ၏။

မိုဝူကျီက သူ့ကို ပြန်ဖြေဖို့ရ စိတ်မပါသောကြောင့် လူအုပ်ထဲသာ လျှောက်လှမ်း သွားလိုက်သည်။  ဘေးပတ်လည်မှ လူများလည်း မိုဝူကျီ၏ အပြုအမူကြောင့် ကြောင်အမ်းနေကြကာ  စကားတစ်ခွန်းမျှ မပြောရဲကြပေ။

အင်မော်တယ် ကံအသွယ်သွယ် ကုန်သွယ်မှု အဖွဲ့အစည်းမှ အမျိုးသားက မိုဝူကျီ ဟန်ဆောင် နေသည်လားဟု တွေးတောနေမိစဉ် လူငယ် ကျင့်ကြံသူလေး တစ်ယောက်က ရှေ့ထွက်လာကာ ဦးညွှတ်လိုက်ရင်း

“အကြီးအကဲမိုလား ခင်ဗျ”

မိုဝူကျီက ထိုကျင့်ကြံသူလေးမှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဝတ်စုံကို ဝတ်ဆင်ထားသည်ကို မြင်လိုက်၍ ခေါင်းညိတ်ကာ …

“ဟုတ်တယ် ကျုပ်ပါ  … မင်းက  …”

လူငယ်လေးက မိုဝူကျီ စကားကို ကြားသောအခါ ချက်ချင်း အပြုံးများ ပေါက်ဖွားလာပြီး …

“ကျွန်တော်က လျူဖန်ပါ။ တာဝန်ခံကုန်းက  ညွှန်ကြားလိုက်လို့   အကြီးအကဲမိုကို လာစောင့်နေတာပါ”

မိုဝူကျီက ကျိုးပျက်ကမ္ဘာမှ မည်သို့ ထွက်လာနိုင်သည်ကို  နားမလည် ဖြစ်နေသေးရာ ကုန်းယီက ထိုမျှ စိတ်ချယုံကြည် ရလောက်မည်မှန်း ထင်မထားမိပေ။ သူက ချက်ချင်း ပြန်ဖြေလိုက်သည်  “မဆိုးဘူး  ...  လမ်းပြပါဦး”

ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ လူတစ်ယောက်က မိုဝူကျီအား ဦးညွတ်လိုက်သည်ကို မြင်သောအခါ  မျက်နှာရှည်ရှည် ကျင့်ကြံသူက ချွေးအေးများ ထွက်လာတော့သည်။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲဆိုသည့် ဂုဏ်ပုဒ်မှာ သူ့အား အလွယ်တကူ ခြေမွပစ်နိုင်သည်။ သူက ဂရုစိုက်ပြီး ဆိုးဆိုးရွားရွား မလုပ်မိခဲ့သည်မှာ ကံကောင်း လှပေသည်။

လျူဖန်က မိုဝူကျီကို ခေါ်ဆောင် သွားတော့သည်။

“ကုန်းယီရော အဆင်ပြေတယ်မလား” မိုဝူကျီက မေးလိုက်သည်။

လျူဖန်က မြန်မြန် ပြန်ဖြေလိုက်သည်။

“ကျိုးပျက်ကမ္ဘာရဲ့ တတိယအလွှာမှာ အဖြစ်အပျက် အကြီးကြီး ဖြစ်တုန်းက  ဝင်သွားကြတဲ့ ပါရမီရှင် တစ်ဝက်လောက် ပျောက်ကွယ် သွားကြတယ်။ အင်မော်တယ် ဧကရာဇ်အဆင့်က တတိယအလွှာ ဝင်သွားတယ်ဆိုတဲ့ သတင်းလည်း ရှိနေတာ  အခြေအနေ အတိအကျတော့ အခုထိ မစုံစမ်းရသေးဘူး”

အင်မော်တယ် ဧကရာဇ် ရောက်လာသည့် အကြောင်း ကြားသောအခါ မိုဝူကျီက  အဆင့်၁၂ ကံကြမ္မာ ကြာနီကို မယူခဲ့မိသည်ကို တိတ်တဆိတ် ပျော်ရွင်မိသွားသည်။  သူက ရယူဖို့ရာ ကြိုးစားရင်း သေဆုံး သွားနိုင်သလို  သူရရှိ လာလျှင်လည်း  အင်မော်တယ် ဧကရာဇ် လက်ထဲ၌သာ အဆုံးသတ် သွားလိမ့်မည်။

သူနှင့် ကျင့်ကြံသူများစွာ ရှိနေခဲ့သေး၏။ သူသာ ကံကြမ္မာ ကြာနီကို သွားယူလိုက်သည်နှင့်  ထိုသတင်းမှာ ပေါက်ကြား သွားလိမ့်မည်။  သူနှင့်အတူတူ ရှိနေသည့် လူများအားလုံးကို မသတ်ပစ်သရွေ့ ဖြစ်၏။ သို့သော်လည်း သူက ထိုသို့လုပ်ရပ်မျိုး လုပ်မည် မဟုတ်ပေ။

“ကျွန်တော် ဒီကို ရောက်နေတာ နှစ်လ ရှိသွားပြီ။ တာဝန်ခံကုန်းက အကြီးအကဲမိုကို ခေါ်လာဖို့ တာဝန်ပေးထားတာ  … ပြီးတော့  တာဝန်ခံကုန်းက တံခါးပိတ် ကျင့်ကြံသွားပြီ”

လျူဖန်က လျှောက်နေရင်း ရှင်းပြလိုက်သည်။

အမွေးတိုင်တစ်ဝက်စာကြာချိန်အတွင်း လျူဖန်က မိုဝူကျီကို ကူးသန်းရေး အစီအရင်ဆီ ခေါ်လာသည်။ မိုဝူကျီကို ပထမဆုံး ရောက်လာစဉ်က ထိုမျှခန်းမကြီး မရှိပေ။ သို့သော် ဤအခိုက်အတန့်လေး၌   ကူးသန်းရေး ခန်းမကျယ်ကြီး တည်ဆောက် ထားလေ၏။

“ရှေ့က အစ်ကိုမို  ...” မိုဝူကျီကို ရင်းနှီးသည့် အသံတစ်သံက လှမ်းခေါ်လိုက်သည်။

မိုဝူကျီက ရပ်ပြီး ကြည့်လိုက်သည့်အခါ သူစိတ်ထဲ မရေမရာ ဖြစ်သွားလေ၏။  ထိုသူမှာ  ရွမ်ရှန်း နောက်ပိုင်းအဆင့်ဖြင့်  တာအိုသူတော်စင် အသွင်ရှိသည့် မိန်းကလေးတစ်ဦး ဖြစ်၏။ ထိုအမျိုးသမီးလေးကို သူမှတ်မိလိုက်သည်။ ထိုသူမှာ   လမ်းစဉ် ခြောက်သွယ် အင်မော်တယ် နယ်မြေ၏ နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်မှ လင်းဂူ  ဖြစ်၏။

ယခု သူတို့က ကျိုးပျက်ကမ္ဘာထဲ ဝင်သွားပြီးပြီ ဖြစ်ရာ သူမက ဘာလို့ သူ့ကို စောင့်နေရသနည်း။ သူမ လေသံမှာလည်း သူ့အား ရန်လာစနေသည့် ပုံလည်း မပေါ်ချေ။  ပြောရမည်ဆိုလျှင် သူ့အဆင့်အတန်းဖြင့် သူမက ဤသို့မျိုးနေရာ၌ ရန်စရဲမည် မဟုတ်ပေ။

“အစ်ကိုမို … အရင်ကိစ္စနဲ့ ပတ်သက်ပြီးတော့  လင်းဂူရဲ့ အမှားပါ။ အစ်ကိုမိုရဲ့ ခွင့်လွှတ်မှုကို တောင်းခံချင်ပါတယ်”

လင်းဂူက ရှေ့ထွက်လာကာ မိုဝူကျီဆီ ဦးညွတ်လိုက်သည်။ သူမက ဦးညွှတ် လိုက်သည့်အခါ  သူမ၏ တာအိုဝတ်ရုံမှာ ဟိုက်သွားပြီး မိုဝူကျီ မျက်စိရှေ့၌ ရင်သပ်ရှုမောဖွယ် ဖြူဖွေးဖွေး အစိုင်အခဲ နှစ်ခု ပေါ်လာလေ၏။

( မူရင်းစာရေးဆရာ လွဲရေးလိုက်တာလေး တစ်ခု ရှိပါတယ်။  အရင် ရှန်းမူချင်ရဲ့ ခုံလာလုတဲ့ ကောင်မလေးက နိုက်ဟော် မဟုတ်ဘဲ လင်းဂူပါ ... စာရေးဆရာ ကိုယ်တိုင် လွဲရေးမိတာဆိုတော့  ဘာသာပြန်သူအနေနဲ့ ပြန်ပြင်လို့ မရတာလေး နားလည် စေချင်ပါတယ်ရှင့်)

***

All Chapters