မိစ္ဆာဝိညာဉ်များနှင့် နတ်ဆိုးများ
Vol. 7 Ch. 93
ယဲ့ချန်သည် မှောင်မည်းနေသော လိုဏ်ခေါင်း တစ်လျှောက် ဖြတ်သန်းကာ ကျောက်စိမ်း မျှော်စင်ထဲသို့ ဝင်လာခဲ့သည်။ အရှေ့ဘက်သို့ မျှော်ကြည့်လိုက်လျှင် ကျယ်ပြောသော မြေအောက် ကမ္ဘာကြီးကို မြင်နိုင်သည်။ မြင့်မားလွန်းသော သစ်ပင်များနှင့် အနက်ရောင် မြေအောက် အပင်ငယ်တို့ မှီတွယ် ပေါက်ရောက်နေသည့် မညီမညာ ကျောက်တုံးများက မြေပြင်အနှံ့ နေရာယူထားသည်။ မှိုင်းသော အရောင်ရှိသည့် ကောင်းကင်သည် မြေအောက်ကမ္ဘာပေါ်တွင် ဖြန့်ကျက်တည်ရှိနေပြီး တစ်ခါတစ်ရံ ရောင်စုံအလင်းတချို့ ဖြာကျလာတတ်သည်။
ဤမြေအောက်ကမ္ဘာတွင် ကန့်သတ်ထားသောလမ်းများ ရှိပြီး တစ်စုံတစ်ယောက်သည် ထိုကန့်သတ်ချက်တို့ကို မချိုးဖောက်မိစေရန် ကျဉ်းမြောင်းသော လမ်းကြောင်း အတိုင်းသာ သွားနိုင်သည်။
တချက်တချက်တွင် ထူးဆန်းသော ဆွဲဆွဲငင်ငင် ငိုညည်းသံတချို့ အဝေးမှ ပျံ့လွင့် လာသည်ကို ကြားရသည်။ အနီးနားတွင်မူ ကျောက်တုံးအပဲ့များ စုပုံနေသည့် မြေကွက်လပ်တစ်ခုရှိပြီး ရံဖန်ရံခါ လူနှင့် သားရဲတို့၏ အရိုးများကို ကျောက်တုံးများကြားတွင် တွေ့ရသည်။ ထိုလူနှင့် သားရဲများအား မည်သည့်အရာက သတ်ဖြတ်ခဲ့သည်ကိုတော့ ဘယ်သူမှ မသိနိုင်ပေ။
အရိုးများအပြင် ကျိုးပဲ့နေသော ချပ်ဝတ်များလည်း မြေပြင်ပေါ်တွင် ရှိနေသည်။ ချပ်ဝတ်များသည် အကောင်းစား သတ္တုတို့ဖြင့် ပြုလုပ်ထားကြသော ချပ်ဝတ်များ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးသည့်တိုင် ၎င်းချပ်ဝတ်များမှာ အရောင်မှိန်သွားခြင်း မရှိ။ သို့သော်လည်း ကျောက်စိမ်း မျှော်စင်ထဲသို့ အသစ်ဝင်ရောက် လာသူများသည် ပျက်စီးနေသော ချပ်ဝတ်တို့ကို အဘယ်မှာ စိတ်ဝင်စားလိမ့် ပါမည်နည်း။
နောက်ဘက်သို့ ပြန်ကြည့်လိုက်လျှင် လိုဏ်ဂူဝင်ပေါက်သည် အလိုအလျောက် ချိပ်ပိတ်သွားကာ ကျောက်တုံး နံရံတစ်ခုသာ ကျန်ရစ်ခဲ့သည်ကို တွေ့ရသည်။ ကျောက်စိမ်း မျှော်စင်အတွင်းသို့ ဝင်ရောက်ပြီးလျှင် လဝက်အတွင်း ပြန်လည်ထွက်ခွာနိုင်မည် မဟုတ်ချေ။ ထွက်ပေါက်ကား လဝက်ကြာပြီးမှ ပြန်ပွင့်လာမှာ ဖြစ်သည်။
ချိုးယင်းတို့လူစုလည်း မကြာခင်တွင် ဤနေရာသို့ ရောက်လာ ကြတော့ပေမည်။ သို့သော် ကျယ်ပြောသော မြေအောက် ကမ္ဘာအတွင်း ဘယ်လမ်းကိုသွားပါက ပိုလုံခြုံမည်မှာ မသေချာပေ။ လမ်းပြပေးမည့်လူလည်း မရှိသည့်အပြင် ယဲ့ချန်တွင် မြေအောက်ကမ္ဘာနှင့် ပတ်သက်သော သဲလွန်စလည်း ရှိမနေ။ သတိလက်လွတ် လျှောက်သွားပါက အန္တရာယ်နှင့် တည့်တည့် ကြုံမည်ကိုလည်း စိုးရသေးသည်။
စူးစူးဝါးဝါးအော်သံများ ထွက်ပေါ် လာသောကြောင့် ယဲ့ချန် မော့ကြည့်လိုက်သည်တွင် မရေမတွက်နိုင်သော မိစ္ဆာဝိညာဉ်များသည် ကျိုင်းကောင်များကဲ့သို့ သူ့အနီးတွင် ဝိုင်းပတ် နေကြသည်။ အမည်းရောင် အရိပ်အငွေ့များသည် တစ်ခါတစ်ရံ ထူးဆန်းသော မျက်နှာများအဖြစ် ပြောင်းလဲသွားကာ တစ်စုံတစ်ရာကို ပြင်းပြင်းပြပြ မျိုချလိုသည့်အလား အော်ဟစ်နေကြသည်။
လေထုထဲတွင် ပုံသေ စီးဆင်းနေသော ထျန်းချီ စွမ်းအင်များကိုလည်း ယဲ့ချန် ခံစားမိသည်။
အနှီမိစ္ဆာ ဝိညာဉ်များ၏ စွမ်းအားသည် အဆင့် ၃၊ ၄ သားရဲများနှင့် တန်းတူခန့်သာ ရှိသော်လည်း အရေအတွက်မှာ များလွန်းသည်။ အကောင်ပေါင်း ၁၀သန်းခန့် ရှိသည်။ ထျန်းချီအဆင့် ၁၀ကျင့်ကြံသူ တစ်ယောက်ပင် ထိုမျှပမာဏများသော မိစ္ဆာဝိညာဉ် အုပ်ကြီးနှင့် ကြုံတွေ့ရပါက သနားဖွယ် ကောင်းလောက်အောင် သေဆုံးရပေလိမ့်မည်။
မြေပြင်ပေါ်ရှိ လူနှင့်သားရဲအရိုးများ ဘာကြောင့် ဖြစ်လာရသည်ကို ယဲ့ချန် ရုတ်ခြည်း နားလည်သွားတော့သည်။
မိစ္ဆာဝိညာဉ်များသည် လူသားအုပ်စုတစ်စု သို့မဟုတ် သားရဲအုပ်စုတစု ဤနယ်မြေ အတွင်းသို့ ဝင်ရောက်လာပါက အစပိုင်းတွင် ဝိုင်းဝန်း တိုက်ခိုက်ကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဒဏ်ရာသွားခြင်းသော် လည်းကောင်း၊ တစ်ယောက်တည်း အုပ်စုကွဲသွားခြင်းသော် လည်းကောင်း ဖြစ်သွားချိန်ရောက်မှ မိစ္ဆာဝိညာဉ်များသည် ထိုလူကို အလျင်အမြန် ဝါးမျို စားသောက် ကြပေလိမ့်မည်။
ဒီ ယုတ်မာပက်စက်တဲ့ သောက်ကောင်တွေကတော့..။
ထိုအကောင်များ သူ့အား ဝိုင်းအုံလာမည့် အချိန်ထိ စောင့်လို့မဖြစ်ပေ။ သနားစရာ ကောင်းလောက်အောင် အဆုံးသတ် သွားရနိုင်ဖွယ် ရှိသည်။
မိစ္ဆာဝိညာဉ်များသည် ယဲ့ချန်ကိုယ်မှ သွေးနံ့ကို အာရုံခံမိသွားပုံပေါ်ကာ ပို၍ အားတက်သရော ဖြစ်လာကြပြီး ယဲ့ချန်နောက်သို့ ဝိုင်းလိုက်လာကြ၏။
‘သေစမ်း..’
ယဲ့ချန်၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲ သွားရသည်။ မိစ္ဆာဝိညာဉ်များ၏ အရေအတွက်က များလွန်းသည်။ သူသာ ထိုအကောင်များ လက်တွင် ဖမ်းမိသွားပါက တကိုယ်လုံးရှိ သွေးများနှင့် ထျန်းချီများ အကုန်အစင် စုပ်ယူခံရပြီး မံမီ အလောင်းသဖွယ် ဖြစ်သွားရပေလိမ့်မည်။
ပြေးနေရင်းဖြင့် နောက်မှ လိုက်နေသော မိစ္ဆာဝိညာဉ်များ၏ အရေအတွက်သည် ပိုပိုများ လာလေသည်။ ယဲ့ချန် အရှေ့ဘက်သို့ ကြည့်မိလျှင် သူ့ထံသို့လာနေသော နောက်ထပ် မိစ္ဆာဝိညာဉ် တစ်အုပ်ကို တွေ့ရသည်။ သူကား မိစ္ဆာဝိညာဉ် အုပ်နှစ်အုပ်ကြားတွင် ဝိုင်းထားခံရလေပြီ။
သူ့ခန္ဓာကိုယ်ထဲရှိ ထျန်းချီများသည် တစ်စုံတစ်ရာထံမှ စုပ်ယူခံနေရသည့် အလား တဖြည်းဖြည်း လွင့်ပါး လာနေသည်။
“ကျွိ.. ကျွိ”
ယဲ့ချန် မျှော်လင့်ချက်များ ပျက်သုဉ်းလုနီးနီးအချိန်တွင် အမွေးပွလေးသည် ရုတ်တရက် ၎င်း၏ စိတ်ဝိညာဉ်ကို ထုတ်လွှတ် လိုက်၏။ စိတ်ဝိညာဉ်ဖြင့် ထိတွေ့မိသော မိစ္ဆာဝိညာဉ်များသည် အလွန်ကြောက်မက်ဖွယ် ကောင်းသည့် တစ်စုံတစ်ရာကို တွေ့လိုက်ရသကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်ကာ သင်းကွဲငှက်များနှယ် အုပ်စု ကွဲသွားကြသည်။
အခြား အဆင့် ၉၊ အဆင့် ၁၀ ကောင်းကင်သားရဲတို့၏ စိတ်ဝိညာဉ်သည် မိစ္ဆာ ဝိညာဉ်များအား ခြောက်လှန့်နိုင်ရုံလောက်သာ ရှိသော်လည်း အမွေးပွလေး၏ စိတ်ဝိညာဉ်ကမူ ထူးခြားသည်။ မိစ္ဆာဝိညာဉ်များအား အမှန်တကယ် ထိခိုက်စေနိုင်ပုံ ရလေသည်။
ချိုးယင်းတို့လူစု မကြာမီတွင် ရောက်လာတော့မည် ဖြစ်ရာ ယဲ့ချန် အချိန်ဆွဲမနေတော့ဘဲ ဝိညာဉ်စွမ်းအင်ဖြင့် အမွေးပွလေးနှင့် သူကိုယ်တိုင်၏ ပတ်လည်တွင် လွှမ်းခြုံကာ မိစ္ဆာဝိညာဉ်များနှင့် ဝေးရာသို့ အမြန်ဆုံး ထွက်ပြေး ခဲ့တော့သည်။ ယဲ့ချန်၏ ဝိညာဉ်စွမ်းအင်သည် အမွေးပွလေး ထက်ပင် ပိုအစွမ်းထက်သေးရာ မိစ္ဆာဝိညာဉ်များသည် ယဲ့ချန်အား အဆင့်မြင့်ပုဂ္ဂိုလ်ကြီးဟု ထင်မှတ်သွားကြပြီး နောက်မှ လိုက်မလာရဲတော့ပေ။
မိစ္ဆာဝိညာဉ်များသည် ဝိညာဉ်စွမ်းအင်ကို ကြောက်ရွံ့ကြကြောင်း သေချာမှ ယဲ့ချန်လည်း အနည်းငယ် တည်ငြိမ် သွားရသည်။ ကျောက်စိမ်းမျှော်စင်၏ ပထမဆုံးအလွှာကပင် အလွန် ကြောက်မက်ဖွယ် ကောင်းနေလေပြီ။ အောက်ဘက် အလွှာများ၌ဆိုလျှင် ဘယ်လိုနေမည်မသိပေ။
အဆုံးမရှိသော အမှောင်ထုထဲသို့ ဦးတည် စီးဆင်းနေသည့် ကြီးမားသော မြစ်ကြီး တစ်စင်းရှေ့ရောက်မှ ယဲ့ချန် ပြေးနေသည်ကို ရပ်တန့် လိုက်သည်။
ကြည့်ရသည်မှာ မြစ်၏အောက်ခြေ၌ ပုန်းကွယ်နေသော အန္တရာယ်များ ရှိမည့်ပုံပေါ်သည်။ သူသည် ဝိညာဉ်အသိအမြင်ကို သုံးကာ စစ်ဆေးကြည့်လိုက်လျှင် မြစ်အတွင်း၌ များစွာသော မိစ္ဆာဝိညာဉ်များ ရှိနေသည်ကို တွေ့ရသည်။ ၎င်းမိစ္ဆာဝိညာဉ်များ အနက် အများစုသည် အဆင့်၇၊ အဆင့်၈ များဖြစ်ကြပြီး အဆင့်၉နှင့် အဆင့် ၁၀များပင် ပါဝင်သေးသည်။ ရေထဲမှ မိစ္ဆာဝိညာဉ် များသည် ကုန်းပေါ်ရှိ မိစ္ဆာဝိညာဉ်များထက် များစွာ ပိုအစွမ်းထက်ပေသည်။
ဝိညာဉ်စွမ်းအင် ရှိနေသ၍ ယဲ့ချန်အား ထိုမိစ္ဆာဝိညာဉ်များက ဒုက္ခမပေးနိုင်ပေ။ သို့သော် ချိုးယင်းတို့ လူစုသာ ရေထဲသို့ ရောက်သွားပါက အခြေအနေက ကွဲပြားသွားပေမည်။ ယဲ့ချန် နှုတ်ခမ်းထက်တွင် လှည့်ဖြားလိုသော အပြုံးတစ်ခု ဖြစ်ပေါ်လာကာ မြစ်အတွင်းသို့ ခုန်ဆင်း လိုက်လေသည်။ မကြာမိီတွင် သူ့ခန္ဓာကိုယ်သည် ရေစီးအတိုင်း မျောပါသွားတော့သည်။
အချိန်ခဏ ကြာပြီးနောက် ကျောက်စိမ်း မျှော်စင်ထဲသို့ လူတစု ဝင်ရောက် လာကြသည်။ ၎င်းတို့ကား ချိုးယင်းတို့လူစု ဖြစ်သည်။
“ဟိုကောင်လေး မြစ်ထဲကို ခုန်ချသွားတယ်”
သိမ်းငှက်သဏ္ဌာန် မျက်လုံးများရှိသော ချိုးယင်း၏ အစောင့်အရှောက် တစ်ယောက်သည် မီတာ ၇၀၀၊ ၈၀၀ အဝေးမှ မြစ်ကြီးတစင်းထဲသို့ ယဲ့ချန် ခုန်ချသွားသည်ကို မြင်လိုက်ရသည်။
“သူ့နောက်ကိုလိုက်”
ချိုးယင်းသည် အမိန့်ပေးလိုက်ရင်း သူကိုယ်တိုင်ကလည်း ယဲ့ချန်အား အမီလိုက်ရန် လေထဲသို့ ခုန်တက်လိုက်သည်။
ထိုစဉ် မရေမတွက်နိုင်သော မိစ္ဆာဝိညာဉ်များသည် နားကွဲလုမတတ် စူးစူးဝါးဝါး အော်ဟစ်လျက် သူတို့လူစုအား ဝိုင်းအုံလာကြသည်။
လျိုရွှင်း၊ လျိုခန်းနှင့် ကျန်လူများလည်း မျက်နှာများ ဖြူဖျော့သွားကြကာ အလျင်အမြန် တုံ့ပြန် လိုက်ရသည်။ သူတို့လူစု၏ တိုက်ခိုက်မှု အောက်တွင် မိစ္ဆာဝိညာဉ်များ တစ်ကောင်ပြီး တစ်ကောင် သေကုန်ကြသည်။
“သောက်ရေးမပါတဲ့ မိစ္ဆာကောင်တွေ”
ချိုးယင်းသည် ဒေါသတကြီး ရေရွတ်လျက် မီးလက်ဝါးဖြင့် ရိုက်ထုတ်လိုက်လျှင် မိစ္ဆာဝိညာဉ် တပြုံကြီးသည် ပြာမှုန်အဖြစ် လောင်ကျွမ်း သွားကြသည်။
မိစ္ဆာဝိညာဉ်အရေအတွက် တော်တော်များများကို သတ်ပြီးသည့်နောက် ကျန်သော မိစ္ဆာဝိညာဉ်များသည် သူတို့အုပ်စုအနီးသို့ ကပ်မလာရဲတော့ဘဲ ၅မီတာ၊ ၆မီတာ အကွာခန့်မှ စူးစူးဝါးဝါး အော်လျက် ကြည့်နေကြတော့သည်။
လေထဲတွင် လွင့်မျောလျက် အော်ဟစ်နေကြသော မိစ္ဆာဝိညာဉ်များကို ကြည့်ရင်း လျိုခန်း မျက်မှောင်ကြုတ်မိကာ မေးသည်။
“ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ”
“ယဲ့ချန်ဆိုတဲ့ကောင်လေးက နည်းနည်းတော့ ထူးဆန်းတယ်။ ကျောက်စိမ်း မျှော်စိမ်းထဲကို ဝင်လာတုန်းက သူ့မှာ ဒဏ်ရာတွေရနေတဲ့အပြင် အဖော်လည်း ပါတာမဟုတ်ဘူး။ ဒါတောင် မိစ္ဆာဝိညာဉ်တွေ လက်ကနေ လွတ်အောင် ပြေးနိုင်သေးတယ်။ သူ့မှာ မိစ္ဆာဝိညာဉ်တွေကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းတစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် အဲ့ကောင်လေးကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး။ သေတာပဲဖြစ်ဖြစ် ရှင်တာပဲဖြစ်ဖြစ် တွေ့အောင် ရှာရမယ်။ အဲ့ကောင်လေးသာ လွတ်သွားလို့ကတော့ ငါတို့တွေ အနာဂတ်မှာ ကောင်းကောင်းမွန်မွန် နေရဖို့ကို မေ့သာ ထားလိုက်တော့”
ချိုးယင်းက အေးစက်စွာ ပြောသည်။
“သွားမယ် .. လိုက်ဖမ်းစို့”
သူတို့လူစုသည် မြစ်ကြောင်းအတိုင်း ပြေးသွားရင်း ယဲ့ချန်နောက်မှ လိုက်လာခဲ့ကြသည်။ သို့သော် မြစ်ထဲသို့တော့ ခုန်မချဝံ့ပေ။ ကျောက်စိမ်းမျှော်စင်၏ နေရာအနှံသည် မမြင်ရသော အန္တရာယ်တို့ဖြင့် ပြည့်နေလေရာ လက်လွတ်စပယ် ခုန်ခချရဲကြချေ။
“ငါတို့ မြစ်ကြောင်းအတိုင်းပဲ ဆက်သွားကြတာပေါ့။ လမ်းမှာ အန္တရာယ်တစ်ခုခု ကြုံလာရတော့လည်း မြစ်ကြောင်းအတိုင်းပဲ ပြန်လာကြမယ်”
ချိုးယင်းသည် ခဏမျှ တွေးတောပြီးသည့်နောက် ဆုံးဖြတ်လိုက်သည်။
ကျန်လူများကလည်း လက်ခံ သဘောတူကြသည်။ ကျောက်စိမ်း မျှော်စင်သည် အလွန်ကျယ်ဝန်း လေရာ သတိမထားဘဲ လျှောက်သွားပါက လအနည်းငယ် ကြာသည်အထိ ပြန်ထွက်နိုင်တော့မည် မဟုတ်။ သူတို့တွင် ရိက္ခာကလည်း နှစ်လစာမျှသာ ပါလာလေရာ လမ်းပျောက်ခဲ့ပါက ငတ်ပြတ်ပြီး သေသွားနိုင်သည်။ အကယ်၍ မြစ်ကြောင်းအတိုင်း သွားမည်ဆိုလျှင်တော့ ထိုသို့သောပြဿနာ မရှိနိုင်တော့ပေ။
ထိုအချိန်တွင် ယဲ့ချန်သည် ရေစီးသန်သော မြစ်ကြောင်း တစ်လျှောက် မျောလျက် လိုက်လာခဲ့သည်။ မြစ်၏ အောက်ဘက်မှ တစ်စုံတစ်ရာက ရုန်းထွက်ချင်နေသည့် အလား ရေခဲတမျှ အေးစက်သော စွမ်းအင်တို့သည် ရေအောက်မှ တိုးထွက် လာလေသည်။ ထိုစွမ်းအင်၏ ခြိမ်းခြောက်နိုင်စွမ်း အောက်တွင် ယဲ့ချန် ဆံပင်များပင် အလိုအလျောက် ထောင်လာရ၏။
***