← Chapters

ရေထဲမှာတစ်ခုခုရှိနေတယ်...

Vol. 7 Ch. 94

ရေထဲမှာတစ်ခုခုရှိနေတယ်...

Vol. 7 Ch. 94

ဝိညာဉ်စွမ်းအင်ကို ဖြန့်ကျက်လိုက်တော့မှ ထိုအမည်မသိ အေးစက်စက် စွမ်းအင်မှာ ဖြည်းညင်းစွာ ပျောက်ကွယ် သွားတော့သည်။

မြစ်ရေစီးကြောင်းအတိုင်း မိနစ် ၂၀ခန့် လိုက်ပါလာပြီးနောက် ရေစီးမှာ အရှိန်လျော့စ ပြုလာသည်။ ရှေ့နား၌ ကျောက်ခဲများအပြည့်နှင့် ကမ်းစပ်တစ်ခုကို တွေ့ရ၍ ကမ်းစပ်နားရှိ ကျောက်တုံးကြီး တစ်ခုကို ဖက်တွယ်ကာ ယဲ့ချန် ရပ်တန့်လိုက်သည်။

 “ကျွိ.. ကျွိ”

အမွေးပွလေးသည် အသံသေးသေးလေးဖြင့် တကျွိကျွိအော်ရင်း ယဲ့ချန်အား စကားဆိုသည်။ ၎င်း၏ ပုလဲနက်သဖွယ် မျက်လုံးလေးများထဲ၌ မျက်ရည်များပင် ဝဲလျက်ရှိသည်။

 “မစိုးရိမ်နဲ့.. ငါအဆင်ပြေတယ်”

ယဲ့ချန်သည် အမွေးပွလေးအား ဦးစွာပြုံးပြကာ နှစ်သိမ့်ရသည်။ ထို့နောက်မှ သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာတို့ကို စစ်ဆေး လိုက်သည်။ သွေးထွက်နေသော ဒဏ်ရာတချို့မှာ သွေးတိတ်သွားလေပြီ။ မိစ္ဆာဝိညာဉ်များနှင့် ရင်ဆိုင်ရစဉ်က ထျန်းချီတချို့ ဆုံးရှုံးခဲ့ရသော်လည်း ပြင်းထန်သော ဒဏ်ရာ မဟုတ်ပေ။

ခန္ဓာကိုယ်ထဲတွင် ထျန်းချီတစက်မျှ မရှိတော့သောကြောင့် ယဲ့ချန်သည် ခြေချိတ် ထိုင်လိုက်ကာ ထျန်းချီများကို ပြန်လည် ဖြည့်တင်းနေလိုက်သည်။ ပီရှို့ထံမှ အသန့်စင်ဆုံး ထျန်းချီများက တန့်ထျန်ထဲသို့ အဆက်မပြတ် စီးဆင်းနေကြသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ၈၀ရာခိုင်နှုန်းသော ထျန်းချီတို့ ပြန်ပြည့်သွားပြီ ဖြစ်သည်။ ရုတ်တရက် ဝိညာဉ်အသိအမြင်ဖြင့် တစ်စုံတစ်ရာကို အာရုံခံမိ လိုက်သောကြောင့် သူ မျက်လုံးများ ဖွင့်လိုက်လျှင် လူရိပ် အနည်းငယ်သည် သူ့ထံသို့ ပျံသန်းလာနေသည်ကို မြင်လိုက်ရသည်။ ထိုလူများမှာ အခြားမဟုတ်၊ ချိုးယင်းတို့ လူစု ဖြစ်သည်။

ထိုလူများသည် သူ့အား လုံးဝ အလွတ်မပေးဘဲ သရဲတစ္ဆေများကဲ့သို့ နောက်မှ လိုက်လာ ကြသည်။

 “ကောင်လေးက ဒီမှာဟေ့”

 “သူ့ကို ထွက်မပြေးစေနဲ့”

ကျောက်တုံးတတုံးထက်တွင် ထိုင်နေသော ယဲ့ချန်အားမြင်သော် ချိုးယင်း၏ မျက်လုံးအစုံမှာ အေးစက် သွားသည်။ သာမန်လူတစ်ယောက်ဆိုပါက ဒဏ်ရာများနှင့် မြစ်ကြောင်း တစ်လျှောက် မျောလာရပြီးနောက် သွေးထွက်လွန်ကာ သေလျှင်သေ၊ မသေလျှင်လည်း သွေးနံ့ကြောင့် ရောက်ရှိ လာသော သားရဲများ၏လက်မှ အသည်းအသန် ပြေးနေရလောက်သည်။ သို့သော်လည်း ယဲ့ချန်ဟူသော ကောင်စုတ်လေးကမူ ဘာမှမဖြစ်သည့် အပြင် အေးအေးဆေးဆေး ထိုင်နေနိုင်သေးသည်။

ချိုးယင်းတို့လူစုသည် ယဲ့ချန်ရှိရာသို့ အလျင်မြန်ဆုံး ပျံသန်းလာကြရာ ၁၀မီတာခန့်သာ ဝေးတော့သည်။

 “ကောင်လေး.. ဒီတစ်ခေါက်ရော မင်း ဘယ်လိုပြေးမလဲဆိုတာ ကြည့်လိုက်ဦးမယ်”

ချိုးယင်းသည် အေးစက်စက် နှာခေါင်းရှုံ့ရင်း ကြုံးဝါးလိုက်သည်။

 “ခင်ဗျားတို့အဖွဲ့ရဲ့ အင်အားလောက်နဲ့ ကျွန်တော့်ကို ဖမ်းနိုင်ဖို့ တွေးနေတာလား။ စိတ်တောင်မကူးနဲ့”

ယဲ့ချန်သည် မထီလေးစားဟန်ပန်ဖြင့် လှောင်ပြုံး ပြုံးလိုက်သည်။ ချိုးယင်းသည် ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့် ကျင့်ကြံသူ ဖြစ်လျှင်ပင် သူ့တွင်လည်း လွတ်မြောက်ရန် နည်းလမ်းများစွာ ရှိပေသည်။ ၈၀ရာခိုင်နှုန်းသော စွမ်းအားများ ပြန်ပြည့်နေပြီ ဖြစ်ရာ ချိုးယင်းအား ကြောက်နေစရာ အကြောင်း မရှိပါချေ။ ချိုးယင်းက သူ့အား ခုန်အုပ်လာသည့် အချိန်တွင်ပဲ ယဲ့ချန်သည် ဆန့်ကျင်ဘက် ဦးတည်ရာကို ပြေးသွားကာ မြစ်ထဲသို့ တစ်ဖန် ခုန်ချလိုက်တော့၏။

ချိုးယင်းသည် ယဲ့ချန်နောက်သို့ ပြေးလိုက်လာသော်လည်း ကမ်းစပ်၌ပင် ရပ်တန့်သွားသည်။ မြစ်ရေသည် ကြည်လင်နေခြင်း မရှိရာ ရေအောက်၌ မည်သည့်အရာတို့ ရှိနေမည်ကို သူ မခန့်မှန်းနိုင်ပေ။ သို့သော် တစ်ခါတစ်ရံ ရေအောက်မှ တိုးထွက်လာသည့် အေးစက်လှသော စွမ်းအား တစ်မျိုးကိုတော့ သူ ခံစားမိသည်။ ထို့ပြင် ကျောက်စိမ်းမျှော်စင်သို့ မလာရောက်မီ သူသည် ရှေးဟောင်းစာအုပ်များကို လှန်လှောကာ ကျောက်စိမ်းမျှော်စင်နှင့် ပတ်သက်သည့် ဘိုးဘေးတို့၏ မှတ်တမ်းအား ဖတ်ရှုလေ့လာခဲ့သည်။ ထိုမှတ်တမ်းများအရ ကျောက်စိမ်းမျှော်စင်၏ စွမ်းအားအကြီးဆုံး မိစ္ဆာဝိညာဉ်များနှင့် နတ်ဆိုးများသည် ရေအောက်၌ နေရသည်ကို သဘောကျသည်ဟု ပါရှိသည်။

မြစ်၏ အလယ်ခေါင် တည့်တည့်သို့ ကူးခတ်သွားပြီးသောအခါ ယဲ့ချန် နောက်သို့ ပြန်လှည့်ကြည့်လိုက်သော် ချိုးယင်းတို့ လူစုသည် ကမ်းစပ်၌သာ ရပ်နေပြီး ရေထဲသို့ ဆင်းမလာရဲကြပေ။ ယဲ့ချန်၏ နှုတ်ခမ်းထောင့်စွန်းတို့က လှောင်ရိပ်သန်းစွာ တွန့်ကွေးသွားပြီး ‘ဖမ်းနိုင်ရင်လာဖမ်းလေ’ ဟူသော အဓိပ္ပယ်ဖြင့် လက်ဟန်ခြေဟန် လုပ်ပြလိုက်သည်။

 “အဲဒီ လက်ဟန်ခြေဟန်က ဘာသဘောလဲ”

သူတို့က ယဲ့ချန်လုပ်ပြသော လက်ဟန်ခြေဟန်ကို အတိအကျ မသိသော်လည်း ခန့်မှန်းကြည့်၍ ရသည်။ ချိုးယင်းသည် အသက်ပြင်းပြင်း ရှူနေရပြီး ရှင်သန်လာခဲ့သည့် ဘဝတစ်လျှောက်လုံးတွင် ယခုအချိန်လောက် တခါမျှ ဒေါသမထွက်ဖူးသလိုပင် ခံစားရ၏။

 “မြစ်ထဲကို ဆင်းပြီး သူ့နောက်ကိုဆက်လိုက်။ ဒီမြစ်က ပေနည်းနည်းလေးပဲ ကျယ်တာ။ အဲဒီကောင်မှာ တခြား ပြေးစရာနေရာ ရှိနေဦးမယ်လို့ ငါမယုံဘူး”

ချိုးယင်းသည် ဒေါသတကြီးဖြင့် ကျိန်ဆဲ၏။ အစောင့်အရှောက်များသည် အစပိုင်းတွင် တုံ့ဆိုင်းနေကြသော်လည်း ချိုးယင်း၏ ဒေါသနှင့် ရင်မဆိုင်ဝံ့၍ တစ်ယောက်ပြီးတစ်ယောက် မြစ်ထဲသို့ ခုန်ဆင်းကာ ယဲ့ချန်အား ဝန်းရံလိုက်ကြသည်။ ချိုးယင်းသည်လည်း မြစ်ထဲသို့ ခုန်ဆင်းကာ ယဲ့ချန်ရှိရာသို့ ကူးခတ် လာလေသည်။

 “ကောင်စုတ်လေး.. သေပေတော့”

ကြိမ်းမောင်းသံနှင့်အတူ ချိုးယင်း၏ ညာဘက်လက်ဝါးသည် ယဲ့ချန်အား ဘေးတစောင်း ခုတ်ပိုင်းလာသည်။ သည်တကြိမ်၌ သူသည် အလွန်ဒေါသထွက်နေရာ တိုက်ခိုက်မှုတွင် အင်ပြည့်အားပြည့် ထည့်သွင်းထားခဲ့သည်။

ယဲ့ချန်သည် သူနှင့်ချိုးယင်းကြားရှိ စွမ်းအင်ကွာဟမှုကို ကောင်းစွာ နားလည်သည်။ ဘေးပတ်လည်တွင် နောက်ထပ် လူ ၆ယောက်ကလည်း သူ့ထံသို့ ချဉ်းကပ်လာနေကြသည်။

ချိုးယင်း၏ လက်ဝါးချက်အား ယဲ့ချန် ကမန်းကတန်း ရှောင်ရှားကာ ရေအောက်သို့ မငုပ်လျှိုးမီ အသက်ကို ဝဝရှူသွင်းလိုက်သည်။

ရေမျက်နှာပြင်နှင့် ချိုးယင်း၏ လက်ဝါးချက်တို့ ထိတွေ့မိရာမှ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ အကျိုးဆက်အနေနှင့် မြစ်ရေမျက်နှာပြင်သည် တုန်ခါသွားခဲ့ပြီး ပေပေါင်းများစွာမြင့်သည့် ရေလှိုင်းကြီးများ ဖြစ်ပေါ်လာတော့သည်။

ယဲ့ချန်သည် အတော်လေးနက်သည့် ရေအောက်သို့တိုင် ရောက်နေပြီ ဖြစ်သော်လည်း ချိုးယင်း၏ လက်ဝါးချက်ကြောင့် ရေများ နှာခေါင်းထဲသို့ ဝင်ကုန်ကာ ခန္ဓာကိုယ်ထဲရှိ ထျန်းချီများပင် ကမောက်ကမ ဖြစ်သွားရသည်။ ထိုစဉ် အမည်းရောင်အရိပ်တရိပ် ရေအောက်မှ ဆန်တက် လာသည်ကို သတိပြုမိလိုက်သောကြောင့် တန့်ထျန်ထဲရှိ ကြယ်တာရာဘုံကိုးလွှာ စွမ်းအင်ကိုးမျိုးကို အသက်သွင်းကာ ဝိညာဉ်စွမ်းအင်အား အစွမ်းကုန်ဖြန့်ကျက်လျက် သူ့ကိုယ်သူ ကာကွယ် လိုက်ရသည်။

ယဲ့ချန်၏ ခန္ဓာကိုယ်ထဲရှိ ထျန်းချီများ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားကာ အသက်ရှူရသည်ပင် ခက်ခဲလာသည်။ ထို့ပြင် သူသည် ရေအောက်တွင် ရောက်နေခြင်းဖြစ်၍ ထျန်းချီများကို ပြန်လည်ထိန်းညှိဖို့ရန် မလုပ်နိုင်ပေ။ ရေပေါ်သို့ ပြန်တက် လိုက်ပြန်လျှင်လည်း ချိုးယင်းနှင့် ရင်ဆိုင်ရဦးမည်။

ပိုမို၍ အသက်ရှုရခက်ခဲလာသော အချိန်တွင် ယဲ့ချန်သည် မသိစိတ်၏ စေ့ဆော်မှုဖြင့် ကြယ်တာရာဘုံကိုးလွှာ၊ စွမ်းအင်ကိုးမျိုးထဲမှ ရေစွမ်းအင်၏ ကျင့်စဉ်ဖြစ်သော ရေနတ်ဘုရား ကျင့်စဉ်ကို အလိုအလျောက် လှည့်ပတ်လိုက်မိသည်။ ရေနတ်ဘုရား ကျင့်စဉ်ကြောင့် ဖြစ်ပေါ်လာသော ရေစွမ်းအင် ထျန်းချီများသည် ယဲ့ချန်ကိုယ်ထဲရှိ အခြားသောထျန်းချီများနှင့် ပေါင်းစပ် သွားသည်။ ထိုသည်က ယဲ့ချန်၏ အသက်ရှူရ ကျပ်နေခြင်းကို လျော့ကျ သွားစေသည့်အပြင် ရေထဲ၌ ငါးတစ်ကောင်ကဲ့သို့ လွယ်လွယ်ကူကူ ကူးခတ် နိုင်စေခဲ့သည်။ ရေနတ်ဘုရား ကျင့်စဉ်အပေါ် ယဲ့ချန်၏ နားလည်သဘောပေါက်မှုများသည် လျင်လျင်မြန်မြန်ပင် တိုးတက်လာခဲ့၏။

ယဲ့ချန် အလွန်ပျော်ရွှင်သွားသည်။ မမျှော်လင့်ပါဘဲ ရေအောက်တွင် အသက်ရှုရကျပ်ကာ ယက်ကန်ယက်ကန် ဖြစ်နေရာမှ ရေနတ်ဘုရားကျင့်စဉ်အား ဉာဏ်အလင်း ပွင့်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားပေ။

ချိုးယင်းသည် ရေအောက်သို့ ဆက်လိုက်မလာခဲ့။ လက်ဝါးချက်ကြောင့် ဖြစ်ပေါ်လာသော ရေလှိုင်းကြောင့် သူ ကမ်းစပ်သို့ ပြန်ရောက် သွားသည်။ ထို့နောက် သူသည် ရေမျက်နှာပြင်အား ဂရုတစိုက်နှင့် ကြည့်နေခဲ့သည်။ အချိန်အတော် ကြာသွားသည့်တိုင် ရေမျက်နှာပြင်၌ မည်သည့် ပြောင်းလဲ လှုပ်ရှားမှုမှ ဖြစ်မလာခဲ့ပေ။ သူ ကူကယ်ရာမဲ့စွာ မျက်မှောင်ကြုတ်မိသည်။ ထိုကောင်လေး ယဲ့ချန်သည် သူ့လက်ဝါးချက်ကြောင့် ဒဏ်ရာရမသွားလျှင်ပင် ခန္ဓာကိုယ်ထဲရှိ ထျန်းချီများ ကမောက်ကမဖြစ်ကာ ရေပေါ်သို့ ပြန်ပေါ် လာသင့်သည်။ သို့သော် ထိုကောင်လေးသည် ယခုထက်ထိ ပေါ်မလာသေးဘဲ ရေထဲ၌ မည်သို့မည်ပုံ ဆက်နေနိုင်ရသည်လဲ။

 “အဲ့ကောင်လေး ဘယ်ရောက်သွားတာလဲ”

လျိုရွှင်းသည် ဘေးပတ်လည်အား ကြည့်ကာ မေး၏။ မြစ်ရေကား နက်မှောင် နေသောကြောင့် သူ ဘာကိုမှမမြင်နိုင်ပေ။ ထို့ကြောင့် ပို၍ ဒေါသ ထွက်လာရသည်။ သူတို့ဘက်တွင် လူအင်အားပိုများနေသည့်တိုင် ယခုထိ ယဲ့ချန်အား ဖမ်းမမိနိုင်သေး။ အလွန်ကို အဓိပ္ပာယ်မဲ့လှသည်။

 “အနီးနားမှာရှာကြ”

လျိုခန်းက မျက်မှောင်ကြုတ် ထားလျက် အမိန့်ပေးသည်။ သူ့စိတ်အခြေအနေသည်လည်း သိပ်မကောင်းလှ။ ယဲ့ချန်ဟူသော ကောင်စုတ်လေးသည် တစ်ခုခုတော့ ထူးခြားနေသည်မှာ သေချာသည်။

"ရေအောက်ကိုငုပ်ပြီး အဲ့ကောင်ကို ရှာကြစမ်းပါ”

လျိုခန်းနှင့် ကျန်လူများသည် ရေအောက်သို့ဆင်းရန် တုံ့ဆိုင်းနေကြပြီး ကုန်းပေါ်၌သာ ရှာနေကြသည်ကို ကြည့်၍ ဒေါသ ထွက်လာသောကြောင့် ချိုးယင်း ပိတ်အော်လိုက်တော့သည်။

လျိုခန်းနှင့် လျိုရွှင်းတို့၏ မျက်နှာများ မည်းမှောင် သွားသည်။ ချိုးယင်းသည် ကမ်းစပ်တွင်သာ အခန့်သားရပ်နေလျက် သူတို့ကိုတော့ ရေအောက်သို့ ငုပ်လျှိုးကာ ယဲ့ချန်အား ရှာဖွေခိုင်းနေသည်။ သူတို့က သိပ်မကျေနပ်ကြသော်လည်း ချိုးယင်း၏ အာဏာ အလွဲသုံးစား လုပ်မှုကို အထွန့်မတက်ရဲကြပေ။

သူတို့နှစ်ဦးသည် ရေထဲသို့ဆင်းရန် ပြင်နေကြချိန်တွင်ပဲ အစောင့်အရှောက် တစ်ယောက်၏ အော်လိုက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထိုအစောင့်အရှောက်၏ ခန္ဓာကိုယ်အား ရေထဲမှ တစ်စုံတစ်ရာက ဆွဲယူသွားပုံရပြီး ရေမျက်နှာပြင်ထက်တွင် ရေပူဖောင်းများ တစီစီထလျက် ကျန်ရစ်ခဲ့သည်။

 “ဘာဖြစ်တာလဲ”

 “ဟိုကောင်လေး လက်ချက်လား”

သူတို့အားလုံး ထိုအစောင့်အရှောက် နစ်မြုပ် သွားရာနေရာသို့ အလျင်အမြန် ကူးခပ် သွားလိုက်ကြသည်။

ရုတ်တရက် အနီးနားရှိ အခြားသော အစောင့်အရှောက် တစ်ယောက်သည်လည်း ကြောက်လန့်တကြား အော်ဟစ်လျက် ရေထဲသို့ နစ်မြုပ် သွားပြန်သည်။ ရေမျက်နှာပြင်တွင် လှိုင်းတွန့်လေးများ တသိမ့်သိမ့် လှုပ်ရှားသွားသည်။

အစောင့်အရှောက် နှစ်ယောက် နစ်မြုပ်သွားရာ နေရာနှစ်ခုသည် ၅မီတာ၊ ၆မီတာခန့် ကွာသည်။ မဟုတ်မှလွဲ.. ယဲ့ချန်သည် နေရာနှစ်ခုတွင် တစ်ပြိုင်နက် ရှိနေခြင်းလော..။

လျိုခန်း၊ လျိုရွှင်းနှင့် ကျန်အစောင့်အရှောက်များသည် သံသယအတွေးတို့ဖြင့် ယောက်ယက်ခတ်နေကြ၏။ ထိုအချိန်တွင် ရေအောက်မှ အေးစက်လှသော တစ်စုံတစ်ရာသည် သူတို့၏ ခြေထောက်များအား လျင်မြန်စွာ ဖမ်းဆုပ်လိုက်ကာ ရေအောက်သို့ ဆွဲချသွားလေသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ထဲရှိ ထျန်းချီများမှာ ပြင်ပအားတစ်ခု၏ စုပ်ယူမှုကြောင့် တစထက်တစ ခန်းခြောက်လို့လာ၏။

ရေအောက်မှ အရာကား ယဲ့ချန် ဟုတ်မနေပေ။

 “ရေထဲမှာ တစ်ခုခုရှိနေတယ်။ အားလုံး.. ပြန်တက်လာခဲ့ကြ”

လျိုခန်း၊ လျိုရွှင်းနှင့် ကျန်လူများ၏ မျက်နှာတို့မှာ ဖြူဖျော့သွားပြီး ချက်ချင်းဆိုသလို ထျန်းချီ အကာအကွယ်ကို ဖန်တီးကာ အားကုန်သုံး၍ ရေအောက်မှ ဆွဲထားသော အရာကို ဆောင့်ကန်လိုက်သောကြောင့် သူတို့၏ ခန္ဓာကိုယ်များသည် ရေမျက်နှာပြင်ထက်သို့ ပြန်​ပေါ်လာခဲ့သည်။ အနက်ရောင် အရိပ်တရိပ်သည် သူတို့နောက်မှ ကပ်ပါလာခဲ့ပြီးမှ ရေအောက်သို့ ပြန်ငုပ်လျှိုး သွားသည်။

သူတို့အားလုံး ကမ်းစပ်သို့ ပြန်ခြေချမိသည်တွင် ထိတ်လန့်မှုကြောင့် နှလုံးသားတစ်ခုလုံး ပေါက်ထွက်တော့ မတတ် ခုန်နေလေသည်။ ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် ကျင့်ကြံသူနှစ်ယောက် ရေအောက်သို့ ဆွဲချခံရကာ ပျောက်ကွယ်သွားသော်လည်း တရားခံကား ဘာကောင်မှန်းပင် မမြင်လိုက်ရ။ ထိုသို့သော အခြေအနေတွင် ဘယ်သူက မကြောက်ဘဲ နေနိုင်ပါမည်နည်း။

ဆရာချင်သည် ယခုထက်ထိ ကမ်းစပ်သို့ ပြန်မရောက်သေးပေ။ ရေအောက်မှ တစ်စုံတစ်ရာ၏ ဆွဲအားကို တွန်းထိုး ရုန်းကန်ရင်းဖြင့် ထွန့်ထွန့်လူးနေလေသည်။ တဖြည်းဖြည်းနှင့် သူ ခြေကုန်လက်ပန်းချလာကာ ရေအောက်သို့ တဖြည်းဖြည်း ဆွဲယူခြင်း ခံရတော့သည်။

 “ကျုပ်ကိုကယ်ပါဦး”

ဆရာချင်၏ ကြောက်လန့်တကြား အော်သံသည် ကောင်းကင်ဘုံသို့ပင် ထိုးဖောက်လုနီးနီး ကျယ်လောင်လှသည်။

ချိုးယင်းသည် ထိုနေရာသို့ ပျံသန်း ရောက်ရှိသွားပြီး ဆရာချင်၏ ညာဘက်လက်အား အားကုန် ဆွဲထားကာ ကမ်းစပ်ဘက်သို့ ပြန်လည် ပစ်တင်လိုက်သည်။ ဆရာချင်မှာ လွတ်မြောက် သွားသော်လည်း သေမင်းတံခါးဝသို့ အလွန်နီးကပ်စွာ အလည်အပတ် သွားလိုက်ရ၍ စိတ်အခြေအနေသည် ပုံမှန် မဟုတ်တော့သလို ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်အောက်ပိုင်း တစ်ခုလုံးသည် မီးခိုးရောင်သန်းကာ ရှုံ့တွနေပြီး မြင်လိုက်ရသူတိုင်းကို ထိတ်လန့်သွားစေသည်။ ဆရာချင်၏ အခြေအနေကား အလွန်ဆိုးရွားနေရာ ကယ်တင်မခံရသည်ကမှ ပိုကောင်းပေဦးမည်။ သူတို့အားလုံးသည် ကျောက်စိမ်းမျှော်စင်ထဲသို့ ရောက်ရှိနေခြင်းဖြစ်သည်။ လူပို တစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့ရန် အချိန်မရှိပေ။ ထိုသို့ ဖြစ်လာရလောက်အောင် ဆိုးသည့် ဆရာချင်၏ ကံကိုသာ အပြစ်ဖို့ရပေမည်။

လူ ၆ယောက် ရေထဲသို့ ဆင်းခဲ့သည်။ ၂ယောက်ကသေပြိး ၁ယောက်မှာ ဒဏ်ရာပြင်းထန်စွာ ရသွားသည်။ ကံကောင်းထောက်မစွာ ၃ယောက်က လွတ်လာသော်လည်း ဆရာချင်၏ ရှုံ့တွ ပျက်စီးနေသော ခန္ဓာကိုယ်အောက်ပိုင်းကို ကြည့်၍ ကျန်လူများသည် ဦးရေပြားများပင် ကျိန်းလာသလို ခံစားလိုက်ရသည်။

***

All Chapters