← Chapters

ငရဲအက်ကွဲဓား

Vol. 7 Ch. 95

ငရဲအက်ကွဲဓား

Vol. 7 Ch. 95

“အဲ့တာဘာကြီးလဲ”

လျိုခန်းသည် ဖျော့တော့နေသော မျက်နှာဖြင့် မေးသည်။ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူများသည်လည်း လူထဲကလူများပင်ဖြစ်ရာ ဘာမှန်းမသိရသည့် တစ်စုံတစ်ရာထံမှ အလစ်အငိုက် တိုက်ခိုက်ခံရချိန်တွင် မကြောက်ဘဲမနေပေ။

“မိစ္ဆာဝိညာဉ် အမျိုးအစားထဲက တစ်ခုခုပဲဖြစ်ရမယ်”

ချိုးယင်းက ပြန်ဖြေသည်။ ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့် ကျင့်ကြံသူ တစ်ယောက် အနေနှင့် သူ၏အာရုံကား မလွဲချော်ခဲ့ပေ။ ရေထဲ၌ တစ်စုံတစ်ရာ ရှိနေသည်ကို သူ အာရုံခံမိ၍ ရေအောက်သို့ မဆင်းခဲ့ခြင်း ဖြစ်သည်။ လျိုခန်းနှင့်လျိုရွှင်းတို့ အလွန် သွေးပျက်နေသည်ကို ကြည့်ကာ ချိုးယင်းသည် ဉာဏ်ရှိရှိဆုံးဖြတ်ပြီး ရေအောက်သို့ မဆင်းခဲ့သည့်အတွက် တိတ်တဆိတ် ဂုဏ်ယူနေမိသည်။

လျိုခန်းနှင့် လျိုရွှင်းတို့သည် ချိုးယင်းအား မကျေမချမ်း ဖြစ်နေကြသော်လည်း ဘာမှတော့ မပြောကြပေ။

“ငါတို့ ဒီကနေပဲ စောင့်ကြည့် နေကြတာပေါ့။ ယဲ့ချန် တချိန်လုံး ရေအောက်မှာ နေနိုင်လိမ့်မယ်လို့ ငါမယုံဘူး”

လျိုရွှင်းသည် ဒေါသ အလွန်ထွက်နေခဲ့သည်။ အကြောင်းမှာ မကြာသေးခင်က သေသွားခဲ့သော ထျန်းချီအဆင့်၉ ထိပ်ဆုံးဆင့် နှစ်ယောက်လုံးနှင့် ဆရာချင်တို့သည် သူ၏ ကျွင်းဝမ်နန်းတော်မှ လူများ ဖြစ်ကြသည်။ သူ မည်သို့ ဒေါသမထွက်ဘဲ နေပါမည်နည်း။

“ကျုပ်တို့တွေ ရေထဲမှာ ရှိနေတုန်းက မိစ္ဆာကောင်ရဲ့ ချောင်းမြောင်း တိုက်ခိုက်တာကို ခံခဲ့ရတယ်။ ယဲ့ချန်လည်း ရေအောက်က မိစ္ဆာကောင် စားတာကို ခံလိုက်ရလောက်ပြီ”

ကျန်ရှိနေသော အစောင့်အရှောက်များက ထိတ်လန့်မှု မပြေသေးစွာ တုန်တုန်ရီရီနှင့် ဆိုကြသည်။ သူတို့သည် အလွန်ကြောက်လန့် နေကြပြီး သေရမည်ဆိုလျှင်တောင် ရေထဲကိုတော့ နောက်တစ်ကြိမ် ထပ်မဆင်းဝံ့တော့ပေ။

“ယဲ့ချန်က ပြင်းပြင်းထန်ထနိ ဒဏ်ရာရထားပြီးတော့ ရေထဲမှာ ငုပ်နေတာကြာလှပြီ။ ဒါတောင် မိစ္ဆာကောင်စားတာကို မခံရဘူးဆိုတော့ သူက မိစ္ဆာကောင်ကို ဂရုစိုက်ဖို့မလိုတာလား”

ချိုးယင်းသည် မျက်မှောင်ကြုတ်ကာ ရေရွတ်၏။

“မဟုတ်မှလွဲ.. သူ့မှာ မိစ္ဆာကောင်ကို ဟန့်တားနိုင်တဲ့ မှော်ရတနာ ရှိနေတာများလား”

လျိုခန်းက ခန့်မှန်း ပြောဆိုသည်။

သူတို့သည် မတိုင်ပင်ထားပါဘဲ မြစ်ရေထဲသို့ တစ်ပြိုင်နက် လှမ်းကြည့်မိကြသည်။ ရေမျက်နှာပြင်သည် ပြန်လည် တည်ငြိမ်သွားပြီဖြစ်ကာ အချိန်ကြာမြင့်သည်အထိ ဘယ်သူမှ ထွက်ပေါ်မလာခဲ့ပေ။

"သူ အသက်ရှင်နေသေးတယ်”

ချိုးယင်း၏ မျက်လုံးများသည် စူးရဲသွားပြီး မြစ်ရေအား မမှိတ်မသုန် စူးစိုက် ကြည့်နေသည်။ သူသည် ယဲ့ချန် အသက်ရှင် နေသေးကြောင်း သေချာပေါက် အာရုံခံမိသော်လည်း ဤနေရာတစ်ဝိုက်ရှိ စွမ်းအင်များသည် ရှုပ်ထွေးနေပြီး မြစ်ရေကလည်း နောက်ကျိနေရာ ယဲ့ချန်၏ တည်နေရာ အတိအကျကိုတော့ ခန့်မှန်း၍မရပေ။ ချိုးယင်း တွေးမိသည်။ ယဲ့ချန်ဟူသော ကောင်လေး၌ အသက်အရွယ်နှင့် မလိုက်အောင် လှည့်ကွက်မျိုးစုံ ရှိနေပုံရသည်။

မြစ်၏ နက်ရှိုင်းလှသော အောက်ခြေတနေရာ၌ ယဲ့ချန်သည် ရေနတ်ဘုရားကျင့်စဉ်ကို လေ့ကျင့်နေခဲ့ရင်း ရေထဲတွင် အသက်မရှုဘဲ နေနိုင်နေသည်ကို သိလိုက်ရသည်။ ထို့ပြင် သူ့အသားအရည်သည် ပြန်လည် သွေးရောင်သန်းလာကာ ငါးတစ်ကောင်ကဲ့သို့ ရေထဲတွင် ကျင်လည်စွာ ကူးခတ်နိုင်နေသည်။ မိစ္ဆာဝိညာဉ် တစ်စုသည် သူ့အနီးတွင် စူးစမ်းလိုဟန်ဖြင့် ဝိုင်းအုံ နေကြသော်လည်း ဝိညာဉ်စွမ်းအင်ဖြင့် ကာကွယ်ထားသည့် အတွက် စိုးရိမ်စရာမရှိပေ။ မိစ္ဆာဝိညာဉ်များသည် ကြည့်ရုံသာ ကြည့်နေကြခြင်း ဖြစ်ပြီး ယဲ့ချန်အနားသို့ ကပ်မလာဝံ့ကြ။

ချိုးယင်း၏ နောက်လိုက် အစောင့်အရှောက် နှစ်ယောက် မိစ္ဆာဝိညာဉ်များ၏ ဝါးမျိုခြင်း ခံလိုက်ရသည်ကို ယဲ့ချန် ထိတ်လန့်စွာ ကြည့်နေရသည်။ ဝိညာဉ် စွမ်းအင်ကြောင့်သာ မဟုတ်ပါက သူသည်လည်း ထိုလူများနှင့် တူညီစွာ အဆုံးသတ်ရမှာ ဖြစ်သည်။

အမွေးပွလေးသည် ယဲ့ချန်၏ပခုံးရှိ ဝတ်ရုံစအား အမိအရ ကုပ်တွယ်ထားလေသည်။ ၎င်းသည် ရေကူးခြင်းတွင် အရမ်းမတော်ရာ ယဲ့ချန်ကိုသာ တချိန်လုံး ဖက်တွယ် ထားရသည်။ ယဲ့ချန် ရေနတ်ဘုရား ကျင့်စဉ်ကို လေ့ကျင့်နေစဉ်က ရေစွမ်းအင်ထျန်းချီတချို့ကို အမွေးပွလေးလည်း စုပ်ယူခဲ့ရရာ ရေမွန်းခြင်း မဖြစ်တော့ပေ။ မျက်လုံးလေးများဝိုင်းလျက် ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ စူးစမ်းနေတော့သည်။ သည်တစ်ကြိမ်က အမွေးပွလေးအတွက် ပထမဆုံး ရေငုပ်ရသော အတွေ့အကြုံသစ် ဖြစ်ဟန်ရသည်။

ချိုးယင်းတို့ အုပ်စုသည် ကမ်းစပ်တွင် စောင့်နေကြပြီး အတော်ကြာသည်အထိ ထွက်သွားကြမည် မဟုတ်သည်ကို ယဲ့ချန် ခံမှန်းမိသည်။ ထို့ကြောင့် ယဲ့ချန်သည် မြစ်၏ အနက်ဆုံး အပိုင်းသို့တိုင် ကူးခတ်သွားကာ ချိုးယင်းတို့နှင့် ဝေးရာသို့ ရေအောက်မှ တစ်ဆင့်သွားရန် ဆုံးဖြတ်လိုက်သည်။ မြစ်၏ အောက်ခြေတွင် ရေအရောင်သည် မည်းမှောင်နေကာ ဘာမှမမြင်ရသောကြောင့် ယဲ့ချန် ဝိညာဉ်အသိအမြင်ကို ဖြန့်ကြက်လိုက်ချိန်၌ တွေ့လိုက်ရသော မြင်ကွင်းက သူ့အား ထိတ်လန့်သွားစေသည်။

မြစ်အောက်ခြေတွင် နေရာအနှံ့ ပြန့်ကျဲနေသော အရိုးစုတို့ဖြင့် ပြည့်နှက်နေ၏။ များလွန်း၍ လူဘယ်လောက်များများ ဤနေရာ၌ သေဆုံးခဲ့သည်ကိုပင် ခန့်မှန်းရ ခက်လှသည်။ အရိုးစုများသည် တစ်ခုနှင့် တစ်ခုထပ်ကာ ပုံနေကြသော ဘေးဘက်တွင် လွင့်စဉ်ကျနေသော လက်နက်များ၊ ချပ်ဝတ်များလည်း ရှိနေသေးသည်။ မြင်ကွင်းမှာ ရှေးဟောင်း စစ်မြေပြင် တစ်ခုနှင့်ပင် အလားသဏ္ဌာန် တူနေ၏။

ကျောက်စိမ်း မျှော်စင်၏ အပေါ်ပိုင်းအလွှာများရှိ ရတနာတို့သည် ရှေးယခင်က ဝင်ရောက်ခဲ့သူတို့၏ အကုန်အစင် သိမ်းဆည်းခြင်းကို ခံရပြီးပြီ ဖြစ်သည့်တိုင် လူအများစုသည် မြစ်အောက်ဘက်သို့တော့ ဆင်းမလာရဲကြပေ။ မြစ်ထဲတွင်ရှိနေသည့် မိစ္ဆာဝိညာဉ်များသည် ကုန်းပေါ်ရှိ မိစ္ဆာဝိညာဉ်တို့ထက် များစွာ ပိုအစွမ်းထက်သည်။ တစ်စုံတစ်ယောက်က သတ္တိကောင်းကာ ဆင်းလာရဲခဲ့လျှင်ပင် ချိုးယင်း၏ နောက်လိုက် ထျန်းချီအဆင့်၉ ကျင့်ကြံသူ နှစ်ယောက်ကဲ့သို့ ထပ်တူညီစွာ အဆုံးသတ်ရမှာ ဖြစ်သည်။

ထို့ကြောင့် မြစ်အောက်ခြေ၌ ရတနာအများအပြား ကျန်ရစ်နေခဲ့သည်။

ယဲ့ချန် အပျော်လွန် သွားရသည်။ မထင်မှတ်ဘဲ ရတနာရှာဖွေရန် နေရာကောင်း တစ်ခုသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရလိမ့်မည်ဟု သူ တွေးမထားမိပေ။ သူသည် လျင်မြန်စွာဖြင့် ဝိညာဉ် အသိအမြင်အား ဖြန့်ကြက် ကြည့်လိုက်သည်။ အခြားလူ တစ်ယောက်သည် မိစ္ဆာဝိညာဉ်များကို မမှုဘဲ မြစ်အောက်ဘက်သို့ ဆင်းလာနိုင်ခဲ့လျှင်တောင် မည်းမှောင်နေသည့် မြစ်ရေကြောင့် ကောက်ရိုးပုံထဲ အပ်ရှာရသည့်နှယ် ဖြစ်နေလိမ့်မည်။ သို့သော် ယဲ့ချန်တွင်တော့ ရေဒါကဲ့သို့ စစ်ဆေးနိုင်သော ဝိညာဉ်အသိအမြင် ရှိနေလေရာ ရတနာ တစ်ခုတလေကိုမျှ လွဲချော်စရာ အကြောင်း ရှိမနေချေ။

ယဲ့ချန်သည် ချပ်ဝတ်များ ပြန့်ကျဲနေသောနေရာသို့ ကူးခတ်သွားပြီး ထိုအထဲမှတချို့ကို ကောက်ယူလိုက်သည်။ ချပ်ဝတ်များအား မည်သည့်သတ္တုဖြင့် ပြုလုပ်ထားကြောင်း မသေချာသော်လည်း တစ်ချက် ကြည့်ရုံနှင့်တင် သာမန် သတ္တုမဟုတ်နိုင်ကြောင်း သိသာနေသည်။

အရိုးစုများ တောင်ပုံရာပုံ ဖြစ်နေသည့် ကြားတွင် ဆန်းကြယ်သောစွမ်းအင်တမျိုးကို ယဲ့ချန် အာရုံခံမိလိုက်၍ ထိုနေရာသို့ လျင်မြန်စွာ ကူးခတ်သွားပြီး ပုံထပ်နေသည့် အရိုးစုများအား ဘေးသို့ ဖယ်ရှားလိုက်သည်။ အရိုးစုဆယ်ခုကျော်အား ဖယ်ရှားပြီးသည့်နောက် ပုတီးစေ့တစေ့သည် သူ့အမြင်အာရုံထဲသို့ ရောက်ရှိလာ၏။ ပုတီးစေ့သည် မြစ်အောက်ခြေ၌ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီးသည့်တိုင် အသစ်ကဲ့သို့ ကြည်လင် တောက်ပနေသေးသည်။ ထူးဆန်းသော အစီအရင် တစ်ခုကို ပုတီးစေ့မျက်နှာပြင်တွင် ထွင်းထုထားပြီး ယဲ့ချန် ဝိညာဉ် အသိအမြင်ဖြင့် စစ်ဆေး ကြည့်သောအခါ ပုတီးစေ့၏ ဗဟိုချက်မှ ထျန်းချီစွမ်းအင်များ ဖြာထွက်လာလေသည်။ ပုတီးစေ့ကား သာမန်မဟုတ်ပေ၊ မတိုင်မီက ယဲ့ချန် ကောက်ယူခဲ့သော လက်နက်များ၊ ချပ်ဝတ်များထက် များစွာ ပိုအဖိုးတန်ပုံရသည်။ သို့သော်လည်း လောလောဆယ်တွင် ပုတီးစေ့၏ အသုံးဝင်ပုံကို မသိသေးသောကြောင့် ယဲ့ချန်လည်း ဆက်လက်မလေ့လာတော့ဘဲ ကောင်းကင်ပထဝီအိတ်ထဲသို့ ထည့်ထားလိုက်ကာ နောက်ထပ် ရတနာများကိုသာ ဆက်လက်ရှာဖွေရန် ပြင်လိုက်သည်။

သူသည် မြစ်ကြောင်းတလျှောက် ဆက်လက် ကူးခတ်လာရင်း ဝိညာဉ်အသိအမြင်ဖြင့် ရတနာများကို ရှာဖွေနေခဲ့သည်။ မြစ်အောက်ခြေရှိ အရိုးများသည် နှစ်ပေါင်းတသောင်းခန့် ကြာမြင့်နေပုံရသည်။ ကျင့်ကြံသူများ၏ အရိုးတည်ဆောက်ပုံသည် သာမန်လူများထက် မာကျောခိုင်ခံ့သော်ငြား ထိုမျှကြာရှည်သည့် အချိန်တို့ကို ဖြတ်သန်းခဲ့ပြီး ချိန်တွင်တော့ အများစုမှာ ဆွေးမြည့် နေလေပြီ။ အဆင့်နိမ့် ချပ်ဝတ်များနှင့် လက်နက်များမှာလည်း တချိန်က အစွမ်းထက်ခဲ့ ဖူးလျှင်ပင် ယခုအချိန်တွင်မူ ခြေရာလက်ရာ မပျက်ရုံမျှသာ ကျန်ရှိတော့သည်။ မယ်မယ်ရရ အသုံးမဝင်ကြတော့ပေ။ ပေပေါင်းများစွာ အကွာအဝေးထိ ကူးခတ်လာခဲ့ပြီးချိန်၌ ခပ်လှမ်းလှမ်းတွင် ရှိနေသော အရိုးစုတစ်ခုသည် ယဲ့ချန်အာရုံအား ဖမ်းစားသွား၏။ အရိုးစုအများစုသည် အပိုင်းပိုင်းအစစ ပျက်စီး နေကြသော်လည်း ဤအရိုးစုသည် တမူထူးစွာ လူ့ခန္ဓာကိုယ်အတိုင်း မပျက်မယွင်း ရှိနေလေသည်။ ၎င်းအရိုးစု၏ ရင်ဘတ်တည့်တည့်၌ စိုက်ဝင်နေသော အနက်ရောင် ဓားတစ်ချောင်းလည်း ရှိနေသည်။ ယဲ့ချန်သည် ထိုဓားအား မည်သည့်သတ္တုဖြင့် ပြုလုပ်ထားသည်ကို မမှန်းဆနိုင်သော်လည်း အပေါ်ယံသွင်ပြင်အရ အခြားသောဓားများနှင့် ကွဲပြားမှုတော့မရှိပေ။

သို့သော်လည်း အရိုးစု၏ ပိုင်ရှင်ကတော့ မသေဆုံးမီက အတော်လေး စွမ်းပကား ကြီးမားခဲ့ဟန် ရသည်။ နှမြောစရာ ကောင်းစွာပင် ထိုသို့သော စွမ်းပကားကြီးမားသူ တစ်ယောက်က သာမန် ဓားတစ်ချောင်းကြောင့် သေဆုံးသွားခဲ့ရသည်။ 

ယဲ့ချန် ထိုအရိုးစုအနီးသို့ ကူးခတ်သွားကာ အနက်ရောင်ဓားအား ဆွဲထုတ်လိုက်သည်။ စေ့စေ့စပ်စပ် ရှာဖွေကြည့်သည့်တိုင် ဓားသွားတွင် ပွန်းပဲ့ရာ တစွန်းတလေမျှ ရှိမနေခဲ့ပေ။ သူ လက်ချောင်း တစ်ချောင်းဖြင့် ဓားသွားအား ဆတ်ခနဲ တချက်တောက်ကြည့်ရာ ‘ထန်’ ဟူသော အသံတသံ ထွက်ပေါ်လာသည်။ ရေအောက်တွင်ဖြစ်သော်လည်း ထိုအသံမှာ အလွန်ကြည်လင် ပြတ်သားပြီး အသေအချာ နားထောင်ကြည့်ပါက နဂါးတစ်ကောင်၏ ငိုသံကဲ့သို့ ထင်မှတ်ရပေသည်။

“အံ့ဩစရာ ကောင်းလိုက်တဲ့ဓား..”

ယဲ့ချန် လေးစားမှုဖြင့် ပင့်သက်ရှိုက်မိ၏။ သူသည် အနက်ရောင်ဓား ထိုးစိုက်ထားခဲ့သော အရိုးစု၏ ရင်ဘတ်နားရှိ နံရိုးများကို ကြည့်မိသော် အားလုံးမှာ တိတိပပနှင့် အလွန်သေသပ်စွာ ဖြတ်တောက် ခံထားရသည်ကို တွေ့ရသည်။ ထိုသည်ကပင် အနက်ရောင်ဓား၏ ထက်မြမှုအား သက်သေပြနေသယောင် ရှိသည်။

ဓားကိုယ်ထည်တွင် စာလုံးသုံးလုံး ထွင်းထားသည်။ ကြည့်ရသည်မှာ ဓား၏နာမည် ဖြစ်ဟန်ရ၏။ ယဲ့ချန်လည်း ဓားကိုယ်ထည်တွင် ကပ်ငြိနေသော အညစ်အကြေးများကို လက်ဖြင့် ဖယ်ရှားကာ ဖတ်ကြည့်လိုက်သည်။

“တိယွိလေ့” (ငရဲအက်ကွဲ)

ဆိုတော့.. အနက်ရောင်ဓားရဲ့ နာမည်က ‘ငရဲအက်ကွဲဓား’ ပေါ့။

အချိန်အတော်ကြာ ငုပ်လျှိုးနေခဲ့ရသော ဓား၏စွမ်းအင်များသည် နိုးထလာတော့မည့် အလား တဖျတ်ဖျတ် လက်လာခဲ့သည်။

လက်နက်များနှင့် ချပ်ဝတ်များကို မတူညီသော သတ္တုများအား အသုံးပြုကာ ပြုလုပ်နိုင်သည်။ ဥပမာအားဖြင့် ရွှမ်သတ္တု၊ ငွေဒြပ်စင်၊ ရွှေဒြပ်စင် အစရှိသဖြင့်။ ထိုသတ္တုများနှင့် ပြုလုပ်သော လက်နက်များသည် ခုခံတိုက်ရာတွင် အသုံးပြုရန် သင့်လျော်သည်။ သို့သော်လည်း ရန်အဆင့် ကျင့်ကြံသူတစ်ယောက် ရှေ့တွင်တော့ အသုံးဝင်လိမ့်မည်မဟုတ်။ ရွှေဒြပ်စင်ထက် အဆင့်မြင့်သော သတ္တုတို့နှင့် ပြုလုပ်ထားသော လက်နက်များသည် မရေမတွက်နိုင်သော စစ်ပွဲများ ဆင်နွှဲပြီးသည့်နောက် အထပ်ထပ်အခါခါ အဆင့်မြင့် နည်းလမ်းများဖြင့် သန့်စင်ခြင်း ခံရပြီးသည့်အခါ ကိုယ်ပိုင်အသိစိတ် ရှိလာကြသည်။ ကိုယ်ပိုင်အသိစိတ် ရရှိပြီးသည့် လက်နက်များကို ‘ဝိညာဉ်လက်နက်’ များဟု သတ်မှတ်နိုင်ပြီး အဆင့် ၉ဆင့်ဖြင့် ခွဲခြားထားသည်။

သာမန် ရွှမ်သတ္တု၊ ငွေဒြပ်စင်နှင့် ရွှေဒြပ်စင်ဖြင့် ပြုလုပ်ထားသော လက်နက်များသည် နှစ်ပေါင်းထောင် ချီကာ တည်ရှိပြီးသည့်နောက် ပျက်စီးသွားနိုင်သည်။ ဝိညာဉ်လက်နက်’ အဆင့်တွင် ရှိသော လက်နက်များနှင့် ချပ်ဝတ်များကသာ နှစ်ပေါင်း ထောင်သောင်းချီကာ ယိုယွင်းခြင်း မရှိဘဲ ကျန်ရှိနိုင်သည်။ အစောပိုင်းက ယဲ့ချန်ရှာတွေ့ခဲ့သော ချပ်ဝတ်နှင့် လက်နက်များသည် အလွန်ဆုံးမှ အဆင့်၁ ဝိညာဉ်လက်နက်များသာ ဖြစ်သည်။ ပုတီးစေ့နှင့် ငရဲအက်ကွဲဓားတို့ကမူ ထို့ထက်မြင့်တာ သေချာပါသော်လည်း မည်သည့်အဆင့်ရှိသည့် ဝိညာဉ် လက်နက် ဖြစ်သည်ကိုတော့ ယဲ့ချန် မသိပေ။

ကောင်းမွန်သောအရာများကို အပါယူဆောင်ရမည်ကတော့ သေချာသည်။ ထို့ပြင် ယဲ့ချန်၏ ကောင်းကင် ပထဝီအိတ်ထဲ၌ နေရာအလုံအလောက် ရှိသေးသည်။ ငရဲအက်ကွဲဓားအား ကောင်းကင် ပထဝီအိတ်ထဲသို့ ထည့်လိုက်ပြီးနောက် ယဲ့ချန် ရတနာများရှာဖွေခြင်းကို ပြန်လည်စတင်၏။ သို့သော်လည်း နောက်ထပ်တွေ့သမျှ ပစ္စည်းတို့တွင် ပုတီးစေ့နှင့် ငရဲအက်ကွဲဓားတို့နှင့် ယှဉ်နိုင်လောက်သော တစ်စုံတစ်ရာ ရှိမနေတော့ချေ။

***

All Chapters