← Chapters

ကျောက်တုံးအစီအရင်

Vol. 7 Ch. 96

ကျောက်တုံးအစီအရင်

Vol. 7 Ch. 96

ယဲ့ချန်သည် မြစ်အောက်ခြေရှိ ရတနာအားလုံးကို စုဆောင်းနိုင်ခဲ့သည်။ မိုင်ပေါင်များစွာ ကူးခတ်ပြီးသည့်နောက် ကောင်းပင် ပထဝီအိတ်များကိုလည်း ရရှိခဲ့သည်။ သီအိုရီအားဖြင့် ကောင်းကင် ပထဝီအိတ်များသည် နှစ်ပေါင်း ၅၀၀မှ ၆၀၀ခန့် ကြာသောအခါ ပျက်စီး သွားတတ်သောကြောင့် ဤကောင်းကင်ပထဝီအိတ်များသည် လွန်ခဲ့သော နှစ်ရာဂဏန်းအတွင်း ကျောက်စိမ်း မျှော်စင်အတွင်းသို့ ဝင်ရောက်ခဲ့သူများ ကျန်ရစ်ခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့နောက် မြစ်အောက်ခြေရှိ အရိုးများကြား ရောထွေးသွားခြင်း ဖြစ်ရပေမည်။

ထိုကောင်းကင် ပထဝီအိတ်များထဲတွင် ဆေးလုံးများ ရှိနေသည်။ တချို့အိတ်ထဲတွင် ဆေးလုံး အရေအတွက် တသိန်းခန့် ရှိနေပြီး တချို့အိတ်ထဲတွင်တော့ ရာဂဏန်းခန့်သာ ရှိသည်။ အများစုမှာ ချီစုဆောင်း ဆေးလုံးများနှင့် ချီအဆီအနှစ် ဆေးလုံးများ ဖြစ်ကြပြီး သိုင်းပညာရပ် ကျမ်းများကိုလည်း တွေ့ရသည်။ ထိုပစ္စည်းများ၏ အရည်အသွေးမှာ အရမ်းကြီး မမြင့်သည့်တိုင် အချိန်နှင့်အာကာသကို ကန့်သတ်ထားသော ကောင်းကင်ပထဝီအိတ်အတွင်း ရှိနေခဲ့ခြင်းကြောင့် ပျက်စီးယိုယွင်းမှု မရှိဘဲ အကောင်းအတိုင်း ကျန်ရစ်နေသည်။

မြစ်အောက်ခြေတွင် ၇နာရီ၊ ၈နာရီခန့် ရှာဖွေပြီးသောအခါ ယဲ့ချန်သည် ကောင်းကင် ပထဝီအိတ် ၁၆လုံး၊ ချီအဆီအနှစ်ဆေးလုံး ၆၀၀ကျော်နှင့် အခြားအမည်မသိ ဆေးလုံး ၇၀၊ ၈၀ခန့် ရရှိခဲ့သည်။ ထပ်ပေါင်းပြောရသော် သိုင်းပညာရပ်ကျမ်း ၁၀ခုခန့်၊ ချပ်ဝတ်အပိုင်းအစ အခု ၅၀ကျော်နှင့် ပုတီးစေ့ကဲ့သို့ ထူးဆန်းကာ ဇစ်မြစ်ကိုမသိရသည့် ပစ္စည်း ၅ခုလည်း ပါဝင်သေးသည်။

ထိုလက်နက်များနှင့် ချပ်ဝတ်များ၏ အရည်အသွေး အစစ်အမှန်ကို ယဲ့ချန် မဖော်ထုတ် နိုင်သေးသော်လည်း သေချာပါသည်၊ သူသာ ထိုပစ္စည်းများကို ထုတ်ပြလိုက်ပါက လူပေါင်း များစွာသည် လိုချင်တပ်မက်မှုကြောင့် ရူးသွပ် သွားလောက်ပေသည်။ မြစ်ကြောင်းအတိုင်း ဆက်သွားလျှင် အရှေ့ဘက်၌ ကြီးမားသော ရေတံခွန်တစ်ခု ရှိနေပြီး မြစ်နှင့် ဆက်စပ်နေကာ ရေများသည် နက်ရှိုင်းလှသည့် ချောက်နက်ကြီးထဲသို့ စီးဆင်းသွားကြသည်။ ယဲ့ချန်သည် ထိုချောက်နက်ကြီးထဲသို့ လိုက်ပါမသွားရဲသောကြောင့် ရေတံခွန်ကြီးထံသို့ မရောက်မီ ကမ်းစပ်သို့ ကူးခပ် သွားလိုက်သည်။ ဝိညာဉ်အသိအမြင်အား ဖြန့်ကြက် ကြည့်လိုက်သည်တွင် အကွာအဝေး တစ်ခု၌ ချိုးယင်းတို့လူစု လျှောက်လာနေကြပြီး တစ်ခါတစ်ရံ ၎င်းတို့၏ မျက်လုံးများသည် မြစ်ထဲသို့လှမ်းကြည့်တတ်ကာ သူ့ကို ရှာဖွေနေကြောင်း တွေ့ရသည်။

ယဲ့ချန်၏ ဒဏ်ရာများသည် အလုံးစုံ ပျောက်ကင်းလုနီးနီး ဖြစ်နေသော်လည်း ချိုးယင်းနှင့် ယှဉ်ရလျှင်မူ သနားစရာ ကောင်းလောက်အောင် ရှုံးနေဦးမှာ ဖြစ်သည်။ သို့သော် လအားသာချက်အနေနှင့် သူ့တွင် ဝိညာဉ် အသိအမြင် ရှိနေရာ ချိုးယင်းနှင့် အခြားသူများကို ရှောင်ရှားနိုင်ပေသည်။ သူတို့အနေနှင့် သူ့အား လုံးဝဖမ်းမိနိုင်မည် မဟုတ်ချေ။

ယဲ့ချန်သည် ကမ်းစပ်အနီးရှိ ကျောက်တုံး တစ်တုံးပေါ်သို့ ခုန်တက်ကာ ပျောက်ကွယ် သွားတော့သည်။

တစ်ခဏအကြာတွင် ချိုးယင်းတို့လူစု ရေတံခွန်ကြီး အနီးသို့ ရောက်ရှိလာကြသည်။ ယဲ့ချန်သည် ရေတံခွန်မှတဆင့် ချောက်နက်ကြီးထဲသို့ ခုန်ချသွားခြင်းတော့ မဖြစ်နိုင်ဟု သူတို့က ခန့်မှန်းကြသည်။

“ဝန်ကြီးချုပ် ကျုပ်တို့ လျှောက်လာတာပဲ တော်တော်ကြာနေပြီ။ ယဲ့ချန်ဆိုတဲ့ကောင်လေးက အခုထိ မြစ်ထဲကနေ ပေါ်မလာဘူး။ သူ ဒီလောက်အကြာကြီး အသက်မရှူဘဲ နေနိုင်ပါ့မလား။ ကျုပ်အထင်တော့ ရေအောက်မှာပဲ အသက်ရှူကျပ်ပြီး သေနေလောက်ပါပြီဗျာ”

လျိုခန်းက ပြောသည်။ ယဲ့ချန်သည် ရေအောက်တွင် အသက်မရှုဘဲ ထိုမျှကြာအောင် နေနိုင်လိမ့်မည်ဟု သူ လုံးဝမယုံပေ။

ချိုးယင်းသည် မျက်လုံးမှိတ်လျက် ပတ်ဝန်းကျင်တစ်ဝိုက်အား စူးစမ်းကြည့်လိုက်သည်။ ယဲ့ချန်၏ အရှိန်အဝါကို အာရုံခံမိခြင်း မရှိတော့ပေ။ သူလည်းပဲ ယဲ့ချန်တစ်ယောက် ရေအောက်တွင် အသက်ရှုကျပ်ကာ သေဆုံး သွားလောက်ကြောင်း သံသဃရှိပေသည်။

“ဒီမြစ်က အဆုံးမရှိတဲ့ ချောက်နက်ကြီးထဲကို တိုက်ရိုက်စီးသွားတယ်။ ကောင်စုတ်လေးက ငါ့ရဲ့ လက်ဝါးချက်ကြောင့် ဒဏ်ရာရသွားသေးတယ်ဆိုတော့ မသေရင်တောင် မေ့မြောပြီး ရေစီးအတိုင်း ပါသွားတာပဲ ဖြစ်ရမယ်။ ဒီလောက်မြင့်တဲ့ အပေါ်ကနေ ကျသွားမှတော့ အသက်မရှင်နိုင်ဘူး”

ချိုးယင်းသည် တွေးဆဆဖြင့် ရေရွတ်၏။ သို့တိုင် ယဲ့ချန်၏အလောင်းကို ကိုယ်တိုင်ကိုယ်ကျ မမြင်ရ၍ စိတ်ထဲတွင် အနည်းငယ် မတင်မကျ ဖြစ်နေမိသည်။ 

အောက်ဘက်တွင်ကား အဆုံးမရှိသော ချောက်နက်ကြီးဖြစ်သည်။ ရှေ့ဆက်သွားလို့လည်း မရတော့ရာ သူတို့သည် ဘေးဘက်များတွင်သာ ယဲ့ချန်၏ အလောင်းအား တွေ့လို့တွေ့ငြား ရှာဖွေနိုင်ကြပြီး လမ်းတလျှောက်တွင် အမှတ်အသားများ ပြုလုပ်ခဲ့ကြသည်။

ယဲ့ချန် အံ့ဩတကြီးဖြစ်ရသည်။ များပြားလှသည့် ရတနာများကို ရိတ်သိမ်းပြီးနောက် သူ ပြန်သင့်နေလေပြီ။ သည်တခေါက် ကျောက်စိမ်း မျှော်စင်သို့ ခရီးကား အတော်လေး အကျိုး ဖြစ်ထွန်းခဲ့သည်ဟု ဆိုရမည်။ အစကတော့ သူသည် ချိုးယင်းတို့လူစု သူ့နောက်သို့ ဆက်မလိုက်တော့သည် အထိ စောင့်ပြီး ကျောက်စိမ်းမျှော်စင်၏ ဝင်ပေါက်ဆီသို့ နောက်ကြောင်း ပြန်သွားကာ ဝင်ပေါက်ဖွင့်သည်နှင့် တန်းပြန်ရန် ဖြစ်သည်။ သို့သော် မထင်မှတ်ထားဘဲ ချိုးယင်းတို့ လူစုသည် သူ့အား ယခုအထိ ဆက်လိုက်နေကြလေသည်။

ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့် တစ်ယောက်၏ အာရုံခံနိုင်စွမ်းကား ထက်မြက်လွန်းသည်။ အကယ်၍ သူသာ ၎င်းတို့နှင့် နီးကပ်သော အကွာအဝေး အတွင်း ရှိနေပါက သူမသေသေးကြောင့် ချိုးယင်း သိသွားမည်မှာ သေချာပေသည်။ ထို့ကြောင့် ရွေးချယ်စရာ မကျန်တော့ဘဲ ကျောက်စိမ်းမျှော်စင်၏ အတွင်းဘက်သို့ ဆက်လက် ဝင်သွားရန်သာ ရှိတော့သည်။

ပထမ ဦးစားပေးအနေနှင့် သူသည် ချိုးယင်းနှင့် အခြားသူများထံမှ ဝေးဝေးခွါကာ နေရပေမည်။ ဆက်လျှောက်လာခဲ့ရင်း မိစ္ဆာဝိညာဉ် အများအပြားကို တွေ့ရသည်။ ၎င်းတို့သည် ဝင်ပေါက်နားရှိ မိစ္ဆာဝိညာဉ်များထက် ပိုမိုအစွမ်းထက်ပြီး အဆင့် ၅၊ အဆင့်၆ များနှင့် အဆင့်၇များပင် ပါဝင်သေးသည်။ ကံကောင်းစွာပင် ယဲ့ချန်တွင် ဝိညာဉ်အသိအမြင် ရှိနေသည့် အတွက် ဝိညာဉ်စွမ်းအင်အား ဖြန့်ကျက်လိုက်ရုံနှင့် အားလုံးသော မိစ္ဆာဝိညာဉ်များသည် သူ့အား ရှောင်ရှားသွားကြသည်။

“အမွေးပွလေး ငါတို့ အခု ဘယ်ကို သွားရင်ကောင်းမလဲ”

ယဲ့ချန် မေးမိသည်။

ကျောက်စိမ်းမျှော်စင်သည် အလွန်ကျယ်ပြောသည် ဆိုသော်ငြား နေရာတိုင်းတွင် ကန့်သတ်ထားသော မှော်အစီအရင်များ ရှိနေသည်။ တချို့နေရာများသည် လမ်းလျှောက်သွားရုံနှင့် မရောက်နိုင်ဘဲ အနားသတ်မျဉ်းတွင် ပတ်ကာ လမ်းလျှောက် နေရသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ယဲ့ချန်သည် ဝိညာဉ် အသိအမြင်ကို ဖြန့်ကျက်ကာ စမ်းကြည့်သေးသော်လည်း လူအပေါင်းအား ကြောက်ရွံ့မှုကြောင့် တုန်ရီ သွားစေလောက်သော ကြီးမားလှသည့် စွမ်းအင်ကြီးတစ်ခုက တုံ့ပြန် လာသည်။ ဤမှော်အစီအရင်များကို ပြုလုပ်ခဲ့သော ထျန်းယွမ်၏ အစွမ်းအစကား အမှန်ပင် အံ့ဩစရာကောင်းလှသည်။

အမွေးပွလေးသည် ဖြည်းညင်းစွာသာ ခေါင်းခါပြလာ၏။

ယဲ့ချန်လည်း တိတ်တဆိတ် သက်ပြင်းချမိသည်။ သူပိုင်ဆိုင်ထားသော မြေပုံတွင် ကျောက်စိမ်း မျှော်စင်ဆီသို့ ရောက်အောင် မည်သို့သွားရမည်သာ ပါပြီး အတွင်းဘက် လမ်းကြောင်းများ၏ အညွှန်း မပါရှိပေ။ ထို့ကြောင့် ယဲ့ချန်သည် ယောင်လည်လည်ဖြင့် ခေါင်းမပါဘဲ ပျံသန်းနေသော ပိုးကောင်ကဲ့သို့ ဖြစ်နေတော့သည်။ 

ရုတ်တရက် ဝိညာဉ် အသိအမြင်သည် ထူးဆန်းသော စွမ်းအင်တစ်ခုကို အာရုံခံမိ သောကြောင့် ထိုစွမ်းအင်ကို ခြေရာကောက်ကာ သူ ဆက်လျှောက်လာခဲ့သည်။

ဝိညာဉ်အသိအမြင်၏ နောက်ထပ် စွမ်းရည်တစ်ခုမှာ စွမ်းအင် အကြွင်းအကျန်များကို ခြေရာခံနိုင်ခြင်း ဖြစ်သည်။ အကယ်၍ သူက လမ်းပျောက်ခဲ့လျှင်ပင် ဝိညာဉ်အသိအမြင်ဖြင့် စွမ်းအင်များကို ခြေရာခံကာ လမ်းကြောင်းရှာနိုင်ပေသည်။

လမ်းတစ်လျှောက်တွင် ယဲ့ချန်သည် ရံဖန်ရံခါ ကျင့်ကြံသူတို့၏ အလောင်းများ သို့မဟုတ် မှော်သားရဲ အလောင်းများကို တွေ့ရတတ်သည်။ တူညီသောအချက်မှာ အလောင်းများ အားလုံး၏ ခန္ဓာကိုယ်ထဲမှ ထျန်းချီများသည် အကုန်အစင် စုပ်ယူခံထားရခြင်း ဖြစ်သည်။ အလောင်းများကို စစ်ဆေး ကြည့်လျှင် ရုန်းကန်ထားသော အရိပ်အယောင်တို့ ရှိနေ၏။ လူသား ကျင့်ကြံသူများနှင့် မှော်သားရဲများသည် အစပိုင်းတွင် အချင်းချင်း တိုက်ခိုက်ခဲ့ကြဟန် ရသော်လည်း နောက်ဆုံး၌ မိစ္ဆာဝိဉာဉ်များနှင့် နတ်ဆိုးတို့၏ ဝါးမျိုစားသောက်ခြင်းကို ခံခဲ့ရပုံပေါ်သည်။ 

အချိန်အတိအကျ မသိရသော ကာလတို့ကုန်လွန်ခဲ့သည်။ ခန့်မှန်းခြေ နှစ်ရက်၊ သုံးရက်ခန့် ရှိမည်ထင်သည်။ ယဲ့ချန် နောက်ဆုံးတော့ ချိုးယင်းတို့လူစုနှင့်ဝေးရာသို့ ရောက်ရှိလာခဲ့ချေပြီ။ ချိုးယင်းတို့လူစုနှင့် လုံးဝမတူညီသော လမ်းတစ်ခုကို ရောက်နေပြီဟုပြီ ပြောနိုင်သည်။ သို့သော်လည်း ယဲ့ချန် နောက်ကြောင်းကိုတော့ လှည့်မပြန်ရဲသေးပါ။ ထို့ပြင် ကျောက်စိမ်ရမျှော်စင်၏ လျှို့ဝှက်ဆန်းကြယ် မှုများသည် ယဲ့ချန်၏ သိလိုစိတ်ကို နှိုးဆွနေကြသလို ရှိသည်။ အောက်ပိုင်းအလွှာများသို့ သူ မသွားရဲသေးသော်လည်း ပထမအလွှာတွင်တော့ နှံ့စပ်အောင် စူးစမ်းကြည့်လိုသေးသည်။ ပထမဆုံးအလွှာရှိ မိစ္ဆာဝိညာဉ်များသည် သိပ်အစွမ်းမထက်ကြပေ။ နောက်ပိုင်း၌ ထျန်းယွမ်ထံမှ လက်ဆောင်ကြောင့် ယဲ့ချန်အနေနှင့် ကျောက်စိမ်းမျှော်စင်သို့ မကြာမကြာ လာဖြစ်လောက်သည်။

မရေမတွက်နိုင်သော မှော်အစီအရင်များ ကြားတွင် လှည့်ပတ်သွားနေရင်း ယဲ့ချန်သည် ပထမအလွှာ၏ မည်သည့်နေရာကို သူ ရောက်နေသည်အား မပြောတတ်တော့ချေ။ ထို့ကြောင့် သတိကြီးကြီးထားကာ သွားလာနေရသည်။ မကြာခဏဆိုသလို မိစ္ဆာဝိညာဉ်အုပ်စုများနှင့် ဆုံတွေ့သော်လည်း ယဲ့ချန်က ကျင့်သားရနေပြီ ဖြစ်သည်။ ဝိညာဉ်စွမ်းအင် ရှိနေသ၍ မိစ္ဆာဝိညာဉ်များကို သူ မကြောက်တော့ပေ။

စူးစူးဝါးဝါးနှင့် ရှည်လျားသော လေချွန်သံတစ်ခု သိပ်မဝေးသောနေရာမှ ထွက်ပေါ်လာသည်။ တဆက်တည်းတွင် တိုက်ပွဲဖြစ်နေသကဲ့သို့ ဆူညံပေါက်ကွဲသံများပါ ကပ်ပါ လာလေသည်။ ယင်းအသံများ အရ တိုက်ပွဲမှာ အတော်လေး ပြင်းထန်ပုံရကာ ရာထောင်ချီသော လူများ တိုက်ခိုက် နေကြသည့်နှယ် ထင်မှတ်ရသည်။

တိုက်ခိုက်နေကြသူများသည် အနည်းဆုံး ထျန်းချီအဆင့်၉ ကျင့်ကြံသူများ ဖြစ်ရပေမည်။ အသံလာရာသို့ ပြေးသွားနေရင်းမှ ယဲ့ချန် သိလိုက်ရသည်မှာ သူရှိနေရာ အနီးနားရှိ မှော်အစီအရင် များသည် အသံချဲ့ထွင် ပေးနိုင်သည့် မှော်အစီအရင်များ ဖြစ်နေသည်။ ထို့ကြောင့် တိုက်ပွဲ ဖြစ်ရာနေရာ၊ မိုင်ပေါင်းများစွာအကွာမှ အသံများကို ကြားနေရခြင်း ဖြစ်သည်။

လူသားကျင့်ကြံသူများနှင့် မှော်သားရဲများသည် တိုက်ပွဲဖြစ်ပွါးစေသည့် တန်ဖိုးကြီးပစ္စည်း တစ်စုံတစ်ရာကို ရှာတွေ့ခဲ့ခြင်းပေလော..။

မည်သို့ပင်ဆိုစေ ယဲ့ချန်သည် လူငယ်လေး တစ်ယောက်သာ ရှိသေးသည်။ သိလိုစိတ်ကို မထိန်းချုပ်နိုင်ပေ။ ခဏတာ စဉ်းစားပြီးနောက် သူ ရပ်မနေနိုင်တော့ဘဲ တိုက်ပွဲဖြစ်ရာ နေရာသို့ ပြေးသွားမိတော့သည်။

နှစ်နာရီခန့် ကြာပြီးနောက် ကျယ်ပြန့်သောမြေကွက်လပ်ကြီးတစ်ခု ယဲ့ချန်မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။ မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် သူ ပင့်သက်မရှိုက်မိဘဲ မနေနိုင်တော့ပေ။ ကြီးမားလှသော အစီအရင်ကြီးတစ်ခု ခပ်လှမ်းလှမ်းရှိ မြေပြင်ပေါ်တွင် ရှိနေသည်။ ထိုအစီအရင်သည် ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ဧကတစ်ရာခန့် ကျယ်ဝန်းသော မြေပြင်ကို လွှမ်းမိုးထားသည်။ များပြားလှစွာသော ကျောက်တုံးများကို ကြိုးရှည်များဖြင့် ဆက်သွယ်ထားပြီး အနည်းဆုံး မီတာတထောင်ခန့် ရှည်လျားပေသည်။ ကောင်းကင်ထက်တွင် ကြီးမားသော အရွယ်အစားရှိသည့် မိစ္ဆာဝိညာဉ် ၆ကောင်သည် စူးစူးဝါးဝါး အော်ဟစ်နေကြ၏။ ၎င်းတို့၏ ခြေထောက်များအား ကြိုးများဖြင့် ထိန်းချုပ်ထားသည်ကို ရုန်းကန်နေကြပုံမှာ လေထဲတွင် လွင့်မျောနေသည့် စွန်ကြီးများနှယ် ထင်မှတ်ရသည်။

မိစ္ဆာဝိညာဉ်များ၏ အသွင်သဏ္ဌာန်သည် ရက်စက် ကြမ်းကြုတ်ဟန်ရပြီး တစ်ခါတစ်ရံ မြေပြင်ပေါ်သို့ တဖုန်းဖုန်း ပြုတ်ကျ လာတတ်သည်။ ကြောက်မက်ဖွယ်ကောင်းသော ပါးစပ်ကြီးများကို ဖြဲဟကာ ရေခဲတမျှ အေးစက်သော လေအေးများအား ထုတ်လွှတ်နေကြသေး၏။

ယဲ့ချန် တောင်စောင်းတစ်ခုအနီးတွင် ပုန်းကွယ်ကာ ဆက်ကြည့်နေမိသည်။

ကျောက်တုံး အစီအရင်၏ အရှေ့ဘက်ခြမ်းတွင် ထောင်ချီသော မှော်သားရဲများနှင့် ကောင်းကင်သားရဲများ အတူတကွရှိနေပြီး အနောက်ဘက် ခြမ်းတွင်တော့ လူသားကျင့်ကြံသူ ၄၀၀၊ ၅၀၀ခန့် တိုးဝှေ့ပူးကပ်နေကြသည်။ လူသားကျင့်ကြံ သူများအနက် အများစုမှာ ထျန်းချီအဆင့် ၉များ ဖြစ်ကြသည်။ ကျောက်စိမ်း မျှော်စင်ထဲတွင် မဟုတ်ဘဲ အပြင်လောကတွင်သာ ဆိုပါက သံသယရှိစရာ မလိုအောင်ပင် ထိုမျှများပြားသော လူအုပ်ကြောင့် အဆင့် ၉ ငလျင်တစ်ခု ဖြစ်နေ လောက်လေပြီ။

***

All Chapters